Thursday, November 26, 2009

မေတ္တာစာ

သူ့ဘာသာ ရှင်သန်နေတဲ့အရာတွေကို

ကိုယ့်အတ္တ

နာမည်တပ်လိုမှု သက်သက်အတွက်

မသေဆုံးစေချင်ပါဘူး။


အိမ်ရှေ့က ရွက်လှပင်ကလေးမှ မဟုတ်ပါဘူး

တကယ်တော့ အနုပညာဟာလည်း သက်ရှိပဲ။

အချစ် အမုန်း အာဃာတ

မမြင်ရတဲ့ စိတ္တဇနာမ်တွေကလည်း သက်ရှိပါပဲ ။


ကျွန်တော့်လက်ဆိပ်တက်ပြီး

ကဗျာလေးတစ်ပုဒ်တောင် မသေဆုံးစေချင်ဘူး ။

သူ့ဝိညာဉ်မှာ

ကျွန်တော့်ကို မုန်းတဲ့အမုန်းတွေ ကပ်ပါမသွားစေချင်လို့ပါ ။


အခုတလော

ကျွန်တော်ဟာ တွေးသင့်တာထက် ပိုတွေးမိလို့

မလိုလားအပ်ဘဲ စကားတွေလည်း ဆွံ့အနေခဲ့ပါတယ်..။

အထက်ကဆိုခဲ့သလို ကိုယ့်အတ္တကိုယ် အလို မလိုက်ချင်လို့ပါ ။


ကျွန်တော်ပါးစပ်က စကားတစ်ခွန်းဟာ

သေနတ်မောင်းခလုတ်ကို ဆွဲလိုက်သလို

တစ်စုံတစ်ယောက် စိတ်နှလုံးကို ချိန်ရွယ် ပစ်ခတ်မိမှာစိုးလို့

ထိန်းထားရင်းနဲ့….

ကျွန်တော်ဟာ တဖက်ရဲ့ ရှင်သန်ခြင်းကို မသတ်ချင်သလို

ကိုယ့် ရှင်သန်ခြင်းကို သတ်မိသူများ ဖြစ်နေပြီလား ။


ကျွန်တော်အတွက်နဲ့

တစ်လှေလုံး မပုပ်အောင် အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့ပါတယ်။

ရွက်လှပင်လေးက အစ

ကဗျာကလေးတွေအလယ်

မိတ်ဆွေတို့အထိ

တစ်စုံတရာ ထိခိုက်ခဲ့တယ်ဆို ခွင့်လွှတ်ပေးဖို့

ကျွန်တော့်ဖက်ကလည်း

ခွင့်လွှတ်ပေးဖို့ အသင့်ရှိတဲ့အကြောင်း

မေတ္တာတရားကို စာလုံးပေါင်း မှန်အောင် ရေးလိုက်ပါတယ် ။

လင်းဒီပ

၂၅.၁၁.၀၉

24 comments:

  1. စိတ်ထားကောင်းသူကြီး.

    ReplyDelete
  2. ချမ်းမြေ့ပါစေ။

    ReplyDelete
  3. စာလုံးပေါင်း မှန်စွာ ဆုတောင်းပေးသွားသည်။

    ReplyDelete
  4. အင်း တစ်ခါတစ်လေ ပါးစပ်ကိုထိန်းရတာခက်တယ်။

    ReplyDelete
  5. မေတ္တာမှန်ရင် ရောင်ပြန်ဟတ် စမြဲပါ ကိုလင်းဒီပရေ... တခါတလေ ထိန်းချုပ်ခြင်းတွေဟာလည်း ကာယကံရှင်အတွက် သိပ်ကိုပင်ပန်းစေတတ်ပါတယ်။

    ပျော်ရွှင်ပါစေ...

    ခင်မင်လေးစားလျှက်

    ReplyDelete
  6. “ကျွန်တော့်လက်ဆိပ်တက်ပြီး
    ကဗျာလေးတစ်ပုဒ်တောင် မသေဆုံးစေချင်ဘူး”
    ဆိုတဲ့ စိတ်ကို လေးစားပါတယ်...

    ကဗျာလေးရဲ့ အဓိပ္ပါယ် အရမ်းကောင်းတယ်...

    ReplyDelete
  7. သူ့ဘာသာ ရှင်သန်နေတဲ့အရာတွေကို
    ကိုယ့်အတ္တ
    နာမည်တပ်လိုမှု သက်သက်အတွက်
    မသေဆုံးစေချင်ပါဘူး။

    ခဏခဏ ဖြစ်တတ်တာတွေ. ...

    ReplyDelete
  8. မေတ္တာတရားကိုပဲ စာလုံးပေါင်းမှန်အောင်
    ကြိုးစားတော့မယ် ...

    ReplyDelete
  9. ခွင့်လွှတ်တယ်.. :P
    ဘာမှန်းတော့သိဘူး။ မိတ်ဆွေတို့ ဆိုပြီးပါလို့။

    ReplyDelete
  10. ပျောက်နေတာ အကြာကြီးပဲ

    တွေးသင့်တာထက် ပိုတွေးမိလို့
    စကားတွေဆွံ့အနေခဲ့တာလား ...

    ReplyDelete
  11. အားလုံးခွင့်လွှတ်သည် အမြန်ပြန်လာပါး))

    ReplyDelete
  12. ခွင့်လွှတ်ကြောင်းပါ ငှဲငှဲ (ဘာမှန်းတော့ မသိဘူး)

    ReplyDelete
  13. လင်းဒီပရေ...

    တိတ်လှဆိတ်လှချည့်
    ဘယ်သူပျောက်နေတယ်တော့မသိ...

    ကဗျာလေးလာဖတ်သွားပါတယ်..

    စကားမစပ် ဒဏ္ဍာရီမှာ စာအုပ်တွေ ပေးထားတယ်မောင်လေး..
    နင်လိုချင်..အဲဒီ့သွားလိုက်။ ရတယ်..။

    ReplyDelete
  14. ကောင်းလိုက်တဲ့မေတ္တာစာ

    ReplyDelete
  15. အင်း... မေတ္တာတရားကို စာလုံးပေါင်းမှန်အောင် ရေးနိုင်မှဖြစ်မယ်။

    ReplyDelete
  16. အလို ကိုရင်လင်း

    စာလုံးပေါင်းမှန်မှန် မမှန်မှန် ခွင့်လွှတ်သည်
    :D

    ReplyDelete
  17. အစ်ကိုရေ...ကဗျာလေး ကောင်းပ ....
    အဓိပ္ပါယ်ရှိလှပါတယ် .... အမြဲအားပေးလျှက်ပါ

    ReplyDelete
  18. မေတ္တာတရား
    ကောင်းတယ်ဗျာ
    လင့်ထားပါရစေ

    ReplyDelete
  19. မေတ္တာတရားကို စာလုံးပေါင်းမှန်အောင်ရေးလိုက်ပါတယ် ဆိုတဲ့ စာသားရေးပုံလေး နှစ်ခြိုက်မိတယ် ...

    ReplyDelete
  20.း) ပြောတာလွယ်တယ် စာလုံးပေါင်းဖို့ခက်တယ်

    ReplyDelete
  21. ကိုလင်းဒီပရေ...

    ကဗျာလေး လာဖတ်သွားပါတယ်..
    ဒီနေရာလေးကို အတော်လေးကို သဘောကျမိပါတယ်..။

    တစ်စုံတစ်ယောက် စိတ်နှလုံးကို ချိန်ရွယ် ပစ်ခတ်မိမှာစိုးလို့
    ထိန်းထားရင်းနဲ့….
    ကျွန်တော်ဟာ တဖက်ရဲ့ ရှင်သန်ခြင်းကို မသတ်ချင်သလို
    ကိုယ့် ရှင်သန်ခြင်းကို သတ်မိသူများ ဖြစ်နေပြီလား ။


    မထင်မှတ်ပါပဲ ဝဲတတ်လာတဲ့ မျက်ရည်တွေကို ငုံပြီး
    လှပ်ကနဲ ခုန်လာတဲ့ ရင်ခုန်သံတွေကို..
    ပြန် မြိုမြိုချတတ်နေတာ ကြာပြီ...

    ခင်မင်လေးစား ချစ်ခြင်းအားဖြင့်
    (ကိုရင်နော်ခင်လေးငယ်)

    ReplyDelete
  22. အားလုံးခွင့်လွှတ်သည် အမြန်ပြန်လာပါ လို့ မမနော်က ပြောသွားတယ် =)
    မယ်ကိုးလည်း မေတ္တာစာဆိုတဲ့ စပ်ဖျင်းဖျင်းကဗျာလေး ရေးခဲ့ဖူးလို့ ဘာမှန်းမသိလည်း ကိုယ်ချင်းစာခံစားရပါတယ်။

    ReplyDelete
  23. ဒီကဗျာလေး
    ဖတ်ပြီး ကိုယ့်အဖြစ်ကိုယ်တွေးမိတယ်
    ခံစားချက်နဲ့ တိုက်ဆိုင်လို့ပါ။
    အကို့ကဗျာတွေ ခံစားချက်နဲ့ တိုက်ဆိုင်နေတာ
    နှစ်ပုဒ်သုံးပုဒ်ရှိပြီ။

    ReplyDelete
  24. “ရွက်လှပင်လေးက အစ
    ကဗျာကလေးတွေအလယ်
    မိတ်ဆွေတို့အထိ”

    တစ်ပုဒ်လုံး ကြိုက်မိပါတယ် ကိုလင်းဒီပ...

    ReplyDelete