Tuesday, September 21, 2010

ချစ်သူ့ဖတ်စာ(၈)

နောက်မှ တန်းပေါ်ရောက်လာတဲ့

အဝတ်ကလေးတောင် ခြောက်ပြီ ။

မစာနာတတ်တဲ့ နေရောင်အောက်မှာ

ငါတို့နှစ်ယောက်မျက်ရည် မတိတ်နိုင်သေးဘူး ။


ဝေးစို့လို့ မပြောဘူး

ထွက်စို့လို့ မပြောဘူး

အချစ်ဆိုတာကတော့ လင်းလိုက် မှောင်လိုက်။


မြို့တစ်မြို့နဲ့ တစ်မြို့ရဲ့ အကွာအဝေး

နှလုံးသားတစ်ခုနဲ့ တစ်ခုရဲ့ အကွာအဝေး

တိုင်းထွာနေရင်းနဲ့ ဝေးတယ် ။


အချစ်ဆိုတာ နှစ်ယောက်တည်း တိုက်နေရတဲ့ စစ်ပွဲ

ဒဏ်ရာတွေကို ပွတ်သပ်ကြေကွဲလိုက်

အပြန်အလှန် ပစ်ခတ်လိုက်နဲ့။


အချစ်ဆိုတာ လမ်းကျဉ်းလေး

နှစ်ကိုယ်စာ လျှောက်သာရုံ

တစ်ယောက်နဲ့ တစ်ယောက်

စိတ်ချင်း ခဏခဏ တိုက်မိ ငြိမိ

ခံစားချက်အရောင်ကွဲခြင်း တိုက်မိ ငြိမိ ငြိုငြင်မိ ။


အချစ်ရေ

ရန်ဖြစ်စရာတွေ ရှိနေသေးတာကိုက

အချစ်ကို နှစ်ယောက်လုံး စိတ်လိုက်မာန်ပါ ရှိနေလို့

ဂုဏ်ယူဝင့်ကြွား လွမ်းလိုက်ကြတာပေါ့ ။


ဖျက်ရာ ပြင်ရာများတဲ့ ကတိစကားလေးကိုပဲ

တံတားလို ဆက်ထိုးထားပါရစေ ။


အချစ်ရေ ဝေးမယ်

သစ္စာတရားကို မြဲမြဲကိုင်ထား

မင်းဆီကို တည့်တည့်လျှောက်လာရင်း

ပြန်မရောက်နိုင်သေးတဲ့နေ့တွေမှာ ။

လင်းဒီပ

၂၁.၀၉.၁၀

(ဒီလထဲမှာ ကျွန်တော့်ဘလောဂ်လေး နှစ်နှစ်ပြည့်သွားပါပြီ ။ နှစ်နှစ်သားဆိုတော့ လမ်းကောင်းကောင်း လျှောက်နိုင်နေပြီပေါ့ :))

14 comments:

  1. သူ သိတ်စိတ်ကူးယဉ်တယ်။

    ReplyDelete
  2. သက်တော်ရာကျော်ရှည်ပါစေ။

    ReplyDelete
  3. ဖြစ်ရပြန်ဘီ။
    ကဗျာတွေမှာလဲ အရိုးမရှိဘူးကိုး။
    ဟီး.. စ' သွားသှ်။ :P :D :)

    ReplyDelete
  4. ၂ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကဗျာတွေ ဆက်ရေးနိုင်ပါစေ

    ReplyDelete
  5. ၂နှစ်သားလေး နောက်ထပ်နှစ်များစွာ ဆက်လက် ရှင်သန်နိုင်ပါစေ....

    ReplyDelete
  6. ဦးလေး ရွှေရတု စိန် ရတုတွေ တိုင်အောင် ကဗျာတွေကို လာပြီး ခံစားပေးနေမယ်နော်။ အဲလိုလေးတွေ ရေးတာမြင်တိုင်း ရင်ကိုထိ တယ် ဂျာ

    ReplyDelete
  7. အချစ်ဆိုတာ နှစ်ယောက်တည်း တိုက်နေရတဲ့ စစ်ပွဲ

    ဒဏ်ရာတွေကို ပွတ်သပ်ကြေကွဲလိုက်

    အပြန်အလှန် ပစ်ခတ်လိုက်နဲ့။



    ဖျက်ရာ ပြင်ရာများတဲ့ ကတိစကားလေးကိုပဲ

    တံတားလို ဆက်ထိုးထားပါရစေ ။


    သိပ်ကောင်းတဲ့ ကဗျာလေး အကို

    နှစ်နှစ်ပြည့် ဘလော့လေးအတွက် ကွန်ဂရက်ကျုလေးရှင်း ပါ အကို

    ReplyDelete
  8. မောင်မျိုးSeptember 22, 2010 at 10:40 AM

    အချစ်ဆိုတာ သူကတင်းလိုက် ကိုယ်ကလျှော့လိုက်
    ကိုယ်ကတင်းလိုက် သူက လျှော့လိုက်နဲ့ “လျှော့တင်းကြီး” ပါး) ၂ နှစ်ပြည့်ပြီလား ယိုင်နဲ့နဲ့ဆက်လက်လျှောက်လှမ်းနိုင်ပါစေ အနောက်ကနေတွန်းပေးမယ့်သူရှိပါတယ် ။

    ReplyDelete
  9. အချစ်ဆိုတာ နှစ်ယောက်ထဲတိုက်နေရတဲ့စစ်ပွဲ...
    ဟားဟား ဒီတကြောင်းတော့ အသေအလဲ ခိုက်သွားပီ ကဗျာဆရာ...။

    ReplyDelete
  10. နှစ်နှစ်ပြည့်ဘလော့လေး နောင်နှစ်ပေါင်းများစွာအထိ
    ကျန်းမာချမ်းသာစွာနဲ့ ဆက်လက်လျှောက်လှမ်း
    နိုင်ပါစေလို့ ဆုမွန်ကောင်တောင်းပါတယ်။

    ခင်မင်စွာ
    သဒ္ဓါ

    ReplyDelete
  11. "ရန်ဖြစ်စရာတွေ ရှိနေသေးတာကိုက
    အချစ်ကို နှစ်ယောက်လုံး စိတ်လိုက်မာန်ပါ ရှိနေလို့"

    ဟုတ်တာပေါ့.. စိတ်ကုန်သွားပြီဆိုရင် ဘာမှကို မရှိတော့ဘူးပေါ့..။

    ဖျက်ရာ ပြင်ရာများတဲ့ ကတိစကားလေးကိုပဲ
    တံတားလို ဆက်ထိုးထားပါရစေ။

    စာသားလေး ကြိုက်တယ်.. :)

    ReplyDelete
  12. မိုက်စ် စ် ...

    ရာသက်ပန်ဆက်လို့ မိုက်နိုင်ပါစေ :P

    ReplyDelete
  13. happy anniversary ...
    သက်ကြီးဝါကြီးများကို ဦးညွှတ်ပါတယ်
    ရက်ပိုင်း အသက်ကြီးလို့ .. :P
    manorhary

    ReplyDelete
  14. ရန်ဖြစ်စရာတွေ ရှိနေသေးတာကိုက
    အချစ်တွေ ကျန်သေးလို့ပေါ့ ကွယ်.
    ဝေးပေမဲ့ ..သစ္စာ တရား ကို တန်ဖိုးထားကြရင်
    အချစ်အပင်ကလေး ညှိုးမှာ မဟုတ်ဖူးလေနော်.

    ၂ နှစ်သား လမ်းလျှောက်တတ်ပြီ ဆိုပေမဲ့
    ကဗျာ အနု အရွကလေးတွေ နဲ့
    ဆံဖြူ သွားကျိုး .. ခါး ရိုးတွေကုန်းတဲ့ထိ ရှင်သန် လှပ ပါစေ မောင်လေး ရေ..

    ReplyDelete