Saturday, January 24, 2009

ငါတို့ကြားက မိုင်တိုင်များ

နင် လိုအပ်နေမှန်းသိလို့
လုပ်ပေးလိုက်တဲ့ တချို့အရာတွေဆို မလိုချင်သလို ပြောတယ်။
မသိသလို နေခဲ့ပြန်တော့လည်း အလိုက်မသိတဲ့သူလို့ပြောတယ်။
ငါ တကယ် လိုအပ်တဲ့အရာတွေမှာ နင်မပေးဖြစ်ခဲ့ဘူး။
ငါ မလိုအပ်တဲ့ ကွက်လပ်တွေဆို နင်က အမြဲဖြည့်စွက်လို့။

ငါ ရောက်လာရင် မျက်နှာလွဲတယ်
ငါ မရှိပြန်တော့လည်း ရှာနေပြန်ရော..
ငါ နင့်နာမည်လေး မြည်တမ်းနေချိန်မှာ နင်မရှိဘူး
တချို့ပြဿနာတွေ နင် မသိအောင် တိတ်တဆိတ် ဖြေရှင်းချင်တဲ့အခါ
နင်က ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပြန်တယ်။

အမှန်တကယ် ပြောဖြစ်တဲ့စကားဆို နင်မယုံဘူး
နှုတ်ထဲတွေ့ရာ လှည့်စား ပြောလိုက်တဲ့စကားဆို
နင် ငါ့ကို ဂရုဏာသက်နေတတ်ပြန်ရော..
အလွမ်းတွေ သွေးလွန်နေတုန်းမှာ နင့်ကိုရှာမတွေ့ဘူး..
နေတတ်အောင် နေပြီးတဲ့နောက် နင်ပြန်ရောက်လာတယ်။

ဒီလိုပါပဲ
နင့်အတွက် ငါဆွဲခဲ့တဲ့ ပန်းချီကားဟာ နင်နဲ့ မတူခဲ့သလို
နင့်အတွက် ပျိုးတဲ့ကောင်းကင်ဟာ နင်အမည်မသိတဲ့ ကြယ်တွေ လင်းလို့
ငါ့အတွက် နင် စိုက်တဲ့အပင်ဟာ ငါ မသိတဲ့ပန်းတွေ ပွင့်နေသလို
ငါ့အတွက် နင်ထိုးထားတဲ့ ဆွယ်တာလေးကလည်း နွေရာသီမှာရောက်လာခဲ့တယ်..

ချစ်သူရယ်
ငါတို့နှစ်ယောက်
မတောက်တခေါက် ချစ်သူဘဝလေးကို ကိုယ့်ယိုးကားရားဖြစ်အောင်
အဘယ်နတ်ဘုရားတွေကများ ပြုစား ဆော့ကစားနေကြပါလိမ့်
အခုတော့
နင့်မျက်နှာ နုနုလေးလည်း နင့်ဒေါသတွေက တိုက်စားလို့
ငါ့ချစ်ခြင်းတွေလည်း ခဏခဏလွတ်ကျ
ပွန်းလို့ ပဲ့လို့ ဘဝလမ်းလယ်ကောင်မှာ..
လင်းဒီပ
၂၃.၁.၀၉

20 comments:

  1. ဘယ်သူကိုမှလည်း အပြစ်မတင်ရက်တော့ပါ

    ReplyDelete
  2. ရင်ဘတ်ထဲမှာ အချစ်တွေ ရှိနေသေးတယ်မဟုတ်လား ဒါဆို ဘဝလမ်းလယ်ကောင်မှာ တစ်ယောက်တည်း အားငယ်နေမယ့် ချစ်သူအတွက် ပခုံလေးတော့ မှီခွင့်ပြုလိုက်ပါ

    ReplyDelete
  3. ကဗျာလေးက ခံစားချက်နဲ့ တိုက်ဆိုင်သွားပြီ...

    ReplyDelete
  4. ရှိနေလို့ပါ
    မရှိရင် ဒီလိုဖြစ်ဘူး ။

    ReplyDelete
  5. အင်း ဒေါသဒေါသ
    မပွန်းစေနဲ့လေ

    ReplyDelete
  6. မဆုံသောလမ်းတော့ မဖြစ်စေနဲ့ပေါ့ အစ်ကိုရာ..။
    ချစ်တဲ့သူနဲ့ နီးစပ်နိုင်ပါစေ...။

    ReplyDelete
  7. အလွမ်းတွေ သွေးလွန်နေတုန်းမှာ
    နင့်ကိုရှာမတွေ့ဘူး..
    နေတတ်အောင် နေပြီးတဲ့နောက် နင်ပြန်ရောက်လာတယ်။
    ................................................
    အတော်ခက်တယ်နော်...
    သုံးထားတဲ့ စကားလုံးလေးတွေ..လှတယ်..
    တကယ်ရှိနေခဲ့တဲ့..ခံစားချက်လေး ဆိုရင်တော့..
    အဆင်ပြေပါစေ လို့ ပဲ ဆုတောင်းပေးမယ်နော်..

    ReplyDelete
  8. ရုးနေတဲ့သူမ နဲ့လမ်းခွဲလိုက်ပါ။

    ReplyDelete
  9. သဘာဝကျတဲ့ ကဗျာလေးပဲ
    အင်း.. သဘာဝကျတဲ့ အချစ်ပဲဖြစ်မှာပါ

    ReplyDelete
  10. ကဗျာလေးတွေက
    ချိုမြဲပဲ .........ကိုဒီပရေ....

    ReplyDelete
  11. တကယ့်ကိုအနုအရွ စကားလုံးတွေနဲ့ ဖမ်းစားထားတယ် ၊
    ကဗျာ ကောင်းလေးတွေ အမြဲရေးနိုင်ပါစေ အစ်ကို ၊ အစ်ကို့ကဗျာတွေ ဖတ်ရတာ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး ။

    ReplyDelete
  12. နီးနေတဲ့အချိန်မှာ ဒီလိုပဲနေမှာပါ အစ်ကိုရယ်.. ချစ်သူနှစ်ယောက်က ချစ်ရဲ့သား
    နဲ့ မာနတွေများနေသလားလို့... အစ်ကို့ ကဗျာတွေက စာသားတွေကတော့
    အမြဲတမ်း မိုက်တယ်ဗျာ... စကားလုံးတွေ ဆန်းသစ်လှပတယ်..

    ReplyDelete
  13. မတောက်တခေါက်ချစ်သူဘ၀....ရယ်
    တောက်တောက်ခေါက်ခေါက်ချစ်သူဘ၀ရယ်..
    အဲ..အဲဒါလေးခွဲသိချင်တယ်.........း)း)

    ReplyDelete
  14. ကဗျာလေးက ချိုမြ
    ပြီးတော့ ဆွတ်ကျင် ခံစား

    ReplyDelete
  15. ကိုဒီရေ ကျွန်တော်ကတော့ ဝေဖန်ရေးတွေ လိုက်လုပ်နေတယ်။ ပိုကောင်းစေချင်တဲ့ဆန္ဒနဲ့ ပါ။ နောက်ဆုံးက ပွန်းလို့ ပဲ့လို့ နဲ့ ဘ၀လမ်းလယ်ကောင်မှာ ကို တစ်ကြောင်းစီ ခွဲလိုက်ရင် ရွတ်လို့ ပိုကောင်းသွားမယ်နဲ့ တူတယ်။ ခင်မင်လေးစားလျက်။

    ReplyDelete
  16. သကြားများကိုင်ရေးထားသလား???

    ReplyDelete
  17. အလွမ်းတွေ သွေးလွန်နေတုန်းမှာ
    နင့်ကိုရှာမတွေ့ဘူး..
    နေတတ်အောင် နေပြီးတဲ့နောက်
    နင်ပြန်ရောက်လာတယ်။

    တကယ်ထိတဲ့စာလုံးတွေဘဲ.

    ReplyDelete
  18. လင်းဒီပရေ...

    လူနေမကောင်း၊ စိတ်နေမကောင်းနဲ့
    ရောက်မလာခဲ့တာခွင့်လွှတ်ပါ..

    "" ချစ်သူရယ်
    ငါတို့နှစ်ယောက်
    မတောက်တခေါက် ချစ်သူဘဝလေးကို ကိုယ့်ယိုးကားရားဖြစ်အောင်
    အဘယ်နတ်ဘုရားတွေကများ ပြုစား ဆော့ကစားနေကြပါလိမ့်..တဲ့..""

    ဖွဖွလေးခြစ်ထားတဲ့ ခဲကောက်ကြောင်းပန်းချီလေးလို..
    ငြိမ်ငြိမ်လေး ခံစားချက်တွေပေးနိုင်တဲ့ ကဗျာ လှလှလေးပါ..။

    ခံစားချက်တွေပြင်းတယ်နော်..လင်းဒီပလည်း

    ReplyDelete
  19. ကိုဆိုးသွမ်း...ဟုတ်တယ်ဗျာ..အပြစ်တော့မတင်ရက်ဘူး

    မောင်မျိုး...အဆင်ပြေရင် ပြန်မှီခွင့် ပြုပါတယ်

    ရောင်စုံ..ခံစားချက်ခြင်း တိုက်ဆိုင်တာ ဝမ်းသာပါတယ်ဗျာ..

    မီးတောင်..မရှိတော့လည်း မကောင်းပြန်ဘူးလေ။။

    စိတ်ဖြေရာ..စိတ်ချပါအမေ..မပွန်းစေရပါဘူး

    Mirror..ပေးတဲ့ဆုနဲ့ပြည့်ပါစေ

    မမသီရိ..ပေးတဲ့ဆုနဲ့ပြည့်ပါစေ

    မခင်ဦးမေ..အစ်မပြောတာ အကောင်းဆုံးနည်း..:P

    အစ်မပန်...သဘာဝကျတယ်လို့ ခံစားပေးတာကျေးဇူး

    ကိုအိုင်..ကိုတင့်..ကိုဖား..ကိုငြိမ်း..ကျေးဇူးနော်

    အစ်မ မနော်..အတိုင်အခိုက် အခက်အခဲတွေ များလို့ ယိုင်ထိုးယိုင်ထိုးလေး လက်တွဲထားရတာကို ပြောချင်တာပါအစ်မရေ..

    လုလင်ငယ်သွေး..ဟုတ်ပါတယ်..အဲလို ခွဲလိုက်ရင် ပိုလှသွားမယ်ဗျ..

    ကိုဂစ်တာ...ချောင်းဆိုးသွားရင် ဆော်ရီးနော်

    အိမ်မက်နိဒါန်း...ကျေးဇူးဗျာ။။

    မအိန္ဒြာ...နေမကောင်းတဲ့ကြားက ရောက်လာတာ ကျေးဇူးပါ အစ်မကြီးရေ..

    ReplyDelete
  20. ကိုရီးယားကားတွေအားကျလို့ အဲလောက်တောင်လွဲရ တာလားဟင်။

    ReplyDelete