Tuesday, September 29, 2009

ချစ်သူ့ဖတ်စာ(၄)

ဘဝကို
ဝလုံးလေးတွေ ရေးတတ်အောင် လာသင်နေတော့
အချစ်တွေကို လက်ရေးလှ တစ်အုပ်စာ ရေးလိုက်တယ် ။

ဒီကောင်ကြီး အပိုးကျိုးပြနေရတာ
ကိုယ့်နှလုံးသားလေးဟာ မင်းနှလုံးသားလေးရှေ့ လက်ကလေးပိုက်လို့။

ပင်လယ်ဓားမြလှေကြီးပေါ် တစ်ဘဝလုံး ပစ်တင် ရွက်လွင့်နေတုန်း
ကိုယ့်နှလုံးသားက ချောင်းဆိုးသွားတာ
ခုတော့ ဘယ့်နှယ်ရှိစ
ကိုယ့်ကိုယ်ကို သံဝေဂ ရမိတယ်။

ညီမလေး သင်ရိုးညွှန်းတမ်းမှာ ကိုယ့်နှလုံးသားလေး ပြန်နုငယ်ချင်လို့
ညီမလေး ခေါင်းလောင်းသံလွင်လွင် ကျောင်းသားလေးလို ပြန်နားထောင်ချင်လို့
ညီမလေးရေ…
ပန်းကလေးများ ပွင့်တော့မည် ကိုယ့်နှလုံးသားလေး ဖူးတံဝင့်လို့ချီပါရစေတော့ ။

မင်းနှလုံးသားရဲ့ အရိပ်အာဝါသမှာ
ကိုယ့်နှလုံးသားလေး သူငယ်တန်းတက်ပါရစေလား ညီမလေးရယ်။
လင်းဒီပ
၂၉.၀၉.၀၉

Tuesday, September 22, 2009

ကဗျာရေးမရတဲ့ ရာသီ

နှလုံးသားလက်ယက်တွင်းလေးထဲ

ရေကြည်သန့်သန့်တွေ

စိမ့် ထွက် မလာတဲ့အခိုက်

တိတ်နေတဲ့ စိတ်ရဲ့ဂီတကို

ပဲ့တင်ထပ်လို့ မရတော့

စာရွက်ကလေးနဲ့ ဘောလ်ပင်လေးဟာ ရှင်ကွဲ ကွဲ။

သွေးရူးသွေးတမ်းနဲ့

စိတ်ပလိုင်းပေါက်ထဲ

မြင်မြင်ကရာ အက္ခရာတွေ ကောက်ကောက် ထည့်….

ကိုယ့်မိုးလေဝသမှာ

ပန်းမိုးတွေ ခေါင်နေတော့

ကိုယ့်နှလုံးသွေး ကိုယ် ကြိုးကျစ်

တစ်ရာသီလုံး လွန်ဆွဲနေခဲ့ရတယ်။

လင်းဒီပ

၂၂.၀၉.၀၉

Monday, September 14, 2009

ပြတင်းပေါက်ကလေး တစ်နှစ်ပြည့်

မနှစ်က ၁၅.၀၉.၀၈ မှာ ကျွန်တော့် ဘလောဂ့်လေး စတင်ခဲ့ပါသည် ။ စိတ်တွင် ထင်ဟပ်မိသော စိတ်ကူးစိတ်သန်း လေးများကို တခြားသူများနှင့် အတူ မျှဝေ ခံစားလိုစိတ်ဖြင့် စတင်ခဲ့ပါသည် ။ ဘလောဂ့် လုပ်လုပ်ချင်း တုန်းကတော့ သူများတွေလိုပင် စာစုံ တင်ချင်ပါသည် ။ ဖွယ်ဖွယ်ရာရာလေး လုပ်ချင်ပါသည် ။ သို့နှင့် Label တွေ ခွဲသည် ။ တကယ်တမ်း ချရေးသော ကျွန်တော့် နှလုံးသား၏ မိရိုးဖလာ ဘာသာစကား ကဗျာတွေပဲ တွင်တွင် ရေးဖြစ်သည် ။ နောက်ဆုံးတော့ ကဗျာရေးတဲ့လူက ကဗျာသမားပဲ ဖြစ်လာပါသည်။ ကဗျာဆရာ လို့ပဲ တံဆိပ် ကပ်ကြပေတော့သည် ။ အခု ပြန်ကြည့် လိုက်တော့လည်း တစ်နှစ်အတွင်းမှာ ကျွန်တော် ကဗျာ အပုဒ် ခုနှစ်ဆယ် တင်ဖြစ်ခဲ့သည် ။ ဆိုတော့လည်း မတတ်နိုင်ပါ ။ ဘယ်လို အရောင်ပြောင်း ဆိုးဆိုး ကဗျာဆရာ ဆိုသည့် မူလ အရောင်က အထင်းသားပင် ။ ဒီတော့ ကဗျာဆရာလေးပဲ ဆက်လုပ်နေပါဦးမည် ။ တခါတလေ စိတ်ကူး တည့်သလိုတော့ စကားပြေလေးတွေ ရေးပါဦးမည် ။

နောက်တစ်ခု ကတော့ ဘလောဂ့်လေး စလုပ်ကတည်းက မကြားရ မမြင်ရသော သံယောဇဉ်တွေ တိုးလာပါသည် ။ တိုးတိတ် နေတတ်သော ကျွန်တော်တွင် စာရေးဖော် မောင်နှမတွေ အသိတွေ နိုင်ငံပေါင်းစုံက ရှိလာပါသည် ။ ပျော်စရာ ကောင်းပါသည် ။ ရေးထားသော စာကို ဖတ်ပြီး ပုံပန်းသဏ္ဍာန် ကို စိတ်ဖြင့် မှန်းကြည့်ရတာလည်း ပျော်စရာ ။ဖြတ်သန်းမှု အစုံစုံ ဘဝ အစုံစုံ အရွယ်စုံ ခံစားမှုအစုံ ကို ဘလောဂ့် လုပ်မှ တစ်ယောက်အိမ် တစ်ယောက် လည်ရင်း ခံစား မိတော့သည် ။ အကျိုးများ ပါသည်။ Gtalk ကတော့ လာ Invite လုပ်ရင် Accept လုပ်ထားပေမယ့် သိပ် မဝင်ဖြစ်တော့ တခါတလေမှ ပဲ Chat ဖြစ်ပါသည် ။ Facebook လည်း ထို့အတူ..။

ကျွန်တော် ဘလောဂ့် မလုပ်ခင် သုံးလေးနှစ်လောက် အကြောင်းကြောင်းကြောင့် မြန်မာကဗျာတွေနှင့် အဆက်ပြတ် နေပါသည် ။ အခုမှ ပြန်ဖတ် ဖြစ်သည် ။ကဗျာ Ebook တွေ စုနေ ဖတ်ဖြစ်နေပါသည် ။ စိတ်သည် အတိတ်တုန်းက လမ်းတွေကို ရင်ခုန်သံ အသစ်ဖြင့် ပြန်လျှောက်နေမိခြင်း လည်း ဖြစ်ပါသည် ။ အမြင် ခံစားပုံ မတူတော့ ။ နှလုံးသားသည် မဖြူတော့ ။ဖြတ်သန်းပြီးသော ဘဝအတွေ့အကြုံက စကားပြောပါသည် ။ ကျွန်တော် အဆက်ပြတ်နေသည့် စာပေတွေ ကဗျာတွေနှင့် ဘလောဂ့် လုပ်သည့် တစ်နှစ်အတွင်းမှာ လုံးလားထွေးလား ပြန်ဖြစ် လာပါသည်။ထို့အတွက် ကျွန်တော့် နှလုံးသားသည် ကဗျာတေးဖြင့် ပြန်လည် ပူနွေးလာခဲ့ပါသည် ။

နောက်တစ်ခု ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကို အားနာပါးနာ ပြောစရာလေး ရှိပါသေးသည် ။ ကျွန်တော် ရေးထားသမျှ အချစ်ကဗျာတွေ များနေပါသည် ။ ပိုပြီး တွေးစရာပါသည့် ကဗျာမျိုးလည်း အတတ်နိုင်ဆုံး ဖန်တီးချင်ပါသည် ။ ရေးမိသမျှ ကဗျာ နုနုလေးတွေ အတွက် အားနာပါသည် ။ နည်းနည်း ကြမ်းတဲ့ ပိုပြီး လောကအမြင်ပါတဲ့ ကဗျာလေးတွေ ရေးဖြစ်ဖို့လည်း လုပ်နေပါသည် ။ စိတ်ထဲ ရှိသမျှ ဖွင့်ပြထားသော ပြတင်းပေါက်ကလေးဆီ ပြီးခဲ့တဲ့ တနှစ်လုံး လာလည်ခဲ့ကြတဲ့ နိုင်ငံပေါင်းစုံက ညီအစ်ကို မောင်နှမ သူငယ်ချင်းများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည် ။ ကဗျာသည် လူကြိုက်နည်းသည့် အစားအစာ ဖြစ်ပါသည် ။ ထိုအစားအစာ လေးတွေကို အချိန်ပေးပြီး လာရောက် မြည်းစမ်းကြသည့် အတွက် အထူး ပျော်ပါသည် ။

နောက်ဆုံးအနေဖြင့် ပြီးခဲ့တဲ့နှစ်က ပထမဆုံး တင်ဖြစ်ခဲ့သည့် ကဗျာသုံးပုဒ်ထဲမှ တစ်ပုဒ်ကို အမှတ်တရ ပြန်တင်ချင်ပါသည် ။ ကျွန်တော့် ဖြတ်သန်းမှုကို ကျွန်တော် ပြန်မြင်ရသော ကဗျာလေးမို့ ဖြစ်ပါသည် ။

အနှစ်သုံးဆယ်
ဘ၀ကို ပိုးတွေသေသွားအောင်
နေပြင်းပြင်းမှာ ထုတ်လှန်းလို့ ရရင် ဘယ်လောက်ကောင်းမလဲ
အနှစ်သုံးဆယ်လုံးလုံး ရေမချိုးဖြစ်တဲ့ စိတ်ကိုလေ..

ရေတွက်ကြည့်လိုက်ရင် စွဲမိစွဲရာတွေ အတော်များတယ်
သေသေချာချာ စေ့စေ့ပေါက်ပေါက် ချတွေးတော့
ကွမ်းသမားတစ်ယောက်လိုပဲ
အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်။

နေညိုချိန် လမ်းခွဲတွေမှာ
တစ်ဘ၀လုံးစာ သိပ်အရေးပါတာတွေ ဆုံးရှုံးသွားခဲ့သလို
အသုံးမကျစွာလည်း ရူးနှမ်းခဲ့ဖူးတယ်။
တကယ် ရှက်ဖို့ ကောင်းခဲ့တာပ
ဘ၀ကို ပိုးစားအောင်နေပြီးမှ အချိုကို စွန့်လွတ်ခဲ့တာ
ဘ၀ကို ဆလွန်းကားတစ်စီးလို့လည်း ထင်ခဲ့
ဘ၀ကို ဈေးကြီးပြီး လျှာနဲ့အဆင်မပြေတဲ့ ကော်ဖီတစ်ခွက်လို့လည်းထင်ခဲ့
ဘ၀ကို အနုပညာ ဆန်စေချင်လွန်းလို့ ခေတ်သစ်ပန်းချီကားတွေဘေးလည်း ခဏရပ်ငေးခဲ့
ဘ၀ကို ရုပ်ရှင်ရုံထဲက ပြောင်းဖူးပေါက်ပေါက်တွေနဲ့ လဲခဲ့
ဘ၀ကို ပိတောက်တွေ ပေးပန်ခဲ့
ဘ၀ကို ဟိုင်းဝေးလမ်းတွေပေါ် ပစ်ချခဲ့
ဘ၀ကို ရှင်ပြန်ထမြောက်အောင်ဆိုပြီး ကျေးလက်လေးတစ်ခုမှာလည်း ပစ်ချထားခဲ့ဖူးတယ်။

တစ်ပိုင်းစီ တစ်စစီ ပြန်ပေါင်းကြည့်တော့ အနှစ်သုံးဆယ်က စာရင်းထဲမှာ အတိအကျ ။
အပဲ့ အပွန်း လုံးဝမရှိ
အလို အပို လုံးဝ မရှိခဲ့
တကယ့်ကို ထိတ်လန့်စရာပါ ။

အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါ လာခြင်းကောင်းခဲ့ချင်ပါသေးတယ်။
၁၃.၀၉.၀၈

အားလုံးကို ကျေးဇူးတင်ပါသည် ။ အခုတလော စိတ်မလန်း လူမလန်းလို့ စာ အတင်ကျဲနေပေမယ့် ဆက်လက်ပြီး ဘလောဂ့်ဂင်း နေပါဦးမယ် ဆိုတဲ့အကြောင်း…။

အားလုံးကို ချစ်ခင်လေးစားစွာ
လင်းဒီပ
၁၄.၀၉.၀၉

Thursday, September 10, 2009

နေ

တစ်ဘဝလုံးလောင်ပြီး
စိတ်ကူးယဉ်စရာ မကောင်းလောက်အောင်
ပူပူလောင်လောင်ကောင်ကြီး ငါ..။

စကြဝဠာမြို့ကြီးထဲ
မီးဝင်းဝင်းတောက် မျက်လုံးကြီးနဲ့
နင့်ကို ခေါ်တောကြည့် ကြည့်နေတဲ့
လူကြမ်းမင်းသားကြီး ငါ….။

“လ”ဆိုတဲ့ သနားကမားကောင်လေး
ငါ မနာလိုပါ…။
စကြဝဠာမြို့ကြီးထဲ
လရောင်ခြုံထည်ပုဝါလေးနဲ့ နင် ရှက်သွေးဖြာ..။

ငါ
ငါ့ဒေါသနဲ့ ငါ
နင့် အနားထိ လာလို့ မရရှာ
ငါ
ငါ့ဝဋ်ကြွေးနဲ့ ငါ
နင့် အဝေးကြီးလည်း ထွက်မပြေးနိုင်ရှာ…။

စကြဝဠာမြို့ ပြီးဆုံးတဲ့နေ့အထိ
ငါ့ခန္ဓာ လောင်ကျွမ်းလင်းတောက်ရင်း ရှိနေချင်တာ
မင်း ကိုယ်ကာယလေးကို
လူပျိုတေးလေး ဟစ်ရင်း လှည့်ပတ် ငေး နေဦးမှာ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်း မူနွဲ့နေသူလေးရာ..။
လင်းဒီပ
၁၀.၉.၀၉

Tuesday, September 1, 2009

လိပ်ပြာမသန့်တဲ့ လိပ်ပြာ

ရည်ရွယ်မထားတဲ့စကားတစ်ခွန်းက
တင်ကူးကြံစည်မှု မပါဘဲ
မတော်တဆ ထွက်သွားတယ်။

ချစ်ခြင်းမှ အနားယူလိုက်ပါပြီ ဆိုတဲ့ နှလုံးသား
မကြေညာဘဲ
အရေးပေါ် ထခုန်လို့။

ချစ်ခြင်းဟာ
နီးစပ်မှုမှာ အရည်ပျော်လောက်အောင် မသိမ်ဖျင်းလှပါဘူး။
မင်းကတော့ ရိုးအ မျက်ဝန်းတစ်စုံနဲ့ ငါ့ကို ငေးလို့။

မင်းဟာ ပုံပြင်ထဲက ယုံငယ်လေးဆို
ငါက ကျားငစင်းလဲ ဖြစ်သွားပြီ။

မုသာဝါဒ ဆိုးဆေး မပါတဲ့ နှလုံးသားကိုတော့
နောင်ဘဝမှ ကြွေးကျန် အနေနဲ့ တောင်းယူပါတော့။

ဒီလို
ရာသီအခါး
တိမ်အမှားတွေနဲ့
တို့နှစ်ယောက် မတွေ့ဆုံသင့်ဘူး။

အခုတော့
နင်ရော ငါပါ
အညိုရောင် အိုင်ငယ်လေးထဲ
ခြေထောက်တွေ အခါခါ ဆေး
ညစ်ထေးသွားတဲ့ စိတ်တွေ
အသစ်ပြန် ဖြူစင်လို့ ရနိုးနိုး..။
လင်းဒီပ
၁.၀၉.၀၉