Tuesday, August 25, 2009

ဖြေဆေး

သံသရာဆိုတာကြီးက
မျှော်ငေးနိုင်တာ ထက် ပိုရှည်လျားတယ်..

သီထားတဲ့ ပန်းတွေလို ဘဝတွေများစွာ
တော်စပ်ပုံ အမျိုးမျိုး
နင်ရော ငါရော မမှတ်မိနိုင်ဘူး။

ဘဝကလေးတစ်ခု မနီးစပ်ရုံနဲ့
အပြီးသတ် အသဲမကွဲသေးဘူး
သုံးဆယ့်တစ်ဘုံ ရင်ခုန်ကြည့်စမ်း မိရွှေရည်..။

(ရယ်ရယ်မောမောနဲ့ အတည်ပြောရရင်)
နင်ရော ငါရော လူပြန်ဖြစ်ဖို့လိုသလို
ဆန့်ကျင်ဘက်လိင် လည်း ဖြစ်
ဆန့်ကျင်ဘက်ကို စိတ်ဝင်စားတတ်တဲ့ လူနှစ်ယောက်အဖြစ်
ဘဝကလေးတစ်ခုမှာ ထပ်တွေ့ခဲ့ကြရင်သာ
ငါ လာနှုတ်ဆက်မှ ရေးတေးတေးတော့ လုပ်မနေနဲ့ပေါ့ …။

ရွှေရည် ရေ
ငါ နင့်ကို
ထင်းခွေရင်းဖြစ်ဖြစ်
ရေခပ်ရင်းဖြစ်ဖြစ် နောက်ဘဝက စောင့်နေပါ့မယ်..။
လင်းဒီပ
၂၄.၈.၀၉

18 comments:

  1. ဒီဖြေဆေးလေး အသုံးတည့်တယ်
    မောင်လေးရေ

    စကားမစပ်..
    မောင်လေး ရော နောင်ဘ၀တွေထိ
    စဉ်းစားနေရပြီလား..

    ReplyDelete
  2. သံသရာအဆုံးထိ ချစ်မယ့်သူပေါ့ =)

    ဆန့်ကျင်ဘက်ကို စိတ်ဝင်စားတတ်တဲ့ လူနှစ်ယောက်အဖြစ် တဲ့လား...:P
    ထင်းခွေရင်းဖြစ်ဖြစ်
    ရေခပ်ရင်းဖြစ်ဖြစ် နောက်ဘဝက စောင့်နေပါ့မယ်..။ဆိုတာလေး အရမ်းကြိုက်တယ်။

    ReplyDelete
  3. တစ်ခါတစ်လေ နောက်ဘဝဆိုတာကြီးကိုပါ ...
    ဇဝေဇဝါ ဖြစ်မိတယ်ဗျာ ...
    နင်ရော ငါရော လူပြန်ဖြစ်ဖို့လိုသလို
    ဆန့်ကျင်ဘက်လိင် လည်း ဖြစ်
    ဆန့်ကျင်ဘက်ကို စိတ်ဝင်စားတတ်တဲ့ လူနှစ်ယောက်အဖြစ်
    ဘဝကလေးတစ်ခုမှာ ထပ်တွေ့ခဲ့ကြရင်သာ
    ငါ လာနှုတ်ဆက်မှ ရေးတေးတေးတော့ လုပ်မနေနဲ့ပေါ့ ....
    ကဲ မိရွှေရည်ရေ ...
    ထင်းခွေမကြုံ လည်း ရေခပ်တော့ ကြုံချင်သေးရဲ့ ...

    ReplyDelete
  4. နောင်ဘဝဘဝတွေက စောင့်နေမယ်... ထင်းခွေမကြုံရေခပ်မှာပါ ဆိုတဲ့ ကြုံးဝါးသံပေါ့... ဒါပေမယ့် ကဗျာဆရာကြီးရဲ့ ကြုံးဝါးသံဆိုတော့ တအားလှနေတယ်...း)

    ReplyDelete
  5. တေပါသေးနဲ့ဦးအေ.. ဒီဘ၀မှာဘဲဆုံလိုက်တာကောင်းပါတယ်။။
    နောင်ဘ၀ဆိုတာသိပ်မသေချာဘူးလေနော်..
    :P

    ReplyDelete
  6. ခုဘဝတောင်မသေချာတာ မောင်ဒီပရယ်
    နောက်ဘဝတဲ့
    ကမ္ဘာလုံးဆိုင်ရာ အောင်ဘာလေထီထိုးရမယ့်ပုံပဲ
    လူကလည်းပြန်ဖြစ်ရဦးမယ်
    ဆန့်ကျင်ဘက်ကလည်းဖြစ်ရဥိးမယ်
    အမှတ်တမဲ့ပြန်ဆုံလည်းမှတ်မိရဦးမယ်
    ဟူးးးးးးးးးးးးးးးးးးးးးးးးးး
    စိတ်လျှော့...သံသရာဆိုတာက ၃၆၀ဒီဂရီရှိသတဲ့..း)

    ReplyDelete
  7. ထင်းခွေမကြုံ ရေခပ်ကြုံမှာပဲ ဆိုပေမယ့် ဗုံလုံတလှည့် ငါးပျံတလှည့် ဆိုတာလဲ ရှိတယ်နော်။ နောက်ဘ၀မှာ ရွှေရည်က ယောက်ျားကြီးဖြစ်ပြီး ..... အီး။

    ReplyDelete
  8. ဆရာရေ..
    ထင်းခွေရင်း ဖြစ်ဖြစ်.. ရေခပ်ရင်း ဖြစ်ဖြစ်.. တဲ့

    မိုက်တယ်ဗျို့....

    ReplyDelete
  9. ချစ်စရာကဗျာလေးတွေကို ရေးတတ်တဲ့ လင်းဒီပ ပဲ။

    နောက်ဘ၀ကတော့ မလွယ်ပါဘူး

    နင်ရော ငါရော လူပြန်ဖြစ်ဖို့လိုသလို
    ဆန့်ကျင်ဘက်လိင် လည်း ဖြစ်
    ဆန့်ကျင်ဘက်ကို စိတ်ဝင်စားတတ်တဲ့ လူနှစ်ယောက်အဖြစ်
    ဘဝကလေးတစ်ခုမှာ ထပ်တွေ့ခဲ့ကြရင်.....

    ဆိုရင်တောင်မှ.. အခြေအနေတွေ အသက်အရွယ်တွေ.. ပိုင်ဆိုင်သူ ရှိပြီးသားဖြစ်မဖြစ်.. အများကြီး အများကြီး

    ReplyDelete
  10. ထင်းခွေ ရင်းကြုံကြုံ...
    ရေခပ် ရင်းတွေ့တွေ့..
    ဆုံကြဖို့အဓိကပါ....

    ရွှေရည်ရေ..

    လင်းဒီက..ရေတွေခပ် ထင်းတွေခွဲနေပြီဟေ့...

    ကဗျာလေးလှတယ်..မောင်လေး

    ReplyDelete
  11. ဘ၀ကလေးတစ်ခု မနီးစပ်ရုံနဲ့
    အပြီးသတ်အသဲမကွဲသေးဘူး
    သုံးဆယ့်တစ်ဘုံ ရင်ခုန်ကြည့်စမ်း မိရွှေရည်...

    ဇွဲကတော့ ကောင်းတယ်ဗျာ...
    ကဗျာလေးတော့ သဘောကျတယ်အကိုရေ...

    ReplyDelete
  12. အကို ဒီဘ၀မှာဆုံဖို့မကြိုးစားတော့ဘူးလား။

    ReplyDelete
  13. နောင် သံသရာ အဆက်ဆက်ထက်
    လက်ရှိဘ၀မှာ
    ပျော်ရွှင်စွာ ပေါင်းဆုံနိုင်ပါစေသတည်း။

    ကဗျာလေးက လှလွန်းတော့ မထိရဲဘူး ကဗျာဆရာ။
    ဖတ်ရုံလေး ဖတ်သွားတယ်။ အဝေးကနေ...။

    :-)

    ReplyDelete
  14. ကိုဒီပရေးတဲ့ ကဗျာတွေ တအားမိုက်တယ်။
    ဒါပဲပြောတတ်တော့တယ်။
း)

    ReplyDelete
  15. လှလိုက်တာဟယ် ...
    ပါးစပ်အဟောင်းသားနဲ့ နောင်ဘ၀ထိ ချစ်ချင်တဲ့ ကဗျာလေးကို ငေးမိသွားတယ်။ =]

    ReplyDelete
  16. ကိုလင်းဒီပ....တယ်ဟုတ်ပါလား
    ကဗျာက.....ထင်းခွေရင်းဖြစ်ဖြစ်
    ရေခပ်ရင်းဖြစ်ဖြစ်စောင့်မယ်ဆို
    ပါလား.....ရွှေရည့်ကိုသွားပြောပေးမယ်..ခု

    ReplyDelete
  17. မှန်လိုက်တာ အစ်ကိုရာ

    ဘဝကလေးတစ်ခု မနီးစပ်ရုံနဲ့
    အပြီးသတ် အသဲမကွဲသေးဘူး
    သုံးဆယ့်တစ်ဘုံ ရင်ခုန်ကြည့်စမ်း မိရွှေရည်..။

    အဲ့ဒီစာသားလေးကို အကြိုက်ဆုံးပဲ ...

    ReplyDelete
  18. ရွှေရည်ဆိုသော မိရွှေရည်ဖတ်မိရင်
    အတော်ကြွေသွားမည်.....

    ReplyDelete