Friday, August 7, 2009

သောကြာနေ့

မနက်ဖြန် ရုံးပိတ်တယ်
ဒါနဲ့တင် ဒီနေ့မှာ ကြိုကြိုတင်တင် ပျော်နေမိ။

လုပ်စရာတွေတော့ ရှိသေးတာပေါ့
အလုပ်ဆိုတာ မထွက်မချင်း ဘယ်တော့မှ မပြီးဘူး။
အကြောင်းပြန်စရာရှိတဲ့
Email တွေလည်း ခဏ ထားထား ပါတယ်။
နောက်တစ်ပတ်မှာ တက်ရမယ့်
ရန်ဖြစ်စရာ ညှိစရာ နှိုင်းစရာ အစည်းအဝေးတွေလည်း
ခဏတော့ မေ့ထားတယ် ။

ဟိုးရှေးရှေးတုန်းကတော့ ကျွန်တော်ဟာ ရုံးပျော်လေး....
Site ထဲမှာ မုန့်တွေစားရင်း အလုပ်တွေများရင်း
မောင်နှမတွေကြားထဲမှာ
ပိတ်ရက်ကလေးတွေ မျှော်လေ့မရှိတဲ့
လူငယ်ခြေတက်ကလေးလည်း ဖြစ်တယ် ။
သင်္ကြန်လို ရက်ရှည်ပိတ်ရက်မျိုးတောင်
Site မှာ အဖွဲ့ကျပြီး အိမ်ပြန်လေ့ပြန်ထမရှိတဲ့ ကောင်ပေါ့။

အခုတော့
အားလပ်ရက်ကို မျှော်တတ်ပြီ။
အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ပြီ ။
ကိုယ့်ကိုကိုယ် Software ထည့် Run ထားတဲ့
စက်ရုပ်ကလေးလည်း ဖြစ်ခဲ့ပြီ ။
(Timer တွေဟာ တိကျပြတ်သားလို့။)

မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့
ပိတ်ရက်ကလေးမှာ တွေ့မယ်။
ဖတ်မယ်ဆို တေးထားတဲ့ ကဗျာလေးတွေ
ကော်ဖီ ခါးခါးမွှေးမွှေးလေး သောက်ရင်း ဖတ်မယ်။
မရောက်တာ ကြာတဲ့ Shopping Mall တွေလည်း
ဖက်ရှင်ရှိုးကြည့်ဖို့ သွားရဦးမယ်။

ရန်ကုန်က ရဲမေလေးကလည်း
ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
(အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
အခုတော့လည်း “အချစ်ထောင်”သီချင်းကို
ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။

ကဗျာဆိုတာ ခံစားမှုကို
ကူးစက်မြန်စေတဲ့ ရောဂါပိုးမွှားလည်း ဖြစ်ရဲ့
ဒီတော့ မိတ်ဆွေ
ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
ခင်ဗျားလည်း ကျွန်တော့်လို
မနက်ဖြန်စိတ်ကူးလေးနဲ့
အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
အသေအချာ မြင်မိလိုက်ပါတယ်။
လင်းဒီပ
၇.၈.၀၉
(ဒီတစ်ပတ် ရုံးသုံးရက်ပိတ်တာလေးကို ဆက်တွေးရင်း ရေးဖြစ်သွားတာပါ။)

19 comments:

  1. အဓိက ကတော့ ရွာသားလို မညံ့ဘူး.. ရဲမေရှိကြောင်း
    ကြွားချင်တဲ့ သဘောလေးပေါ့..း))

    ReplyDelete
  2. ဘာလို့ ရုံးကသုံးရက်တောင်ပိတ်ပေးတာလဲ။ ငါ့အကိုလမ်းများတော့မယ်။ အိမ်မှာနေပြီး ကော်ဖီသောက်၊ ကဗျာဖတ် ကဗျာစပ်။

    ReplyDelete
  3. အော်.. ဟောဟော...
    သူလည်းလေ ရဲဖမ်းခံရသူပေပဲ..း)

    အလျှောက်ကောင်းရင် သုံးနာရီ..
    အင်းး... မကောင်းလို့ကတော့ ဖမ်းပြီးရင်း ဖမ်းရင်း..
    (“ကွန်နက်ရှင်မကောင်းဘူး... မကြားရဘူး.. နောက်နေ့မှာ လာတော့” ဆိုတာများ ပြောမှ ပြောရဲ့လား.. :P)

    ရဲဖမ်းရောဂါ မလွယ်ပါလားနော်...

    မနက်ဖြန်ကတော့ သာယာလိမ့်မယ်..
    ရေးချင်တာ ရေးပစ်လိုက်..
    ဖတ်ချင်တာ ဖတ်ပစ်လိုက်..
    အိပ်ချင်ရင် အိပ်ပစ်လိုက်..
    သွားချင်ရာ သွားပစ်လိုက်..

    ဒီလိုရက်လေးတွေ များများ တွေ့ပါစေပေါ့..း)

    ခင်မင်လေးစားချစ်ခြင်းများစွာဖြင့်..

    ReplyDelete
  4. မြန်မာပြည်မှာတုန်းက ရုံးပျော်တာချင်းတော့ တူတယ် ကိုလင်းဒီပရေ။ တနင်္လာကနေ စနေ အလုပ်လုပ်ရတာတောင် တနင်္ဂနွေဆို အိမ်မှာနေရတာ ပျင်းလွန်းလို့ (အဲလောက်ကို ရုံးပျော်ခဲ့တာ) ခုနဲ့များတော့... ကိုလင်းဒီပ ရေးသလိုပါပဲ...။ ပိတ်ရက်မှာ လုပ်ချင်တာတွေလည်း အားလုံးလုပ်ရင်း Online ရဲမေလေးဖမ်းတာလည်း ကြာကြာခံရပါစေလို့ ဆုတောင်းပေးသွားပါတယ်...း)) ပျော်စရာ ရုံးပိတ်ရက်ရှည် ဖြစ်ပါစေ...

    ReplyDelete
  5. အော်
    ရဲ..ဖမ်းတဲ့သူနဲ့
    ရဲမေ ဖမ်းမယ့်သူနဲ့
    အမှန်က ဖမ်းမယ့်သူရှိကြောင်းကြေညာတာ
    ဟုတ်.??

    ReplyDelete
  6. ရဲဖမ်းတယ် ဆိုတဲ့ စကားက မှတ်ပုံတင်ထားတဲ့သူရှိတယ်လို့ ကြားဖူးတယ်နော်။
    ;p

    အခုတော့လည်း “အချစ်ထောင်”သီချင်းကို
    ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။ တဲ့လား။

    လက်ခုပ်ထဲကငါးကလေး ရုံးပိတ်ရက်မှာ ပျော်ပါစေ။

    ReplyDelete
  7. လုပ် မ နေ နဲ့

    အထင်မကြီးဘူး...

    ReplyDelete
  8. ရဲမေနဲ့ အချစ်ထောင်၊
    အင်း၊
    အချစ်ထောင်သီချင်းကို ငယ်ငယ်တုန်းက သိပ်ကြိုက်တယ်၊ အဲဒီတုန်းက ရဲလည်း မ၇ှိသေးပါဘူး။
    ရဲမေကို အချိန်ပေးလိုက်ပါ။

    ReplyDelete
  9. ဟင့်အင်း ကိုယ်တိုင်တော့မပျော်ဘူး တနင်္ဂနွေတစ်ရက်ပဲ ပိတ်တာကိုး၊ အစ်ကို့အတွက်တော့ ပျော်ပါတယ်ဗျာ... ဟား ဟား ရဲမေလေးလက်ကို ကိုယ်တိုင်ဝန်ခံချက်နဲ့ အဖမ်းခံထားတာကို မသိတာမှတ်လို့........

    ReplyDelete
  10. အခုတလော စဉ်းစားနေတာဗျ ...
    အခုရနေတဲ့ လစာနဲ့
    တစ်ပတ်ဆင်း တစ်ပတ်နား အလုပ်မျိုးရှိရင်
    သိပ်ကောင်းမှာပဲလို့ :)

    ReplyDelete
  11. ရဲမေလေးက လာဘ်ထိုးလို့မရဘူးလားကွယ်..
    သိဘူး.. ရန်ကုန်က ရဲမေဆိုလို့ပါ။
    :P

    ReplyDelete
  12. ပေးတဲ့ဆုနဲ့ပြည့်ပါစေသား

    ReplyDelete
  13. အော် ကြော်ငြာ ကြော်ငြာ . ...
    မသိတဲ့ စားသုံးသူတွေခမျာ ...
    အဟုတ်မှတ်နေရော့မယ် ....။

    ကြော်ငြာများကို ပြုံးပြုံးမိတတ်သော ...
    စားသုံးသူတစ်ဦး ..

    ReplyDelete
  14. ကိုယ်ချင်းစာနာခဲ့ ရပါတယ် .....

    ကိုယ်ချင်းစာနာခဲ့တက်ခဲ့ပြီကွယ် .....

    သီချင်းဆိုသွားခဲ့ပါတယ်.................

    ReplyDelete
  15. ကိုလင်းရေ

    အပျော်တွေ ကူးစက်သွားတယ်
    ရဲမေလေးက Pfingo နဲ့ခေါ်ရင်ဘယ်လိုလုပ်
    :D

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  16. ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
    ခင်ဗျားလည်း ကျွန်တော့်လို
    မနက်ဖြန်စိတ်ကူးလေးနဲ့
    အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
    အသေအချာ မြင်မိလိုက်ပါတယ်။
    အဲဒါကတော့ကြိုက်မိတဲ့စာသားလေးပါ......

    ရန်ကုန်က ရဲမေလေးကလည်း
    ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
    (အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
    အခုတော့လည်း “အချစ်ထောင်”သီချင်းကို
    ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။
    ဒါကတော့ရဲမေလေးကိုချွန်းတွန်းပြန်လုပ်သင့်တယ်လို့ယူဆထားပါတယ်........
    ပရိတ်သတ်ကြီးရောဘယ်လိုထင်ပါသတုန်းးးးးးး
    :P

    ReplyDelete
  17. အဟက်ဟက်..ကဗျာဆရာနဲ့ ရဲမေ...
    တွေ့ကြလေသောအခါပေါ့..။
    ဘာမှမှုတ်ဘူး အဲ့လူကြွားနေတာ :))

    ReplyDelete
  18. ရဲမေလေး ဖမ်းရင် ခံလိုက်ပါ...
    မဟုတ်ရင် ရက်လွန်ကြေးတွေ ဒါဏ်ငွေတွေ ဆောင်နေရအုံးမယ်...
    နောက်ကျမှ ဖတ်မိပေမယ့် အခုလာမယ့် စနေ တနင်္ဂနွေ ပိတ်ရက်နှစ်ရက် အတွက် စိတ်ကူး ခံစားသွားပါတယ်...။ မြင်တယ်နော်...

    ReplyDelete
  19. ဖမ်းပ့ါ ဖမ်းပါ လို့လိုက်ပြောနေတာတောင်
    ဖမ်းမယ့်သူမရှိဘူး။

    ReplyDelete