Sunday, August 29, 2010

ဖတ်မိတော့လည်း ကဗျာ(၄)

ခင်ဗျား ထိုင်တတ်သလား ။

ထိုင်တတ်တဲ့သူဟာ နေရာ မပျောက်ဘူး ။
ထိုင်တတ်တဲ့သူဟာ နေရာ မရွေ့ဘူး ။
ထိုင်တတ်တဲ့သူဟာ ထပေးစရာ မလိုဘူးပေါ့ ။

ခင်ဗျားနှယ်
ခုထိ မနေတတ် မထိုင်တတ် ။

ခင်ဗျား အသက်ကြီးနေပြီ
မတ်တပ် မတ်တပ်နဲ့ …။

ခင်ဗျားအရွယ်ကြီးနဲ့
ထိုင်စရာ ရှာမတွေ့သေးဘူးလား ။

(ဒီထက် ဆိုးတာက)
အခုထိ နေရာမရဖြစ်နေတယ် မဟုတ်လား ဆိုတာမျိုး ။

လင်းဒီပ
၂၉.၀၈.၁၀

Friday, August 27, 2010

ဖတ်မိတော့လည်း ကဗျာ(၃)

အိပ်မက်ကို ထပ်ပြီး အိပ်ငွေ့ချ မခံရဖို့

နိုးနိုးကြားကြား ရှိသူတွေ

ကျယ်ကျယ်လောင်လောင် သတိပေးကြ ။


ခေတ်အပျက်ကြီးထဲ

လူအပျက်ကြီးတွေ

ကပ်လာဂမုန်းတွေ ထပ်ခါ ထပ်ခါ စိုက်

ဂါထာဆိုးတွေ မန်းလိုက် မှုတ်လိုက် ။


သူသူငါငါတွေမှာတော့

သမုဒ္ဒရာအမှားထဲ

ပစ်ထည့်ခံလိုက်ရတဲ့ ငါးတွေ..။


လင်းဒီပ

၂၆.၀၈.၁၀

Thursday, August 26, 2010

ရ ရထားကြီး ပျော်ပျော်စီး

Circle Line ကနေတဆင့် အနီလိုင်းကို Bishan Interchange MRT ကနေ change ဖြစ်ပါတယ် ။ နေ့လည် 1:25 လောက်ပါ ။ Newton MRT ကတဆင့် အစည်းအဝေး သွားရမှာ မို့ပါ ။ circle line ကနေ ကူးတော့ interchange ထဲမှာ လမ်းနည်းနည်း လျှောက်ပြီး to marina bay ဆိုတဲ့ လှေကားလေးအတိုင်း တက်လိုက်ကတည်းက ဘူတာထဲမှာ မှောင်နေတာ သတိထားမိတယ် ။ မီးလုံးလေးတွေ ကွက်ကြားပဲ လင်းနေတော့ တစ်ခုခုတော့ တစ်ခုခုပဲလို့ ထင်မိပါတယ် ။


ပလက်ဖောင်းကလည်း အလင်းရောင်ကောင်းကောင်း မရပါဘူး ။ ခဏနေတော့ ရထားဝင်လာပါတယ် ။ ပြဿနာက အဲဒီမှာ စပါတယ် ။ ရထားက တံခါးတွေဖွင့်လို့ရပြီး ဘူတာဘက်ကpassenger access door(PSD)တွေ ကလုံးဝ မပွင့်ပါဘူး ။ ရထားက တံခါးတွေ ပြန်ပိတ်ပါတယ် ။ဘူတာထဲမှာ နှစ်ယောက်ထဲပဲ ရှိတဲ့ station stuff တွေ ဟိုဒီပြေးပါတယ် ။PSD တွေကို auto ပြန်ဖွင့်လို့ရအောင် သူတို့လုပ်ကြည့်နေပုံရပါတယ် ။ မိနစ်နှစ်ဆယ်လောက် ကြာသွားပါတယ် ။ ရထားထဲကလူတွေက အပြင်ကို ကြည့် အပြင်ကလူတွေက အထဲကို ကြည့်နဲ့ပေါ့ ။ PSD တံခါးတွေကတော့ ခပ်တည်တည်ပါပဲ ။ လုံးဝ မပွင့်ပါဘူး ။


နောက်ဆုံးမှာ ရထားရဲ့တံခါးတွေကို ဖွင့်လိုက်ပါတယ် ။ ပြီးမှ PSD တံခါးတွေရဲ့ ရထားဘက်အခြမ်းမှာ ရှိတဲ့ emergency release တွေကို ခရီးသည်တွေက ဖွင့်ပြီး ဘူတာထဲ ဆင်းလာရပါတယ် ။ ဘူတာထဲက ခရီးသည်တွေကိုလည်း ဒီရထားနဲ့ လိုက်ခွင့် မပေးပါဘူး ။ ရထားပျက်နေပြီ ဆိုပြီး ဒီအတိုင်းကြီး မောင်းထွက်သွားပါတယ် ။ (ရထားမထွက်ခင်မှာ ခုန လူတွေ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ PSD တံခါး ၂၄ ခုကို ဘူတာထဲကနေ station stuff တွေက တစ်ခုချင်း ပြန်ပိတ်ကြရပါတယ်။ တံခါးက လုံးဝ auto မပိတ်တော့ပါဘူး ။) ရထားပျက်တာ မဟုတ်ဘဲ ဘူတာရဲ့ PSD တံခါးတွေ ပျက်တာ ဖြစ်မယ်လို့ တွေးမိပါတယ် ။


ဘူတာထဲမှာ ကျွန်တော်တို့လို marina bay ဘက် သွားမယ့် ခရီးသည်တွေကော ရထားပေါ်က ဆင်းလိုက်ရတဲ့ ခရီးသည်တွေကော အတော်ပြည့်နေပါပြီ ။ ဖြူရော်ရော် ရဲသားလေး လေးယောက်လည်း တွေ့ပါတယ် ။ နှစ်မိနစ်လောက်နေတော့ ဒုတိယရထား ဝင်လာပါတယ် ။ အားလုံးက မျှော်လင့်ချက် အပြည့်နဲ့ပါ ။ ဒီရထားကိုတော့ လိုက်ကြမယ်ပေါ့ ။ ရထားက ထုံးစံအတိုင်း တံခါးတွေ ပွင့်ပါတယ်။ ဘူတာဘက်က PSD တံခါးတွေက မပွင့်ပါဘူး ။ ဒီတော့ ဒုတိယရထားက စိမ်းစိမ်းကားကားပါပဲ ။ ခရီးသည်တွေ တင်တာ ချတာ မလုပ်တော့ဘဲ ဆက်ထွက်သွားပါတယ် ။ ကျွန်တော်တို့ ဘူတာထဲက အဖွဲ့တွေကတော့ …..မျှော်လင့်ချက်သာ မထားခဲ့ရင် ငါ ဒီလို ခံစားရမယ် မထင်ဘူးပေါ့….။


တချို့လူတွေကလည်း ဖုန်းနဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေ မသိမသာလေး ရိုက်နေပါတယ် ။ တချို့ကလည်း တနည်းနည်း စီစဉ်ပေးသင့်တယ်ဆိုပြီး သူတို့လူမျိုးထုံးစံအတိုင်း ကွန်ပလိန်းတွေ စနေပါပြီ ။ နာရီဝက်လောက်လည်း ကြာနေပြီကိုး ။ ခဏနေတော့ လူတစ်ယောက်(မြန်မာထင်ပါတယ်)က သူ့ဖုန်းနဲ့ လက်ကြီးရမ်းပြီး ဗွီဒီယို ရိုက်ပါတယ် ။ ဒါကို ရဲက တွေ့တော့ သွားတားပါတယ် ။ သူက why တွေဘာ တွေ လုပ်နေပါသေးတယ် ။ ။ ဘုရားစူး …ဒီမိုကရေစီကျွန်းကလေးက ဒီလို အနာအဆာတွေ မှတ်တမ်းတင်တာ မကြိုက်ဘူး ဆိုတာ သူမသိလို့ဖြစ်ပါလိမ့်မယ် ။


နောက်နှစ်မိနစ်လောက်နေတော့ တတိယရထားဆိုက်လာပါတယ် ။ ထုံးစံအတိုင်းပါပဲ ။ ရထားတံခါးတွေ ပွင့်ပြီး PSD တံခါးတွေ မပွင့်ပါဘူး ။ ရထားထဲကခရီးသည်တွေကို emergency release တွေ နှိပ်ပြီး ထွက်လာဖို့ လှမ်းပြော ခရီးသည်တွေ တံခါးကို ကိုယ်ထူကိုယ်ထ ဖွင့်ပြီး ဆင်းလာကြပါတယ် ။ ဘူတာထဲက ခရီးသည်တွေကလည်း ရထားပေါ်တက်ကြပေါ့ ။ကျွန်တော်လည်း လိုက်တက်ပါတယ် ။ ပြီးတော့ ရထားက door closing လုပ် ။ ရထားက ထွက်သွားပေမယ့် ဘူတာရဲ့ ၂၄ ခုသော PSD တံခါးတွေကတော့ ပွင့်လျှက်သားပဲ ကျန်ခဲ့ပါတယ် ။ ဘယ်လို ဆက်ဖြေရှင်းတယ်တော့ မသိပါဘူး ။


Circle line မှာလည်း မကြာခဏ Power trip ဖြစ်ပြီး ရထားရပ်ပါတယ် ။ အစိမ်းလိုင်းလည်း west ဘက်မှာ မကြာခဏဖြစ်တယ်လို့ ရေးတာ ဖတ်ရပါတယ်။ အခုအနီလိုင်းမှာကတော့ နေလည်က ကိုယ်တွေ့ပါ။ ရ ရထားကြီး ပျော်ပျော်စီး မိတဲ့ နေ့တစ်နေ့ပါပဲ ။


လင်းဒီပ

၂၆.၀၈.၁၀

Tuesday, August 24, 2010

နာနာကြည်းကြည်း

ငါ့ကို ငါတော့

နင့်ကို

တစ်ပင်လုံး ညွှတ်ကိုင်း

“ပေး” လိုက်တယ် ထင်တာ ။


ငါက ကျည် အ နေတဲ့ ဦးနှောက်နဲ့

ဂငယ်ကွေ့တွေ များလွန်းတဲ့ကောင် ။


ငါက အမှားတွေ တင်လာတဲ့ မီးရထား

ပါးစပ်ကလေးနဲ့ ချစ် ချစ် ပြနေတဲ့လူ ။


ပိုးစိုးပက်စက် မှုတ်ထုတ်ပစ်လိုက်စမ်း

ငါကို့ နဂါးငွေ့တန်းတွေဆီ အရောက်

ငါ့ကိုငါ ပြန်မတွေ့နိုင်တော့တဲ့ အထိ ။


ငါက

အရေခွံကအစ

အသွေး

အသား

အရိုးတွေအထိ

ဘာမှ သုံးမရတဲ့ကောင် ။


လင်းဒီပ

၂၄.၀၈.၁၀

Sunday, August 22, 2010

အင်းဆက်ကလေးများ

အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

အမှောင်မှာ တကျီကျီ အော်လို့

မင်းတို့ အလင်းဆာလောင်နေကြတာလား ။


အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

မင်းတို့ပျံသန်းဟန်က မင်းတို့ ဘာသာစကားဆို

အဲဒီ ကခုန်ခြင်းဘာသာစကားနဲ့

မင်းတို့ခရီးတာကို ပြောပြနေတာလား ။


အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

မင်းတို့အင်တင်နာလေးတွေက

လောကဓံအထူအပါးကို တွက်ဆကြည့်ဖို့များလား ။


အင်းဆက်ကလေး

ဆိုးတဲ့ အင်းဆက်ကလေးတွေ

မင်းကတော့ ငါ့အသားကို ကိုက်ရမှ ငါ့သွေးကို စုပ်ရမှ လား ။


အင်းဆက်ကလေး

ဆိုးတဲ့ အင်းဆက်ကလေးတွေ

မင်းကတော့ ငါ့စာအုပ်တွေ ကိုက်ဖြတ်လိုက်ရမှ တဲ့လား

မင်းက PhD အင်းဆက်ကလေးလား ။


အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

သစ်ရွက်ကလေးတွေကို ကိုက်ဖြတ်စား

တစ်နေ့မှာ လိပ်ပြာကလေးအဖြစ် ပျံသန်းခွင့် မရခင်..။


အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

သဘာဝတရားမှာ မသိနားမလည်ခြင်းတွေနဲ့ ပျော်ပါး

အုပ်စုဖွဲ့နေထိုင် ကိုလိုနီလုပ်နေတတ်တဲ့ အင်းဆက်ကလေးတွေ ။


အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

ဥယျာဉ်ထဲမှာ တဝှီဝှီ ပျံသန်းလို့ ။

ဥယျာဉ်ထဲမှာ ပန်းကလေးတွေဆီ ဝတ်ရည်စုပ်လို့။


အင်းဆက်ကလေး

အင်းဆက်ကလေးတွေ

အရောင်စုံအင်းဆက်ကလေးတွေ

ငါ့ဘဝပေါ်မှာ ပျံသန်း

ငါ့စိတ်ရေအိုင်ထဲမှာ ကူးလူးလို့ ။


လင်းဒီပ

၂၂.၀၈.၁၀

(သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကဗျာလိုလို ဘာလိုလို :P)

စနေဒိုင်ယာရီ

မနက်ပိုင်းမှာ မတွေ့တာ ကြာပြီဖြစ်သည့် ကဗျာဆရာမကြီးနဲ့ တွေ့ဖို့ ချိန်းပြီးမှ ပျက်သွားသည် ။ လမ်းပေါ် ရောက်နေပြီ ဆိုတော့ တစ်နေရာရာတော့ ဆက်သွားချင်သည် ။weekend တွေမှာ ငေါင်ထီးထီး ဖြစ်နေတတ်တဲ့ အချိန်တွေကို အရွဲ့တိုက်ပြီး ဘယ်သွားရင် ကောင်းမလဲလို့ လျှပ်စစ်ရထားပေါ်မှာ စဉ်းစားသည် ။ နောက်တော့ သူငယ်ချင်းအတွဲကို ဒုက္ခပေးရန် အမှတ်ရပြီး sms နှင့် လှမ်းမေးလိုက်သည် ။ ဒီနေ့ ဘယ်သွားဖို့ အစီအစဉ်ရှိလဲဆိုတော့ လိုက်မလား Haw Par Villa တဲ့ ။ ရောက်ဖူးပြီးသား နေရာတစ်ခုပေမယ့် လမ်းပေါ် အကြောင်းမဲ့ လျှောက်မနေချင်သည့် အတူတူ လိုက်ရှုပ်မိသည် ။


ဟိုရောက်တော့ ပထမအခေါက်တုန်းက မဝင်ခဲ့သည့် ငရဲကြီးဆယ်ခန်းကို ဦးစွာ ဝင်မိသည် ။ ကျွန်တော်သိထားတာ ငရဲကြီးရှစ်ထပ်ပေမယ့် ဒီမှာ သူတို့ကတော့ ငရဲကို ဆယ်ခန်းခွဲထားသည်။ မင်းခိုက်စိုးစန်က ငရဲကြီးရှစ်ထပ်မှာ ချစ်တတ်တဲ့လူတွေအတွက် မြေတစ်ကွက်စာတော့ရှိကောင်းရဲ့လို့ ဖတ်ဖူးတာ တွေးမိသည် ။ လုပ်သည့် အပြစ်ပေါ်မူတည်ပြီး ခံရသည့် ငရဲ မတူတာတွေကို ပြထားသည် ။ ငရဲဆိုသည့်အတိုင်း အနိဌာရုံတွေပေါ့ ။


မကောင်းမှု မပြုမိအောင် ပြုလက်စရှိရင်လည်း ရှေ့မဆက်အောင် ဆုံးမ သွန်သင်လမ်းပြလိုသည့် သဘောစေတနာဖြင့် အသေအချာလေး လုပ်ပြထားတာတွေ့ရသည် ။နောက်ဆုံး ဆယ်ခန်းမြောက် ငရဲကိုလွန်သောအခါ(အပြစ်တွေကို ဆေးကြောလို့ပြီးပြီဖြစ်လို့) magic tea ကို ပြန်သောက်လိုက်သောအခါ အရာအားလုံးကို မေ့လျော့သွားသည် လို့ရေးထားသည်။ ပြီးတော့မှ wheel of reincarnation မှတဆင့် လမ်းခြောက်သွယ်ဖြင့် လူ ဒါမှမဟုတ် တိရစ္ဆာန်ဘဝ ပြန်ရောက်ပုံကို ရှင်းထားသည် ။ ကျွန်တော်သိထားသော သုံးဆယ့်တစ်ဘုံဖြစ်စဉ်များ နှင့် ကွဲလွဲနေသောလည်း လေ့လာမိသည် ။မဟာယန နဲ့ ထေရဝါဒ ကွာလို့ ထင်သည် ။


ဟောပါဗွီလာက ထွက်လာတော့ ဘတ်စ်ကားစီးပြီး ဟားဗားဖရန့် ။ ထိုမှတဆင့် လျှပ်စစ်ရထား စီးပြီး နားထဲမှာ မကြာခဏ ကြို့ပင်ကောက်အင်တာချိန်းလို့ ကြားကြားမိတတ်သည့် ဒိုဘီဂေါက်ကို သုံးယောက်သားရောက်သွားသည် ။ သူငယ်ချင်းမက အိုင်ဖုန်းဖိုး ကြည့်ချင်သည် ။ ပလာဇာစင်ကပူရ ထဲ ရောက်သွားသည် ။ အမ်ဝမ်းက ချစ်စဖွယ်စကားဆိုသည် ။ 300 min plan ကို contract fee $210 ကျသည် ။ ဒါကို Spass holder တွေဆို $480 (100min plan က နှုန်းနှင့်) contract လုပ်ရမည်တဲ့ ။ မနက်က ဂျူရောင်းပွိုင့် အမ်ဝမ်းမှာ မေးခဲ့တုန်းက ဒီအတိုင်းပဲ ပြောသည် ။ ဒါနဲ့ စတားဟတ် ဆက်သွားကြတော့ ပစ္စည်းကုန်နေသည် ။ စင်းတဲလ် က ဈေးနည်းနည်း မြင့်နေသည် ဆိုပြီး မဝင်ဖြစ်တော့ ။


ရှော့ပင်းမောလ်ထဲမှာတော့ ထုံးစံအတိုင်း လူတွေကိုငေး ဆိုင်တွေကိုငေး နဲ့ အချိန်တွေကုန်သွားသည် ။ ရည်ရွယ်ချက် မယ်မယ်ရရ မရှိ ။ နောက်တော့ G2000 မှာ discount ဆိုပြီး ဝယ်မိကြပြန်ရော ။ ဈေးဝယ်တာကလည်း တခါတလေကျတော့ အပန်းဖြေနည်း တစ်ခုလို ။ ဒီရောက်မှ မကောင်းတဲ့အကျင့်က ဈေးသင့်တယ်ဆို လိုလို မလိုလို ဝယ်မိတတ်တာ ။ ပြီးတော့ သုံးယောက်လုံး အကြိုက်တူသည့် ကော်ဖီခါးခါးလေးတွေ သောက်ရင်း ရှေ့ရေး နောက်ရေး အလည်ရေး တွေ ပြောရင်း မောနေ မိပြန်သည် ။


ဒိုဘီဂေါက်ကနေ သူတို့နှင့် လမ်းခွဲပြီး နေတဲ့အခန်းလေးဆီ ပြန်လာတော့မှ ညစာ ဘာမှ မရှိ ။ ထမင်းကို ချက်ပြီးမှ မနေ့က ဝယ်ပြီး မစားရသေးသည့် ပဲပြုတ်ကို ကြက်သွန်နီနှင့်ကြော် ထမင်းနဲ့နယ် စားမိသည် ။ ထမင်းစားနေရင်း မျိုးကျော့မြိုင်၏ …တစ်ယောက်ထဲ စားတဲ့ညစာ ဒီအခန်းထဲ… ဆိုတဲ့ သီချင်းကို အမှတ်ရသည် ။


အွန်လိုင်းတက်တော့ သူငယ်ချင်းမက လှမ်းပြောသည် HTC ပဲ ဝယ်လိုက်တယ် ။ $198 တဲ့ ။ သူ့ကို စချင်တာနဲ့ smart phone ချင်းတူပေမယ့် အိုင်ဖုန်းဖီလင်က တခြားဟာတွေနဲ့ မတူဘူးလို့  နောက်ဖြစ်သည် ။ မျက်နှာစာအုပ်မှာ သူငယ်ချင်းတစ်ယောက်က စနေညပါတီဆိုပြီး အမြည်းပုံတွေ တင်လိုက်သည်။ သောက်ချင်တယ် ဆိုတော့ လာခဲ့လေတဲ့ ။ မနက်ကလည်း ငရဲပြည် မှာ magic tea မသောက်ခဲ့ရလို့လားမသိ ။ လူက အရမ်းပင်ပန်းနေပြီ ။ ထပ်မထွက်ချင်တော့ ။


လင်းဒီပ

၂၂.၀၈.၁၀

Thursday, August 19, 2010

နာမည်ကြီး

လမ်းဘေးဆိုင်လေးတွေ ထိုင်လို့မဖြစ်ဘူး
တချိန်ကျရင် ကျော်ကြား လာမယ့်သူဆိုတော့…

ဖြစ်သလို ဝတ်စားလို့လည်း မဖြစ်သေးဘူး
တချိန်ကျရင် ထင်ရှားလာမယ့်သူ ဆိုတော့…

လူများတဲ့ နေရာတွေလည်း သွားလို့ သိပ်မဖြစ်ဘူး
တချိန်ကျရင် ကျော်ဇော လာမယ့်သူ ဆိုတော့….

မိတ်ဆွေတွေနဲ့ တွေ့တဲ့အခါ
ထွေရာလေးပါး သိပ်မပြောချင်ဘူး ။

မူးရင် သီချင်း အော်ဆိုတတ်တဲ့သူတွေနဲ့
တွဲမသောက်ချင်ဘူး။

အိုင်းစတိုင်းအကြောင်းပဲ လေ့လာခဲ့တယ်..။
ဘီလ်ဂိတ်အကြောင်းပဲ ဖတ်ခဲ့တယ်…။
အိုဘားမား စကားပြောဟန်ကို ကျင့်ခဲ့တယ်…။

ဘိုစာတွေပဲ စားဖြစ်တယ်
ဘိုသီချင်းတွေပဲ နားထောင်ဖြစ်တယ်
ဘိုရုပ်ရှင်တွေ ကြည့်ရင်း
ဘိုလိုရေးထားတဲ့ စာအုပ်ထူထူကြီးတွေ သွားလေရာ သယ်ရင်းနဲ့…

ကျော်ကြားတဲ့ လူတွေအကြောင်းပဲ ရွေးဖတ်ဖြစ်တယ် ။
ကိုယ်ဖြတ်သန်းလာရတာနဲ့
သူတို့ဘဝနေထိုင်မှုတွေနဲ့
တနေ့တနေ့
တစ်ယောက်တည်း ချိန်ခွင်လျှာညှိရတာလည်း
မောတယ် ။

ဘယ်သူ သိသိ မသိသိ
ငါ့ကိုငါ သိသပေါ့

ဘယ်သူ တွေ့တွေ့ မတွေ့တွေ့
ငါ့ကိုငါ့ တွေ့သပေါ့ ။


အဲသလို
အဲသလို
ငါဟာ တိတ်တိတ်လေး နာမည်ကြီးနေသူပါ ။

လင်းဒီပ
၁၉.၀၈.၁၀

Sunday, August 15, 2010

လူပျိုစကား

အချစ်ဆိုတာ
သံယောဇဉ်ချည်မျှင်ကလေးတွေနဲ့
ဖွဖွလေး ရက်ထားတဲ့
နှလုံးသားလက်ရက်ထည်လေး။

မင်း ဆင်မြန်းချင်စိတ်ကလေးကို
မျှော်ငေးကြည့်နေရင်းပေါ့။

စိတ်ထဲမှာတော့
တိုက်ကြည့်လိုက်တိုင်း
မင်းဟာ အခါခါ ပေါက်နေတဲ့ ထီလက်မှတ်ကလေး ။

ညတွေ ညတွေဆိုလည်း
အမှောင်တွေကို တွန်းတွန်းတိုက်တိုက်နဲ့
မင့်ရနံ့လေးတွေ လာလာ ခိုးနေတဲ့ ပိုးစုန်းကြူးကလေး ကိုယ်။

မကျန်ခဲ့ချင်ဘူး
စာမေးပွဲခန်းထဲ ဖြေရခက်တဲ့ မေးခွန်းလေးလို

ခေါင်းကလေး ရမ်း ခါ လိုက်မှာလား
ထားခဲ့မယ် ဆိုရင်
အလွမ်းပလက်ဖောင်းလေးကိုပဲ
တစ်ဘဝလုံး ခေါင်းအုံးအိပ်မိလိမ့်မယ် ။

လင်းဒီပ
၁၅.၀၈.၁၀

Wednesday, August 11, 2010

သူငယ်ချင်းများ နဲ့ ခပ်ဝေးဝေး လောကဓံမှာ ငါ(အိုင်လွယ်ပန်)

ကျွန်တော်တို့ဘဝဖြတ်သန်းမှုတွေမှာ အချိန်တိုင်း ပါဝင် ပတ်သက်နေတာ သူငယ်ချင်းတွေပါပဲ ။ ငယ်ငယ်က စာအုပ်တစ်အုပ်ထဲမှာ သူငယ်ချင်းတွေက ညဘက်ကောင်းကင်က ကြယ်ကလေးတွေနဲ့ တူတယ်တဲ့ ။ လူ့ဘဝရဲ့ မှောင်တဲ့လမ်းတလျှောက်ကို လမ်းပြပေးလို့ပါ ။နောက်စကားတစ်ခုကတော့ သူငယ်ချင်းတွေက အိမ်မှာ စိုက်ထားတဲ့ ပန်းအိုးကလေးတွေနဲ့ တူသတဲ့ ။ ရေမှန်မှန်လောင်းမပေးပဲ စိတ်ထင်မှ ထလောင်းရင် အပင်ကလေးတွေ ဘယ်ရှင်ပါတော့မလဲတဲ့ ။ကျွန်တော်တို့ဘဝတွေမှာ ရင်ဘတ်တူ ခင်မင်ပေါင်းသင်းခဲ့ရတဲ့ သူငယ်ချင်းတွေ အများကြီးရှိမှာပါပဲ ။ ကျွန်တော့်စိတ်ထဲမှာ အဲဒီ သူငယ်ချင်းတွေအတွက် ကဗျာရေးဖို့လုပ်လိုက် အားမရလိုက် ပြန်ချထားလိုက်နဲ့ပါ ။ ဒီကဗျာလေးကတော့ မိတ်ဆွေကြီး ကိုအိုင်လွယ်ပန် မသိတုန်း သူ့ဘလောဂ်က သွား အလစ်သုတ်လာတာပါ ။ ကြိုက်လို့ပါ ။ အဲလိုကဗျာတွေဖတ်မိရင် အဲလိုသူငယ်ချင်းတွေကို အမှတ်ရတယ် ။ တကယ့် လွမ်းလွမ်းဆွေးဆွေးကြီးဗျာ ။

သူငယ်ချင်းများ နဲ့ ခပ်ဝေးဝေး လောကဓံမှာ ငါ

အနီးဆုံးနီးဖူးသလို
အဝေးဆုံးလည်း ဝေးခဲ့ဖူးပြီ
ရရှိလိုက်ဖူးသလို
ဆုံးလည်း ဆုံးရှုံးခဲ့ ဖူးပြီ
စစ်တုရင် ခုံမရှိတဲ့ လဘ္ဘက်ရည်ဆိုင်
ငြင်းခုန်သံ ဖြူဖြူတွေ မရှိတဲ့ အရက်ဆိုင်
စသံနောက်သံ တွေမရှိတဲ့ အပန်းဖြေနေရာ
ငါ့ အာသီသတွေမှာ ရင်ဘတ် ပါမလာတော့ဘူး ။

မူးလာရင် အကျီ င်္ ကြယ်သီးကိုဟ
ရင်ဘတ်ကို ပုတ်ပုတ်ပြတတ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့
စုပေါင်းစပ်ပေါင်း ဂစ်တာ ကိုင်ခဲ့တဲ့လက်က
ပုခက်လွှဲဖို့ ဟန်ပြင်နေပြီဆိုတဲ့အကြောင်းကြားရတယ်
သိပ်စိတ်ကြီးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ဆီကလည်း
အသက်တွေ ကြီးလာပြီဆိုတဲ့ အကြောင်းကြားရတယ်
လုပ်သမျှ အမြဲလွဲနေတဲ့ သူငယ်ချင်းတစ်ယောက်လည်း
တရားတွေ ထိုင်ဖြစ်နေတယ် ကြားရတယ်
တစ်ချိန်လုံး အိပ်ချင်နေတဲ့ သူငယ်ချင်းတစ်ယောက်လည်း
အလုပ်ချိန်နဲ့ အိပ်ချိန် အချိုးချမရတဲ့အဆုံး
အလုပ်ထဲမှာ အိပ်အိပ် နေတယ် ကြားရတယ် ။

တစ်ယောက် ပုခုံး တစ်ယောက်ဖက်ပြီး
တစ်ရက်ကို နာရီနှစ်ဆယ်လောက် မူးခဲ့တဲ့ရာသီတွေ
အမူးပြေတော့ တစ်ယောက်လက်သီးဒဏ် တစ်ယောက်
ပြန်ယုယ ပေးခဲ့ကြတဲ့ သူငယ်ချင်း ထီး တွေ
ပယ်ပယ်နယ်နယ် ချာချာလည်ဖို့ အမြည်းလုပ်ပေး
မူးလာရင် ကျယ်ကျယ်လာတတ်တဲ့
အရည်မရ အဖတ်မရ စကားသံတွေကို
ခြင်ကိုက်ခံ နားထောင်ပေးကြတဲ့ သူငယ်ချင်း မ တွေ
အ … ခု
တစ်ယောက်ခေါ်သံတွေ တစ်ယောက် ချက်ခြင်းကြားဖို့ခက်ခဲ
အဖြူရောင်တွေပဲ မြဲမြဲ ကျန်ခဲ့တော့တယ် ။


ဆိုပါတော့
အသံတွေ ခါ နေတယ်
မီးမညှိရသေးတဲ့ ဆေးလိပ်က
မီးခိုးတွေ တငွေ့ငွေ့ အူနေတယ်
မြိန်ရာဟင်းကောင်းဆိုတာကို
အမေထည့် ပေးလိုက်တဲ့ စာအုပ်ထဲမှာ တွေ့တယ်
သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ မေးလ် ထဲမှာတွေ့တယ်
စာအုပ်ကို ဆက်မဖတ်ချင်တော့တာနဲ့
မေးလ်ကို ဆက်မဖတ်ချင်တော့တာနဲ့
အမေ့ရဲ့ မေတ္တာတရားကို ငါဖတ်နေလိုက်တယ်
သူငယ်ချင်းတွေရဲ့ မေတ္တာတရားကို ငါဖတ်နေလိုက်တယ် ။

“ခဏလေးများ” သီချင်းကို ဆိုလိုက်ချိန်ဟာ
တကယ့်ကို
ခ ..ဏ …လေး
ခဏလေးတွေ များများလာဖို့
အချိန်ယူရတာပဲ ကြာတယ်
ဘာကိုမှ ငါမစောင့်ချင် တော့သလို
ဘာတွေကမှ လည်း
ငါ့ကို မစောင့်စေချင်တော့ဘူး
လည်ရင်းပတ်ရင်း တကွေ့ကွေ့မှာ
အလိုလို ပြန်လည် ထိရှကြမယ် ။

အားနည်းနည်းပဲစိုက်
အကျိုးသက်ရောက်မှုများတာ
စွမ်းရည်တစ်မျိုးဆို
နှလုံးသားက အဲဒီဓာတ်ချို့တဲ့တယ်
အဲဒီ သဘောသဘာဝအတွက်
ထူးပြီး မပျော်ရွှင်သလို
ထူးပြီးလည်း ဝမ်းမနည်းနေတော့ဘူး ။

ဆိုပါတော့
အဲသလို ထောင့်မကျိုးတဲ့
ရင်ဘတ်တစ်ခုရဲ့အဖြူရောင်ဟာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ အသေးအဖွဲလေး ပဲဆိုပါတော့
အဲဒါလေးကို မြင်အောင်ကြည့်ဖို့
ခင်ဗျားမျက်လုံး ဘယ်လောက်ချုံ့အားကောင်းသလဲ
ခင်ဗျား မသောက်ဘဲ မူးတတ်လား
ခင်ဗျားမှာ သူငယ်ချင်းတွေရှိလား
မှန်ကြည့်ရင် ခင်ဗျားအရင်ဆုံးတွေ့တာ
မှန်ကိုလား ခင်ဗျားကိုယ်ခင်ဗျားလား
စိတ်ရှုပ်သွားသလား
အဲဒါဆို ....
ခင်ဗျား ဘယ်နှစ်မျိုး ဆဲ တတ်လဲ ။။

အိုင်လွယ်ပန်


ကျွန်တော့်ဘဝတစ်လျှောက်မှာ ပါဝင်ပတ်သက်ဖူးသမျှ ကာလာစုံသူငယ်ချင်းတွေကို သတိရပြီး ကိုအိုင့် ကဗျာလေးကို ရွတ်မိတယ် ။ စိုင်းစိုင်းသီချင်းလေးထဲကလို တချို့တွေက ပူပြင်းပြီး တချို့တွေက အေးမြတဲ့ဒေသ ငါကလည်း နေရာသစ်မှာ စနစ်တကျလို့ပဲ ပြောရမှာပေါ့လေ ။

လင်းဒီပ

Tuesday, August 10, 2010

မြစ်ကျိုးအင်း

(၁)

မြေအောက်ဘူတာရုံကလေးထဲက ထွက်လာပြီး နေတဲ့အခန်းဆီ အပြန်လမ်းမှာ ညစာအတွက် အစားအသောက်တန်းရှိ တရုတ်ဆိုင်မှ ခေါက်ဆွဲ သုံးဒေါ်လာတန် တစ်ပွဲ ဝယ်လာခဲ့သည် ။ သူ့အလုပ်လုပ်တဲ့ ရုံးက မြန်မာတွေစုတဲ့ ပလာဇာနဲ့ နီးတော့ နေ့လည်စာကို မြန်မာထမင်းပဲ ပုံမှန် သွားစားဖြစ်သည် ။ ဆဲလ်ဗင်း အီလဲလ်ဗင်း ရှေ့ရောက်မှ စီးကရက်ကုန်သွားတာ အမှတ်ရတော့ မာဘိုလို ဝင်ဝယ်ရသည် ။

မြတ်လေးဖြူဆီက မနေ့က အီးမေးလ်ဝင်လာသည် ။ သူမ လက်ထပ်တော့မည် တဲ့ ။ သူ ဝမ်းမနည်းသလို အထီးကျန်သွားသလိုလည်း မခံစားမိ ။ သူ့ဘဝမှာ ဘာကိုတွယ်တာရမှန်း မြတ်နိုးရမှန်း မသိတာကြာခဲ့ပြီ ။ အခန်းလေးက တိတ်ဆိတ်စွာ သူ့ကို စောင့်နေသည် ။အဆင်ပြေပါစေ မြတ်လေးဖြူ …မင်းရဲ့ နယူးယောက်ညတွေ အဆင်ပြေပါစေ …။

(၂)

တကယ်ဆို သူတို့နှစ်ယောက်လုံးချစ်တဲ့ ရန်ကုန်မြို့ကြီးကို မြတ်လေးဖြူက ပထမဆုံး စွန့်ခွာခဲ့တာ ဖြစ်သည် ။သူ့ထက် အသက်နှစ်နှစ်ငယ်တဲ့ မြတ်လေးနဲ့ သူက မိခင်ချင်း ညီအစ်မလိုရင်းနှီးနေတော့ တစ်အိမ်နှင့် တစ်အိမ် ဝင်ထွက်နေဖြစ်တာ ခပ်ငယ်ငယ်ကတည်းက ။ နောက်မြတ်လေးဖေဖေက သူ့သိပ်လေးစားတဲ့ ကဗျာဆရာကြီး ။ မြန်မာစာနဲ့ပတ်သက်လျှင် နှံ့စပ်လွန်းသူ ။စာဖတ်တတ်တဲ့ အရွယ်ရောက်တော့ မြတ်လေးတို့အိပ်ရောက်တိုင်း သူ သွားသွားငေးမိတာ စာအုပ်တွေ ။

သူကျောင်းမပြီးခင်မှာ မြန်မာပြည်ရဲ့ စာပေရှင်သန်ခွင့်ကို အားမလို အားမရဖြစ်ပြီး သူ့ဖေဖေက အပြင်ထွက်သွားတော့သည်။ ပြန်လာမှာလည်း မဟုတ်တော့ ။ မြတ်လေးအစ်ကိုက ယူအက်စ်မှာ ရောက်နေပြီးသား ဆိုတော့ မိသားစုလေးယောက်ရှိသည့် မြတ်လေးတို့မှာ သားအမိ နှစ်ယောက်ပဲ ကျန်ခဲ့သည် ။ သိပ်မကြာခင် သူတို့လည်း လိုက်သွားတော့မယ်ဆိုတာ သူတွေးမိသည်။မြတ်လေးနဲ့ ချစ်သူဖြစ်ပြီး နှစ်နှစ်ဝန်းကျင်လောက်ပေါ့ ။

သူ့ ကျောင်းပြီလို့ ရန်ကုန်က လျှပ်စစ်ပစ္စည်းအရောင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတုန်း မြတ်လေးတို့ သားအမိလည်း လိုက်သွားဖို့ ပြင်ကြသည် ။မြတ်လေးတို့သားအမိသွားမယ့်နေ့က သူရယ် မေမေရယ် လေဆိပ်လိုက်ပို့သည် ။မြတ်လေးမေမေက မေမေ့ကို ဖက်ငိုသလို မြတ်လေးက သူ့ရင်ခွင်ထဲမှာ တရှိုက်ရှိုက် ငိုနေတာ ။ အဲနေ့ညနေက ပြန်လာတော့ သူ အမူးသောက်မိတာ မှတ်မိသည် ။အတော်ညနက်မှ အိမ်ပြန်လာခဲ့သည် ။

နိုးလာတဲ့အချိန်မှာ အသိက ဒီမြို့တော်မှာ မြတ်လေး မရှိတော့ ။ ဘာဆက်လုပ်ရမှန်း မသိ ။ ဘယ်သွားရင် ကောင်းမလဲ ။ အရင်လို မနက်ခင်းခေါ်သံလေးတစ်ခုလည်း တယ်လီဖုန်းလေးက တဆင့် ဝင်လာစရာ မရှိတော့ ။ ကုတင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ မြတ်လေး ပေးခဲ့ဖူးတဲ့ စားပွဲတင်နာရီပြာပြာကလေးက စက္ကန့်တွေက ဖြည်းဖြည်းချင်း ရေတွက်နေပုံ ။ မြတ်လေး မရှိတဲ့ စက္ကန့်တွေ နှေးကွေးလွန်းလှသလို ခံစားမိသည်။ရန်ကုန်မြို့ကြီး တိတ်ဆိတ်အေးစက်သွားသလို ခံစားမိသည် ။

စာအုပ်တွေဖတ်ရင်း အလုပ်တွေလုပ်ရင်းနဲ့ တစ်လလောက် နေတော့လည်း နေတတ်သွားသည် ။

(၃)

နှစ်နှစ်လောက်နေတော့ အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုးဆုံးကျွန်းနိုင်ငံလေးဆီ သူ ထွက်လာခဲ့သည်။ မေမေက မင်း မြတ်လေးတို့ဆီ လိုက်သွားချင်လို့လား မေးတော့ သိပ် မသေချာပါဘူး မေမေလို့ပဲ ဖြေမိသည် ။မြတ်လေးနဲ့ ဆက်သွယ်ရတာ အရမ်းလွယ်သွားတော့ မြတ်လေးလည်း ပျော်သွားသည်။ သူကတော့ သိပ်မထူးပါ ။ဘာကို နှောင်ဖွဲ့တွယ်တာရမှန်း မသိဖြစ်နေတာ ကြာခဲ့ပြီ ။

မနှစ်က မြတ်လေး သူ့ကို ပြောသည် ။ ကိုလင်းလည်း သုံးဆယ်ပြည့်ပြီနော် ။ မြတ်လေးလည်း နှစ်ဆယ့်ရှစ် ရှိပြီ ဘယ်လို လုပ်မယ် စဉ်းစားထားလဲ ။မြတ်လေးအစ်ကိုကလည်း ငယ်တုန်းမှာ ထွက်လာခဲ့ဖို့ ဖုန်းနှင့် စိတ်ရှည်ရှည် နားချသည် ။ မြန်မာပြည်မှာ မနေတာခြင်းအတူတူ နိုင်ငံခြားက နိုင်ငံခြားပဲ ။ မင်းအဲမှာ နေရင်တစ်လ ဘယ်လောက်ရှာနိုင်မလဲ ။ ယူအက်စ်မှာနေရင် တစ်လဘယ်လောက် ရှာနိုင်မလဲဆိုပြီး တွက်ပြသည် ။ ခက်နေတာက သူ ငွေအတွက် ထွက်လာတာလည်း မဟုတ် ။ ဒါဆို ဘာလိုချင်လို့ပါလိမ့် ။ ဘာလိုချင်မှန်းကို မသိ ။ မြန်မာပြည်မှာလည်း သူ မနေချင် ။ နောက်ဆုံး ကိုလင်းက လူငယ်ဖြစ်ပြီး တိုးတက်ချင်စိတ် မရှိဘူးဟု မြတ်လေးက ငိုရင်း ပြောသည် ။ အနီးမှာသာဆို လက်သည်းတွေနဲ့ ရင်ဘတ်ကို ကုတ်ခြစ်မလား မသိ ။

(၄)

စီးကရက်သောက်ချင်လို့ပဲနေမှာပါလို့ အကြောင်းပြပြီး မြေကြီးပေါ်ဆင်းလာခဲ့သည် ။ ရေးလက်စ ကဗျာတစ်ပုဒ်လည်း ဆက်မရေးချင် ။ နာရီက ည ဆယ့်နှစ်နာရီ ။ ဒါဆို မြတ်လေးတို့ဆီမှာ နေ့လည် ဆယ့်နှစ်နာရီပေါ့ ။ရန်ကုန်မှာ တုန်းမှာ ထမီရှည်ရှည်မှ ဝတ်လေ့ရှိသော မြတ်လေး အခုကော မီနီစကတ်တွေ ဝတ်တတ်နေပြီလား လို့ ဘာမဆိုင် ညာမဆိုင် တွေးရင်း ပြုံးမိသည် ။ တကယ်ဆို ဒါ သူ့ဘဝထဲက မြတ်လေး အပြီးအပိုင် ထွက်သွားတာပဲ ။ ရန်ကုန်ကနေ မြတ်လေး ထွက်သွားတုန်းကလောက်တောင် သူ မခံစားရ ။

သူ ဘယ်ကို စီးဆင်းနေပါလိမ့် ။ သူ ဘာကို လိုချင်ခဲ့ပါလိမ့် ။ ဘဝကို ဒီလိုကြီးပဲ ဘာကို လိုချင်ရမှန်းမသိ အဓိပ္ပာယ် မတွေ့သော လူတစ်ယောက်လို သူ စီးဆင်းမှာလား ။ စီးဆင်းတယ်ဆိုတာထက် ရေစီးတစ်ခုမှ ရပ်တန့်ပြတ်တောက်ကျန်ခဲ့တော့ မြစ်ကျိုးအင်း တစ်ခုနှယ် ကိုယ့်ဘာသာ တွေးမိသည် ။ ရှင်သန်နေထိုင်မှုကို အားရပါရဲ့လား ။ သူကတော့ နေ့နဲ့ည လည်ပတ်ရင်း သုံးဆယ်တစ်နှစ်ရှိခဲ့ပြီ ။

အခန်းထဲ ပြန်ရောက်တော့ google ကနေ မြစ်ကျိုးအင်းလို့ ရိုက်ထည့်ပြီး ကဗျာလေးတွေ ရှိလို့ရှိညား ရှာနေမိသည် ။

လင်းဒီပ
၁၀.၀၈.၁၀

Sunday, August 8, 2010

အမှတ်တရ ဒဏ်ရာ


ကျွန်တော်သီချင်းတွေ နားထောင်တတ်စကတည်းက စာသားကို အဓိက ခံစားတတ်သည် ။ ပြက်တိပြက်ချော စကားလုံးတွေ သွပ်ထားတာမျိုးဆိုရင်တော့ ငယ်ငယ်ကတည်းက စိတ်ပျက်တတ်ပါသည် ။ နောက်တစ်ခုက သီချင်းတွေကို အဆွေး လွမ်းဆွတ်မှု ကြေကွဲခြင်းကို ဖွဲ့တတ်တာမျိုးလေးတွေကို ပိုနားထောင်ဖြစ်သည် ။ ဝတ္ထုတွေ ရုပ်ရှင်တွေဆိုလည်း ကွဲမှ ဇာတ်နာမှ သဘောကျသည် ။ ဒါကြောင့်လည်း မောင်စိန်ဝင်း ဝတ္တုကလေးတွေ စွဲလမ်းခဲ့တာ ဖြစ်နိုင်သည် ။


….. အကြင်နာရယ် ရီဝေတဲ့ အပြုံးလေးများကြားမှ ယစ်မူးရင်းနဲ့သာ ရင်ခုန်သံများ ကာရန်စည်းချက်မှား …..

ကျွန်တော် ပထမဆုံးကြည့်ဖူးသည့် အမ်တီဗွီ ဖြစ်ပါသည် ။ ထူးအိမ်သင် စန္ဒယားကြီး တီးနေတာကို ရိုက်ချက်အမျိုးမျိုးနှင့် ရောနှောပြသွားတာ ..။ အမှန်တကယ်ကို မိန်းမတစ်ယောက်၏ မာယာမှာ ယစ်မူးရူးနှမ်းသွားတာကို သံစဉ်နဲ့ကော စာသားနဲ့ ပါ ပြောပြသွားတဲ့သီချင်း ။ အလကားနေရင်း အသည်းကွဲခြင်းကို သင်ယူချင်နေသော ချာတိတ်တစ်ယောက်၏ စိတ်ကို ပထမဆုံး ဆွဲယူသွားသော သီချင်းဖြစ်ပါသည် ။ ပြီးတော့မှ ပြောင်းလဲတတ်တဲ့ မင်းကို… တို့ ဘယ်လိုမှ နားမလည် … ဆိုသည့် စိမ်းရက်လေအား…ယုံကြည်မျှော်လင့်ချက် လမ်းမအလယ် လူတစ်ယောက် မူးလဲနေတယ် ဆိုတဲ့ သက်ငြိမ် …. အဲဒိ အကြင်နာအိပ်မက် အမ်တီဗွီမှာ ကျွန်တော် လိုချင်သော taste ကို ရခဲ့ပါသည် ။


ကျွန်တော့်လူငယ်ဘဝ လမ်းထောင့်လက်ဖက်ရည်ဆိုင်လေးထဲ ထိုင်ဖြစ်တဲ့အခါမှာ အိမ်ကကတ်ဆက်အစုတ်ကလေးကို နားထောင်ဖြစ်တဲ့အခါမှာ ကျောင်းခန်းထောင့်မှာသီချင်းညည်းဖြစ်တဲ့ အခါမှာ ထူးအိမ်သင်ရဲ့ သီချင်းစာသားလေးတွေ များနေသည် ။ အတီးမပါဘဲ ဒီအတိုင်း ရွတ်ကြည့်ရင်တောင် ကဗျာလေးတွေလို ချိုမြိန်လွန်းလှသည့် သူ့သီချင်းတွေက ကျွန်တော့် ကို စိုးမိုးနိုင်လွန်းသည် ။ဂစ်တာကို မတောက်တခေါက်ကလေး ခေါက်မိတော့… သူပန်ထားတဲ့ ပန်းနီနီ နေရာခဏလဲချင်သည်… ဆိုတာမျိုး … ညည်းမိပြန်သည်


ရုပ်ရှင်တစ်ခုထဲမှာ စိုးသူက ခေါင်းလောင်းလေးတွေမြည်နေပြီ ငှက်ကလေးတွေလည်း တေးဆိုပြီ နာရီစင်က သုံးချက်တီးသံမြည် … ဆိုတော့ မူရင်းအဆို ထူးအိမ်သင်ကို ပြန်ရှာ နားထောင်မိသည် ။ ကျောပိုးအိတ်ကလေးလွယ် ဂျင်းပန်အနွမ်းကလေးနဲ့ လျှောက်သွားနေဖြစ်တဲ့ ရန်ကုန်ညတွေမှာ မြို့ပြညများ မူးယစ်သွားခဲ့တယ် ရင်ခုန်သံလေးရယ် ဆွံ့အနေခဲ့ .. ငါ့ ဝိညာဉ်ရယ် …ဆိုတာလေးတွေက ကျွန်တော့် ဘဝရဲ့ နောက်ခံတေးတွေ ။ စာမေးပွဲတွေ ဖြေပြီးလို့ ကျောင်းတွေပိတ်သွားရင် ဒီသီချင်းလေးက ငါ့အတွက် ဖြေဆေးဖြစ်မှာပဲ ဆိုပြီး အလင်းရောင်လေးရယ်… ဘယ်ဆီမှာမင်း လင်းလက်လို့နေလဲ .. ဟိုးအဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်း တွေ့တဲ့အထိ ရှာမယ်… လို့ စပယ်ဖူးလေးကို ညည်းပြဖူးသည် ။


နောက်ပိုင်းမှာ ကွန်ပျူတာနဲ့ တစ်ခွေလုံးတီးထားသည့် မြို့ပြလရောင်တမ်းချင်း ကျွန်တော်ဆယ်တန်းကျောင်းသား ဘဝမှာ ထွက်လာသည် ။ တချို့က အတီးတွေကို အံသေသည်ဟု ဝေဖန်သည် ။ ကျွန်တော်ကတော့ ကြိုက်သည် ။ မြို့ပြရဲ့ အသည်းကွဲတဲ့ည လရောင်လေးကို လွမ်းတယ် .. အရမ်းအော်ဆိုသည် ။ပေါက်ပေါက်ကွဲကွဲ ..။ ထိုင်းမှာ သွားသွင်းသည့် Big Five ထဲက သီချင်းကလေးတွေ ငါပြန်ခဲ့ပါပြီ ငါလေ ပြန်ခဲ့ပြီ..တကယ်ဆို လျှို့ဝှက်သော အဖြေရှာရန် မလွယ် ဘဝဟာအိပ်မက် ခဏတာကောင်းကင်…။ မြို့ပြလရောင်တမ်းချင်း နောက်မှ ထွက်လာသည့် player တွေကို section တီးထားသည့် ဝင်ရိုးစွန်းမီးလို အခွေမျိုးကလည်း နားထောင်လို့ ကောင်းသည် ။


သူဆိုဖူးတဲ့ ကော်ပီသီချင်းခွေနှစ်ခွေဖြစ်သည့် “စကားလုံးမရှိတဲ့ကောင်းကင်”ကို တစ်ခွေလုံး မြင့်မိုးအောင်က ရေးပြီး “အရင်အတိုင်း”ကို ဝင်းမင်းထွေးက ရေးသည် ။ အင်တာဗျူးတစ်ခုမှာ ဘယ်အခွေကို ပိုအားရလဲလို့ မေးတော့ ကျွန်တော် စဉ်းစားလိုက်ဦးမယ်လို့ ဖြေသွားတာကို ဖတ်ရင်း ပြုံးမိပါသည် ။ကျွန်တော်ရင်ဘတ်ထဲမှာတော့ အာလူးစားသူတွေရဲ့ မျက်နှာတွေ …ငါလေ တုန်လှုပ်တယ် ဆိုတာလည်း ရှိသည် ။ ဒီမှာ နတ်ဘုရားများက ဘယ်ကို ထွက်ပြေးသွားပြီလဲ.. ဒီမှာ ဆုတောင်းခြင်းများစွာလည်း မပြည့်ဝခဲ့ … ဆိုတာလည်း ခိုက်သည် ။


သူသည် မိခင်မေတ္တာကို ဖော်ကျူးသော သီချင်းလေးတွေ ရေးဖွဲ့ရာတွင်လည်း နားထောင်လို့ အလွန်ကောင်းသည် ။ အမေ့အိမ် အမေ့ရဲ့ ဒုက္ခအိုးလေး … အမေသီချင်းကလေးတွေ သီးသန့်စုထားသည့် အကြွင်းမဲ့မေတ္တာတော် အခွေ …။အခွေကာဗာမှာ အမေကိုချစ်သော အဝေးရောက် သားဆိုးများအတွက်ဟု ညွှန်းစာလေးရေးထားတာ မှတ်မိသည် ။ နောက် အစိမ်းရောင်နေ့စွဲများထဲက လူရယ်ခေါ်စဉ် အဆုံးအစမဲ့တဲ့လမ်းပေါ်ခြေချရင်း မရည်ရွယ်တာတွေ ဖြစ်တတ်မှန်းလည်း မသိနိုင်ခဲ့ဘူး အမေ ဆိုသည့် လမ်းပျောက်တဲ့သား လို သီချင်းမျိုးက ရင်ထဲ စူးစူးနစ်နစ် စီးဆင်းလွန်းလှသည် ။ နောက်ဗုဒ္ဓအကြောင်းဖွဲ့ဆိုသည့် မဟာဝီရ အိုဗုဒ္ဓ လို သီချင်း ခန့်ခန့်ထည်ထည်ကြီးတွေ …။


သီချင်းတွေ ဘဝနဲ့…ငါလဲခဲ့ ဒါဟာ အမှတ်တရဒဏ်ရာ … အဲဒိသီချင်းကလေးဖွင့်မိတော့ မေမေက သူ့ဘဝမှာ ဒဏ်ရာတွေ အတော်များခဲ့မှာပဲလို့ မှတ်ချက်ချဖူးသည် ။ တလောက facebook မှာ ထူးအိမ်သင် ကွယ်လွန်သွားတာ သိပ်နှမျောစရာ မကောင်းသလို ဘလောဂ်ဂါ တစ်ယောက်က ကွန့်မင်ချသွားတော့ အတော်လေး စိတ်ပျက်မိသည် ။သူသည် အနုပညာကို ယုံကြည်မှု ရူးသွပ်ရင်ခုန် ပေးဆပ်လိုမှုသက်သက်ဖြင့် စေတနာရင်း မြစ်ဖျားခံ စီးဆင်းခဲ့သူ ဖြစ်သည် ။ ထူးအိမ်သင် ဆိုဖူးသည် အဖွဲ့အစည်းတစ်ခု မူဝါဒတစ်ခုအတွက် ကိုယ်စားပြုသည့် သီချင်းမျိုး ကျွန်တော် တခါမှ မကြားဖူးခဲ့ ။ မနေ့ညက ဆရာစိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်သီချင်းဖြစ်သည့် နောက်ဆုံးသီချင်းကို သူ့ရဲ့ နောက်ဆုံးအယ်ဘမ် “ချစ်ခြင်းအားဖြင့်” မှာဆိုသွားခဲ့တာ နားထောင်မိသည် ။ တကယ်ပင် နောက်ဆုံးဖြစ်သွားစေခဲ့တာလား ။


ကျွန်တော့်ဘဝ ရှင်သန်နေထိုင်မှုထဲတွင် သူ့သီချင်းများဖြင့် နေရက်များစွာ ဖြတ်သန်းဖူးသည် ။သူ့သီချင်းတွေက ပြောပြသော ဘဝများ အတွေးများ ဖြတ်သန်းမှုများကို လိုက်ပါစီးမျော နားလည်ခဲ့ဖူးသည် ။ အမေ့ကို ပိုချစ်တတ်အောင် ဘဝကို ရိုးရိုးသားသားနဲ့ အဓိပ္ပာယ်ရှိရှိ နေထိုင်တတ်အောင် သူ့သီချင်းတွေက ပြောပြဖူးသည် ။ အခုအချိန်ထိ သူ့သီချင်းတွေကို မက်မက်စက်စက် နားထောင်မိဆဲဖြစ်သည် ။တကယ်လို့များ ခင်ဗျားလက်ထဲမှာ ဂစ်တာတစ်လက်ရှိလို့ပဲဖြစ်ဖြစ် ကာရာအိုကေစက်ရှိလို့ပဲဖြစ်ဖြစ် ဖိတ်ခေါ်ရင်တော့ ကျွန်တော်စိတ်လိုက်မာန်ပါ ဆိုမိမှာ ထူးအိမ်သင် သီချင်းလေးတွေပဲ ဖြစ်လိမ့်မည် ။


ထူးအိမ်သင် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အမှတ်တရ ရေးပါသည် ။

(ဓာတ်ပုံလေးကို Htoo Eain Thin Fan Club (Facebook) မှ ယူပါသည် ။

http://www.facebook.com/photo.php?pid=229290&op=1&o=all&view=all&subj=71335806376&aid=-1&oid=71335806376&id=100000230442261)

လင်းဒီပ

၀၈.၀၈.၁၀



Friday, August 6, 2010

Happy Friday for All

ဒီကဗျာကလေးကို ညီမ မယ်လိုဒီဖြိုးက ပြန်တင်ပါလား ။ အပျော်ပေါ့ဆိုတာနဲ့ ပြန်ကြည့်မိတော့ မနှစ်က ဒီအ ချိန် ဒီနိုင်ငံလေးရဲ့ အမျိုးသားနေ့ ပိတ်ရက်အတွက် ပျော်ပြီး ရေးမိတာလေး ဖြစ်နေတယ် ။ ဒီနှစ်လည်း ဒီလို သုံးရက်တွဲပိတ်ရက်လေးနဲ့ ပြန်တိုက်နေတော့ အပျော်အဖြစ် ပြန်တင်ပါတယ် ။ (ဒီလိုရက်မျိုးဆို ဟို ထီးဂေါက်ကြီးနဲ့ ကဗျာဆရာသရော်စာရေးသူကြီးလည်း သူ့ချစ်သူလေးလုံခြုံရေးအတွက် ထီးဂေါက်ကြီးနဲ့ အလုပ်များနေမှာ မြင်ယောင်မိပါတယ်။) တခြားနိုင်ငံက သူတွေလည်း စလုံးက လူတွေရဲ့ သုံးရက်ဆက် ပိတ်ရက်ကလေးကို ဝင် ကြည်နူးပေးကြပါဦး နော…။ :)

သောကြာနေ့

မနက်ဖြန် ရုံးပိတ်တယ်
ဒါနဲ့တင် ဒီနေ့မှာ ကြိုကြိုတင်တင် ပျော်နေမိ။

လုပ်စရာတွေတော့ ရှိသေးတာပေါ့
အလုပ်ဆိုတာ မထွက်မချင်း ဘယ်တော့မှ မပြီးဘူး။
အကြောင်းပြန်စရာရှိတဲ့
Email တွေလည်း ခဏ ထားထား ပါတယ်။
နောက်တစ်ပတ်မှာ တက်ရမယ့်
ရန်ဖြစ်စရာ ညှိစရာ နှိုင်းစရာ အစည်းအဝေးတွေလည်း
ခဏတော့ မေ့ထားတယ် ။

ဟိုးရှေးရှေးတုန်းကတော့ ကျွန်တော်ဟာ ရုံးပျော်လေး....
Site ထဲမှာ မုန့်တွေစားရင်း အလုပ်တွေများရင်း
မောင်နှမတွေကြားထဲမှာ
ပိတ်ရက်ကလေးတွေ မျှော်လေ့မရှိတဲ့
လူငယ်ခြေတက်ကလေးလည်း ဖြစ်တယ် ။
သင်္ကြန်လို ရက်ရှည်ပိတ်ရက်မျိုးတောင်
Site မှာ အဖွဲ့ကျပြီး အိမ်ပြန်လေ့ပြန်ထမရှိတဲ့ ကောင်ပေါ့။

အခုတော့
အားလပ်ရက်ကို မျှော်တတ်ပြီ။
အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ပြီ ။
ကိုယ့်ကိုကိုယ် Software ထည့် Run ထားတဲ့
စက်ရုပ်ကလေးလည်း ဖြစ်ခဲ့ပြီ ။
(Timer တွေဟာ တိကျပြတ်သားလို့။)

မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့
ပိတ်ရက်ကလေးမှာ တွေ့မယ်။
ဖတ်မယ်ဆို တေးထားတဲ့ ကဗျာလေးတွေ
ကော်ဖီ ခါးခါးမွှေးမွှေးလေး သောက်ရင်း ဖတ်မယ်။
မရောက်တာ ကြာတဲ့ Shopping Mall တွေလည်း
ဖက်ရှင်ရှိုးကြည့်ဖို့ သွားရဦးမယ်။

ရန်ကုန်က ရဲမေလေးကလည်း
ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
(အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
အခုတော့လည်း “အချစ်ထောင်”သီချင်းကို
ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။

ကဗျာဆိုတာ ခံစားမှုကို
ကူးစက်မြန်စေတဲ့ ရောဂါပိုးမွှားလည်း ဖြစ်ရဲ့
ဒီတော့ မိတ်ဆွေ
ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
ခင်ဗျားလည်း ကျွန်တော့်လို
မနက်ဖြန်စိတ်ကူးလေးနဲ့
အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
အသေအချာ မြင်မိလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားစွာ

လင်းဒီပ

Tuesday, August 3, 2010

ခြေလွန်လက်လွန်နေ့များ

အတူတူ ဆိုတော့လည်း
သီချင်းလိုလို….
အတူတူ လျှောက်တော့လည်း
လမ်းလိုလို…
အတူတူ ငေးကြည့်တော့လည်း
နှင်းဆီခင်းကြီးလိုလို….
အတူတူ ငိုလိုက်တော့လည်း
မိုးရာသီလိုလို….

အချစ်ဆိုတာ
မီးမတောက်တဲ့ မီးခြစ်ကြီး
လူကြားထဲ (ငါ) ဟန်လုပ်ပြီး ခြစ်ခြစ်နေ ။

သံသရာ အခန်းဆက်ကြီးပေါ့
(တို့တွေ) ရှင်နိုင်လျှက်နဲ့ သေ ။

လင်းဒီပ
၀၃.၀၈.၁၀

Sunday, August 1, 2010

ကျွန်တော်ပိတ်မိနေတဲ့ တနင်္ဂနွေ

မနေ့ညက အစ်မ မနော်ရဲ့ တနင်္ဂနွေ စီးချင်း ကို သွားဖတ်ပြီး တနင်္ဂနွေဖဲဝိုင်း ဆိုတဲ့ ဘဝနှင့်လောင်းကစားကို ယှဉ်ပြီး ကွန်မင့်မှာ ကဗျာလေး ရေးမိပါတယ် ။ပြီးတော့မှ ရေးပြီးသမျှ တနင်္ဂနွေကဗျာကလေး သုံးပုဒ်ပေါင်းပြီး ပြန်တင်လိုက်ပါတယ် ။ ကျွန်တော်ပိတ်မိနေတဲ့ တနင်္ဂနွေတွေပါပဲ ။

တနင်္ဂနွေဖဲဝိုင်း
အကုန်လုံး ပုံအောလိုက်တယ်
ရင်ဘတ်ပိုက်ကွန်ထဲ မိထားသမျှ သက်ရှိသက်မဲ့တွေ...။

ခွက်ခွက်လန်အောင်
ငါ့ကို ရှုံးခွင့်ပြုပါ ။

(ကံဆိုးစွာ)
ဇ နဲ့ချီပြီး နိုင်ခဲ့တော့လည်း
လေးလေးပင်ပင်
အိမ်ပြန်ခဲ့ရပါတယ် ။
၃၁.၀၇.၁၀

ပြီးခဲ့တဲ့ တနင်္ဂနွေ

တိုက်အမြင့်ကြီးတွေပေါ်တက်ကြည့်တယ်
တစ်ယောက်မှ မရှိဘူး
ပြန်ဆင်းလာခဲ့တယ်
မောလိုက်တာ။

လမ်းတွေဆုံးအောင် လျှောက်ကြည့်တယ်
တစ်ယောက်မှ မတွေ့ဘူး။
တယ်လီဖုန်းနံပါတ်တွေ နှိပ်ကြည့်တယ်
တစ်ယောက်မှ မကိုင်ဘူး။

ပင်လယ်ဘက်မှာလား မြစ်ချောင်းတွေဆီမှာလား
အရိပ်ကောင်းတဲ့သစ်ပင်တွေ နားမှာလား
လိုက်ရှာတယ် မတွေ့ဘူး။

တိမ်တွေကိုတော့ ငေးကြည့်ရုံပဲ တတ်နိုင်တယ်
ကိုယ်က ငှက်တစ်ကောင်မှ မဟုတ်တာ။

လက်လျှော့ပြီး ပြန်လာလိုက်တယ်
မီးတွေမှိတ်ပြီး တိတ်ဆိတ်နေတဲ့ ကိုယ့် အခန်းကျဉ်းကျဉ်းလေးဆီ
နောက် အေးစက်စက် ထမင်းလေးကို ညနေစာလို့ အမည်တတ်ပြီး
စားပွဲပေါ်က ပန်းခြောက်လေးတွေထိုးထားတဲ့ ပန်းအိုးလေးကို သူငယ်ချင်းလို့ခေါ်လိုက်တယ်။
မေမေရယ်
သားပျင်းလိုက်တာ..
၃.၁၁.၀၈

တနင်္ဂနွေမျဉ်းပြိုင်များ

တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။

တစ်ယောက်ကို တစ်ယောက်
ဖုန်းကလေး တချက် မခေါ်နိုင်ခဲ့ဘူး
ညစာ အတူစားဖို့ မခေါ်ဖြစ်ဘူး ။
အားလပ်ရက်မှာ
တစ်နေရာရာသွား အပန်းဖြေဖို့ဖြစ်ဖြစ် အတူ မရှိနိုင်ခဲ့ဘူး ။

ရင်ဘတ်ခြင်းတူတဲ့ သူငယ်ချင်းတွေ
(တို့တွေ)
ဘာလို့ ဝေးသွားလဲ
အနီးဆုံးနီးအောင် လုပ်ကြပြီးမှ
ငါတို့ ဘာလို့ ဝေးသွားလဲ ။

ကိစ္စအထွေအထူးမရှိရင်
ခေါ်စရာမလိုတော့တဲ့ ဖုန်းနံပါတ်တွေလို
Contact List ထဲမှာ နံပါတ်တွေ အေးခဲလို့ ။

သော့ကို လှည့်ဖွင့်လိုက်တော့
မီးခလုတ်ကို ထောက်ခနဲ ဖွင့်လိုက်တော့
စားပွဲတစ်လုံး
တိတ်နေတဲ့တယ်လီဖုန်း
နောက်
ဘဏ်က ပို့လိုက်တဲ့ စာတွေ
ဖုန်းကုမ္ပဏီက စာတွေ
ကုန်ပစ္စည်းကြေငြာစာရွက်စာတမ်းတွေ

ဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေ တပ်ဆင်လိုက်ရင်
ဘဝက တကယ် smart ဖြစ်သွားပြီလား
ဒီတယ်လီဖုန်းကို ဝယ်သုံးလိုက်ရင်
အနာဂတ်ထဲ တိုးဝင်တဲ့ ခြေလှမ်းဆိုလား
နွေးထွေးလှိုက်လှဲ နေပျော်တဲ့ ဘဝလေးကိုလိုချင်ရင်
ဘယ်လို ဖုန်းကို ဝယ်သုံးရမလဲ
ဘယ်လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဘဝမှာ တပ်ဆင်ရမလဲ
ဘယ်လို အဝတ်တွေ ဝတ်ထားရမလဲ…
နွေးနွေးထွေးထွေး ဘဝလေးတစ်ခု ဝယ်ပါရစေ….

အဲဒီလိုနဲ့
မင်းလည်းမမှတ်မိတော့
ငါလည်း မမှတ်မိတော့
ဒီနေရာကို ငါတို့ ဘာအတွက်လာခဲ့ကြတယ်ဆိုတာ…
မင်းလည်း မတွေးမိတော့
ငါလည်း မတွေးမိတော့
နေရာဟောင်းကို ငါတို့ ဘယ်တော့ ပြန်ကြမယ်ဆိုတာ…
မင်းလည်း မပြောဖြစ်တော့
ငါလည်း မပြောဖြစ်တော့
ဇာတိ ပုည ဂုဏ်မာန တွေ အကြောင်း….

ဒီလိုကြီးနဲ့ပဲ
ဒီလိုကြီးနဲ့ပဲ
ရင်ထဲက နှင်းဆီတွေလည်း
ဒစ်ဂျစ်တယ် နှင်းဆီတွေနဲ့ အစားထိုးခဲ့တာ ကြာပေါ့
တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။
၂၄.၀၂.၁၀

ခင်မင်လေးစားစွာ

လင်းဒီပ

ဖတ်မိတော့လည်း ကဗျာ(၂)

စောင်းကောက်လေး ကောက်ရထားတဲ့

မျောက်မလေးရေ…


ကြိုးတွေကို

လက်နဲ့ပွတ်သပ်နေရုံနဲ့ ဂီတ မဖြစ်ဘူး…

လက်ခုပ်သံကို နားစွင့်တတ်ရုံနဲ့ ဂီတ မဖြစ်ဘူး…

ဂါဝန်လှလှလေး ဝတ်ထားရုံနဲ့လည်း ဂီတ မဖြစ်ဘူး…


မင်းဝိညာဉ်ကို စောင်းကြိုးတွေပေါ် ပစ်တင်

မင်းစိတ်ထဲ တဒင်္ဂလေး အတ္တတွေ လွင့်စင်

(ပြီး)

မင်းနှလုံးသားက

စောင်းကြိုးတွေပေါ် ဖြတ်လျှောက်သွားတဲ့အခါ..။


ငါကတော့

မျောက်မလေးရဲ့ ဂီတဖြူဖြူကို

ပထမဆုံး နားဆင်ခွင့်ရသူ ဖြစ်ချင်တယ် ။

လင်းဒီပ

၃၁.၀၇.၁၀