Friday, March 26, 2010

မြေလတ်မြို့

မြေသားနီနီလမ်းဘေး နေကြာပွင့်ဝါဝါကြီးတွေက
နေရောင်အောက်မှာ
မျက်နှာပြဲပြဲ အပြုံးဝါဝါကြီးတွေ ပြုံးလို့ ။

ထော်လာဂျီက စိုင်းစိုင်းသီချင်းနဲ့မောင်းတဲ့အခါ
ရွာသူကလေးဟာ ဆံပင်ကို အနီရောင်တွေ ဆိုးခဲ့တယ် ။
ဖုန်ထောင်းထောင်းထ လှည်းလမ်းပေါ်
ဆိုင်ကယ်တွေ စီးဖြစ်ကြတဲ့အခါ တွံတေးသိန်းတန်ကို အမှတ်ရတယ် ။
နှစ်လမ်းမောင်း အဝေးပြေး ကတ္တရာလမ်းက
ကုက္ကိုတန်းတွေကို ထီးအမှတ်နဲ့ ဆောင်းတယ် ။
အရှေ့ဘက်လှမ်းလှမ်းမှာ ပိတ်ရပ်နေတဲ့ ရိုးမတောင်တန်းကြီးက
နွေအခါ ပရိဒေဝတောမီးတွေနဲ့…။

တောထမင်းဆိုင်လေးက
တောချက်ဟင်းကလေးတွေနဲ့ မြို့သားကို ထမင်းမြိန်အောင်ကျွေးတယ် ။
ဟိတ်ကြီးဟန်ကြီး မလုပ်တတ်တဲ့ တောဘူတာရုံလေးက
ညည သူ့ဆီ သွားလည်ရင်
သူ့မှာရှိတဲ့ ရိုးရာမုန့်ကလေးတွေနဲ့ လက်ဖက်ရည်ချိုချို တိုက်တယ် ။
အင်တာနက်မရှိတဲ့မြို့ကလေးမှာ
တောင်ဘက်ခြမ်းက ဘာဘာညာညာသတင်းက
မြောက်ဖက်ခြမ်းကို စက္ကန့်သုံးဆယ်နဲ့ အမြန်ချောပို့…။

ညအခါ လသာသာ
ဘောလုံးပွဲ လောင်းမယ် ကာရာအိုကေဆိုမယ် စည်ဘီယာဆိုင်ရှိမယ်
အဝေးပြေးကားတွေက ပစ်ချသွားတဲ့ ယဉ်ကျေးမှုအသစ်တွေနဲ့
ပျော်ပျော်နေတတ် ဖော်ရွေတတ်တယ် ။

ဖြတ်ဖြတ်လတ်လတ်ကလေး ခေတ်ကို အမီလိုက်နေတဲ့ မြို့ကလေးကို
နှစ်နှစ်ကလေး ပေါင်းသင်းမိရုံနဲ့
ထင်ထားတာထက် ပိုချစ်သွားမိတဲ့ မြို့သားခမျာ
မြို့ကလေးမသိအောင် ညရထားနဲ့ လွမ်းလွမ်းကြီး ထွက်ခွာ
နောက်တစ်နေ့မနက်မှာ ငါ့ကို လိုက်မရှာပါနဲ့ မြို့ကလေးရယ် ။
လင်းဒီပ
၂၅.၀၃.၁၀
site bar ကို ကြည့်လိုက်တော့ ကျွန်တော်ရေးပြီး ဘလောဂ့်မှာ တင်ဖြစ်တဲ့ကဗျာတွေထဲ ဒီကဗျာက အပုဒ်(၁၀၀)မြောက် ဖြစ်သွားတယ် ။ဘာရယ်မဟုတ်ဘူး ပျော်သွားပါတယ် ။ :)

Wednesday, March 24, 2010

နှင်းလက်ကျန် မရှိတော့တဲ့ ဆောင်း

ပုလင်းတူဗူးဆို့ရက်စွဲတွေထဲ
မနက်ဖြန်ကို သောကသင်္ကေတ ထည့်မဆွဲဘူး။

အဖေ့အံဆွဲက ပိုက်ဆံလုပ်တဲ့စက်
အမေ့မေတ္တာ ပူပူနွေးနွေးက ချိုင့်ထဲ သုံးဆင့်အပြည့် ။

“လူငယ်ဟာ လူငယ် ဇွဲကောင်းကောင်း ဖွေရှာပါစေကွယ်”
ကဖေးဆိုင်က
သုခမိန်လှိုင်သီချင်း နဲ့ ကိုယ်ထူကိုယ်ထ လင်းတယ်….။

လွယ်အိပ်လွယ် အတန်းတက်
ကဗျာစာအုပ်ရောင်း ဖဲရိုက်
ကျဆိမ့်သောက် ဆေးလိပ်ဖွာ
မြို့ပြင်တက္ကသိုလ်ကွင်းပြင်ကျယ်ထဲ
စိတ်ကူးကလေးနဲ့ ကံ့ကော်ဆန်။

အမှားပြင်ဆင်ချက်တွေ ဖြည့်ဖို့
စာမျက်နှာလွတ်တွေ အများကြီး ကျန်နေတုန်းကပေါ့
ခွင့်လွှတ်စကားတွေက
နောင်တတရားကို ရေများရေနိုင် ကာလတွေ ။

(ဘာရယ် မဟုတ်ပါဘူး)
ရုပ်ထက် ပိုအိုမင်းလွယ်တဲ့
နာမ်တရား အညောင်းအညာပြေသွားဖို့ပါ
တိတ်တိတ်ဆိတ်ဆိတ်လေး
တကိုယ်ရည် သူငယ်ပြန်ကြည့်တာ
သိပ်ပျော်စရာ ကောင်းတယ် ။
လင်းဒီပ
၂၄.၀၃.၁၀

Thursday, March 18, 2010

မေမေ့ပင်လယ်ကူးသင်္ဘောလေး

မေမေ့အပြုံးထဲ
ကျွန်တော်ဟာ စက္ကူလှေလေးရဲ့ မာလိန်မှူး
အသက်သုံးဆယ်အထိ ဘာမှ မထူးခဲ့ဘူး ။

မေမေ့မေတ္တာနဲ့ ဆင်တဲ့ သစ်သားကွပ်ပျစ်ကလေးမှာ
မေမေ့ပေါင်ကို ခေါင်းအုံးလုပ်
သားအိပ်မက်ကလေးတွေ ပြန်အုပ်ချုပ်ပါဦးမေမေ ။

ကော်ဖီလည်း လျော့သောက်ပါတယ်
အိပ်ရေးဝအောင်လည်း အိပ်တယ်
ကွန်ပျူတာလည်း တအားမသုံးဘူး
ဘုရားလည်း မှန်မှန်ရှိခိုးတယ်
ကျွန်တော် ဆက်ညာနေတုန်းပဲ…

ရေခဲတောင်တွေလို မအေးခဲတတ်ဘဲနဲ့
ကျွန်တော်ပင်လယ်ခရီး ထွက်ခဲ့တယ် ။
နှင်းတွေကို မဖြားယောင်းတတ်ဘဲနဲ့
ကျွန်တော် ဆောင်းရာသီထဲ ခုန်ချခဲ့မိပါပေါ့ ။

မောဟတန်းလန်းနေ့စွဲတွေထဲ
တစ်နေ့တစ်လံ
တစ်နေ့တစ်လံနဲ့ပဲ
မေမေရှိတဲ့အရပ်နဲ့ ဝေးသထက် ဝေးနေတုန်း ။

မေမေတွေ့လား
ခိုက်ခိုက်တုန်သတိရစိတ်နဲ့
ညက
ကျွန်တော်
အိမ်ပေါ် ပြန်ပြေးတက်လာခဲ့တယ် ။

လင်းဒီပ
၁၈.၀၃.၁၀
(တပေါင်းလပြည့်နေ့ မေမေ့(၅၉)နှစ်ပြည့်အမှတ်တရ…နောက်ကျမှ တင်ဖြစ်ပါတယ်။ မနှစ်ကလည်း အိမ်ပြေးလေး ပိုစ့်ကို မေမေ့အတွက် အမှတ်တရ ရေးဖြစ်ပါတယ် ။)

Tuesday, March 16, 2010

ပုထုဇဉ်တေး

ငါက
တောင်တန်းတွေ အကွယ်မှာ
မီးတောင်တွေ အနောက်မှာ
ရေလှိုင်းတွေ အောက်မှာ
သစ်တောထူထူထဲထဲတွေ ထဲမှာ
ပုန်းအောင်းနေဖြစ်တဲ့အခါ…။

မင်းက
တောင်တန်းတွေဆီ
မီးတောင်တွေဆီ
ရေလှိုင်းတွေဆီ
သစ်တောထူထူထဲထဲတွေဆီ
အဖြူရောင်ဝတ်ဆင်မှုနဲ့ အရောက်လာခဲ့ပါ ။

တစ်ယောက် ပုန်းနေတုန်း
နောက်တစ်ယောက် ထပ်ပုန်းတဲ့အခါ
ဘယ်လိုမှ ရှာလို့မတွေ့တော့ပါ ။

တစ်ယောက် ပုန်းရှောင်နေတဲ့အခါ
နောက်တစ်ယောက် လိုက်ရှာရခြင်းက
လူဘဝရဲ့ အရိုးသားဆုံးကဗျာ ။
လင်းဒီပ
၀၄.၀၃.၁၀

Sunday, March 14, 2010

ဆုံလည်နွား

သူ့ဆီ တခါပြန်ရောက်ဖို့
မျှော်လင့်ငတ်မွတ်ရင်း
ငါးရက်တိတိ ကြိုးစားကူးခတ်ခဲ့ရ..။

ရောက်တော့လည်း
လေးဆယ့်ရှစ်နာရီလှောင်အိမ်ထဲက
စက္ကန့်တံလေးတွေက
ကြွက်ကလေးတွေလို
ဖြတ်ကနဲ
ဖြတ်ကနဲ
စနေထဲက ထွက်ပြေး
တနင်္ဂနွေထဲက ထွက်ပြေး…။

တခါ ပြန်“နစ်”ရပြန်ပြီ
တနင်္လာ ပင်လယ်နက်နက် လှိုင်းကြမ်းထဲ

သူငယ်ချင်းရာ..
ဘယ်မှာများလဲ
နေပျော်တဲ့ဘဝ ဆိုတာ ။
လင်းဒီပ
၁၄.၀၃.၁၀

Monday, March 8, 2010

လင်းခွင့်မရတဲ့ လရောင်(၂)

နင့်ကို ငါ ချစ်မိတဲ့အကြောင်း ငါ့ကို ငါ မရိပ်မိဖို့ပါ
ငါ့ကို နင်ချစ်မိသွားတဲ့အကြောင်း နင့်ကို နင် မရိပ်မိဖို့ပါ ။

သစ်ရွက်ကလေးတွေကြားမှာ
နင့်ကိုယ်ရနံ့ကလေး သဲလွန်စ မကျန်ရအောင်
ကိုယ်ရောင်ဝှက်ရင်း နင်ထွက်ခွာ….။

ပန်းကလေးတွေကို စကားတတ်အောင် သင်ပေးပြီး
လေညင်းလေးတွေကို ရယ်မောတတ်အောင်သင်ပေးပြီး
ငါ့အနား အဖော်အဖြစ် ထားရစ်…။

စည်းကလေး မတားခဲ့ဘူး…
ခန်းစည်းစလေး မကာခဲ့ဘူး...
ငါက နှင်စရာ မလိုတော့ ပြန်ပါလို့ နင်မပြောခဲ့ဘူး ။

တစ်ယောက် တစ်လိပ်စီ ထုတ်သောက်ဖြစ်ခဲ့လည်း
နင်လည်း ရှိုက်မသွင်းခဲ့
ငါလည်း ရှိုက်မသွင်းခဲ့
တို့ပုံပြင်ကလေး ကင်ဆာ မဖြစ်ဖို့ရယ်…။

ဒီအဖြစ်လေးက
တို့ဘဝနှစ်ဆယ်ရာစု
အကျော်ကြားဆုံးတေးတစ်ပုဒ်
သတိရတိုင်း ထုတ်နားထောင်ကြတာပေါ့..။

ပျင်းပျင်းရှိတဲ့အခါ ဖုန်းခေါ်လိုက်ပါ
စကြဝဠာအကြောင်းမသိတဲ့ မြို့ကလေးမှာ
နင်နဲ့ငါ
ဟိုး….ဥယျာဉ်အဟောင်းထဲ
ရိုးရိုးလေး ဖူးပွင့်ခဲ့ဖူးတဲ့အကြောင်းတွေးရင်း
ဖုန်းမျှော်နေမှာပေါ့ သူငယ်ချင်း ။
လင်းဒီပ
၀၈.၀၃.၁၀

Friday, March 5, 2010

ကွယ်လွန်သူ

လုပ်လက်စတွေ အကုန်ပစ်
လောကကို ချန်ရစ်သွားသူ ။

အဆင့်သင့် မဖြစ်သေးဘူးလို့ ထင်တာပဲ
မပြီးဆုံးသေးဘူးလို့ထင်တာပဲ။

ဘဝတဏှာလေးက
ကမ်းက မခွာချင်ဖြစ်နေပေမယ့်
နေထိုင်ခွင့်က ကုန်သွားပြီ ။

အကူးအသန်းလေး တချက်တည်းပါ
ပြီးတော့လည်း
ကြည်ကြည်မွေ့မွေ့…။

မေမေ
သားတော့ သွားနှင့်ပြီ ။
လင်းဒီပ
၀၄.၀၃.၁၀