Thursday, October 1, 2009

ဖိနပ်ကလေးတစ်ရံ

မနေ့ညနေ အလုပ်က ပြန်လာတော့ လမ်းမှာ စီးလက်စ ဖိနပ်လေးက ခွာပြုတ်သွားသည်။ ဒီမနက် အလုပ် သွားမယ် ဆိုတော့ စီးစရာ ဖိနပ်မရှိတော့ ။ အလုပ်က site အလုပ်ဆိုတော့ ဂျင်းဘောင်းဘီပဲ အမြဲ ဝတ်ဖြစ်သည် ။ ဒီတော့ ဂျင်းဘောင်းဘီနှင့် အဆင်ပြေမည့် ဖိနပ်မျိုးပဲ စီးဖြစ်သည် ။ သိပ်ကောင်းကောင်းတော့ မဟုတ် ။ အခု ဖိနပ်ကလည်း အလုပ်သွားရင်း စီးလို့အဆင်ပြေမည့် ဈေးချိုချိုရသည့် ဖိနပ်တစ်ရံကို လွန်ခဲ့တဲ့ လေးလလောက်က Discount ချတာတွေ့တုန်း ဝယ်ပြီး စီးနေတာ ။

အိမ်မှာက ယောက်ျားလေးချည်း ခြောက်ယောက် စုနေတော့ ဖိနပ်ဗီရိုလေးထဲတွင် ဖိနပ်တွေက အတော်များသည်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တည်းက မစီးပဲထားခဲ့တဲ့ ဖိနပ်လေးကို ပြန်ရှာကြည့်သည် ။ သေချာတော့ မမှတ်မိ ။ အနက်ရောင် စတိုင်ဘောင်းဘီနှင့် လိုက်ဖက်သည့် ဖိနပ်တစ်ရံ ဆိုတာလောက်ပဲ မှတ်မိသည် ။ ပထမ ဆွဲထုတ်လိုက်သည့် ဖိနပ်က အနက်ရောင် ။ သို့ပေမယ့် မဟုတ် ။ ပြန်ထည့်ပြီး ထိပ်တုံးတုံးနှင့် အတော်လေး ဖုန်တက်နေသည့် အနက်ရောင် ဖိနပ်တစ်ရံကို တွေ့သည် ။ဒါပဲ နေမှာပါ ။ ဖိနပ်လေးကို ဖုန်ပြောင်အောင် ကပျာကယာ ခါရင်း စီးပြီး ထွက်လာခဲ့သည်။လမ်းလျှောက်ရင်း ကြည့်မိတော့ ဖိနပ်ကလေးက အတော် အကျည်းတန်သည် ။ ထိပ်ကလည်း တုံးတုံးကြီး …သွယ်သွယ်လေး ဖြစ်မနေ ။ တကယ်တော့ ဒီဖိနပ်ကလေးသည် သက်တမ်းအားဖြင့် မနည်းတော့ ။

ကျွန်တော် မြန်မာပြည်မှာ နေတုန်းက shoe ဖိနပ် စီးခဲသည် ။ ဘောင်းဘီက ဝတ်ခဲတော့ သားရေဖိနပ်ပဲ စီးဖြစ်သည် ။ တခါတလေ ပဲများချင်ရင် အောကတ္တီပါ ဖိနပ်ကလေးကို ခြေထောက်ကလေး သန့်နေအောင်တိုက်ပြီး စီးဖြစ်သည် ။ ပုဆိုးရှည်ရှည်နှင့် ။ နောက်တော့ နယ်မှာ အလုပ်ထဲဝင်တော့ ပုဆိုးကြီးနဲ့ site ထဲပြေးရတာ သိပ်မလွယ် ။ ဒီတော့ ဘောင်းဘီကို စွဲစွဲမြဲမြဲ ဝတ်ရသည် ။ ကျွန်တော်တို့ဆီက site တွေက Safety Shoe တွေ ဘာတွေ မလို။ Helmet တောင် လူကြီးလမ်းကြောင်းရှိမှ ဓာတ်ပုံရိုက်ရမှာမို့ ဆောင်းကြတာ ။ဒီတော့ ဂျင်းဘောင်းဘီနှင့် ခြေညှပ်ဖိနပ်နှင့် နေနေကျ ။ နောက်ပိုင်းကျမှ ကွင်းထိုးဖိနပ်တွေ ဝယ်စီးဖြစ်သည် ။(နည်းနည်း အဆင့်မြင့်လာတဲ့သဘော..:P)

Site ထဲမှာ ရှိနေတုန်း ပြည်ပခရီးတစ်ခု အလုပ်က စီစဉ်တော့မှ လိုအပ်တာတွေ ဝယ်ဆို ငွေထုတ်ပေးသည် ။ တစ်သိန်းခွဲ ထင်သည် ။ အိပ်မက်စိမ်းကနေ ထိုဖိနပ်ကလေး တစ်သောင်းကျော်ကျော်နှင့် ဝယ်ဖြစ်သည် ။( ဖိနပ်ကြိုးချည်ရမှာ ပျင်းတော့ တန်းဆွတ်လိုက်ရုံနှင့် အဆင်ပြေသည့် ဒီဖိနပ်ကလေးပဲ ရွေးချယ်ခဲ့ပါသည် ။) အိမ်ရောက်တော့ မေမေက မင်းဖိနပ်ကြီးကလည်း ထိပ်တုံးတုံးကြီးဆိုတော့ လှပါတယ် မေမေရယ်လို့ ပြန်ပြောဖြစ်သည်။

ဒီလိုနဲ့ ဆယ်ရက်လောက်ခရီးက ပြန်လာတော့ ချောင်ထိုးထားတာ နှစ်နှစ်ဝန်းကျင် ။ တကယ် ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်လာတော့ ပြန်စီးရပြန်သည် ။စလုံးရောက်စ အင်တာဗျူးပေါင်း မြောက်များစွာ ထိုဖိနပ်ကလေးနှင့် ခြေဆန့်ခဲ့ရသည် ။ အလုပ် အဆင်မပြေသေးခင် စိတ်ဓာတ်ကျနေသော ခြေလှမ်းများစွာကိုလည်း ထိုဖိနပ်ကလေးနှင့်ပင် ရွေ့လျားခဲ့ရသည် ။ ထိုအထိလည်း ထိပ်တုံးတုံး ဖိနပ်ကလေးသည် မျက်စိထဲ အဆင်ပြေနေဆဲ ။ မေတ္တာသက်ဝင် ချစ်ခင်နေဆဲ ။

ဒီမှာလည်း အလုပ်စဝင်ကတည်းက site အလုပ်ဆိုတော့ ဂျင်းပန် ဝတ်ဖြစ်တာ များပြီး သွားလေရာ Safety Shoe ကြီးနှင့် ။ အရင်site တုန်းက Suntec City နှင့်နီးတော့ နေ့လည် အားလို့ Suntec City ထဲက water fountain တစ်ခုခုမှာ တစ်ယောက်တည်း သွားထိုင်လည်း ဒီ Safety Shoe ကြီးနဲ့ပါပဲ ။ နောက်တော့မှ သူများတွေကို အားကျပြီး အလုပ်ထဲမှာ Safety Shoe ကြီးစီး ၊ အပြင်သွားတော့ ပေါ့ပေါ့ပါးပါး ဖိနပ်တစ်ရံ ဝယ်စီးဖြစ်သည် ။ ထို Safety Shoe စစီးတည်းက ဖိနပ်ဗီရိုထဲ ရောက်သွားသည့် ထိပ်တုံးတုံး ဖိနပ်ကလေးသည် အခုဆို တစ်နှစ်ကျော် နှစ်နှစ်ဝင်းကျင် ။

အခု ပြန်စီးတော့ ဖိနပ်ပေါ် အမြင်တမျိုးပြောင်းသွားသည် ။ အင်း ထိပ်က တုံးတုံးကြီးနဲ့ ရုပ်ဆိုးလိုက်တာဟု ခံစားမိသည် ။
ခံစားမှုသည် မိမိကျင်လည် ဖြတ်သန်းမိသည့် ပတ်ဝန်းကျင်အတွေ့အကြုံပေါ် မူတည်၍ ပြောင်းလဲတတ်သည် ဟု ခံစားမိသည် ။ ကဲ အခုပဲ ကြည့် ကိုယ်ဖြတ်သန်းမှုထဲမှာ အရေးပါသည့်… ကိုယ့်ခြေထောက်ကို ကာကွယ်ပေးသည့်…. shoeဖိနပ်ဆိုတာ ဘာလဲလို့ စတင် သိရှိခွင့်ပေးသည့်…. ဖိနပ်ကလေးကို… အထင်သေးသည့် အကြည့်နှင့် ကြည့်ပြီး ရုပ်ဆိုးလိုက်တာ ဟု ရေရွတ်မိသည် ။ လူသည် အာရုံခံစားမှုကို ဦးစားပေးလွန်းသည် ။ ဖိနပ်ကလေးသာ တစ်ခုခု ပြန်ပြောတတ်လျှင် ဘာပြန်ပြောမလဲလို့ ကျွန်တော် ဆက်တွေးနေမိသည် ။
လင်းဒီပ
၁.၁၀.၀၉

19 comments:

  1. ဟောဗျာ.. ကိုလင်းဒီပက ပြန်မပြောတတ်တဲ့ ဖိနပ်ကို မေးနဲ့လေဗျာ.. စာလာဖတ်တဲ့ ပရိသတ်ကို မေးကြည်..အဟီး။

    yu ya

    ReplyDelete
  2. ဟိ ငါးစိမ်းမြင်လို့ ငါးကင်ပစ်တယ်ထင်မှာပေါ့။

    ReplyDelete
  3. အက်ဆေးလည်း အရေးကောင်းတာပဲ...

    ReplyDelete
  4. ဖတ်ဖူးတဲ့ ကဗျာတပိုင်းတစကို သတိရသွားတယ်..
    “ကမ္ဘာကြီးတောင် တိမ်းစောင်းနေမှတော့ သူမ အရောင်ပြောင်းတာလည်း အပြစ်မရှိဘူး” တဲ့..
    လူတွေရဲ့ ပြောင်းလဲတတ်တဲ့ စိတ်သဘောကို ဖိနပ်လေးက နားလည်ခွင့်လွှတ်မှာပါ..

    ReplyDelete
  5. အတွေးတွေကောင်းနေတယ်ညီလေး
    လူဟာ အတွေးနဲ့လည်ပတ်နေတဲ့ အမျိုးပဲမဟုတ်လား
    ဒီတော့..ကိုယ်တို့တွေးနေကြရတယ်...အမြဲတမ်းပေါ့..
    အတွေးတွေ ခံစားချက်တွေကည်း အမြဲတမ်းစီးဆင်းနေတဲ့ မြစ်ကြီးတစင်းလိုပဲပေါ့ ညီလေးရာ....

    ReplyDelete
  6. အော် လူဆိုတာ ဒီလိုပါပဲလေ လို့
    ပြောလိမ့်မှာပေါ့း))

    ReplyDelete
  7. ပစ္စည်းတွေအသစ်ပေါ်ပေါ်လာတော့ အဟောင်းတွေက ပုံတုန်းတွေလို့ပြောကြတယ်။ နောက်ထပ်မေးခွန်းတွေရှိနေပါတယ် မေးတော့ဘူးနော်။

    ReplyDelete
  8. အသစ်ဘယ်လောက် ကောင်းကောင်း အဟောင်းပြန်မလည်တော့ဘူးနော်။ အော် လူပဲလေဆိုကာ တရားနဲ့ဖြေရတော့မှာလား။ =(

    ReplyDelete
  9. လူတိုင်းမှာ အမေ့ခံ ဖိနပ်လေးတွေရှိပါလိမ့်မယ်။ ဒါပေမယ့် လွှင့်လဲ မပစ်ချင်ဘူး။ အဲဒါက ပိုစိတ်မကောင်းစရာ။

    ReplyDelete
  10. ဒါကိုက လူ့သဘာဝပဲ ထင်ပါရဲ့ ကိုလင်းဒီပရယ်။ ညီမလည်း တခါတုန်းက သိပ်အသုံးဝင်ခဲ့ပေမယ့် အခုတော့ ချောင်ထိုးထားမိတဲ့ အကျည်းတန် ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါပေမယ့် သံယောဇဉ်ကတော့ ပစ္စည်းအသစ် လှလှပပ တွေထက် ပိုကြီးမိနေဆဲပါပဲ...

    ReplyDelete
  11. ဘိနပ်ကလေး သနား စရာ မောင်လေးရယ်

    လူဆိုတာက ခံစားချက်တွေအမြဲပြောင်းလဲ နေနိုင်တာပဲလေ နော်.. ဖြစ်တတ်ပါတယ်..

    အကြောင်းအရာပေါ့ပေါ့ပါးပါးလေးက ကဗျာဆရာ့လက်ပေါ်မှာ လှပတဲ့အက်ဆေးလှလှလေးဖြစ်သွား ပြီ

    ReplyDelete
  12. အဲဒါ လူ့စိတ်ပါ ၊


    ဒါနဲ့ ဖိနပ်ဆိုတာ အလင်္ကာ အနေနဲ့ သုံးတာထင်ရဲ့
း)

    ReplyDelete
  13. ခင်ဗျားတို့လူတွေက ဒီလိုပဲလား လို့
    ဖိနပ်လေးက မေးလိမ့်မယ်ထင်ပ :)

    ReplyDelete
  14. ကဗျာဆရာက အာရုံခံစားမှုများသင့်တယ် မဟုတ်လားဗျာ .. သူ့မှာထိခိုက်နာကျင်လွယ်တဲ့
    နှလုံးသားရှိရမယ်လေ ...

    ReplyDelete
  15. ဖြစ်တတ်ပါတယ်လေ ... စိတ်ဆိုတာကိုက ပြောင်းလဲတတ်တဲ့အမျိုးမဟုတ်လား ...

    ReplyDelete
  16. အဲဒီ့ ဘီဒိုထဲက အခိုးခံလိုက်ရတဲ့ Addidas နဲ့ Puma ကိုလွမ်းတယ်ဗျာ။

    ReplyDelete
  17. ဖိနပ်ကလေးက ဖိနပ်ကလေးလိုကျန်နေခဲ့ရပြီး
    လူဟာလည်း လူလိုပဲပြောင်းလဲသွားကြမှာပဲထင်တယ်
    ကိုလင်းဒီပ.
    တခါတုန်းက ဂုဏ်ယူခဲ့ရဘူးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေလဲ ခေတ်ဟောင်းဇတ်ဝင်ခန်းတွေ
    မှာပြန်ဝတ်ဖို့လောက် ပြန်ကြည့်ဖို့လောက်ပဲ ဖြစ်ခဲ့တာ.

    ReplyDelete
  18. ကိုလင်းဒီပ ရဲ့ စကားပြေ အရေးအသားကို

    ဖတ်ကြည့်တာရယ် ပါ ဗျာ ...

    ကဗျာ မဆန်ဘူး ဗျာ ...။ ကောင်းတယ် ။

    ကျွန်တော်တော့ ... ကဗျာရေးရင် စကားပြောဟန်

    များလွန်းနေပြီး ... စကားပြေရေးတဲ့အခါကျရင်

    ကဗျာဆန်ဆန်တွေ သုံးနှုန်းနေမိတယ် ... :)

    ReplyDelete
  19. forget the past..but still cannot forget .

    ReplyDelete