Tuesday, March 10, 2009

အိမ်ပြေးလေး

(၁)

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။

(တာရာမင်းဝေ)

(၂)

ကျွန်တော်သည် အဝေးကြီးကို ထွက်ပြေးသွားသည်။ အဝေးမှာ လယ်ကွင်းတွေရှိသည်။ တောင်တန်းတွေရှိသည်။ နောက် စပါးခင်းတွေ လှည်းတွေ ..ငယ်ငယ်က အကျွမ်းတဝင်နေခွင့်မရတဲ့ ရှုမျှော်ခင်းတွေ..။ ကျွန်တော် မြင်တွေ့နေကျ မြင်ကွင်းတွေနဲ့ ဝေးရာ။ ထန်းတောတွေ ကိုတွေ့သည်။ မြေနီလမ်းကလေးတွေ ကိုတွေ့သည်။ သနပ်ခါး ပါးကွက် ကျားကျားကြီးတွေနှင့် အညိုရောင်မျက်နှာတွေ၊ အသံဝါဝါတွေ.. ကွမ်းချိုးတွေနဲ့ သွားတွေကို မရှက်တမ်းပြပြီး အားရပါးရ ရယ်တတ်သူတွေ နှင့် တွေ့သည်။


အဝေးမှ မေမေက လှမ်း ဖုန်းဆက်သည်။ သား အဆင်ပြေရဲ့လား…ဟုတ်ကဲ့ သား ပျော်နေတယ်။ အင်းလေ မင်းတို့တွေက ကိုယ့်အိမ်မဟုတ်တဲ့ နေရာမှန်သမျှ ပျော်တာချည်းပါပဲ…နောက်မေမေ ဖုန်း ပြန်ချသွားသည်။ မေမေကို ဖုန်းလှမ်းဆက်တိုင်း ကျွန်တော်တွေ့တဲ့ လယ်ကွင်းတွေအကြောင်း သောက်ဖြစ်တဲ့ မလိုင်များများ နွားနို့ဖန်ခွက်တွေအကြောင်း နဲ့ ဒေသထွက် မုန့်တွေအကြောင်း ပြောဖြစ်သည်။ မြန်မာမုန့်တွေကို သား မက်မက်စက်စက် စားတတ်နေပြီမေမေ။ မေမေ ဖုန်းထဲက ရယ်သည်။ ငါ့သား ခုမှ တောသား ပြန်ဖြစ်သွားတာကိုး။ တောသူမလေးကော တွေ့နေပြီလားဟေ့။ မေမေ မေးခွန်းကို ပြန်မဖြေ။ မျက်စိထဲမှာ ညို့မျက်နှာလေး မြင်ယောင်သည်။ ပွဲတော်ရက်တွေ မှာ ဆီကြော်မုန့်တွေ ကောင်ညင်းပေါင်းတွေ ရေမုန့်တွေစားရင်း ကျွန်တော် ပျော်တတ်နေပြီမေမေ။ မြို့ကလေးရဲ့ ပြင်မှာ ဆုတောင်းပြည့်ဘုရားလေးရှိသည်။ လေကညင်းညင်း… ဆည်းလည်းသံလွင်လွင် အသား အနည်းငယ် ညိုသောညို… ရန်ကုန်ပြန်ရောက်ရင် ကိုယ် မေ့သွားမှာပါနော်။ ညို့ကို ကျွန်တော်ပြုံးကြည့်နေမိသည်။


မေမေက တခါတလေ ရယ်ရသည်။ သူဖုန်းခေါ်လို့ရရက်သားနဲ့မခေါ်။ သား မင်း စခေါ်ရမလား ငါ စခေါ်ရမလား လုပ်တတ်သည်။ တကယ်ကတော့ ဖုန်း,မလိုက်ရင် “ဟယ်လို” ဆိုတဲ့ ကျွန်တော် အသံလေးကို သူ စကြားချင်တာပါ။ အိမ်နဲ့အဝေးကို အမြဲထွက်ပြေးချင်တဲ့ အိမ်ပြေးလေး ကတော့ အိမ်မှာဘယ်တော့မှ မနေ။ နောက်တော့ ကျွန်တော် နောက်ထပ် တနေရာကို ထပ်သွားချင်လာသည်။ မေမေကို ပြောပြသည်။ ဒီတခါ ကျွန်တော်သွားမှာ ပိုဝေးတယ်မေမေ။


ဒါဆို အိမ်ကို တခေါက်ပြန်လာခဲ့ဦး။။ နောက်တော့ မေမေက ကျွန်တော့်ကို မြန်မာဆိုတာ ဘယ်တော့မှ မမေ့ဖို့ဆိုတဲ့ စကားကို တစ်ခွန်းတစ်ပါဒမှ မပြောပါဘဲ အမြဲစွဲမှတ်စေမည့် ခရီးတစ်ခုကို သူနှင့်အတူ သွားခိုင်းသည်။ မေမေက တော်လိုက်တာ။

နောက်မေမေ ဆုံးမစကား ဆိုသည်။ ပစ္စည်းဥစ္စာ အမွေပေးတာထက် ပညာအမွေပေးတာက ပိုမြတ်တယ်.။ ပညာအမွေပေးတာထက် တရားအမွေပေးတာက ပိုမြတ်တယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အသိအမြင်လေးတွေ စိတ်ကို ဘယ်လို ငြိမ်းချမ်းအောင်လုပ်ရမလဲ အမှားနည်းအောင် ဘယ်လိုနေထိုင်ရမလဲ မှားခဲ့ပြီးရင် ဘာဆက်လုပ်မလဲ မေမေ ကြုံရင်ကြုံသလို သူ့အနားရှိနေတုန်း အိမ်ပြေးလေးကို သေချာနားလည်လာအောင် ဂိုက်လိုင်းတွေ ချပေးသည်။


အဝေးကြီးကို ထွက်ခွာသွားမယ်ဆိုတဲ့နေ့က မေမေနဲ့ဖေဖေကိုကန့်တော့ပြီး မျက်နှာပြန် အမော့မှာ မေမေ ခေါင်းကိုငုံ့လိုက်သည်။ ခရီးထွက်ခါနီးသားတစ်ယောက်ရှေ့မှာ မေမေ မငိုပါ။ ဒါပေမယ့် ကျွန်တော်စိတ်ကလေး နည်းနည်း စိုစွတ်သွားသည်။ မေမေရွာလိုက်တဲ့ မေတ္တာမိုးရေပါ။ ခွင့်လွှတ်ပါမေမေ အိမ်ပြေးကလေး အဝေးကို ထပ်ပြေးပါဦးမယ်။ဒီတခါ လယ်ကွင်းတွေ..စပါးခင်းတွေ..မြေနီလမ်းတွေဆီမဟုတ်ပါ။ အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့ကောင်က လိုက်ယောင် လိုက်ပါဦးမည်။


မေမေ့ကို ဖုန်းခေါ်သည်။ မေမေ မတွေ့ဖူးတဲ့ အရာတွေ အကြောင်း ပြောပြသည်။ မေမေ မသိတဲ့ အေးစက်စက် မျက်နှာတွေ ကျွန်တော်နှင့် သိပ် သဟဇာတ မဖြစ်တဲ့ ယဉ်ကျေးမှု(ကျွန်တော်ကတော့ တခါတလေ ငကြောင်တွေပါကွာလို့ စိတ်လေလေ ရေရွတ်မိသည်။) တွေအကြောင်း ပြောမိသည်။ မေမေက တစ်ခွန်းပဲ မေးသည်။သား အဆင်ပြေရဲ့လား အဆင်မပြေရင် ပြန်လာခဲ့နော်။ ငွေထက် အရေးကြီးတာတွေ ဘဝမှာ အများကြီး ရှိသေးတယ်။


(၃)

ကျွန်တော်ကတော့ ရုပ်ခံစားချက်အမျိုးမျိုးနဲ့ ဘဝအဓိပ္ပာယ်ကိုလိုက်ရှာနေဆဲ ဖြစ်သည်။ မေမေလည်း ဘဝအဓိပ္ပာယ်ကို ရှာပါသည်။ ကျွန်တော့်လို ရုပ်ခံစားမှုတွေနဲ့တော့ မဟုတ်။မေမေမှာ ကျွန်တော်မသိသော နေထိုင်နည်းတွေ အများကြီး ရှိပါလိမ့်မည်။ ကျွန်တော် မေမေဆီပြန်လာခဲ့ရမလား..ညို့ဆီကိုကော အိမ်ပြန် နောက်ကျနေမလား..။ သိပ်မသိပါ။


ကျွန်တော်မသိတာ တစ်ခုရှိနေပါသည်။တချို့နေရာများတွင် ကျွန်တော့် တွေးပုံမှာ မေမေနှင့်တူပါသည်။ မေမေ

မက်မောသည် အရာတွေ ကျွန်တော် မက်မော နေတတ်သည်။ ထိုစိတ်ကလေးရှိနေကြောင်း တခါတလေ ကျွန်တော်ကိုယ်တိုင်ပင် မသိပါ။


(တပေါင်းလပြည့်နေ့ မေမေ(၅၈)နှစ်မြောက်မွေးနေ့အမှတ်တရ ရေးဖွဲ့ပါသည်။)


လင်းဒီပ

၁၀.၃.၀၉

24 comments:

  1. ကိုဒီပ မေမေ အသက်ရာကျော် ရှည်ပါစေ...

    ReplyDelete
  2. ကိုဒီပ မေမေ မိသားစုနဲ့ အသက်ထက်ဆုံး ပျော်ရွှင်ကျန်းမာစွာ နေနိုင်ပါစေ

    ReplyDelete
  3. ကိုဒီပရဲ့ မာတာမိခင် ချမ်းမြေ့ပျော်ရွှင်ရင်း မိသားစုနဲ့ အသက်ထက်ဆုံး ပြည့်စုံနွေးထွေးစွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  4. ကိုလင်းဒီပ ရဲ့ မွေးမိခင် ကျေးဇူးရှင်ကြီး ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀ကို ပိုင်ဆိုင်ပြီး ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

    ReplyDelete
  5. ဆရာရယ် ...
    ကျွန်တော် ရောက်လာတယ် ... ဆရာ့မေမေ ရဲ့ ၅၈ နှစ်မြောက် မွေးနေ့နဲ့ တိုးလို့
    ဆရာ့မေမေ ကျန်းမာပျော်စေကြောင်း ပထမဦးဆုံး ဆုတောင်းဆန္ဒပြုပါတယ် ...
    ကျွန်တော်လည်း ဆရာ့ရဲ့ အခုပို့စ်ကလေးကို ဖတ်မိပြီး ကျွန်တော့် မေမေနဲ့ မွေးရပ်ဌာနီကို သိပ်သတိရသွားမိတယ်၊ လွမ်းဆွတ်သွားမိတယ်၊ စာကြောင်း တစ်ကြောင်းတိုင်းမှာ စိတ်မျက်လုံးထဲ ပန်းချီဆွဲသလို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးတတ်စွမ်းလှပါပေတယ် ... အရေးအသားတွေ တအားတက်လာတယ်၊ သိပ်ကိုနုညံ့သိမ်မွေ့လာတယ် .... ဖမ်းစားနိုင်စွမ်းတဲ့ အားတွေ တိုးလာတယ်ပေါ့ဗျာ ... အဆုံးသတ်ထားတာလေး သိပ်လှတယ် ဆရာ ... အားကျမိပါတယ် ... ကျွန်တော်ကတော့ အခုမှ ပြန်အားတင်းနေရတယ် ....
    ပျော်ရွှင်ပါစေ ဆရာရေ ...

    ခင်မင်လေးစားမှုအပြည့်ဖြင့်

    ReplyDelete
  6. အမေချစ်တဲ့သားနဲ့ သားကိုချစ်တဲ့အမေ
    သံသရာတစ်လျှောက်
    ရေလိုအေးပြီးပန်းလိုလန်းစေသား ......

    ReplyDelete
  7. လင်းဒီပရဲ့မေမေ အသက်ရာကျော်ရှည်ပါစေ။

    ReplyDelete
  8. ရေလိုအေးရွေ့ပန်းလိုချမ်းမြေ့ပါစေ.

    ReplyDelete
  9. ကိုလင်းရေ ကဗျာလေးနဲ့ရေးထားတဲ့စာကို ဖတ်ပြီး ညီမအမေကိုပါလွမ်းသွားတယ်။ ကိုလင်းမေမေလည်း အသက်ရာကျော်ရှည်ပြီး အိမ်ပြေးလေးအိမ်ပြန်လာတဲ့ အချိန်မှာ သားအမိတွေပျော်ရွှင်နိုင်ပါစေ။ ကိုလင်းအမေ ပြောတာမှန်တယ်။ ဘ၀မှာ ငွေထက်တန်ဖိုးကြီးတာတွေ အများကြီးပါ။ မိခင်မေတ္တာကတော့ ငွေတန်ဖိုးရဲ့ ဟိုအထက်အမြင့်ကြီးမှာလေ။

    ReplyDelete
  10. မေမေ့ကို လွမ်းသွားတယ် အစ်ကို ၊ အဆင်ပြေပါစေခင်ဗျာ ။

    ReplyDelete
  11. စာလေးကိုဖတ်ပြီးတော့ အမေ့အိမ်မှာနေချင်ပြီး၊မိသားစု
    နဲ့အတူနေချင်လျက်ခရီးဝေးတွေသွားနေရတယ်ဆိုတဲ့
    သျှင်မင်းမြတ်ရဲ့ကဗျာလေးတစ်ကြောင်းကိုသွားသတိရ
    မိတယ်။လင်းဒီပရဲ့မေမေ သက်တော်ရာကျော်ရှည်စွာ
    မိသားစုနဲ့အတူပျော်ရွှင်နိုင်ပါစေလို့...

    ReplyDelete
  12. အိမ်ပြေးလေးရေ..
    ဘယ်လောက်ပဲဝေးဝေး
    အမေကိုချစ်တဲ့ အချစ်တွေ ကြောင့်
    အရာရာ အဆင်ပြေမှာ
    တွေးတဲ့ အတွေးလေးရော တင်ပြပုံလေးပါ အရမ်း လှ တယ်..
    မေမေ.. ကျန်းကျန်းမာမာ နဲ့ အသက်ရှည်ဖို့ ရယ်..
    မေမေချစ်တဲ့ သား ကြောင့် မေမေ စိတ်မညစ်ရဖို့ရယ်
    ဆုတောင်းပေးပါတယ်..

    ReplyDelete
  13. အို...တစ်ပင်ထဲ ရင်ထဲက “ညို” အမေအကြောင်းကြားမှာ ညိုက ကြော်ငြာထင်ပါ့ နာလိုဘူး တူတို့တွေအဆင်ပြေနေကြတာကြီးး :P

    ReplyDelete
  14. ညီလေးရဲ့ပို့စ်ကိုဖတ်ပြီး ၂၁နှစ်တာဝေးကွာနေရတဲ့ ဖေဖေနဲ့မေမေကို လွမ်းသွားတယ်ကွာ...ညီလေးရဲ့မေမေ
    အသက်၅၀နှစ်မြောက်မွေးနေ့မှသည် အသက်ရာကျော်တိုင် ရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ပါစေလို ညီလေးနဲ့ထပ်တူ ဆုတောင်းပေးပါတယ်...

    ReplyDelete
  15. အမေကိုချစ်တဲ့သားနဲ့
    သားကိုချစ်တဲ့မေမေ
    ပျော်ရွှင်စွာနဲ့ အမြန်ပြန်လည် ဆုံဆည်းနိုင်စေဖို့
    ဆုတောင်းပေးပါတယ်။
    နွေးထွေးပျော်ရွှင်တဲ့ မိသားစုလေး ဖြစ်ပါစေ။
    ပျော်၇ွှင်တဲ့ မွေးနေ့ဖြစ်စေဖို့လည်း ဆုတောင်း ပါတယ်။

    ReplyDelete
  16. သယ်ရင်း အိမ်တူတူပြန်ကြရအောင်

    ReplyDelete
  17. မြန်မာဆိုတာ ဘယ်တော့မှ မမေ့ဖို့ သင်ကြားပေးခဲ့သော ကိုလင်းရဲ့ မေမေ စိတ်ရွှင်လန်း ချမ်းမြေ့ ပါစေ။

    ReplyDelete
  18. လင်းဒီပ မေမေကို လာ နှုတ်ဆက်သွားတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေ .. သူ့သား အိမ်ပြေးလေးဆီက..ဖုံးခေါ်လာပါစေ..း)

    ReplyDelete
  19. မောင်လေးလင်းဒီပ မေမေရဲ့ ၅၈ နှစ်ပြည့် မွေးနေ့မှသည် အသက်ရာကျော်ရှည်ပါစေကြောင်း.....

    ReplyDelete
  20. ကိုဒီပရေ Sorry ဗျာ၊၊ ( for late birthday wish ) ကိုဒီပ အမေ သက်ကျော်ရာကျော် ရှည်ပါစေဗျာ ။၊
    အမေချစ်တဲ. သားတွေက GenetlleMan တွေများတယ်ဗျ၊၊ .........

    ReplyDelete
  21. ကျွန်တော်ကတော့ ရုပ်ခံစားချက်အမျိုးမျိုးနဲ့ ဘဝအဓိပ္ပာယ်ကိုလိုက်ရှာနေဆဲ ဖြစ်သည်။

    တဲ့လား---
    စာရေးကောင်းသူလင်းဒီပ--
    ချစ်သောမေမေ အား ကျေးဇူးဆပ်နိုင်ပါစေ--

    ReplyDelete
  22. မေမေ...ဆိုတဲ့
    အမေအကြောင်းရေးထားတာ
    ဖတ်လို့ကောင်းလိုက်တာ။
    မေမေ့ ချစ်ခင်မူကို
    ရတဲ့သားကိုလဲ ဂုဏ်ယူပေးပါတယ်။
    “ပိုက်ဆံထက်အရေးကြီးတာတွေ
    ရှိပါသေးတယ်“ တဲ့။
    ဟုတ်ပါတယ်။
    ဒါပေမယ့် အိမ်မပြန်နိုင်ကြသေးဘူးပေါ့။

    ReplyDelete
  23. ပို့စ်လေးက ဖတ်ရတာ အေးအေးငြိမ့်ငြိမ့်လေး... ကောင်းလိုက်တာလို့ ဖတ်နေတာ... အဆုံးသတ်ကျမှ အမေရဲ့မွေးနေ့အတွက် ရေးထားတာ ဖြစ်နေတယ်... တာရာမင်းဝေရဲ့ကဗျာလေးနဲ့ ဖွင့်ထားတာရော “ဒါပေမယ့် ကျွန်တော်စိတ်ကလေး နည်းနည်း စိုစွတ်သွားသည်။” ဆိုတဲ့ အသုံးအနှုန်းလေးကိုပါ အရမ်း သဘောကျမိပါတယ်။ လင်းဒီပရဲ့အမေဖတ်မိရင် သိပ်ပျော်မယ့် စာလေးပါ...

    ReplyDelete
  24. မေမေ့မွေးနေ့မှာ ဝိုင်းပြီးဆုတောင်းပေးကြတဲ့ သူငယ်ချင်းညီအစ်ကိုမောင်နှမများဖြစ်ကြတဲ့
    (၁)ကိုအောင်သာငယ်
    (၂)ညီမလေးလေပြေ
    (၃)ကိုမိုးမြင့်တိမ်
    (၄)ကိုဟန်လေး
    (၅)ကိုအိပ်မက်ရှင်
    (၆)ကိုအိုင်
    (၇)ကိုအောင်
    (၈)အစ်မ မခင်ဦးမေ
    (၉)ညီမလေး မေ့သမီး
    (၁၀)ညီလေး ကိုတင့်
    (၁၁)အစ်မ မနော်
    (၁၂)မမသီရိ
    (၁၃)ညီလေး မောင်မျိုး
    (၁၄)ကိုဆောင်းယွန်းလ
    (၁၅)ကိုဝင်းဇော်
    (၁၆)ကိုရွာသားလေး-ဝိုင်တီယူ
    (၁၇)အစ်မ မိုးချိုသင်း
    (၁၈)အစ်မ မကေ
    (၁၉)အစ်မ မဝါ
    (၂၀)ကိုမင်းအိမ်ဖြု
    (၂၁)အစ်မ မသက်ဇင်
    (၂၂)မ အပြုံးပန်း
    (၂၃)မရွှေပြည်သူ
    အရမ်းဝမ်းသာ အလဲ ကျေးဇူုးတင်ပါတယ်။

    ကွန့်မင့်ရေးမသွားပေမယ့် လာဖတ်သွားတဲ့သူငယ်ချင်းတွေလည်းပါတယ်နော်။

    ရင်ထဲမှာ လှိုက်လှိုက်လဲလဲ မှတ်တမ်းတင်ထားပါတယ်။

    အားလုံးကို ခင်မင်လေးစားစွာ
    လင်းဒီပ

    ReplyDelete