Sunday, December 13, 2009

အလွမ်းလူ

တစ်ခွက်တစ်ဖလားပါ ဆိုပြီး
အလွမ်းတွေ ညာညာ တိုက်သွားတဲ့ ညီမလေးရယ်…
လွမ်းတယ်။

လွမ်းတယ်။
မရှုနိုင် မကယ်နိုင် လွမ်းတယ် ။
လူမှန်းသူမှန်း မသိအောင် လွမ်းတယ်။
အလိမ္မာလေးမို့ နောင်တနဲ့ ယှဉ်ပြီး လွမ်းတယ်။
ဘယ်ရည်းစားမှ မလွမ်းဖူးတဲ့ အလွမ်းမျိုးနဲ့ လွမ်းတယ်။

လွမ်းတယ်။
ခွက်ထိုး ခွက်လှန် လွမ်းတယ်။
သံဝေဂလေးနဲ့ ယှဉ်ပြီး လွမ်းတယ်။
သွေးတွေ ပူနွေးလာတဲ့အထိ လွမ်းတယ်။
လှောင်ပြုံးနှင့် ရီ(ရယ်)နေမှာ တွေးမိရင်း
ရှက်လွမ်းကလေး လွမ်းတယ်။

လွမ်းတယ်။
ဓာတုဆိုးဆေး မပါဘဲ လွမ်းတယ်။
သကြားစစ်စစ်နဲ့ ဖျော်စပ်ပြီး လွမ်းတယ်။
ကော်ဖီသောက်နေရင်း လွမ်းတယ်။
မေ့ချင်လို့ မူးအောင်သောက်ပြီးမှ မေ့မရဘဲ လွမ်းမူးကြီး မူးတယ်။

စိတ်မပူပါနဲ့ ညီမလေးရယ်…
ဘာပဲဖြစ်ဖြစ်
အလွမ်းဟာ မြေဓာတ်ပါတယ်။
အလွမ်းဟာ အန္တရာယ်ကင်းတယ် ။
အလွမ်းဟာ လူကို ဥပါဒ် မဖြစ်စေဘူး ။
အလွမ်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး ။

ဒီလိုနဲ့
တစ်ကိုယ်ရည် အလွမ်းနေ့စွဲတွေမှာ
ထိထိရောက်ရောက် လွမ်းတတ်ခဲ့တယ် ။
ကျွမ်းကျွမ်းမြေ့မြေ့ လွမ်းတတ်ခဲ့တယ် ။
ဖွယ်ဖွယ်ရာရာလေး လွမ်းတတ်ခဲ့တယ် ။
ကျက်သရေရှိရှိလေးလည်း လွမ်းတတ်ခဲ့တယ် ။

လွမ်းတယ်ညီမလေးရယ်
လွမ်းတယ်…

အမုန်းမျက်မာန်
စိတ်ကောက်နှုတ်ခမ်းကျည်ဆံလေးပဲဖြစ်ဖြစ်…
ပျားရည်လူးထားတဲ့
ပန်းဆီရောင်နှုတ်ခမ်းလေးပဲဖြစ်ဖြစ်…
နောက်တစ်ခါ အနီးကပ် လာ ပစ်သတ်လှည့်ပါဦး ။

လွမ်းတယ်ညီမလေးရယ်
လွမ်းတယ်…
ချစ်သူကိုယ်ငွေ့နွေးကို
တယ်လီဖုန်းလေးက တဆင့်
မမှီမကမ်း လက်ဖြန့်နေခဲ့ရသူ
(ကိုယ်ကတော့)
ဒီဇင်ဘာဆောင်းနေ့တွေထဲ အလွမ်းတွေ အခိုးတလူလူ ထွက်လို့ ။
လင်းဒီပ
၁၂.၁၂.၀၉

23 comments:

  1. စိတ်မပူပါနဲ့ ညီမလေးရယ်…
    ဘာပဲဖြစ်ဖြစ်
    အလွမ်းဟာ မြေဓာတ်ပါတယ်။
    အလွမ်းဟာ အန္တရာယ်ကင်းတယ် ။
    အလွမ်းဟာ လူကို ဥပါဒ် မဖြစ်စေဘူး ။
    အလွမ်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး ။

    စိတ်မပူပါဘူး မောင်လေးရယ်…
    ဘာပဲဖြစ်ဖြစ်
    အလွမ်းဟာ မြေဓာတ်ပါတယ်။
    အလွမ်းဟာ အန္တရာယ်ကင်းတယ် ။
    အလွမ်းဟာ လူကို ဥပါဒ် မဖြစ်စေဘူး ။
    အလွမ်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး ။

    မမ လဲ ကဗျာထဲ မှာ သူ့ ကို အမြဲ လွမ်းတယ်..း)

    ReplyDelete
  2. လွမ်းတယ်။
    ခွက်ထိုး ခွက်လှန် လွမ်းတယ်။
    သံဝေဂလေးနဲ့ ယှဉ်ပြီး လွမ်းတယ်။
    သွေးတွေ ပူနွေးလာတဲ့အထိ လွမ်းတယ်။
    လှောင်ပြုံးနှင့် ရီ(ရယ်)နေမှာ တွေးမိရင်း
    ရှက်လွမ်းကလေး လွမ်းတယ်။

    ရိုက်ချက်က ပြင်းလွန်းတယ်။
    လွမ်းတာလေးက လန်းဆန်းလှပ...

    ReplyDelete
  3. ကဗျာလေးက ချစ်စရာကောင်းတယ် ....

    ReplyDelete
  4. လွမ်းပါ .. လွမ်းပါ .. ဘယ်သူမှ ဘာမှ မပြောပါဘူး... :P

    ReplyDelete
  5. လွမ်းနေတယ့် အချိန် အလွမ်းကဗျာမှ တည့်တည့်တိုးတော့တယ် ... ညီမလေးကို လွမ်းသွားရော :P

    ReplyDelete
  6. ဟုတ်လောက်တယ်...

    အလွမ်းကြောင့် ဘယ်ရေခဲတောင်ပြိုတယ်.. ကမ္ဘာ့ဘယ်ဇုံ ဘယ်အလွှာပေါက်တယ်လို့ တခါမှ မကြားမိသေးဘူး...

းဝ)

    ReplyDelete
  7. အမုန်းမျက်မာန်
    စိတ်ကောက်နှုတ်ခမ်းကျည်ဆံလေးပဲဖြစ်ဖြစ်…
    ပျားရည်လူးထားတဲ့
    ပန်းဆီရောင်နှုတ်ခမ်းလေးပဲဖြစ်ဖြစ်…
    နောက်တစ်ခါ အနီးကပ် လာ ပစ်သတ်လှည့်ပါဦး ။

    ကိုလင်းရေ ထိသွားပြီးဗျ လွမ်းနေတဲ့ သူကိုမှ ရင်ထဲ ကျည်ဆံ အကတ်လိုက်ပစ်ထည့်လိုက်သလိုပါပဲ ထိချက်က ပြင်းထန်သွားပြီ

    ReplyDelete
  8. ဇ ကတော့မသေးဘူး ...
    ဒါမျိုးတော့ အသေခံရဲပါတယ်ပေါ့လေ ....။
    အဝေးက ပစ်တာမထိဘူးဆိုတဲ့သဘောလည်းပါတယ် ... ငါ့ရှင် ...။

    အဝေးပစ်အလွမ်းတွေအတွက်
    လေ၀ဲအနမ်းတွေပဲရမယ် ...။

    အခိုးတလူလူလွမ်းနေတာကို ....
    ငြှိမ်းခိုင်းဖို့ မီးသတ်သမားကြီးကိုယ်တိုင်လည်း လွမ်းနာကျနေတယ် ....။

    မခိုင်လုံသောသတင်းရပ်ကွက် သတင်းအရ လင်းဒီပ ဖုန်းပြောရင်း လက်ဖြန့်ထားတာ ဒါကြောင့်ကိုး ....လို့
    သံဝေဂ အကြီးအကျယ်ယူပြီး လစ်ပြီ ငါ့ရှင် ...
    ။ ။

    ခင်မင်စွာဖြင့်
    Zephyr

    ReplyDelete
  9. တရေးနိုးထကြည့်တာတောင် အလွမ်းကဗျာနဲ့တိုးတဲ့ဘဝ
    အော် လွမ်းတာတောင် လှအောင်လွမ်းနိုင်ပါပေ့ကဗျာဆရာ
    ဒါကြောင့်လည်း အောင်မှတ်တွေ ဂုဏ်ထူးမှတ်တွေ ရာပြည့် တွေ .. ကျော်လွန်နေပေတာကိုး ..း))
    (အတည်ပါ ကဗျာလေးက ချစ်စရာလေး )

    ReplyDelete
  10. လွမ်းတတ်လိုကတာနော်။

    ReplyDelete
  11. လွမ်းငွေ့ဝေကာ
    လွမ်းခိုးတွေလူ
    လွမ်းလိုသူအား
    လွမ်းငိုချင်ရက်
    လွမ်းလက်တို့သည်
    လွမ်းလျှက်နဲ့ပဲ
    လွမ်းဓာတ်ထပ်ကူး
    လွမ်းရူးများရင့်
    လွမ်းနေမြင့်ပြီ
    လွမ်းရေစက်စုံ
    လွမ်းခွင့်ကြုံခိုက် ...။
    :)

    ReplyDelete
  12. ဖွယ်ဖွယ်ရာရာလွမ်းတယ် ဆိုတာက ရင်ကို အမှန်ခိုက်စေတယ်။

    ReplyDelete
  13. ကဗျာလေးလည်း ကောင်းတယ်
    လွမ်းလို့လည်းကောင်းတယ်
    စာသားလေးတွေလည်းကောင်းတယ် အစ်ကိုရေ...
    (((ဘာပဲဖြစ်ဖြစ်
    အလွမ်းဟာ မြေဓာတ်ပါတယ်။
    အလွမ်းဟာ အန္တရာယ်ကင်းတယ် ။
    အလွမ်းဟာ လူကို ဥပါဒ် မဖြစ်စေဘူး ။
    အလွမ်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး ................ ဒီအပိုဒ်လေးကိုတော့
    အနှစ်သက်မိဆုံးပါပဲ ....
    အားပေးလျှက်ပါ ....

    ReplyDelete
  14. ခွက်ထိုးခွက်လန်လွမ်းတယ်ဆိုတာ ဘယ်လိုပုံစံမျိုးလဲမသိဘူးနော်.. မြင်ယောင်ကြည့်ရသလောက်တော့ အတော်ရီစရာကောင်းမယ်..

    “ချစ်သူကိုယ်ငွေ့နွေးကို
    တယ်လီဖုန်းလေးက တဆင့်
    မမှီမကမ်း လက်ဖြန့်နေခဲ့ရသူ” ဆိုတာလေး Gtalk Status လုပ်ဖို့ ယူသွားတယ်.. (ပေးတယ်ဟုတ်)

    ReplyDelete
  15. ခွက်ထိုးခွက်လန် ရီတာဘဲကြားဘူးတာ ဒီတစ်ခါဘဲ ခွက်ထိုးခွက်လန်လွမ်းတယ်ဆိုဘဲ ကြိုက်သွားပီ
    ခွက်ထိုးခွက်လန် လွမ်းလိုက်ဦးမယ်.......

    ReplyDelete
  16. အလွမ်းခိုး တွေထွက်နေတဲ့ ဒိဇင်ဘာဆောင်း ဆိုလို့ စိတ်မကောင်းပါဘူးဗျာ
    ချစ်စရာ ကဗျာလေးပါ

    ReplyDelete
  17. ကဗျာဆရာ

    လာလွမ်းသွားပါတယ်နော

    လွမ်းနိုင်ပါစေ


    မင်းအိမ်ဖြူ

    ReplyDelete
  18. ကိုလင်း အဲဒီလိုကြီးအရမ်းလွမ်းလိုက်တော့
    ကျုပ်တို့ဘာကိုဘာနဲ့ဘယ်လွမ်းရမှန်းတောင်မသိတော့ဘူး
    ဟိုမှာက လွမ်းငွေ့ တဝေေ၀ ကိုလင်းက လွမ်းခိုးတလူလူပေါ့

    လွမ်းနေတဲ့လူနှင့်အလွမ်းဓါတ်ခံရှိသူတွေအတွက်ကတော့
    ဒိုင်းနမိုင်း(TNT)ပါပဲ
    သိမ့်ကောင်းတဲ့ကဗျာလေးပေါ့ဗျာ။

    ReplyDelete
  19. အရမ်းမိုက်တယ်
    အရမ်းခိုက်တယ်!!! XD

    ReplyDelete
  20. ချစ်သူကိုယ်ငွေ့နွေးကို
    Gtalk လေးက တဆင့်
    မမှီမကမ်း လက်ဖြန့်နေခဲ့ရသူ

    ReplyDelete
  21. အလွမ်းတဲ့။
    ဘ၀မှာ မသိချင်ယောင်ဆောင်နေလို့ မရတဲ့အရာပေါ့။
း)

    ReplyDelete
  22. ဒီတစ်ခါလာဖတ်မှ သေချာလွမ်းသွားတယ်
    "တစ်ခွက်တစ်ဖလားပါ ဆိုပြီး
    အလွမ်းတွေ ညာညာ တိုက်သွားတဲ့ ညီမလေးရယ်…
    လွမ်းတယ်။'

    အဲဒါလေးလည်း ရင်ထဲရောက်သွားတယ်။

    ReplyDelete
  23. ဖုန်းဖိုး တော်တော်ကုန်နေလောက်ပြီ။

    ReplyDelete