Wednesday, March 24, 2010

နှင်းလက်ကျန် မရှိတော့တဲ့ ဆောင်း

ပုလင်းတူဗူးဆို့ရက်စွဲတွေထဲ
မနက်ဖြန်ကို သောကသင်္ကေတ ထည့်မဆွဲဘူး။

အဖေ့အံဆွဲက ပိုက်ဆံလုပ်တဲ့စက်
အမေ့မေတ္တာ ပူပူနွေးနွေးက ချိုင့်ထဲ သုံးဆင့်အပြည့် ။

“လူငယ်ဟာ လူငယ် ဇွဲကောင်းကောင်း ဖွေရှာပါစေကွယ်”
ကဖေးဆိုင်က
သုခမိန်လှိုင်သီချင်း နဲ့ ကိုယ်ထူကိုယ်ထ လင်းတယ်….။

လွယ်အိပ်လွယ် အတန်းတက်
ကဗျာစာအုပ်ရောင်း ဖဲရိုက်
ကျဆိမ့်သောက် ဆေးလိပ်ဖွာ
မြို့ပြင်တက္ကသိုလ်ကွင်းပြင်ကျယ်ထဲ
စိတ်ကူးကလေးနဲ့ ကံ့ကော်ဆန်။

အမှားပြင်ဆင်ချက်တွေ ဖြည့်ဖို့
စာမျက်နှာလွတ်တွေ အများကြီး ကျန်နေတုန်းကပေါ့
ခွင့်လွှတ်စကားတွေက
နောင်တတရားကို ရေများရေနိုင် ကာလတွေ ။

(ဘာရယ် မဟုတ်ပါဘူး)
ရုပ်ထက် ပိုအိုမင်းလွယ်တဲ့
နာမ်တရား အညောင်းအညာပြေသွားဖို့ပါ
တိတ်တိတ်ဆိတ်ဆိတ်လေး
တကိုယ်ရည် သူငယ်ပြန်ကြည့်တာ
သိပ်ပျော်စရာ ကောင်းတယ် ။
လင်းဒီပ
၂၄.၀၃.၁၀

14 comments:

  1. မနက်ဖြန် အကြောင်း
    သောက သင်္ကေတ ထဲမဆွဲ ခဲ့သော
    နေ့ရက်များ မှုန်ဝါးလွင့်ကွယ်
    အဝေးဆီမယ် ... :)

    ReplyDelete
  2. သူငယ်ပြန်မယ်ဆိုလဲ တကိုယ်ရည်တော့မလုပ်နဲ့လေဗျာ။
    အဖော်ပေါင်းနဲ့မှ ပိုပျော်စရာကောင်းမှာပေါ့။

    ခံစားမှုတွေပါလေ :)

    ReplyDelete
  3. ကိုလင်းဒီပပြောမှပဲ ပြန်တောင်လွမ်းချင်လာပြီ.....

    ReplyDelete
  4. စိတ်ကူးလေးနဲ့ပဲ ကန့်ကော်ဆန်ရတာကောင်းတာဗျနော်..
    တကယ့်လက်တွေ့ကျ.. ခက်တယ်.. ခက်တယ်

    ReplyDelete
  5. သတိရတယ်ကွယ်။ သတိရတယ်။ အမေထည့်ပေးတဲ့ ထမင်းချိုင့်နဲ့ ကျောင်းတက်ရတဲ့ဘ၀တုန်းက ဒါတွေကို တန်ဖိုးထားရမှန်းမသိဘူး။ ကိုယ့်ထမင်းကိုယ်ချက်စား ပြီး ကျောင်းတက်ရမှ ဒါတွေကိုလွမ်းတတ်လာတာ။

    ReplyDelete
  6. မနက်ဖြန်ကို ထည့်မစဉ်းစားရတဲ့ ငယ်ကာလတွေက သတိရစရာ အကောင်းဆုံးပေါ့...

    ReplyDelete
  7. တိတ်တိတ်ဆိတ်ဆိတ်လေး
    တကိုယ်ရည် သူငယ်ပြန်ကြည့်တာ
    သိပ်ပျော်စရာ ကောင်းတယ် ။


    အဲဒီ အဖွဲ့လေး ထဲ

    ကျွန်တော်ပါ ငယ်ဘ၀ကို

    ပြန်ရောက်သွားသလိုလို ... :)

    ReplyDelete
  8. အစ်ကို ...ရေ ...
    သုတ်သုတ်ပဲ ဖတ်သွားရတယ် ... ။
    နောက်မှ အေးဆေး လာဖတ်တော့မယ် ... ။

    ReplyDelete
  9. အိန္ဒြာMarch 24, 2010 at 8:57 PM

    လင်းဒီပရေ..

    ပြောနေကျ ရေးနေကျ ဟန်ကနေ ခွဲထွက်သွားတယ်..

    မြို့ပြင်က တက္ကသိုလ်ကျောင်းတော်ကြီးမှာ...
    နွေဦးကံ့ကော်တွေက သီချင်းတွေ ကဗျာတွေထဲမှာ
    ပွင့်လို့ပေါ့

    ReplyDelete
  10. တိတ်တိတ်ကလေး ကံ့ကော်ဆန်ပြီး တကိုယ်ရည် သူငယ်ပြန်သွားတယ် ညီရေ။ တင်စားမှုတွေ မိုက်လိုက်တာ။

    ReplyDelete
  11. ဟေ့လူ ... ဖွေရှာပါစေကွယ် မဟုတ်ဘူးလား ...
    ....
    အမှန်တရားကို .. ရှာတဲ့သူ ရဲရဲပဲ ရှာပါစေ ...
    အမှန်တရားကို ကိုယ်တွေ့ရှာ မှားသွားလည်း ....
    ....

    ကဗျာဆရာက သိပ်ပျော်ပုံမရဘူး ...။

    အင်း ဇရာ ဇရာ ... Mid Life Crisiz !!!!

    သံဝေဂလာယူသွားပါတယ်။

    ReplyDelete
  12. ဒုတိယအကြိမ်လာဖတ်ပါတယ် အစ်ကို ... ။
    ငယ်ဘ၀ကို လွမ်းတဲ့ကဗျာလေး ...။
    နွေဦးပေါက်လာတော့ ... လွမ်းစရာတွေက အများသား အစ်ကို ... ။
    မြင်လေရာတိုင်း စိတ်ထဲက အလိုလိုဆွေးနေမိတာ ... ။
    ဘာရယ်တော့ မယ်မယ်ရရ မဟုတ်ဘူး ... ။

    [ပုလင်းတူဗူးဆို့ရက်စွဲတွေထဲ
    မနက်ဖြန်ကို သောကသင်္ကေတ ထည့်မဆွဲဘူး။]

    လူငယ်တို့ ရဲ့  လွတ်လပ်မှုလေး တစ်မျိုးပေါ့ ... ။
    လေးစားအားပေးလျက်
    ချစ်ခြင်းအားဖြင့်-ညီငယ်နေ့ သစ်

    ReplyDelete
  13. အကိုဒီပရေ ကဗျာတွေ ဖတ်သွားတယ်ဗျာ

    ReplyDelete
  14. ဒီတစ်ပုဒ် တော်တော်ကြိုက်မိတယ်
    အထူးသဖြင့် လွယ်အိပ်လွယ် အတန်းတက် အပိုဒ်နဲ့ အမှားပြင်ဆင်ချက်အပိုဒ် တွေ ခံစားရတယ်။ :)

    ReplyDelete