Monday, June 15, 2009

မင်းပြန်သွားတဲ့နေ့

လမ်းမီးတိုင်တွေ
ဝါဝင်း သလောက် ဝေဝါး
ညအခါးလေးထဲ
တစ်ယောက်တည်း လျှောက်ပြန်လာခဲ့တယ်။

ကားတွေတစ်စီးပြီး တစ်စီး
ငါ့ဘေးက ဖြတ်စီးသွား
လူတွေတစ်ယောက်ပြီး တစ်ယောက်
ငါဘေးက ဖြတ်စီးသွား
ဦးတည်ရာ ကိုယ်စီ ကိုယ်စီ ဖြတ်စီးနေကြ
ငါက ဘယ်ကို ဆက်စီးမလဲ ။

ရုတ်တရက် ထပျံသွားတဲ့ လေယာဉ်တစ်စီး
ငေးကြည့်ရင်း တွေးမိတယ်
အဲဒီလေယာဉ်ပေါ်မှာ ငါ့လို အသဲကွဲခရီးသည်
ဘယ်နှစ်ယောက်လောက်ပါမလဲ
အသဲကွဲတဲ့လူတွေ သီးသန့်ထားတဲ့နိုင်ငံ ရှိရင်
(ငါ့) ပို့ပေးစမ်းပါ လေယာဉ်ကြီးရယ်…။

ကမ်းစပ်တစ်ခုမှာ ခဏဖြစ်ဖြစ် သွားထိုင်ရင် အဆင်ပြေမလား..။
ပင်လယ်ကို ဖြတ်လာမယ့်လေမှာ
အနာနဲ့တည့်မယ့်ဆေးတစ်မျိုးမျိုး ပါလာနိုး….။

အချစ်ဆိုတာ ဖြတ်သွားဖြတ်လာလောက်ပဲ
ဒိထက် ပိုခံစားဖို့မကောင်းဘူး
(ဒီလို အတွေးမျိုးလည်း တွေးမိ)

တကယ့်ကို
လွမ်းလွမ်းဆွေးဆွေးကြီးပါကွယ်။

ပြန်နေကျ လမ်းလေးအတိုင်းပါပဲ
အထီးကျန်တေးလေး ညည်းရင်း ပြန်လာခဲ့ရတာ
(မင်း)
ထားခဲ့လိုက်တော့လည်း
ငါ တစ်ယောက်တည်း အိမ်ပြန်ရုံပါ။
လင်းဒီပ
၁၅.၆.၀၉

9 comments:

  1. အားမငယ်နဲ့ သယ်ရင်း အိမ်မှာ ငါတို့ရှိတယ်။ နောက်မဆုတ်နဲ့ ကိုပြတင်းပေါက်ရေ ဆွဲမယ့်ဆွဲအမိသာဆွဲလေ

    ReplyDelete
  2. အကုန်လုံးလှတယ်...

    လမ်းမီးတိုင်တွေ
    ဝါဝင်း သလောက် ဝေဝါး
    ညအခါးလေးထဲ
    တစ်ယောက်တည်း လျှောက်ပြန်လာခဲ့တယ်။

    ကားတွေတစ်စီးပြီး တစ်စီး
    ငါ့ဘေးက ဖြတ်စီးသွား
    လူတွေတစ်ယောက်ပြီး တစ်ယောက်
    ငါဘေးက ဖြတ်စီးသွား
    ဦးတည်ရာ ကိုယ်စီ ကိုယ်စီ ဖြတ်စီးနေကြ
    ငါက ဘယ်ကို ဆက်စီးမလဲ ။

    အဲဒီ့နှစ်ပိုဒ်ကို အကြိုက်ဆုံး..
    ပြောရရင် အဲဒီ့အစနှစ်ပိုဒ်ချီပစ်လိုက်နိုင်တဲ့
    နောက်ကိုနောက်ပိုဒ်တွေ မလိုက်လာနိုင်သလိုပဲ...

    ဘာပဲပြောပြောလွှတ်လှနေပါတယ်..။

    ( လင်းဒီပရေ..စောင့်ဖတ် ..။ သိလား..။ ..အဲ ကိုယ်မပါစေ့ချင်ရင်တော့ လာဘ်ထိုးထား..)

    ReplyDelete
  3. အချစ်ဆိုတာ ဖြတ်သွားဖြတ်လာလောက်ပဲ
    ဒိထက် ပိုခံစားဖို့မကောင်းဘူး
    (ဒီလို အတွေးမျိုးလည်း တွေးမိ)

    ဖတ်ရတာ စိတ်မကောင်းဘူး။
    ရာသီဥတုမကြည်လင်လို့  အလွမ်းကဗျာတွေပဲ တဖြုတ်ဖြုတ်ရွာတော့မှာလား။

    ReplyDelete
  4. လှလိုက်တဲ့ လွမ်းတေးလေး

    ReplyDelete
  5. အင်းး
    အင်းးးး
    ဖြတ်သွားဖြတ်လာလေးပါပဲ
    တစ်ဘဝလုံးစာမှိုင်းညို့လို့ ..........။။။

    ReplyDelete
  6. အသဲကွဲတဲ့သူတွေချည့်သီးသန့်ထားတဲ့ကမ္ဘာမှာ အသဲကွဲတစ္ဆေခြောက်ခံနေရဦးမယ်ကိုယ့်ညီရေ

    ReplyDelete
  7. အဲဒီလေယာဉ်ပေါ်မှာ ငါ့လို အသဲကွဲခရီးသည်
    ဘယ်နှစ်ယောက်လောက်ပါမလဲ
    အသဲကွဲတဲ့လူတွေ သီးသန့်ထားတဲ့နိုင်ငံ ရှိရင်
    (ငါ့) ပို့ပေးစမ်းပါ လေယာဉ်ကြီးရယ်…။

    ..
    အမလဲလိုက်ချင်တယ်..း)
    သေချာတာတခုကတော့ ..
    အဲဒီ တိုင်းပြည်က ကဗျာတွေ
    အားလုံး အလွမ်း နဲ့ အသဲကွဲ ကဗျာတွေပဲ ဖြစ်နေတော့မှာ

    ReplyDelete
  8. “အချစ်ဆိုတာ ဖြတ်သွားဖြတ်လာလောက်ပဲ
    ဒိထက် ပိုခံစားဖို့မကောင်းဘူး
    (ဒီလို အတွေးမျိုးလည်း တွေးမိ)”

    တစ်ပုဒ်လုံးကို ကြိုက်တာပဲ။ ဒါပေမယ့် အပေါ်ကနေရာလေးကို အကြိုက်ဆုံးပါပဲ... အဆင်ပြေပါစေ ကိုလင်းဒီပရေ

    ReplyDelete
  9. အချစ်ဆိုတာ ဖြတ်သွားဖြတ်လာလောက်ပဲ
    ဒိထက် ပိုခံစားဖို့မကောင်းဘူး
    (ဒီလို အတွေးမျိုးလည်း တွေးမိများပေါ့..)
    ...............
    .........
    ကဗျာဆရာများမှားသလားလို့း)း)
    မမှားလည်းခွင့်လွှတ်လိုက်နော်
    အချင်းချင်းတွေကို...

    ReplyDelete