Saturday, December 20, 2008

ခွင့်စာ

ဒီရက်တွေမှာ ကျွန်တော် နှစ်ပတ်လောက် ပြတင်းပေါက်ကလေးကနေ ပျောက်နေပါဦးမယ်။
သူငယ်ချင်း ညီအစ်ကို မောင်နှမတွေဆီလည်း ရောက်မယ် မထင်ဘူး။
၂၀၀၉ အတွက် ကြိုပြီး နှုတ်ဆက်ခွင့်ပြုပါ..
အားလုံးပဲ..happy new year & merry x'mas ပါဗျာ။
နှစ်သစ်မှာ ပြန်လာခဲ့ပါမယ်။

မကြားရမမြင်ရတဲ့ သူငယ်ချင်းတွေကို ချစ်တဲ့သူ
လင်းဒီပ

Tuesday, December 16, 2008

ငြီးငွေ့ရခြင်းများ


ဘဝဆိုတာမြစ်တစ်စင်းဆိုရင်
ကျွန်တော့်ရေစီးက သေ လွန်းရဲ့..

နှစ်ထောင့်ရှစ်ကလည်း
ပြီးခဲ့တဲ့နှစ်တွေအတိုင်း
ရောက်လာ ပြီးတော့ ပြန်သွား..
ဘာမှမထူးခြားခဲ့..

အထူးတလည် ဝင့်ကြွားစရာတွေ မရခဲ့သလို
သိမ်ငယ် ညှိုးနွမ်းစရာလည်း မရှိခဲ့
အကြီးအကျယ် ပေါက်ကွဲလိုက်စရာ မရှိသလို
အလောတကြီး စိတ်အားငယ်စရာလည်း မတွေခဲ့…

ကျွန်တော့် ရှင်သန်ခြင်းကြီးက
ဖြစ်သလို ကျင်လယ်ကြီးပြင်းတတ်တဲ့
လမ်းဘေးက အလေ့ကျပန်းတွေထက်တောင်
အဓိပ္ပာယ်တွေ ခြောက်ကပ်နေခဲ့တာ ကြာပေါ့
သံလမ်းပေါ် ဦးနှောက်မပါပဲ
လျှောက်ပြေးနေရတဲ့ ရထားတစ်စင်းလို..

အားလုံးအတွက် အသစ်ဆိုတာတွေက
ကျွန်တော့်အတွက်တော့ ထပ်ရောက်ရောက်လာတဲ့
ပျင်းစရာ အသစ်စက်စက်တွေပါပဲ

ဘာလိုချင်နေတာလဲ
အချစ် အရက် လိင်ကိစ္စ
မနက်ဖြန်မှာ ရောက်လာမယ့် စစ်ပွဲတွေ
ညတုန်းက ဘောလုံးပွဲ
မောင်သိန်းဇော်ရဲ့ ကဗျာဟောင်းလေးတစ်ပုဒ်
ငါတို့ထန်းတောထဲမှာ ကဗျာရွတ်ကြရအောင်
ကျွန်တော်တို့ အနေအထိုင်မတတ်လို့ ပူနွေးလာတဲ့ကမ္ဘာကြီးအကြောင်း
ကျုပ်လိုချင်တာရှာလို့မတွေ့ခဲ့ဘူး နှစ်ထောင့်ရှစ်ရယ်

ဒီဇင်ဘာ
ခရစ္စမတ်
နှင်းအတုတွေကြားမှာ
ကိုယ့်ကိုကိုယ်ပျော်အောင်မထားတတ်တဲ့ ကောင်ကတော့
ကြယ်ကလေးတွေငေးရင်း စကားနည်းနေရတာပေါ့..
လင်းဒီပ
၁၆.၁၂.၀၈
Photo Source: photobucket.com

Wednesday, December 10, 2008

စမ်းချောင်းလေး


မြတ်နိုးမှုတွန်းကန်အားလေးနဲ့
လောကဓံကို တွန်းတွန်းတိုက်တိုက်
တရွေ့ရွေ့ ဖြတ်သန်းလာခဲ့တာ..

ကျောက်သားဖြူဖြူလေးတွေ..
လွင်ပြင်ဝါဝါလေးတွေ ဖြတ်သန်းလို့..
ရင်ခုန်သံရွှေငါးလေးတွေ ခေါ်ဆောင်လာခဲ့..
အလွမ်းသစ်သီးစိမ်းလေးတွေ ယူဆောင်လာခဲ့..
ချိုသောဂီတတွေ တီးခတ်လာခဲ့..

မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရဘူးဆိုပေမယ့်
ဒီမှာတော့
မင်းမှားယွင်းခဲ့တာ
မင်းညစ်နွမ်းခဲ့တာ
မနေ့က မင်းရဲ့ အမှောင်ဒဏ်ရာတွေကို
ဆေးကြောသန့်စင်အသစ်ပြန်ဖြစ်ဖို့
အငြိုအငြင်မဲ့ အငြင်းအဆိုမဲ့
နှစ်နှစ်ကာကာလေး စီးနေပေါ့..
လင်းဒီပ
၁၀.၁၂.၀၈
Picture Source: picture by gaturlove
Media.photobucket.com

Saturday, December 6, 2008

အမုန်းစာရင်း


အမုန်းဆုံး(၁၀) ခုကို ရေးဖို့ အိပ်မက်ပြခန်း က ကျွန်တော့်ကို ပထမဆုံး Tag ပါတယ်။ နောက်သိပ်မကြာဘူး။ မောင်မျိုးက ပါထပ် Tag တယ်။အိပ်မက်ပြခန်း Tag တည်းက ရေးမလို့ပါပဲ။ မအားလို့ မရေးဖြစ်သေးဘူး။ မောင်မျိုးကတော့ မရဘူး။ လာအော်ပါတယ် အကြွေးမဆပ်ရင် အိမ်က လှည်းနဲ့နွား လာသိမ်းမယ်တဲ့။ ကြောက်တော့လည်း မြန်မြန် ရေးရပါတယ်။
(၁)
ကျွန်တော်မှာ မုန်းစရာ အကောင်းဆုံးလို့ ကျွန်တော်ထင်တဲ့ အချက်ကတော့ တွေဝေ တတ်တာပါ။ မပြတ်သားတာပါ။ ဘယ်တော့မှ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ဆိုင်ဆိုင် မချတတ်ဘူး။ အခုအချိန်ထိလည်း လွဲချော်နေတတ်တုန်းပါပဲ။
(၂)
နောက်တချက်ကတော့ စိုးရိမ်တတ်တာပါ။ တကယ်တော့ စိုးရိမ်တယ်ဆိုတာ ရောဂါတစ်ခု ဖြစ်သလို မုန်းစရာလည်းကောင်းတဲ့ အချက်တစ်ချက်ပါပဲ။ အပြင်ထွက်ခါနီး တံခါးတွေ မီးဖိုတွေကို အထပ်ထပ် စစ်လေ့ရှိပါတယ်။ သော့ခတ်တာကို နှစ်ခါသုံးခါ ပြန်ပြန်စစ်ပါတယ်။ လော့ခ်ကျရဲ့လားဆိုပြီးတော့။ ကိုယ့်ကိုကိုယ် မုန်းပေမယ့် မတတ်နိုင်ပါဘူး။
(၃)
ချိန်းထားရင် အရင်ဆုံး ရောက်နေ တတ်ပါတယ်။ သူများတွေက on the way ဆိုတဲ့အချိန်မှာ ကျွန်တော်က ရောက်နေပြီ။ ပြီးတော့ စိတ်တိုနေရော။ အစောတည်းက ထွက်မလာနဲ့ပေါ့။မဟုတ်ပါဘူး။ဝီရိယလွန်တော့ ကျွန်ဖြစ်ဆိုတာထင်ပါတယ်။
(၄)
နောက် အရမ်းလည်း စိတ်တိုတတ်ပါတယ်။ ဘုပြောပြောလွှတ်တတ်တဲ့ အကျင့်လည်းရှိပါတယ်။
(၅)
မျက်နှာဖုံးလည်း ပျောက်နေပါတယ်။ စိတ်ဆိုးနေရင် ဆိုးနေတဲ့ အတိုင်း စိတ်ရှုပ်နေရင် စိတ်ရှုပ်နေတဲ့အတိုင်း မျက်နှာမှာပေါ်နေတတ်တော့ ကိုယ့်စိတ်အခြေအနေကို သူများက အလွယ်တကူ အကဲခတ် ကိုင်တွယ်လို့ ရတာပေါ့။ မကောင်းပါဘူး။ အလုပ်ကိစ္စတွေမှာ မှောက်ထားတဲ့ ဖဲက မတွေ့တာ ကောင်းပါတယ်။
(၆)
ချိန်းထားပြီး သူများ အရင်ရောက်နေရင် အားနာနေတတ်တယ်။ ပိုက်ဆံချေးထားတဲ့လူဆီ အတတ်နိုင်ဆုံး ဖုန်းမဆက်ပဲနေတယ်။ အကြောင်းကိစ္စရှိလို့ ဆက်ရင်တောင် အကြွေးလိုချင်လို့ ဆက်တယ် ထင်မှာစိုးပြီး မဆက်တော့ပါဘူး။ နောက်ထပ် အားနာတတ်တာလေးတွေ ရှိပါသေးတယ်..
(၇)
လူတစ်ယောက်ကို သံယောဇဉ်ဖြစ်ရင် အရမ်းဖြစ်တတ်ပြီး မုန်းပြီဆိုရင်လည်းလှည့်မကြည့်တော့။ ပတ်သက်သမျှ အကုန်လုံးကို delete လုပ်တတ်ပါတယ်။ မုန်းဖို့ကောင်းတဲ့အချက်လို့ ကျွန်တော်ထင်ပါတယ်။အမုန်းတို့ဒေါသ တို့ဆိုတာမကောင်းပါဘူး။ အခုအတတ်နိုင်ဆုံး ပြင်နေရပါတယ်။ မုန်းစရာတွေ့ရင်တောင် ချစ်စရာ ကောင်းတာလေး ရှာတဲ့ အကျင့်လေးပေါ့။ ချစ်စကိုပဲ ရှည်စေလိုပါတယ် ။မုန်းခဲ့ ပြတ်သားခဲ့တာတွေကို တွေးမိရင် နောင်တရနေတတ်ပါတယ်။ ဆရာတော် ဦးဇောတိက ဟောဖူးပါတယ်။ အတူတူနေရတဲ့အချိန်ကို လက်ဆောင်ကောင်းတစ်ခုလိုတန်ဖိုးမထားတတ်ကြဘူး တဲ့။ မုန်းတတ်တဲ့ အကျင့်ကြီးကို ပြင်နေပါတယ်။ ချစ်တတ်အောင်လည်း သင်နေပါတယ်..:P
(၈)
လူများတဲ့နေရာတွေ အတတ်နိုင်ဆုံးမသွားပါဘူး။ မေမေစကားနဲ့ပြောရရင် လူတောမတိုးဖူးပေါ့ဗျာ။ လူတွေအများကြီးနဲ့စကားတွေ လျှောက်ပြော ဘာတွေပြောနေကြမှန်းလည်းမသိ။ အလှူတို့မင်္ဂလာဆောင်တို့ပါ ။ကျွန်တော် ရှောင်လေ့ရှိပါတယ်။ မကောင်းဘူးလို့ထင်ပါတယ်။ အဲဒီ မုန်းစရာကောင်းတဲ့ လူတောမတိုးတဲ့ အကျင့်ကြီးကို ပြင်နေရပါတယ်။(အလှူရှိရင် ခေါ်နော်..ဟီး)
(၉)
အရင်ကတည်းက ညဆိုအိပ်ယာ စောစော မဝင်တတ်တဲ့အကျင့်လေ။ အခု ဘလောဂ့်လေး လုပ်ဖြစ်တော့ ပိုဆိုးပါတယ်။ အိပ်ယာဝင် နောက်ကျတာ မကောင်းပါဘူး။ မုန်းစရာကောင်းတဲ့ အကျင့်တစ်ခုပါ။ကျန်းမာရေးလည်းထိခိုက်ပါတယ်။ဒါပေမယ့် မတတ်နိုင်ဘူးဗျာ။
(၁၀)
နံပါတ်(၉)ရဲ့ အဆက်ပါ။ ရောဂါက စနေပါပြီ။ အလွန် မေ့တတ်ပါတယ်။ ပေပေတေတေ နေတဲ့ဒဏ်တွေလို့ ထင်ပါတယ်။ မမေ့အောင်လို့…စာအုပ်ကလေးနဲ့ မှတ်မှတ်ထားပါတယ်..ဒါပေမယ့် စာအုပ်လေးကို ဘယ်နားထားမိမှန်း မသိတာ ခဏခဏ.. မျက်မှန်ကို ဘယ်နားချမိမှန်း မသိတာ.. အပြင်သွားရင် အိမ်မှာ ဖုန်း ကျန်ခဲ့တာ.. အတော် မုန်းဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မမေ့တာလေး တစ်ခုတော့ ရှိတယ်ဗျ…:P

ကျေးဇူးတင်ပါတယ်။ ဆုံးအောင် ဖတ်ပေးတဲ့ အတွက်ပါ။ မောင်မျိုးနဲ့ အိပ်မက်ပြခန်းက ကိုကိုဖားလည်း ကျေနပ်မယ် ထင်ပါတယ်။
လင်းဒီပ
၆.၁၂.၀၈
Photo Source: picture by kineridiamond
Media.photobucket.com

ကြိုက်သောကဗျာလေးတစ်ပုဒ်


အစ်မဝါ က Tag ပါတယ် ။ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်ကို ရေးပေးပါတဲ့။ ကျွန်တော်ကြိုက်တဲ့ ကဗျာလေးတွေကလည်း အတော်များပါတယ်။ ငယ်ငယ်တည်းက ကဗျာတွေကို စကားပြေထက် ပိုဖတ်ဖြစ်တော့ ..

နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျှက်…
ဆိုတဲ့ ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားကဗျာလေးတွေ..

ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ
မျှော်မော်ကာ ရွှေရင်ထိပ်ပါလို့
ချစ်သူအဆောင် နံ့သာတောကို တိတ်တိတ်လေးလာ
…ဆိုတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ အရေးလေးတွေ..

ချစ်သူတစ်ယောက်ထားရတာ
စွန့်စားခန်းတစ်ခုပါပဲတဲ့။
ခဏခဏ စွန့်စားနေသူလေးရယ်
စွန့်စားခြင်းကိုမှ ဝါသနာထုံလေရော့သလားကွယ်.
.ဆိုတဲ့ မင်းလူရဲ့ကဗျာလေးတွေနဲ့ ကြီးပြင်းလာခဲ့.. ဘဝကိုခုန်မင် သက်ဝင်လာခဲ့တာပါ။ဘဝကို အရာအရာ သီချင်းလေးတွေ ကဗျာလေးတွေက ပေးတဲ့ အတွေးလေးတွေနဲ့ပဲယှဉ်ပြီး ဖြတ်သန်းလာခဲ့တာပါ။အဲဒါကြောင့် တခါတလေ ကျွန်တော့်အမြင်လေးတွေ အတွေးလေးတွေက သူငယ်ချင်းတွေကြားမှာ တစ်မျိုးဖြစ်နေတတ်တာ ဆုံးဖြတ်ပုံခြင်း မတူတာလေးတွေ တွေ့ရတတ်ပေမယ့် ကျွန်တော့်မြတ်နိုးမှုကို ဘယ်တော့မှ ကျွန်တော် အပြစ်မတင်ဖြစ်ဘူး။ ကျေနပ်တယ်။
အခုလည်း ကျွန်တော်ကြိုက်လို့ သိမ်းထားတဲ့ ကဗျာလေးကိုပဲ ဒီပိုစ့်အတွက် သုံးပါရစေ။ အရမ်းကို မြန်မာရနံ့ပါတဲ့ ကဗျာလေးပါ။ကျွန်တော်ကြိုက်လို့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ကနေ ကူးထားတာပါ။ ကဗျာလေးနာမည်က သနပ်ခါး တဲ့။ ရေးတဲ့သူက ကမာပုလဲ ပါ။ဖတ်ကြည့်ပေးပါဗျာ။

သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။

နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွန်မြ ဆူးတွေထုတ်လို့ အာခ
ဘ၀ကို ဒီလိုရှင်သန်တယ်။

အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘ၀ကို မှတ်ကျောက်တင် အသွေးခံလို့ …

အိုမင်းတွန့်ရွ
အမေ့အသားအရေပေါ်မှာဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင်ကလေးပေါ်မှာဖြစ်စေ
သူဟာ ပန်းတွေနဲ့အပြိုင် မွှေးတယ် ။
(ကမာပုလဲ)

အဆင်ပြေမယ်လို့ထင်ပါတယ်။ အရမ်းကို မြန်မာရနံ့သင်းတဲ့ ကဗျာလေးပါ။ ကျွန်တော် အကြိုက်ဆုံးကဗျာလေးတစ်ပုဒ်လို့ပြောပါရစေ။
တဆက်တည်းပဲ ကျွန်တော် ကိုးတန်းကျောင်းသားဘဝက ရေးဖူးတဲ့ကဗျာလေးကို အမှတ်တရ တင်ချင်ပါသေးတယ်။ လေးလုံးစပ် ကဗျာလေးပါ။၁၉၉၅ လောက်ကရေးခဲ့တာပါ။
စံပယ်များ
ရနံ့ကမွှေး ဆွတ်ဖြူဖွေးလျက်
စိမ်းစိုရွက်ကြား အိနြေ္ဒထားကာ
လှအားပိုလျှင်..
မြင်ငေးသူ့ရင် ချမ်းမြေ့ရွှင်၏

လေရူးလေပွေ အဆိပ်ပေလက်
ဝတ်ရည်စုပ်ပျား အဖျက်များမှ
အသိရှိရှိ ရှောင်ကျဉ်မိလျှင်
မြင်ငေးသူ့ရင် ချမ်းမြေ့ရွှင်၏

အထက်ဖြူလွှ စိမ်းရောင်ခလျှက်
သရေရှိစွာ ဆင်ပြင်လာသည့်
ပညာသင်ကြား လုံမများလေ
စံပယ်တွေနှင့် အတူတူ..

ကဗျာဆိုတာ တီးလုံးမထည့်ထားတဲ့ သီချင်းလေးတွေလို့ပဲ ကျွန်တော်တော့ ထင်ပါတယ်။ ကျွန်တော်အတွက်တော့ ကဗျာဆိုတာ ငယ်ချစ်ပါပဲ။(ဒီ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ် ဆိုတဲ့ Tag ကို ကိုရွာသားလေး(ဝိုင်တီယူ) ..ကိုမိုးမြင့်တိမ် ..ကိုအိပ်မက်ရှင် နဲ့ ညီမလေးခေါင်ခေါင် ..တို့ကို Tag ပါတယ်)ကျွန်တော်ကိုခင်ရင် ရေးပေးကြပါဦးဗျာ။
ခင်မင်စွာ
လင်းဒီပ
၅.၁၂.၀၈
Photo Source:picture by zakharchenko
media.photobucket.com

Thursday, December 4, 2008

တိမ်တွေရေးတဲ့ကဗျာ(၂)


လှလိုက်တာ မြရယ်…တကယ်တော့ လှတယ်ဆိုတဲ့ စကားတခွန်းကို ကျွန်တော် အထိတ်တလန့်ရွတ်ဆိုဖို့တောင် အချိန်မရအောင် ကျွန်တော် ထိတ်လန့်သွားခဲ့တာ။

ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာက လူတစ်ယောက်ကို မေ့ပျောက်လိုက်ဖို့အတွက် လုံလောက်တဲ့ အချိန်ကာလတစ်ခုပေါ့။ ကျွန်တော် မေ့သွားတာတွေ အတော်များပြီ။ ကျွန်တော်ဘယ်တုန်းက ဘွဲ့ရခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူး။ကျွန်တော် တချိန်က အရမ်းကြိုက်ခဲ့တဲ့ ရုပ်ရှင်တွေ မမှတ်မိတော့ဘူး။ တချို့သူငယ်ချင်းတွေရဲ့ လိပ်စာတွေ..ဖုန်းနံပါတ်တွေ..တချို့ဆိုနာမည်တွေပါ မမှတ်မိတော့ဘူး…. သိပ်ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဆိုကြည့်ရင် ရှေ့ရောက်လိုက် နောက်ရောက်လိုက်ပေါ့။ကိုယ့်ကိုကိုယ်လည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ့တွေများလို့ ဘဝဆိုတာ ဒီလိုပါပဲကွာလို့ တခါတလေ တချို့လူတွေကို ဆရာကြီးလုပ် တရားချမိတာလည်း ရှိရဲ့လေ။ ဒီကျွန်းနိုင်ငံသေးသေးလေးမှာ မြရှိတယ် ဆိုတာ ဟိုးအစောကြီးကတည်းက ကျွန်တော်သိထားခဲ့တာ..။ မြဆိုတာကိုလည်း မေ့ထားနိုင်ခဲ့ပြီလို့ ထင်ထားခဲ့တာပေါ့။တကယ်တမ်း ရုတ်တရက်ကြီး ပြန်တွေ့တော့ အလဲလဲ အကွဲကွဲ..ဘယ်လိုမှ မပြင်ဆင်နိုင်ခဲ့ဘူး။ ရာသီဥတု အေးလာရင် အတွင်းဒဏ်တွေပြန်ပေါ်လာတတ်တယ်တဲ့။ကဲကြည့်ပါဦး..မြကို တွေ့လိုက်ရတဲ့အချိန်လေးမှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး အတွင်းဒဏ်တွေ ပေါ်လာတာပဲ ထင်ပါရဲ့။

အတော်လည်း အံသြဖို့ကောင်းပါရဲ့..မြကို မြင်လိုက်ရတဲ့ ခဏလေးမှာ ကျွန်တော်က စီးကရက်ကို စတိုင်တစ်ခုအနေနဲ့ သောက်တဲ့ ဆယ့်ရှစ်နှစ်သားလေး ပြန်ဖြစ်သွားတယ်..။ ကဗျာဆရာနဲ့ တူအောင် ကွမ်းကလေးဝါးပြီး ကချင်လွယ်အိတ်ကလေးနဲ့ ကျောင်းလာတက်တဲ့ကောင်လေး ဖြစ်သွားတယ်..။ မိန်းကလေး တစ်ယောက်ကို အသာလေးငေးငေးနေ…အကြည့်လေးတွေ ထိခတ်သွားတိုင်း ဘယ်လို သံစဉ်တွေ ထွက်လာမလဲလို့မျှော်ခိုး လင့်ငံ့နေတတ်တဲ့ အကြည့်သူခိုးလေး ပြန်ဖြစ်သွားတယ်..။ ကန်တင်းထဲကနေ ထိုင်ပြီး ခုံမြင့်ဖိနပ်လေးရဲ့ ခြေလှမ်းလေးတွေ ထိုင်ရေတွက်နေတတ်တဲ့ ကောင်တာလေး ပြန်ဖြစ်သွားတယ်..။ မြတို့လမ်းထိပ်က ကားမှတ်တိုင်မှာ လာလာစောင့်တတ်တဲ့ အခမဲ့ကြိုပို့လေး ပြန်ဖြစ်သွားတယ်..။ ချစ်လိုက်ရတာ မြရယ်..။ ဟောဒီကမ္ဘာကြီးက ချစ်တတ်သူတွေကို သီးသန့်ချီးမြှင့်ဖို့ ဘာလို့ဆုတံဆိပ်တွေ မရှိရတာလဲ။ (နစ်နာတယ်..) ကျွန်တော့်အိပ်ယာခေါင်းရင်းမှာ ကျေးကျွန်တစ်ယောက်ရဲ့ ဂုဏ်ယူမှုမျိုးနဲ့ ချိတ်ဆွဲထားချင်လို့ပါ။

ကျွန်တော် သိတာက လူတွေက အသက်ကြီးရင် ရုပ်ရည်တွေ ရင့်ရင့် သွားတတ်ကြတယ်။ မြကတော့ ဆန့်ကျင်ဘက်။ အသက် နှစ်ဆယ့်ကိုးနှစ်အရွယ်က ဆယ့်ကိုးနှစ် အရွယ်ထက်ကို ပိုလှနေခဲ့တာ။ မြအတွက်နဲ့ သက္ကရာဇ်တွေ ထက်ပိုင်းကျိုးပေးခဲ့တာလား။ ကျွန်တော် ဘာမှ နားမလည်တော့ဘူး။ အရင်တုန်းက ကျွန်တော်သိတဲ့ မြက ပါတိတ်ဝမ်းဆက်ကလေးတွေ ဝတ်တတ်တာ..ဆံပင်ရှည်ရှည်လေးတွေက ညနေလေပြေမှာ မြောနေလွင့်နေတတ်တာ..အပြုံးလို့ အဓိပ္ပာယ်သက်ရောက်စေရုံလေး ပြုံးတတ်တာ..နှုတ်ခမ်းလေး လှုပ်ခတ်တယ်ဆိုရုံလေး စကားပြောတတ်တာ..။ ကျွန်တော်မှတ်ဥာဏ်တွေ အရမ်းကောင်းနေပါလား..။ မြ..ရယ်ချင်သွားတယ် မဟုတ်လား… ဒါပေမယ့် ရယ်မှာမဟုတ်ဘူး..ကျွန်တော်သိတယ်..မြဟာ မြဖြစ်နေလို့ပါပဲ..

မြရယ် ကျွန်တော့်အဖြစ်က အတော်လည်း ရယ်စရာကောင်းရဲ့ ..။ ကိုယ့်ဘာသာ တဖက်သတ်စွဲလမ်းခဲ့ဖူးတယ်။ လှပစွာငြင်းပယ်ခံခဲရဖူးတယ်။ (တကယ့်ကို ပညာသားပါပါ လှလှပပလေး ရိုက်ချသွားခဲ့တာနော်.။) တခြားတစ်ယောက်နဲ့ ဖြတ်လျှောက် သွားခဲ့တာလည်း ကိုယ့်ရှေ့ကပါပဲ။ ဒါနဲ့တောင်များ ဆယ်နှစ်တိတိ နှလုံးသားထဲမှာ ဘာလို့ ရှိနေရတာလည်း..ဟိုအဆိုတော်ကြီးလိုပဲ နောက်တခါ ချစ်ဦးမလားလို့ တုတ်ကလေးနဲ့ ရိုက်ရိုက်မေးချင်တယ်ဆိုတာ ကျွန်တော့်လိုကောင်မျိုးကို နေမှာပေါ့..။ ဒါပေမယ့် ချစ်တာက ချစ်တာပါပဲ။ အဲဒိ ချစ်စိတ်လေးကိုပဲ တအံတသြနဲ့ ကျွန်တော် ကျေနပ်နေမိတယ် မြ။ အသေအချာ စောင့်ရှောက် ထိန်းသိမ်းထားခြင်း မရှိပါဘဲ အလေ့ကျ ရှင်သန်နေတဲ့ အပင်လေးတွေက ကျွန်တော့်ရင်ထဲမှာပေါ့ စိမ်းလန်းဖားဝေလို့.. မြ မလျှောက်ချင်ခဲ့တဲ လမ်းကလေးကတော့ ကျွန်တော့်ရင်ထဲမှာ အကောင်းအတိုင်းပါပဲ..။ ပျော်ရွှင်ပါစေမြရယ်..
လင်းဒီပ
၃.၁၂.၀၈
Photo Source: picture by packergirl44
media.photobucket.com