Monday, August 17, 2009

ကြောင်ကလေးနဲ့ချစ်သူ

သူမ…
လောကနှင့် ကျွန်တော်
လက်လွန်ခြေလွန် ဖြစ်မှာ စိုးရိမ်တတ်သော
မျက်လုံးဝိုင်းနှင့် လက်သည်းညှပ်ကလေး။

အသွားတွင် ထိုစကားများထည့်ထား၏။
လိမ်မာပါတယ်ကွယ်
ပြန်အိပ်တော့နော်
သူတို့နဲ့လျှောက်လျှောက်သောက်နေရင် ကို့ကျန်းမာရေးပဲ ထိခိုက်မှာပေါ့။

အဆင်မပြေတဲ့နေ့တွေကို
ထိုးစိုက်ချင်လို့ သွေးထားတဲ့ လက်သည်းတွေ
ညှပ်ညှပ်ပစ်တော့
ငါဘယ်လို ရန်ထွက်ဖြစ်ရမလဲ သူတော်ကောင်းမလေးရယ် ။

ငါ့ကို ဥပုသ်စောင့်ဖို့ မခေါ်ပါနဲ့ဦး…
ဟောဒီသံသရာ ပတ်လမ်းကြီးထဲ
လူမိုက်ကလေး လုပ်ပါရစေဦး ။

ငါ့လက်သည်းတွေ ရှည်နေတာလည်း
ငါသိပါတယ်။
ငါ့လက်သည်းတွေ ညှပ်မပစ်ချင်သေးဘူး ။

ငါ့မိုက်တွင်းလေး နည်းနည်း နက်ချင်သေးလို့ပါ..။
ငါ့ တမျှော်တခေါ်
ငါ ရင်ဖိုသလို
ကမ္ဘာကြီးကို ကုတ်ခြစ်ဆော့ကစားချင်သေးလို့။

မင်းနဲ့ချစ်တမ်းကစားတဲ့အခါမှာလည်း
မင်းကို မထိခိုက်အောင်
လက်သည်းတွေ ဖွက်ထားမယ့်လို့လည်း
ငါ ကတိပေးပါရဲ့။

သူတော်ကောင်းမလေးရေ
ငါ့လက်သည်းတွေ
နောက်လေးငါးနှစ်တော့ အရှည်ထားခွင့်ပြုပါဦး
မင်းကိုလည်း (ငါ) မပျက်မကွက် ချစ်နေရင်းပေါ့..။
လင်းဒီပ
၁၇.၈.၀၉

15 comments:

  1. ကဗျာဆရာဆိုတော့ မိုက်တာတောင် ကဗျာဆန်ဆန်မိုက်တယ်..
    ပိုင်သကွာ။
း)

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. လက်စသတ်တော့ ကိုဒီပက ကြောင်ဆိုးကြီးဖြစ်နေတာကို
    :P နောက်တာ ကဗျာလေး ချစ်ဖို့ကောင်းတယ် သူတော်
    ကောင်းမလေးတော့မသိဘူး :D
    ကောင်းသောနေ့ ကိုဒီပရေ :)

    ReplyDelete
  4. အားကျစရာပဲဗျို့ :D
    ကမ္ဘာကြီးကိုတော့ မကုတ်ပါနဲ့ဗျာ။ ကျွန်တော်တို့တွေ နေစရာမရှိဖြစ်နေပါဦးမယ်။
    ကဗျာလေးကောင်းတယ်ဗျာ။

    ReplyDelete
  5. ကဗျာဆရာ..
    နောက် လေး ငါး နှစ်
    ဘယ်သူမှ အာမခံမှာ မဟုတ်ဖူးနော်
    တော်ကြာ ကောင်မလေး စိတ်တိုပြီး ချန်ထားခဲ့ မှ
    အသဲကွဲ ကဗျာဆရာ ဖြစ်နေအုံး မယ်

    အမ က တော့ လက်သည်းတွေ ညှပ်ဖို့ပဲ
    တိုက်တွန်းတယ် ကဗျာ ဆရာလေး ရေ
    ဘယ်သူ့ ကိုမှ မပူလောင်စေချင်လို့ပါ...း)

    ReplyDelete
  6. ဆိုးမယ့်အကြောင်းကိုတောင် လှလှလေးရေးတတ်တယ်။
    တော်ချက်။ :)

    ReplyDelete
  7. အင်း ...ရဝူး ...
    ညှပ်ရမယ် ...ညှပ်ကိုညှပ်ရမယ် ....
    (လက်သည်းညှပ်ကလေး အော်သံ )
    :):) :)
    ကဗျာလေးလှတယ်ဗျ ...

    ReplyDelete
  8. ဟုတ်ပ
    ဆိုးမယ်ဆိုတဲ့အကြောင်းလျှောက်လဲချက်ကလည်း
    တော်ပ...ကဗျာဆရာများ ကြောက်စရာကောင်းပုံ
    ပြောပါတယ်...း))

    ReplyDelete
  9. ဒီကဗျာက ရှတတလေးနဲ့ လှတာ...

    “အဆင်မပြေတဲ့နေ့တွေကို
    ထိုးစိုက်ချင်လို့ သွေးထားတဲ့ လက်သည်းတွေ
    ညှပ်ညှပ်ပစ်တော့
    ငါဘယ်လို ရန်ထွက်ဖြစ်ရမလဲ သူတော်ကောင်းမလေးရယ် ။” အဲဒီနေရာရောက်တော့ အရမ်းပြုံးမိတယ်။ သဘောကျလွန်းလို့...

    ကဗျာကောင်းလေး ဖတ်ရပြန်လို့ ကျေးဇူး... ကိုလင်းဒီပး)

    ReplyDelete
  10. ဘယ်သူနဲ့မှ မတူတဲ့..လင်းဒီပ ရဲ့ ကဗျာများ-
း)

    ReplyDelete
  11. ဟဟ ငါ့အကိုကတော့ မိုက်တယ်။ မိုက်ပြီးရင်း ဆက်မိုက်ဦးမယ်ပေါ့လေ။

    ReplyDelete
  12. မိုက်တယ်ဗျာ ... စကားလုံးလှလှလေးနဲ့ ချည်သွားတာ... ကျွန်တော်လည်း ပြောလိုက်ဦးမယ် :)

    ReplyDelete
  13. မိုက်တယ်နော်ကဗျာတွေက..

    ReplyDelete
  14. အဆင်မပြေတဲ့ နေ့တွေကို
    ထိုးစိုက်ချင်လို့ သွေးထားတဲ့လက်သည်းတွေ
    ညှပ်ညှပ်ပစ်တော့
    ငါဘယ်လို ရန်ထွက်ဖြစ်ရမှာလဲ သူတော်ကောင်းမလေးရယ်...။

    လှတယ်ဗျာ...ခိုက်တယ်...

    ReplyDelete
  15. အဆင်မပြေတဲ့ နေ့တွေကို
    ထိုးစိုက်ချင်တဲ့ လက်သည်း
    ကမ္ဘာကြီးကို ကုတ်ခြစ်ဆော့ကစားမဲ့ လက်သည်း

    ကမ္ဘာကြီး ရဲ့ နေ့တွေ အန္တရယ် ရှိနေပြီ။
    ဒီတော့ကာ ဒါတော့ကီ အဲ့လည်သည်းတွေ မ၇ှည်အောင် ညှပ်ပစ်ဖို့တင်မက အမြစ်ကပါ နှုတ်ပစ်မှပါပဲ။
    (နောက်တာ)
    ကဗျာကောင်းလေးတွေနဲ့ ကဗျာဆရာရေ.. ဆက်ကုတ်လိုက် အဲလေ ဖတ်လိုက်အုံးမယ်ဗျာ။

    ReplyDelete