Monday, July 27, 2009

နွေဘွဲ့

“ချစ်လို့ လွမ်းလို့”ဆိုပြီး
ပေါ့လျှံလျှံစကားတွေနဲ့လည်း
ငါ နင့်ကို မဖြားယောင်းချင်ဘူး ။
တကယ်ဆို
ဒါ
နေပူထဲ လမ်းအတူလျှောက်ရင်းနဲ့
ပေါက်ကွဲ ပွင့်ဖူးလာတဲ့ နှင်းဆီပွင့်ဖတ်ပေါ်က သီချင်းရိုင်း။
စွယ်တော်ရွက်ခူး ကံ့ကော်နဲ့ ရူးပိုင်ခွင့်လက်မှတ်
ဖိုးဖိုးတို့ ဖေဖေတို့ ငယ်မူပြန်အိတ်ကပ်ထဲမှာ
မမေ့မလျော့ ကျန်ခဲ့ကြပါပြီ။
ဆွေခန်းမျိုးခန်းတွေလည်း ပြတ်ခဲ့ကြ။
နွေရာသီ ဘယ်လို ခါးခါး ချစ်သူတွေက ချစ်သွားကြတာပါပဲ။
ဒါ … စကားလုံးတွေနဲ့ သီဖွဲ့ရမယ့် ဆောင်းဦးအိပ်မက် မဟုတ်ဘူး။
ဒါ … သဇင်ခက်လေး ပန်ပြီး နင်လည်း မဟာဆန်ချင်မှာ မဟုတ်ဘူး။
လှပါတယ် ကောင်မလေးရယ်
ပါးကွက်ထူထူနဲ့ ကျောင်းတော်သူလေးရယ်
ကျေးလက်ရနံ့တခြမ်း မြို့တော်ရနံ့တခြမ်းနဲ့
ပို့စ်မော်ဒန် ပန်းပုလက်ရာလေး တစ်ခုပါပဲ။
အိုဇုန်းလွှာအပေါက်ထဲမှာ
အချစ်ကို ပေါင်မုန့်နဲ့ ရောကင်ခဲ့တယ်။
သြဘာလမ်းလေးကို ပေးဖတ်ဖို့
ကျောက်စာတစ်ချပ်ရေးလိုက်တယ်။
ကောင်မလေးရေ
ကြေးနီရောင်ကောင်မလေးရေ
နေတော့ နည်းနည်းပူတယ်။
ငါတို့အရေပြားပေါ် လမ်းသလားနေတဲ့ လေပူတွေထဲမှာ
တစ်ယောက်နဖူးကချွေး တစ်ယောက်က သုတ်
မောင်သိန်းဇော်ကဗျာလေး ထုတ်ဖတ်ရင်း
ရေခဲမုန့်မပါလည်း အချစ်ကို သရုပ်ဖော်လို့ရတယ်ဆိုတာ
ငါ နင့်ကို
ရိုးရိုးသားသား လိမ်ညာခွင့်ပြုပါ။

ကဗျာလေး၏နောက်ခံရှုခင်း
ငယ်ငယ်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်ကျောင်းသားဖြစ်ရင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာနွမ်ဂျာသိုင်းတို့ ဝတ္တုတွေထဲက ဇာတ်ကောင်တွေလို စိတ်ကူးယဉ်ထားခဲ့တာပါ ။စာပေ အနုပညာတွေ ထုံမွှန်းနေတဲ့ ကျောင်းသားဘဝ… ပစ္စည်းမဲ့ဂိတ်တို့ သြဘာလမ်းတို့ မေတ္တာပေါင်းကူးတို့ပေါ့ ။ တကယ်တမ်း စတက်ရတော့ မှော်ဘီဂျီတီစီမှာ ကျွန်တော်တို့ ဝိုင်တီယူပထမနှစ်နဲ့ ဒုတိယနှစ်သွားတက်ရပါတယ် ။ တတိယနှစ်ကနေစပြီး ကျောင်းပြီးတဲ့အထိ နည်းပညာတက္ကသိုလ်ကို လှိုင်သာယာမှာ တက်ရပါတယ် ။

ဒီကဗျာလေးကတော့ ကျောင်းမှာ မြင်တွေ့ဖြစ်တဲ့ ချစ်သူစုံတွဲတွေ နေပူပူမှာ အချစ်ကို ဘယ်လို ဖွဲ့သီကြပါသလဲလို့ ကန်တင်းလေးတစ်ခုမှာ ထိုင်ကြည့်ရင်း ရေးဖြစ်တဲ့ကဗျာလေးပါ ။ ဒဂုံတက္ကသိုလ်က အဖွဲ့တွေ ထုတ်ဖြစ်တဲ့ “ဧည့်ဟောင်းဧည့်သစ် ၂၄” ဆိုတဲ့ စာအုပ်လေးထဲမှာ ထည့်ခဲ့တဲ့ ကဗျာလေးပါ ။
လင်းဒီပ
၂၇.၇.၀၉

22 comments:

  1. ကဗျာလေးကောင်းလွန်းပေမယ့် ဒီတစ်ခါတော့ အချစ်ကိုကျော်ကြည့်ပါရစေ။

    ကြေးနီရောင်ကောင်မလေးရေ
    နေတော့ နည်းနည်းပူတယ်။
    ငါတို့အရေပြားပေါ် လမ်းသလားနေတဲ့ လေပူတွေထဲမှာ ....

    နေနည်းနည်းပူသတဲ့လား။
    လှိုင်သာယာကျောင်း ပြန်မြင်ယောင်ပြီး ငိုချင်းတောင် သီချင်လာ။ ( နောက်ဆုံးနှစ်မှာ လူလေး လက်တစ်ဆုပ်စာ၊ နေပူ၊ လေပူ၊ မြက်ရိုင်းထူ ..... )

    ReplyDelete
  2. လှပါတယ် ကောင်မလေးရယ်
    ပါးကွက်ထူထူနဲ့ ကျောင်းတော်သူလေးရယ်
    ကျေးလက်ရနံ့တခြမ်း မြို့တော်ရနံ့တခြမ်းနဲ့
    ပို့စ်မော်ဒန် ပန်းပုလက်ရာလေး တစ်ခုပါပဲ။


    ကဗျာလေးလာဖတ်သွားပါတယ် လင်းဒီပရေ.
    ဒီအပိုဒ်ကလေးဖတ်ပြီး ရင်ထဲမှာအေးချမ်းသွားသလို
    ခံစားလိုက်ရတယ်.း)

    ReplyDelete
  3. နွေရာသီဘယ်လောက်ခါးခါး ချစ်သူတွေ ချစ်သွားကြတာပါပဲ.... တယ်လှတဲ့ မြင်ကွင်းလေးဗျို့
    စွယ်တော်ရွက်ခူး ကံ့ကော်နဲ့ရူးပိုင်ခွင့်လက်မှတ် ..ရွတ်လို့ကောင်းတယ်ဗျာ

    ReplyDelete
  4. သနပ်ခါးထူထူနဲ့ ကျောင်းတော်သူ ကြေးနီရောင်ကောင်မလေးဆိုတော့ တော်တော်လှမယ့်ပုံပဲ။ သနပ်ခါးထူတာကြိုက်တယ်။ ကြေးနီရောင်မကြိုက်ဘူး။ ဒါပဲ။

    ReplyDelete
  5. အင်း..ပြောရရင်
    အင်ဂျင်နီယာတွေက လှတာနည်းတယ်ကွယ့်..

    ကဗျာလေးကတော့
    သိပ်လှတယ်....

    အိန္ဒြာ

    ReplyDelete
  6. စွယ်တော်ရွက်ခူး ကံ့ကော်နဲ့ ရူးပိုင်ခွင့်လက်မှတ်
    ဖိုးဖိုးတို့ ဖေဖေတို့ ငယ်မူပြန်အိတ်ကပ်ထဲမှာ
    မမေ့မလျော့ ကျန်ခဲ့ကြပါပြီ။...

    ချစ်စရာကောင်းတဲ့ အချစ်ကဗျာလေးကို ရင်နာစရာတွေ ဘယ်သူထည့်ပေးလိုက်တာလဲ။

    ReplyDelete
  7. နောက်ခံ ရှုခင်းနဲ့မို့ ကဗျာလေးက ပိုလှသွားတယ်။
    သနပ်ခါးထူထူနဲ့ ကောင်မလေးတွေကို ပိုသနားသွားတယ်။
    ဒါလဲ ဟိုတခါက ရေးသလို ကဗျာလှပေမဲ့ အနာရတဲ့ အနာရွတ်တခုပဲလား မသိ။

    ReplyDelete
  8. မိုးတွေရွာတဲ့ ဒီလိုနေ့မှာ နွေဘွဲ့ကို လာခံစားသွားပါတယ်။
    အရမ်းကောင်း..

    ReplyDelete
  9. နွေခေါင်ခေါင် သည်းတဲ့မိုး
    ဘာမိုးပါလိမ့် :)
    ကဗျာလေး လှတယ်ဗျ ...

    ReplyDelete
  10. နွေခေါင်ခေါင် သည်းတဲ့မိုး
    ဘာမိုးပါလိမ့် :)
    ကဗျာလေး လှတယ်ဗျ ...

    ReplyDelete
  11. လှလိုက်တဲ့ ကဗျာလေး မောင်လေး ရေ
    မင့်ချစ်သူလေးကတော့ တကယ့် ကံကောင်းသူလေးပဲ
    ဒီလို လှပတဲ့ ကဗျာ နုနုလေးတွေ ရေးတတ်သူ ရဲ့ နှလုံးသားလေးက ဘယ်လောက် များ နူးညံ့နေမလဲလို့ နော်.. သူများစုံတွဲလေးတွေ ကြည့်ရင်းနဲ့ ဒီလောက် လှပ အောင် ရေးဖွဲ့ နိုင်တာ.. နှလုံးသားထဲ အချစ်တွေ ရှိနေတဲ့ ရေးဖြစိတဲ့ ရေးဖြစ်မဲ့ ကဗျာလေး တွေက
    အနှိုင်းမဲ့ လှနေမှာပါ.. ကဗျာဆရာလေးရေ..

    ReplyDelete
  12. နေက နည်းနည်းမကဘူးဗျ မှော်ဘီဂျီတီစီမှာ။ :)
    ကျနော်တို့ဆို ကြေးနီရောင်ဘယ်က မလဲ အနက်ရောင်နီးပါးပဲ။ :P
    ကဗျာဖတ်ရင်း ကျောင်းကို လွမ်းသွားပြီ

    ReplyDelete
  13. သြဘာလမ်း
    ပစ္စည်းမဲ့ဂိတ်
    မေတ္တာပေါင်းကူး
    နွေးအေး
    .........
    လွမ်းလာပြီ....း(

    ReplyDelete
  14. မီးမီးထင်တာကတော့....
    သူများတွေကိုကြည့်ပြီး
    ရေးတယ်မထင်ပေါင်.....
    ကိုယ်တွေ့..ကိုယ်တွေ့..မဟုတ်လား...
    :P

    ReplyDelete
  15. ငါနင့်ကို
    ရိုးရိုးသားသား လိမ်ညာခွင့်ပြုပါ ။
    ကူလိမ်ညာပေးမယ် အကိုး)
    အရက်သောက်ရင်လည်း မသောက်ဘူးပေါ့း)

    ReplyDelete
  16. “ပါးကွက်ထူထူနဲ့ ကျောင်းတော်သူလေးရယ်
    ကျေးလက်ရနံ့တခြမ်း မြို့တော်ရနံ့တခြမ်းနဲ့”

    အေးစက်စက် အခန်းထဲမှာ ထိုင်ဖတ်ရင်းနဲ့တောင် နေပူထဲက ကျောင်းတော်သူလေးတွေကြား... စုံတွဲလေးတွေ အနားရောက်သွားသလိုပါပဲ (အဲဒီအနားမှာ မောင်ဒေဝကလေးကို တွေ့လိုက်သလိုရှိပေမယ့် ကန်တင်းက ထိုင်ရေးနေတယ် ဆိုတော့လည်း... မဟုတ်လောက်ပါဘူးလေ ဆိုပြီး နှုတ်မဆက်ဘဲ ပြန်လာခဲ့ပါတယ်း))

    ReplyDelete
  17. ရေခဲမုန့်မပါလည်း အချစ်ကို သရုပ်ဖော်လို့ရတယ်ဆိုတာ
    ငါ နင့်ကို
    ရိုးရိုးသားသား လိမ်ညာခွင့်ပြုပါ။ တဲ့

    အစစ်ပဲ လိမ်နေတာပါဗျိုး

    ReplyDelete
  18. ငါ နင့်ကို
    ရိုးရိုးသားသား လိမ်ညာခွင့်ပြုလိုက်ပါတယ်ဗျာ။ =)

    ကျနော်လဲ ဒဂုံတက္ကသိုလ်မှာတုန်းက ကဗျာစာအုပ်ထုတ်တဲ့အထဲ ပါဘူးတယ်။ နေပူထဲ ခြေတိုအောင် ရောင်းလိုက်ရတာဗျာ။ လွမ်းမိသွားတယ်။ =)

    ReplyDelete
  19. ကဗျာဆရာလေး ကိုယ်တိုင်ရော နွေဘွဲ့တွေ မဖွဲ့ခဲ့ဘူးလား
    ကန်တင်းထဲကပဲ ငေးနေတယ် ဆိုတာ သိပ်မယုံချင်

    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  20. လိမ်ညာတယ်ဆိုကတည်းက
    မရိုးသားတော့ဘူးနော် အကို အဟဲး)

    ReplyDelete
  21. မှော်ဘီကို ခံစားပြီးရေးတာလား အစ်ကိုရေ... မှော်ဘီသားချင်းတွေ့ရလို့ ၀မ်းသာတယ်ဗျာ

    ReplyDelete
  22. ဒီပရေ ..... အဲဒီ မာယာတော က "အင်" တောကြီးနော်။ အဟေဟေ သတိထား၊ သတိရတိုင်း လာတယ်ဟေ့

    ReplyDelete