Thursday, December 17, 2009

ပျော်တော်ဆက်



မိုးဥတုကို ဖန်ဆင်းဖို့
မုတ်သုန်ရဲ့လေးနဲ့မြား
ငါ့မှာမှ မရှိတာ ။

မိတ်ဖက်ကြယ်တချို့ရဲ့ အပံ့အပိုးနဲ့
ပန်းကလေးကို
ညညမှ ရေခိုးလောင်းခွင့်ရတာ ။

ခြံစည်းရိုးလေးရယ်
မိုးလင်းတဲ့အထိတော့
ငါ့ကို
ရပ်ကြည့်ခွင့်ပေးပါ ။

လင်းဒီပ
(ကဗျာဟောင်းလေးပါ ။ ၂၀၀၄ လောက်က ရေးခဲ့တာလို့ထင်ပါတယ်။)
၁၇.၁၂.၀၉
Photo Source: http://www.angy1380.com/pics/misc/blog/night scene.jpg

Sunday, December 13, 2009

အလွမ်းလူ

တစ်ခွက်တစ်ဖလားပါ ဆိုပြီး
အလွမ်းတွေ ညာညာ တိုက်သွားတဲ့ ညီမလေးရယ်…
လွမ်းတယ်။

လွမ်းတယ်။
မရှုနိုင် မကယ်နိုင် လွမ်းတယ် ။
လူမှန်းသူမှန်း မသိအောင် လွမ်းတယ်။
အလိမ္မာလေးမို့ နောင်တနဲ့ ယှဉ်ပြီး လွမ်းတယ်။
ဘယ်ရည်းစားမှ မလွမ်းဖူးတဲ့ အလွမ်းမျိုးနဲ့ လွမ်းတယ်။

လွမ်းတယ်။
ခွက်ထိုး ခွက်လှန် လွမ်းတယ်။
သံဝေဂလေးနဲ့ ယှဉ်ပြီး လွမ်းတယ်။
သွေးတွေ ပူနွေးလာတဲ့အထိ လွမ်းတယ်။
လှောင်ပြုံးနှင့် ရီ(ရယ်)နေမှာ တွေးမိရင်း
ရှက်လွမ်းကလေး လွမ်းတယ်။

လွမ်းတယ်။
ဓာတုဆိုးဆေး မပါဘဲ လွမ်းတယ်။
သကြားစစ်စစ်နဲ့ ဖျော်စပ်ပြီး လွမ်းတယ်။
ကော်ဖီသောက်နေရင်း လွမ်းတယ်။
မေ့ချင်လို့ မူးအောင်သောက်ပြီးမှ မေ့မရဘဲ လွမ်းမူးကြီး မူးတယ်။

စိတ်မပူပါနဲ့ ညီမလေးရယ်…
ဘာပဲဖြစ်ဖြစ်
အလွမ်းဟာ မြေဓာတ်ပါတယ်။
အလွမ်းဟာ အန္တရာယ်ကင်းတယ် ။
အလွမ်းဟာ လူကို ဥပါဒ် မဖြစ်စေဘူး ။
အလွမ်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး ။

ဒီလိုနဲ့
တစ်ကိုယ်ရည် အလွမ်းနေ့စွဲတွေမှာ
ထိထိရောက်ရောက် လွမ်းတတ်ခဲ့တယ် ။
ကျွမ်းကျွမ်းမြေ့မြေ့ လွမ်းတတ်ခဲ့တယ် ။
ဖွယ်ဖွယ်ရာရာလေး လွမ်းတတ်ခဲ့တယ် ။
ကျက်သရေရှိရှိလေးလည်း လွမ်းတတ်ခဲ့တယ် ။

လွမ်းတယ်ညီမလေးရယ်
လွမ်းတယ်…

အမုန်းမျက်မာန်
စိတ်ကောက်နှုတ်ခမ်းကျည်ဆံလေးပဲဖြစ်ဖြစ်…
ပျားရည်လူးထားတဲ့
ပန်းဆီရောင်နှုတ်ခမ်းလေးပဲဖြစ်ဖြစ်…
နောက်တစ်ခါ အနီးကပ် လာ ပစ်သတ်လှည့်ပါဦး ။

လွမ်းတယ်ညီမလေးရယ်
လွမ်းတယ်…
ချစ်သူကိုယ်ငွေ့နွေးကို
တယ်လီဖုန်းလေးက တဆင့်
မမှီမကမ်း လက်ဖြန့်နေခဲ့ရသူ
(ကိုယ်ကတော့)
ဒီဇင်ဘာဆောင်းနေ့တွေထဲ အလွမ်းတွေ အခိုးတလူလူ ထွက်လို့ ။
လင်းဒီပ
၁၂.၁၂.၀၉

Wednesday, December 9, 2009

သူငယ်ပြန်ခြင်း

ငါ့ခွန်ငါ့အားနဲ့
ထွန်ယက်ထားခဲ့ပေမယ့်
အလျားလိုက်သန်းတဲ့နွေ
နတ်ဆိုးဂီတလှိုင်းကြား
မျက်လှည့်အဖွဲ့များ တဝေဝေ..။

ပထမနာရီတွေဆီ
အဖန်ဖန်တမ်းတ
အိပ်မက်တွေ ပြာချလည်း
အရင်းပြန်မရတော့ ။

လင်းဒီပ
၂၆.၀၁.၂၀၀၀

Monday, December 7, 2009

လူမိုက်

ကျွန်တော်က အနေအထိုင် မိုက်မဲတယ် ။

အသက်သာ ကြီးလာ

အသိဥာဏ်က ထွားမလာ

လူယဉ်ကျေးတွေနဲ့ ခဏခဏ ရန်ဖြစ်တယ် ။

သံသရာယန္တရားကြီးထဲ

အမေ့သားက လူရမ်းကားကြီးလို

နှုတ်ခမ်းမွှေးကားကားကြီးနဲ့ နေထိုင်

တိမ်ညိုတွေဆို ကျိန်ဆဲမိ…။

ချစ်သူကတော့ ကံဆိုးမလေးပါ မေမေ

ကျွန်တော့်ကြောင့် သူ့နှလုံးသားလေး မိုးမိရတာ ။

လင်းဒီပ

၇.၁၂.၀၉

Thursday, November 26, 2009

မေတ္တာစာ

သူ့ဘာသာ ရှင်သန်နေတဲ့အရာတွေကို

ကိုယ့်အတ္တ

နာမည်တပ်လိုမှု သက်သက်အတွက်

မသေဆုံးစေချင်ပါဘူး။


အိမ်ရှေ့က ရွက်လှပင်ကလေးမှ မဟုတ်ပါဘူး

တကယ်တော့ အနုပညာဟာလည်း သက်ရှိပဲ။

အချစ် အမုန်း အာဃာတ

မမြင်ရတဲ့ စိတ္တဇနာမ်တွေကလည်း သက်ရှိပါပဲ ။


ကျွန်တော့်လက်ဆိပ်တက်ပြီး

ကဗျာလေးတစ်ပုဒ်တောင် မသေဆုံးစေချင်ဘူး ။

သူ့ဝိညာဉ်မှာ

ကျွန်တော့်ကို မုန်းတဲ့အမုန်းတွေ ကပ်ပါမသွားစေချင်လို့ပါ ။


အခုတလော

ကျွန်တော်ဟာ တွေးသင့်တာထက် ပိုတွေးမိလို့

မလိုလားအပ်ဘဲ စကားတွေလည်း ဆွံ့အနေခဲ့ပါတယ်..။

အထက်ကဆိုခဲ့သလို ကိုယ့်အတ္တကိုယ် အလို မလိုက်ချင်လို့ပါ ။


ကျွန်တော်ပါးစပ်က စကားတစ်ခွန်းဟာ

သေနတ်မောင်းခလုတ်ကို ဆွဲလိုက်သလို

တစ်စုံတစ်ယောက် စိတ်နှလုံးကို ချိန်ရွယ် ပစ်ခတ်မိမှာစိုးလို့

ထိန်းထားရင်းနဲ့….

ကျွန်တော်ဟာ တဖက်ရဲ့ ရှင်သန်ခြင်းကို မသတ်ချင်သလို

ကိုယ့် ရှင်သန်ခြင်းကို သတ်မိသူများ ဖြစ်နေပြီလား ။


ကျွန်တော်အတွက်နဲ့

တစ်လှေလုံး မပုပ်အောင် အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့ပါတယ်။

ရွက်လှပင်လေးက အစ

ကဗျာကလေးတွေအလယ်

မိတ်ဆွေတို့အထိ

တစ်စုံတရာ ထိခိုက်ခဲ့တယ်ဆို ခွင့်လွှတ်ပေးဖို့

ကျွန်တော့်ဖက်ကလည်း

ခွင့်လွှတ်ပေးဖို့ အသင့်ရှိတဲ့အကြောင်း

မေတ္တာတရားကို စာလုံးပေါင်း မှန်အောင် ရေးလိုက်ပါတယ် ။

လင်းဒီပ

၂၅.၁၁.၀၉

Sunday, November 1, 2009

ဖြောင့်ချက်

အမှတ်တမဲ့လေး ညည်းမိရင်း

ပါးစပ်ဖျားက လွှတ်ချ မရတော့တဲ့ သီချင်းလေးလို…

မျက်စိကလေး အညောင်းပြေ ငေးမိရင်း

အကြည့်တွေ ပြန်ခွာ မရတော့တဲ့ ရှုခင်းတစ်ခုလို…


နှလုံးသွေးကြောထဲ

မင်း စိမ့်ဝင်လာခဲ့ပုံ

တကယ့်ကို

ဖြည်းဖြည်းလေး

ဆင်မယဉ်သာ ခြေလှမ်းကလေး

အခုတော့

မင်းမေတ္တာရနံ့ဟာ ငါ့အသက်ဓာတ် ဖြစ်ခဲ့ရ..။


အချစ်ဆိုတာ တခါတလေ

ချစ်တယ်လို့ ပေါ့ပေါ့လေး ပြောမိပြီးမှ

အမှန်တကယ် ချစ်သွား

လက်လွတ်ဆုံးရှုံးမှာ ပြန်ကြောက်ရတဲ့ ဝဋ်လည်ခြင်းတစ်မျိုး …။


အချစ်ဆိုတာ တခါတလေ

ကိုယ့်ကို

ကိုယ့်လို

ပြန်လိမ်ညာသွားလေမလားလို့

တထိတ်ထိတ်

ဥစ္စာခြောက်စေတဲ့ အခန်းဆက်အိပ်မက်ဆိုး..။


(ညီမလေးရေ)

ဒီကောင်တော့

မင်းကို ချစ်မိခြင်းမှာ

လက်လွန်ခြေလွန်

နှလုံးသားတစ်ခုလုံး သွေးလွန်

တစ်ဘဝလုံး ကျွံဝင်သွားခဲ့ပေါ့ကွယ်။

လင်းဒီပ

၁.၁၁.၀၉

Wednesday, October 28, 2009

ဆိုဖူးတဲ့သီချင်းလေး

(၁၉၉၆)
“ကေသာမှာ တစ်ပွင့်တည်း ပန်ပြီး ကျေနပ်တတ်ကြတဲ့သူထဲ
ထိုမိန်းမသည် မပါမှန်းကို သိရက်နဲ့ ငါဘယ်လို လုပ်ရမှာလဲ…
မိုက်တယ်ဆိုလည်း ခေါင်းငုံ့ပြီးတော့ ခံရုံပဲပေါ့ သူငယ်ချင်းရယ်….”

ငါဆိုလက်စ သီချင်လေး ရပ်တန့်သွားအောင် ဂစ်တာကြိုးတွေပေါ် နင့်လက်ကလေးကို ဖွဖွလေး လာတင်တယ် ။ ခတ်လက်စ ငါ့ညာဘက်လက်ကို ရပ်လိုက်ရတယ် ။ တုန်ခါနေတဲ့ကြိုးတွေက နင့်လက်ကို ထိခိုက်သွားမှာ စိုးလို့ပါ ချယ်ရီကို ။ ဒါ ငါ့တို့နှစ်ယောက်ရဲ့ နောက်ဆုံး တွေ့ဆုံခြင်း မဟုတ်လား ။ အပြာရောင် မှတ်စုစာအုပ်လေး နင်ပေးထားခဲ့တယ် ။ ရီဝေဝေ မျက်လုံးတွေနဲ့ ငါ့ကို စူးစိုက်ကြည့်တယ် ။ နင်ငိုနေတာလား ။ ငိုနေတယ် ဆိုရင်တောင် မျက်ရည်အစစ်လား ။ ဒီမျက်ရည်တွေက ဘယ်ဒေသမှာ မြစ်ဖျားခံပါသလဲ ။ နင့်နှလုံးသားဆီမှာလား… မျက်တောင်ဖျား စွတ်စိုရုံ တစိမ်းယောက်ျားတစ်ယောက် ကျေနပ်ရုံ စီးကျလာတာလား ။ ငါမျက်လုံးထဲ သံသယတွေ ထည့်ပြီး နင့်ကို စူးစိုက် မကြည့်ပါရစေနဲ့လားဟာ။ သံသယတွေ တောက်လောင်ပြီး ချစ်နေရတဲ့မီးတွေ…။ နောက် နင်ထွက်သွားတော့ ငါ့ဘေးမှာ မှတ်စုစာအုပ်လေးရယ် နင်ပေးထားတဲ့ အနက်ရောင် ဂျင်းမှိုတက် ကျောပိုးအိတ်ကလေးရယ်..။နင်က ဆက်ရမယ့် ခရီးကို ရွေးချယ်ပြီးလို့ ထထွက်သွားပေမယ့် ဘယ်ကို ဆက်ရမယ်မှန်း မသိတဲ့ကောင်ကတော့ နင်ပေးထားတဲ့ အပြာရောင်စာအုပ်ကလေးနဲ့… ကျောပိုးအိတ်ကလေးနဲ့… နင်နားမထောင်ချင်တဲ့ သီချင်းလေးနဲ့ ကျန်ခဲ့ရတယ် ။

(၁၉၉၈)
လင်းထက်…နင်အားရင် လာခဲ့ဦး…ငါ ရန်ကုန် ပြန်ရောက်နေတယ်…ရန်ကုန်မှာ ငါ အတွေ့ချင်ဆုံးသူက နင်ပဲ..
ငါ့ဘဝရဲ့ နည်းနည်းလေးပဲ ရှိတဲ့ အရေးအကြီးဆုံး လူစာရင်းမှာ နင်က နံပါတ်သုံး….

ဖုန်းထဲကနေ နင်ပြောချင်တာ ပြောပြီး ချသွားပေမယ့် အသုံးလုံး မကျေတဲ့ နှလုံးသားက့ ဂျင်းဘောင်းဘီအနွမ်းနဲ့ ကောင်လေးကို စက်ကုန်ဖွင့်ပြီး မောင်းသွားတယ် ။ငါ အနာတွေ မကျက်သေးပါလား ချယ်ရီကို ရယ် ။ခုံတန်းပေါ်မှာ ကန်ရေပြင်ကို မျက်နှာမူပြီး ထိုင်နေတဲ့ ကောင်မလေး… လွန်ခဲ့တဲ့နှစ်နှစ်က ဆံပင် ကုတ်ဝဲလေးပဲ ရှိတဲ့ကောင်မလေးက အခု ဆံပင်တွေ အတော်ရှည်နေတာကို သတိထားမိတယ် ။ မျက်နှာကို မတွေ့ခင်မှာပဲ ဒါ ချယ်ရီကို ဆိုတာ အလိုလို သိနေတယ် ။ ငါ့ကို ဂုဏ်ထူးမှတ် ပေးသင့်ပါတယ် ။ အေးလေ ဝင်ဖြေတဲ့ သူတွေကလည်း ဘယ်နှစ်ယောက်မှန်းမှ မသိတာ…ငါသိတာ နင့် ဂိုက်ဆရာရယ် နောက် ဟိုအဆိုတော်ပေါက်စရယ် နင့်ကို မမချယ်ရီဆိုပြီး လိုက်လိုက်ကပ်နေတဲ့ နုနုဖတ်ဖတ်ကောင်လေးရယ်.. ငါ့လို ဟိုမရောက် ဒီမရောက်ကောင်ရယ် ….။

ပြီးတော့ ဘာမှ မပြောဘဲ ငါလက်ကို ဆွဲ ရပ်လာတဲ့ Taxi တစ်စီးပေါ်တက်ပြီး RC 2ထဲက ငါတို့ သွားနေကျ ဆိုင်လေးထဲ ရောက်သွားပြန်တယ် ။မီးလုံးဝါဝါ ဆိုင်ကလေးထဲမှာ … နင့်ရဲ့ ပျားရည်စကားလုံးတွေ အောက်မှာ … ငါဟာ နိဗ္ဗာန်ငယ်လေး ခဏလောက် ကောက်ရလိုက်တယ်။ နောက်တော့လည်း လမ်းမီးတွေ မျက်လုံးဖွင့်လာတဲ့ အချိန်မှာ ပြည်လမ်းမကြီး တစ်လျှောက် လမ်းလျှောက်လာခဲ့ဖြစ်တယ် ။ နင်က သီချင်းလေး ညည်းပြပါ ဆိုတော့

“နေလည်း စောင်းပြီ အလင်းများလည်း ဆိတ်သုဉ်း… ဒီအချိန်မြို့ထဲလမ်းများမှာ လျှပ်စစ်မီးသီးများ ပြန်လင်း
လမ်းဘေး အရိပ်တွေ ဝိုးတဝါး လှုပ်လှုပ်ရွေ့လျား.. ပလက်ဖောင်း တစ်လျှောက်မှာ ကွေ့ကောက် လမ်းလျှောက်ကာသွား.. ကိုယ်လေ ဒီလို ညအချိန်ရောက်ရင် တယ်လီဖုန်း ဆက်လို့ရမလား… ဒီအချိန် ဘယ်အိမ်ဟာ တို့ကို လက်ခံစကား ပြောချင်ပါ့မလဲ… ညဆိုတာ စိတ်ထင်ရာ သွားချင်ရာ သွားလို့ မဖြစ်တော့ဘူး… တစ်နေ့လုံးလည်း တို့နှစ်ယောက် သတိလက်လွတ် လျှောက်လို့သွား (ဟေ့…အချစ် မင်းအခန်းပြန်ဦး ဒီည….)”

ခဏလေးပါပဲ သိပ်မကြာဘူး နင် မြိတ်ကိုပဲ ပြန်သွားတယ် ။ နင့်မေမေနဲ့ နင်နဲ့က ဘယ်တော့မှ အဆင်မပြေဘူး မဟုတ်လား။ ရန်ကုန်မှာ ကျောင်းကိစ္စ စာရွက်စာတမ်းတွေ လိုချင်တာတောင် တစ်ပတ်လောက်ပဲ အမေအိမ်မှာ ဖျစ်ညှစ်နေခဲ့တာ ။

(၁၉၉၉)
ငါ့မေမေ စီစဉ်ပေးတဲ့အတိုင်း သိပ်မဝေးတဲ့ နိုင်ငံလေးတစ်ခုကို ကျောင်းတက်ဖို့ ငါရောက်သွားတယ် ။ လေယာဉ်ပျံဆိုတာ ပထမဆုံးစီးဖူးပြီး ပထမဆုံးနိုင်ငံခြားခရီး ဘယ်လောက်ကြာမယ်မှန်းလည်း မသိဘူး ။နေရာသစ် ရေမြေသစ်မှာ နောက်ထပ် မိတ်ဆွေအသစ်တွေနဲ့ ဆက်လက်ရှင်သန်ရမယ့် ဘဝတစ်ခု ။ ငါမြန်မာပြည်က ထွက်သွားတော့မယ်ဆိုတာ နင့်ဆီ ရောက်မရောက် မသေချာတဲ့ စာတစ်စောင်တော့ ငါပို့ခဲ့တယ် ။ ငါ့ကို အရိပ်လို ကြည့်နေတတ်တဲ့ မေမေဟာ နင့်လို ခပ်ရှုပ်ရှုပ် ကောင်မလေးတစ်ယောက် အရူးလုပ်တာ ခံပြီး ပျော်နေတတ်တဲ့ ငါ့ကို ကြည့်လို့မရတော့ဘူး ။
“သားငယ်ငယ်လေး ရှိပါသေးတယ် ။ ဘဝမှာ နောက်ထပ် လေ့လာသင်ယူရဦးမယ့် အရာတွေ အများကြီး ရှိပါသေးတယ်”တဲ့ ။

အမှန်ဆိုရင်တော့ မေမေနဲ့မဆိုင်ပါဘူး ။ နင်ဟာ ငှက်ကလေးဆို ငါက ထာဝရသစ်ကိုင်း ဖြစ်ချင်ပေမယ့် စိတ်ကစားလွန်းတဲ့ ငှက်ကလေးကို မိုက်မိုက်မဲမဲ မယုံရဲဘူး ။ တကယ်ဆို ငါဟာ အတ္တနည်းနည်းကြီးပြီး နည်းနည်း ကြောက်တတ်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ လေယာဉ်ပြတင်းကနေ ကျန်ခဲ့တဲ့ မြန်မာပြည်ကို ငေးရင်း ငါတွေးမိတယ် ။ တကယ် ချစ်တယ်ဆို အင်းလေ..နင်ကကော…ငါ့ လက်ကို တကယ် တွဲမှာလား..။

“ငါ ချစ်ခဲ့ဖူးလား… ငါ့ဘဝကို ပေးဆပ်ခဲ့ခြင်းနဲ့ … ပိုင်ဆိုင်တဲ့ ဆန္ဒအကုန် ငါလေ ပေးခဲ့လား.. သူအမြဲ လိုအပ်တဲ့ အကြင်နာတွေ အကုန် ပုံကာပေး…ချစ်ခဲ့လား …ငါ့ရဲ့ အတ္တ အားလုံး စွန့်လွှတ် …. မိန်းကလေး တစ်ယောက်ရဲ့ ဘဝအတွက် ပေး…ခဲ့ဖူးလား … အဖြေမှန်ဟာ ဝိုးတဝါးနဲ့… မသေချာဘူး… ငါချစ်တာ ငါ့ဘဝလား ငါ့ရယူခြင်းများလား….”

(၂၀၀၅)

ရန်ကုန်မဟုတ်တဲ့ မြေလတ်မြို့တစ်မြို့ကို ကိစ္စတစ်ခုနဲ့ ငါရောက်နေတယ် ။ ကျောပိုးအိတ်အဟောင်းထဲမှာ ရေးထားတဲ့ စာအုပ်ပြာလေး တစ်အုပ်ပါတယ် ။တကယ်ကို မမျှော်လင့်ခဲ့ဘူး ။ ငါမြို့မဈေးလေးထဲမှာ လိုတာလေးတွေ ဝယ်ပြီးအထွက် ဆိုင်ကယ်တစ်စီးက ထိုးရပ်လာပြီး နှုတ်ဆက်တော့ နင်ဖြစ်နေတယ်..။ ငါအိမ်ထောင်ကျနေပြီ လင်းထက်…ဒီမြို့ က ငါ့အမျိုးသား ဇာတိ… သူ့လုပ်ငန်းတွေက ဒီမှာပဲ ရှိလို့…ငါလိုက်နေတာ…။ နင်ကို့ကြည့်ရတာ အရမ်း တည်ငြိမ်သွားသလိုပဲ..စကားပြောတာလည်း ညင်ညင်သာသာ..။ နင့်အမျိုးသားက ဘယ်လို ပြောင်းလဲ လိုက်ပါလိမ့်..။ နောက်တော့ အိမ်ကို ထမင်းလာစားဖို့ ဖိတ်တယ် ။ပြောသေးတယ် ငါ့အမျိုးသားကို တွေ့ရင် နင့် အရမ်းအံ့သြသွားမယ်တဲ့။ ဘယ်သူလို့ မပြောသွားဘူး။ ငါ့အိမ်အပြန်လမ်းမှာ ပဟေဠိတွေ ချခင်းထားတယ် ။

တကယ်လည်း နင့်အိမ်ကိုလိုက်လည်တော့ နင့်အမျိုးသားက ငါ့တို့ဆယ်တန်းတုန်းက နယ်က ကျောင်းလာတက်တဲ့ စာဂျပိုးလေး ဖြိုးဝေ။ ငါ့တို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်နေတဲ့အချိန် စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ကောင်လေးပေါ့ ။ အရင်တုန်းက ငါသိတဲ့ ချယ်ရီကိုနဲ့ တခြားစီပါပဲ…တည်ငြိမ်နေလိုက်ပုံ…။ ငါသာ လွင့်ချင်သလို လွင့်နေဖြစ်ခဲ့တာ။ ဒီလိုကျတော့လည်း အစစအရာရာ တည်ငြိမ်သွားတဲ့ မိန်းမတစ်ယောက် ။ ဖြိုးဝေ ဘယ်လိုလုပ်လိုက်ပါလိမ့် ။

ငါ နင်တို့အိမ်က ပြန်ထွက်လာတော့ နှလုံးသားထဲမှာလည်း ဆွတ်ဆွတ်ပျံ့ပျံ့အတွေးလေးတွေ ခေါင်းထဲမှာလည်း ဖြိုးဝေရဲ့ ရဲရင့်ပြတ်သားတဲ့ ရွေးချယ်မှုတွေကို ဆက်တွေးမိတယ် ။ တကယ်ကျတော့ ချစ်ပေမယ့် ပြတ်ပြတ်သားသား ရွေးချယ်ရဲဖို့လည်း လိုသေးတယ် မဟုတ်လား… နောက်ပြီးတော့ ဖူးစာဆိုတာလည်း ဘယ်သူက ကြိုတွေးမိမှာလဲ…ငါ ဒီလိုပြောရင် ကိုယ့်တွေဝေမှုကို ဖူးစာပေါ် ပုံချမပစ်နဲ့လေလို့ နင်ပြောလေမလား…။ ခုအချိန်မှာ နင်က ငါ့ကို သီချင်းတစ်ပုဒ်လောက် ညည်းပြစမ်းပါဆိုရင် ဘယ်သီချင်းကို ရွေးရမလဲ…။

နွေညလေးမို့ အိုင်စပ်စပ်နိုင်တဲ့ မြို့ကလေးရဲ့ လက်ဖက်ရည်ဆိုင်မှာ ငါ ကြယ်ကလေးတွေ ထိုင်ကြည့်ချင်လို့ထွက်လာတော့ သီချင်းတစ်ပုဒ်က ထင်းထင်းကြီး ရင်ကို စွန်းထင်းသွားတယ်။

“တွေ့တုန်းက ကြိုးပမ်းရင် အခုလောက်ရှိ မိပြီးပြီပေါ့..ဘာလိုသေးလဲ

အခုများတော့ လက်နှေးလို့ လွတ်ပြီးမှ ငါးကြီးတာနော်..တခါ ငိုဦးမလား…။

(ကိုဆောင်းယွန်းလရဲ့ သီချင်းလေးတွေ ညည်းခိုင်းတဲ့ တဂ်ပိုစ့်ပါ…ကြာတော့ကြာနေပါပြီ…အခုမှ ရေးပြီးလို့ တင်လိုက်ပါတယ်။ ဝတ္တုလေးအနေနဲ့ ဖတ်ရင်လည်း အဆင်ပြေမယ်လို့ ထင်ပါတယ်။)

လင်းဒီပ
၂၈.၁၀.၀၉

Thursday, October 22, 2009

ရည်းစားအမည်ပေါက်

နင့်နှလုံးသားအခန်းလေးရဲ့
အနီးကပ်ဆုံး အပြင်လူ….

ရင်ခုန်သံ သံပတ်နာရီကလေး
ချက်ချက်သံကြားတိုင်း…

နင့်နှလုံးသားထဲ
ချစ်သူလို့ တမ်းတမြည်တမ်းလိုက်တိုင်း…

ရည်ရွယ်ရာကို မသိပေမယ့်
“ငါ့ကို” လို့ တွေးပြီး ရင်ခုန် ရူးနှမ်းပါတယ်။
လင်းဒီပ
၂၂.၁၀.၀၉

Monday, October 19, 2009

အံသေနေ့များ

ညနေခင်းကို
အထပ်မြင့်ပြတင်းပေါက်ကလေးကနေ
လှမ်းကြည့်မိတယ်..။
ဘာကို အာသီသရှိရမှန်း မသိ
ဖြစ်နေတာ…ကြာပြီ…။

လူတွေ အများကြီးနဲ့တွေ့ရင် သိပ်ပျော်သွားမလား
တွေ့ကြည့်တယ်….မပျောက်ဘူး…။
တည်ငြိမ်လာမလားလို့…
ကိုယ့်ကိုကိုယ် အခန်းလေးထဲ ပြန်သိမ်းထားတယ်
မရဘူး…။

ဘယ်မှာ နေရင် ကောင်းမလဲ…
ဘယ်မှာ သေရင် ကောင်းမလဲ…
သေခြင်းတရားကလည်း
တကယ်တော့ တံခါးပေါက်တစ်ခု မဟုတ်ဘူး…

ဒါပေမယ့် ဥာဏ်နည်းတယ်
သံသရာနဲ့ချီပြီး ဥာဏ်နည်းတယ်..ထုံ,အတယ်..။
လူဟာ အကုသိုလ်တွေ မနိုင်မနင်း သယ်ဖို့ကလွဲရင်
တခြားကိစ္စတွေမှာ ဥာဏ်နည်းတယ်..။

“ပျော်ရွှင်မှုကို ငါတခါမှ မရှာခဲ့ဘူး”
သစ္စာနီ ဝတ္တုထဲက စကားတစ်ခွန်းဟာ
ငါ့ထုံဆေးတွေကို ဓာတ်ပြယ်အောင် လာလာလုပ်တယ်။

အိမ်ထောင်တွေ ပြုကြ
သိပ်စကားများတဲ့ မိန်းမဝဝကြီးတွေ ဖြစ်လာကြ…
နဖူးပြောင်ပြောင် ဗိုက်ပူပူ
အတ္တကြီးကြီး ငနဲကြီးတွေ ဖြစ်လာကြ…
ဂြိုလ်သားအသစ်ကလေးတွေ ထပ်ပွားလာကြ…
ဒါလောက်ပဲလား…။

မနက်ဖြန်အတုံးကြီးတွေကို ချွန်ချွန်သုံးနေရတာ
ကြာတော့ မုန်းလာပြီ…။

ခင်ဗျားလည်း ဖြစ်ဖူးမှာပါ…
ရှင်သန်ခြင်းအပေါ် သွေးရိုးသားရိုး အံသေလာတဲ့အခါ
ရူးချင်ရက်နဲ့ ရူးမရတာ
ရူးချင်ယောင်ဆောင်ရတာထက် ပိုခက်တယ်ဆိုတဲ့ ခံစားမှုမျိုး….။
လင်းဒီပ
၁၉.၁၀.၀၉

Sunday, October 18, 2009

သုံးဆယ်ကျော်

ခံတွင်းက ပျက်နေတာကြာပြီ
ဘာမှ စားလို့ သောက်လို့ မရ...။

ဒီဇရက်မလေးကလည်း
ငါ့အရှေ့မှာမှ တောင်ပံကျိုးကျရတယ်လို့..။

ဘဝဆိုတာ
တခါတလေ
ကိုယ့်ကိုကိုယ်ပြန်ပြီး
ခွက်ထိုးခွက်လန် ရီ(ရယ်)ပစ်လိုက်ရတဲ့ဟာသ…။

များများ မတွေးပါနဲ့
ဒီအတိုင်း မော့သောက်လိုက်ကြရုံ…။
လင်းဒီပ
၁၈.၁၀.၀၉

Thursday, October 15, 2009

Oct 16

ကျွန်တော့်နှလုံးသားထဲ ပန်းခြောက်နှိုးစက်ကလေးဟာ
ဒီနေ့လေးကို တစ်ခါပြန်ရောက်တိုင်း
ရနံ့တွေ ချိုချိုအီအီ နဲ့ ထထ မြည်။

Birthday Wish ကို အစောဆုံး ပို့ချင်ပါရဲ့
လိပ်စာအတည်တကျ မရှိတဲ့ပန်းကလေး
(နင်က) ဘယ်အပင်မှာ ပွင့်နေဦးမှာလဲ…။

ဟိုး...တုန်းက
ဖုန်းချခါနီးတိုင်း ပြောတတ်တဲ့ စကားလေးလည်း သတိရလို ရမိ…။
“အိပ်မက်ထဲမှာ ငါ့ကို ထည့်မက်
နောက်နေ့ဖုန်းဆက်ရင် ညက အိပ်မက်လေးကို ပြန်ပြောပြ”

အခင်ဆုံးတွေများလွန်းတဲ့ နင့်မှာ အခင်ဆုံးတစ်ယောက်ဖြစ်ခွင့်ရခဲ့တာ
အချစ်ဆုံးတွေများလွန်းတဲ့ နင့်မှာ အချစ်ဆုံးတစ်ယောက်ဖြစ်ခွင့်ရခဲ့တာ
လူဖြစ်ရကျိုးနပ်သလို ဂုဏ်ယူကျေနပ်တဲ့စိတ်က ဒီအသက်အရွယ်ထိ အငွေ့မပျံသေးဘူး။

ကျေးဇူးပြုပြီး
ဒီနေ့မှာ
ကျွန်တော့်ကို တယ်လီဖုန်းမခေါ်ကြပါနဲ့
ကျွန်တော့်အခန်းလေးကို တံခါးမခေါက်ကြပါနဲ့
ကျွန်တော့်နှလုံးသားဟာ
သူ့နှလုံးသားနဲ့
တစ်နေ့လုံး ဖုန်းပြောရင်း မအားမလပ် ဖြစ်နေပါလိမ့်မယ်။
ကျွန်တော့်အခန်းလေးဟာ
ဟိုးအဝေးက လှမ်းပို့ပေးလိုက်တဲ့ သူ့ကိုယ်ရနံ့နဲ့ လင်းပျံ့နေပါလိမ့်မယ်။

ဒီနေ့လေး တစ်နေ့တော့
သန့်သန့်စင်စင် စိတ်လွတ်ကိုယ်လွတ်လေး ငါနင့်ကို လွမ်းပါရစေ
ဒါဟာ ငါပေးနိုင်တဲ့ တစ်ခုတည်းသော မွေးနေ့လက်ဆောင်လည်းဖြစ်တယ်..။

သုညတွေ တန်းစီနှိပ်ပြီး
နင့်နှလုံးသားတည့်တည့်ကို ချိန်ရွယ်ရေရွတ်လိုက်ပါရဲ့
ဟတ်ပီးဘတ်ဒေးပါ ပွင့်လွှာများတဲ့ ပန်းကလေးရေ…။
လင်းဒီပ
၁၅.၁၀.၀၉

(အချစ်ဦးဆိုတာ ဘယ်တော့မှ ရနံ့မပြယ်တဲ့ ကျွန်တော်တို့နှလုံးသားတွေထဲက ပန်းခြောက်ကလေး တစ်ပွင့်စီပဲ ဖြစ်ပါလိမ့်မယ်။ တခုတ်တရ သတိရမိတဲ့အခါမျိုးမှာ ဘယ်သူမှ မတွေ့အောင် နှလုံးသားတံခါးကို တိတ်တိတ်ကလေး ဖွင့်ပြီး ရနံ့ဟောင်းလေးတွေ ခိုးရှုရှိုက်ရတယ် ။ စိတ်အဆာပြေသွားတော့လည်း တံခါးလေး အသာပြန်ပိတ် စိတ်အံသေ ဘဝတွေထဲ ရေလိုက်ငါးလိုက် ပြန်လည် စီးမျောရတာပဲလေ…။)

Monday, October 12, 2009

စိတ်အမဲလိုက်မုဆိုး

လက်တွေကို
ဘယ်သူမှ ဖမ်းချုပ်မထားပါဘဲ
လှုပ်လို့မရဘူး။

မျက်တောင်တဖျား မကချင်လို့
မျက်စိတစ်ဆုံး
အဝေးဆုံးထိ
အကြည့်တွေကို မောင်းတင်ပစ်လိုက်တယ်။

အလကားပါပဲ..

ဦးခေါင်းဟာ ဗလာသက်သက်
ဖတ်ရင် စာလုံးတွေပဲ တွေ့တယ်
နောက်က အဓိပ္ပာယ်ထိ လိုက်မတွေးဘူး…

နှလုံးသားကလည်း တုံးအတဲ့နေရာမှာ
ဋတလင်းချိတ် နှစ်ထပ်ကွမ်း..

တခါတခါ…
လူဟာ “ကျည်အ”နေတဲ့အခါများဆို
ဘာတွေ့တွေ့ ပစ်လို့မရဘူး။
လင်းဒီပ
၁၂.၁၀.၀၉

Thursday, October 1, 2009

ဖိနပ်ကလေးတစ်ရံ

မနေ့ညနေ အလုပ်က ပြန်လာတော့ လမ်းမှာ စီးလက်စ ဖိနပ်လေးက ခွာပြုတ်သွားသည်။ ဒီမနက် အလုပ် သွားမယ် ဆိုတော့ စီးစရာ ဖိနပ်မရှိတော့ ။ အလုပ်က site အလုပ်ဆိုတော့ ဂျင်းဘောင်းဘီပဲ အမြဲ ဝတ်ဖြစ်သည် ။ ဒီတော့ ဂျင်းဘောင်းဘီနှင့် အဆင်ပြေမည့် ဖိနပ်မျိုးပဲ စီးဖြစ်သည် ။ သိပ်ကောင်းကောင်းတော့ မဟုတ် ။ အခု ဖိနပ်ကလည်း အလုပ်သွားရင်း စီးလို့အဆင်ပြေမည့် ဈေးချိုချိုရသည့် ဖိနပ်တစ်ရံကို လွန်ခဲ့တဲ့ လေးလလောက်က Discount ချတာတွေ့တုန်း ဝယ်ပြီး စီးနေတာ ။

အိမ်မှာက ယောက်ျားလေးချည်း ခြောက်ယောက် စုနေတော့ ဖိနပ်ဗီရိုလေးထဲတွင် ဖိနပ်တွေက အတော်များသည်။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်တည်းက မစီးပဲထားခဲ့တဲ့ ဖိနပ်လေးကို ပြန်ရှာကြည့်သည် ။ သေချာတော့ မမှတ်မိ ။ အနက်ရောင် စတိုင်ဘောင်းဘီနှင့် လိုက်ဖက်သည့် ဖိနပ်တစ်ရံ ဆိုတာလောက်ပဲ မှတ်မိသည် ။ ပထမ ဆွဲထုတ်လိုက်သည့် ဖိနပ်က အနက်ရောင် ။ သို့ပေမယ့် မဟုတ် ။ ပြန်ထည့်ပြီး ထိပ်တုံးတုံးနှင့် အတော်လေး ဖုန်တက်နေသည့် အနက်ရောင် ဖိနပ်တစ်ရံကို တွေ့သည် ။ဒါပဲ နေမှာပါ ။ ဖိနပ်လေးကို ဖုန်ပြောင်အောင် ကပျာကယာ ခါရင်း စီးပြီး ထွက်လာခဲ့သည်။လမ်းလျှောက်ရင်း ကြည့်မိတော့ ဖိနပ်ကလေးက အတော် အကျည်းတန်သည် ။ ထိပ်ကလည်း တုံးတုံးကြီး …သွယ်သွယ်လေး ဖြစ်မနေ ။ တကယ်တော့ ဒီဖိနပ်ကလေးသည် သက်တမ်းအားဖြင့် မနည်းတော့ ။

ကျွန်တော် မြန်မာပြည်မှာ နေတုန်းက shoe ဖိနပ် စီးခဲသည် ။ ဘောင်းဘီက ဝတ်ခဲတော့ သားရေဖိနပ်ပဲ စီးဖြစ်သည် ။ တခါတလေ ပဲများချင်ရင် အောကတ္တီပါ ဖိနပ်ကလေးကို ခြေထောက်ကလေး သန့်နေအောင်တိုက်ပြီး စီးဖြစ်သည် ။ ပုဆိုးရှည်ရှည်နှင့် ။ နောက်တော့ နယ်မှာ အလုပ်ထဲဝင်တော့ ပုဆိုးကြီးနဲ့ site ထဲပြေးရတာ သိပ်မလွယ် ။ ဒီတော့ ဘောင်းဘီကို စွဲစွဲမြဲမြဲ ဝတ်ရသည် ။ ကျွန်တော်တို့ဆီက site တွေက Safety Shoe တွေ ဘာတွေ မလို။ Helmet တောင် လူကြီးလမ်းကြောင်းရှိမှ ဓာတ်ပုံရိုက်ရမှာမို့ ဆောင်းကြတာ ။ဒီတော့ ဂျင်းဘောင်းဘီနှင့် ခြေညှပ်ဖိနပ်နှင့် နေနေကျ ။ နောက်ပိုင်းကျမှ ကွင်းထိုးဖိနပ်တွေ ဝယ်စီးဖြစ်သည် ။(နည်းနည်း အဆင့်မြင့်လာတဲ့သဘော..:P)

Site ထဲမှာ ရှိနေတုန်း ပြည်ပခရီးတစ်ခု အလုပ်က စီစဉ်တော့မှ လိုအပ်တာတွေ ဝယ်ဆို ငွေထုတ်ပေးသည် ။ တစ်သိန်းခွဲ ထင်သည် ။ အိပ်မက်စိမ်းကနေ ထိုဖိနပ်ကလေး တစ်သောင်းကျော်ကျော်နှင့် ဝယ်ဖြစ်သည် ။( ဖိနပ်ကြိုးချည်ရမှာ ပျင်းတော့ တန်းဆွတ်လိုက်ရုံနှင့် အဆင်ပြေသည့် ဒီဖိနပ်ကလေးပဲ ရွေးချယ်ခဲ့ပါသည် ။) အိမ်ရောက်တော့ မေမေက မင်းဖိနပ်ကြီးကလည်း ထိပ်တုံးတုံးကြီးဆိုတော့ လှပါတယ် မေမေရယ်လို့ ပြန်ပြောဖြစ်သည်။

ဒီလိုနဲ့ ဆယ်ရက်လောက်ခရီးက ပြန်လာတော့ ချောင်ထိုးထားတာ နှစ်နှစ်ဝန်းကျင် ။ တကယ် ပြည်ပမှာ အလုပ်လုပ်ဖို့ ထွက်လာတော့ ပြန်စီးရပြန်သည် ။စလုံးရောက်စ အင်တာဗျူးပေါင်း မြောက်များစွာ ထိုဖိနပ်ကလေးနှင့် ခြေဆန့်ခဲ့ရသည် ။ အလုပ် အဆင်မပြေသေးခင် စိတ်ဓာတ်ကျနေသော ခြေလှမ်းများစွာကိုလည်း ထိုဖိနပ်ကလေးနှင့်ပင် ရွေ့လျားခဲ့ရသည် ။ ထိုအထိလည်း ထိပ်တုံးတုံး ဖိနပ်ကလေးသည် မျက်စိထဲ အဆင်ပြေနေဆဲ ။ မေတ္တာသက်ဝင် ချစ်ခင်နေဆဲ ။

ဒီမှာလည်း အလုပ်စဝင်ကတည်းက site အလုပ်ဆိုတော့ ဂျင်းပန် ဝတ်ဖြစ်တာ များပြီး သွားလေရာ Safety Shoe ကြီးနှင့် ။ အရင်site တုန်းက Suntec City နှင့်နီးတော့ နေ့လည် အားလို့ Suntec City ထဲက water fountain တစ်ခုခုမှာ တစ်ယောက်တည်း သွားထိုင်လည်း ဒီ Safety Shoe ကြီးနဲ့ပါပဲ ။ နောက်တော့မှ သူများတွေကို အားကျပြီး အလုပ်ထဲမှာ Safety Shoe ကြီးစီး ၊ အပြင်သွားတော့ ပေါ့ပေါ့ပါးပါး ဖိနပ်တစ်ရံ ဝယ်စီးဖြစ်သည် ။ ထို Safety Shoe စစီးတည်းက ဖိနပ်ဗီရိုထဲ ရောက်သွားသည့် ထိပ်တုံးတုံး ဖိနပ်ကလေးသည် အခုဆို တစ်နှစ်ကျော် နှစ်နှစ်ဝင်းကျင် ။

အခု ပြန်စီးတော့ ဖိနပ်ပေါ် အမြင်တမျိုးပြောင်းသွားသည် ။ အင်း ထိပ်က တုံးတုံးကြီးနဲ့ ရုပ်ဆိုးလိုက်တာဟု ခံစားမိသည် ။
ခံစားမှုသည် မိမိကျင်လည် ဖြတ်သန်းမိသည့် ပတ်ဝန်းကျင်အတွေ့အကြုံပေါ် မူတည်၍ ပြောင်းလဲတတ်သည် ဟု ခံစားမိသည် ။ ကဲ အခုပဲ ကြည့် ကိုယ်ဖြတ်သန်းမှုထဲမှာ အရေးပါသည့်… ကိုယ့်ခြေထောက်ကို ကာကွယ်ပေးသည့်…. shoeဖိနပ်ဆိုတာ ဘာလဲလို့ စတင် သိရှိခွင့်ပေးသည့်…. ဖိနပ်ကလေးကို… အထင်သေးသည့် အကြည့်နှင့် ကြည့်ပြီး ရုပ်ဆိုးလိုက်တာ ဟု ရေရွတ်မိသည် ။ လူသည် အာရုံခံစားမှုကို ဦးစားပေးလွန်းသည် ။ ဖိနပ်ကလေးသာ တစ်ခုခု ပြန်ပြောတတ်လျှင် ဘာပြန်ပြောမလဲလို့ ကျွန်တော် ဆက်တွေးနေမိသည် ။
လင်းဒီပ
၁.၁၀.၀၉

Tuesday, September 29, 2009

ချစ်သူ့ဖတ်စာ(၄)

ဘဝကို
ဝလုံးလေးတွေ ရေးတတ်အောင် လာသင်နေတော့
အချစ်တွေကို လက်ရေးလှ တစ်အုပ်စာ ရေးလိုက်တယ် ။

ဒီကောင်ကြီး အပိုးကျိုးပြနေရတာ
ကိုယ့်နှလုံးသားလေးဟာ မင်းနှလုံးသားလေးရှေ့ လက်ကလေးပိုက်လို့။

ပင်လယ်ဓားမြလှေကြီးပေါ် တစ်ဘဝလုံး ပစ်တင် ရွက်လွင့်နေတုန်း
ကိုယ့်နှလုံးသားက ချောင်းဆိုးသွားတာ
ခုတော့ ဘယ့်နှယ်ရှိစ
ကိုယ့်ကိုယ်ကို သံဝေဂ ရမိတယ်။

ညီမလေး သင်ရိုးညွှန်းတမ်းမှာ ကိုယ့်နှလုံးသားလေး ပြန်နုငယ်ချင်လို့
ညီမလေး ခေါင်းလောင်းသံလွင်လွင် ကျောင်းသားလေးလို ပြန်နားထောင်ချင်လို့
ညီမလေးရေ…
ပန်းကလေးများ ပွင့်တော့မည် ကိုယ့်နှလုံးသားလေး ဖူးတံဝင့်လို့ချီပါရစေတော့ ။

မင်းနှလုံးသားရဲ့ အရိပ်အာဝါသမှာ
ကိုယ့်နှလုံးသားလေး သူငယ်တန်းတက်ပါရစေလား ညီမလေးရယ်။
လင်းဒီပ
၂၉.၀၉.၀၉

Tuesday, September 22, 2009

ကဗျာရေးမရတဲ့ ရာသီ

နှလုံးသားလက်ယက်တွင်းလေးထဲ

ရေကြည်သန့်သန့်တွေ

စိမ့် ထွက် မလာတဲ့အခိုက်

တိတ်နေတဲ့ စိတ်ရဲ့ဂီတကို

ပဲ့တင်ထပ်လို့ မရတော့

စာရွက်ကလေးနဲ့ ဘောလ်ပင်လေးဟာ ရှင်ကွဲ ကွဲ။

သွေးရူးသွေးတမ်းနဲ့

စိတ်ပလိုင်းပေါက်ထဲ

မြင်မြင်ကရာ အက္ခရာတွေ ကောက်ကောက် ထည့်….

ကိုယ့်မိုးလေဝသမှာ

ပန်းမိုးတွေ ခေါင်နေတော့

ကိုယ့်နှလုံးသွေး ကိုယ် ကြိုးကျစ်

တစ်ရာသီလုံး လွန်ဆွဲနေခဲ့ရတယ်။

လင်းဒီပ

၂၂.၀၉.၀၉

Monday, September 14, 2009

ပြတင်းပေါက်ကလေး တစ်နှစ်ပြည့်

မနှစ်က ၁၅.၀၉.၀၈ မှာ ကျွန်တော့် ဘလောဂ့်လေး စတင်ခဲ့ပါသည် ။ စိတ်တွင် ထင်ဟပ်မိသော စိတ်ကူးစိတ်သန်း လေးများကို တခြားသူများနှင့် အတူ မျှဝေ ခံစားလိုစိတ်ဖြင့် စတင်ခဲ့ပါသည် ။ ဘလောဂ့် လုပ်လုပ်ချင်း တုန်းကတော့ သူများတွေလိုပင် စာစုံ တင်ချင်ပါသည် ။ ဖွယ်ဖွယ်ရာရာလေး လုပ်ချင်ပါသည် ။ သို့နှင့် Label တွေ ခွဲသည် ။ တကယ်တမ်း ချရေးသော ကျွန်တော့် နှလုံးသား၏ မိရိုးဖလာ ဘာသာစကား ကဗျာတွေပဲ တွင်တွင် ရေးဖြစ်သည် ။ နောက်ဆုံးတော့ ကဗျာရေးတဲ့လူက ကဗျာသမားပဲ ဖြစ်လာပါသည်။ ကဗျာဆရာ လို့ပဲ တံဆိပ် ကပ်ကြပေတော့သည် ။ အခု ပြန်ကြည့် လိုက်တော့လည်း တစ်နှစ်အတွင်းမှာ ကျွန်တော် ကဗျာ အပုဒ် ခုနှစ်ဆယ် တင်ဖြစ်ခဲ့သည် ။ ဆိုတော့လည်း မတတ်နိုင်ပါ ။ ဘယ်လို အရောင်ပြောင်း ဆိုးဆိုး ကဗျာဆရာ ဆိုသည့် မူလ အရောင်က အထင်းသားပင် ။ ဒီတော့ ကဗျာဆရာလေးပဲ ဆက်လုပ်နေပါဦးမည် ။ တခါတလေ စိတ်ကူး တည့်သလိုတော့ စကားပြေလေးတွေ ရေးပါဦးမည် ။

နောက်တစ်ခု ကတော့ ဘလောဂ့်လေး စလုပ်ကတည်းက မကြားရ မမြင်ရသော သံယောဇဉ်တွေ တိုးလာပါသည် ။ တိုးတိတ် နေတတ်သော ကျွန်တော်တွင် စာရေးဖော် မောင်နှမတွေ အသိတွေ နိုင်ငံပေါင်းစုံက ရှိလာပါသည် ။ ပျော်စရာ ကောင်းပါသည် ။ ရေးထားသော စာကို ဖတ်ပြီး ပုံပန်းသဏ္ဍာန် ကို စိတ်ဖြင့် မှန်းကြည့်ရတာလည်း ပျော်စရာ ။ဖြတ်သန်းမှု အစုံစုံ ဘဝ အစုံစုံ အရွယ်စုံ ခံစားမှုအစုံ ကို ဘလောဂ့် လုပ်မှ တစ်ယောက်အိမ် တစ်ယောက် လည်ရင်း ခံစား မိတော့သည် ။ အကျိုးများ ပါသည်။ Gtalk ကတော့ လာ Invite လုပ်ရင် Accept လုပ်ထားပေမယ့် သိပ် မဝင်ဖြစ်တော့ တခါတလေမှ ပဲ Chat ဖြစ်ပါသည် ။ Facebook လည်း ထို့အတူ..။

ကျွန်တော် ဘလောဂ့် မလုပ်ခင် သုံးလေးနှစ်လောက် အကြောင်းကြောင်းကြောင့် မြန်မာကဗျာတွေနှင့် အဆက်ပြတ် နေပါသည် ။ အခုမှ ပြန်ဖတ် ဖြစ်သည် ။ကဗျာ Ebook တွေ စုနေ ဖတ်ဖြစ်နေပါသည် ။ စိတ်သည် အတိတ်တုန်းက လမ်းတွေကို ရင်ခုန်သံ အသစ်ဖြင့် ပြန်လျှောက်နေမိခြင်း လည်း ဖြစ်ပါသည် ။ အမြင် ခံစားပုံ မတူတော့ ။ နှလုံးသားသည် မဖြူတော့ ။ဖြတ်သန်းပြီးသော ဘဝအတွေ့အကြုံက စကားပြောပါသည် ။ ကျွန်တော် အဆက်ပြတ်နေသည့် စာပေတွေ ကဗျာတွေနှင့် ဘလောဂ့် လုပ်သည့် တစ်နှစ်အတွင်းမှာ လုံးလားထွေးလား ပြန်ဖြစ် လာပါသည်။ထို့အတွက် ကျွန်တော့် နှလုံးသားသည် ကဗျာတေးဖြင့် ပြန်လည် ပူနွေးလာခဲ့ပါသည် ။

နောက်တစ်ခု ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကို အားနာပါးနာ ပြောစရာလေး ရှိပါသေးသည် ။ ကျွန်တော် ရေးထားသမျှ အချစ်ကဗျာတွေ များနေပါသည် ။ ပိုပြီး တွေးစရာပါသည့် ကဗျာမျိုးလည်း အတတ်နိုင်ဆုံး ဖန်တီးချင်ပါသည် ။ ရေးမိသမျှ ကဗျာ နုနုလေးတွေ အတွက် အားနာပါသည် ။ နည်းနည်း ကြမ်းတဲ့ ပိုပြီး လောကအမြင်ပါတဲ့ ကဗျာလေးတွေ ရေးဖြစ်ဖို့လည်း လုပ်နေပါသည် ။ စိတ်ထဲ ရှိသမျှ ဖွင့်ပြထားသော ပြတင်းပေါက်ကလေးဆီ ပြီးခဲ့တဲ့ တနှစ်လုံး လာလည်ခဲ့ကြတဲ့ နိုင်ငံပေါင်းစုံက ညီအစ်ကို မောင်နှမ သူငယ်ချင်းများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည် ။ ကဗျာသည် လူကြိုက်နည်းသည့် အစားအစာ ဖြစ်ပါသည် ။ ထိုအစားအစာ လေးတွေကို အချိန်ပေးပြီး လာရောက် မြည်းစမ်းကြသည့် အတွက် အထူး ပျော်ပါသည် ။

နောက်ဆုံးအနေဖြင့် ပြီးခဲ့တဲ့နှစ်က ပထမဆုံး တင်ဖြစ်ခဲ့သည့် ကဗျာသုံးပုဒ်ထဲမှ တစ်ပုဒ်ကို အမှတ်တရ ပြန်တင်ချင်ပါသည် ။ ကျွန်တော့် ဖြတ်သန်းမှုကို ကျွန်တော် ပြန်မြင်ရသော ကဗျာလေးမို့ ဖြစ်ပါသည် ။

အနှစ်သုံးဆယ်
ဘ၀ကို ပိုးတွေသေသွားအောင်
နေပြင်းပြင်းမှာ ထုတ်လှန်းလို့ ရရင် ဘယ်လောက်ကောင်းမလဲ
အနှစ်သုံးဆယ်လုံးလုံး ရေမချိုးဖြစ်တဲ့ စိတ်ကိုလေ..

ရေတွက်ကြည့်လိုက်ရင် စွဲမိစွဲရာတွေ အတော်များတယ်
သေသေချာချာ စေ့စေ့ပေါက်ပေါက် ချတွေးတော့
ကွမ်းသမားတစ်ယောက်လိုပဲ
အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်။

နေညိုချိန် လမ်းခွဲတွေမှာ
တစ်ဘ၀လုံးစာ သိပ်အရေးပါတာတွေ ဆုံးရှုံးသွားခဲ့သလို
အသုံးမကျစွာလည်း ရူးနှမ်းခဲ့ဖူးတယ်။
တကယ် ရှက်ဖို့ ကောင်းခဲ့တာပ
ဘ၀ကို ပိုးစားအောင်နေပြီးမှ အချိုကို စွန့်လွတ်ခဲ့တာ
ဘ၀ကို ဆလွန်းကားတစ်စီးလို့လည်း ထင်ခဲ့
ဘ၀ကို ဈေးကြီးပြီး လျှာနဲ့အဆင်မပြေတဲ့ ကော်ဖီတစ်ခွက်လို့လည်းထင်ခဲ့
ဘ၀ကို အနုပညာ ဆန်စေချင်လွန်းလို့ ခေတ်သစ်ပန်းချီကားတွေဘေးလည်း ခဏရပ်ငေးခဲ့
ဘ၀ကို ရုပ်ရှင်ရုံထဲက ပြောင်းဖူးပေါက်ပေါက်တွေနဲ့ လဲခဲ့
ဘ၀ကို ပိတောက်တွေ ပေးပန်ခဲ့
ဘ၀ကို ဟိုင်းဝေးလမ်းတွေပေါ် ပစ်ချခဲ့
ဘ၀ကို ရှင်ပြန်ထမြောက်အောင်ဆိုပြီး ကျေးလက်လေးတစ်ခုမှာလည်း ပစ်ချထားခဲ့ဖူးတယ်။

တစ်ပိုင်းစီ တစ်စစီ ပြန်ပေါင်းကြည့်တော့ အနှစ်သုံးဆယ်က စာရင်းထဲမှာ အတိအကျ ။
အပဲ့ အပွန်း လုံးဝမရှိ
အလို အပို လုံးဝ မရှိခဲ့
တကယ့်ကို ထိတ်လန့်စရာပါ ။

အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါ လာခြင်းကောင်းခဲ့ချင်ပါသေးတယ်။
၁၃.၀၉.၀၈

အားလုံးကို ကျေးဇူးတင်ပါသည် ။ အခုတလော စိတ်မလန်း လူမလန်းလို့ စာ အတင်ကျဲနေပေမယ့် ဆက်လက်ပြီး ဘလောဂ့်ဂင်း နေပါဦးမယ် ဆိုတဲ့အကြောင်း…။

အားလုံးကို ချစ်ခင်လေးစားစွာ
လင်းဒီပ
၁၄.၀၉.၀၉

Thursday, September 10, 2009

နေ

တစ်ဘဝလုံးလောင်ပြီး
စိတ်ကူးယဉ်စရာ မကောင်းလောက်အောင်
ပူပူလောင်လောင်ကောင်ကြီး ငါ..။

စကြဝဠာမြို့ကြီးထဲ
မီးဝင်းဝင်းတောက် မျက်လုံးကြီးနဲ့
နင့်ကို ခေါ်တောကြည့် ကြည့်နေတဲ့
လူကြမ်းမင်းသားကြီး ငါ….။

“လ”ဆိုတဲ့ သနားကမားကောင်လေး
ငါ မနာလိုပါ…။
စကြဝဠာမြို့ကြီးထဲ
လရောင်ခြုံထည်ပုဝါလေးနဲ့ နင် ရှက်သွေးဖြာ..။

ငါ
ငါ့ဒေါသနဲ့ ငါ
နင့် အနားထိ လာလို့ မရရှာ
ငါ
ငါ့ဝဋ်ကြွေးနဲ့ ငါ
နင့် အဝေးကြီးလည်း ထွက်မပြေးနိုင်ရှာ…။

စကြဝဠာမြို့ ပြီးဆုံးတဲ့နေ့အထိ
ငါ့ခန္ဓာ လောင်ကျွမ်းလင်းတောက်ရင်း ရှိနေချင်တာ
မင်း ကိုယ်ကာယလေးကို
လူပျိုတေးလေး ဟစ်ရင်း လှည့်ပတ် ငေး နေဦးမှာ
နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ တိမ်းစောင်း မူနွဲ့နေသူလေးရာ..။
လင်းဒီပ
၁၀.၉.၀၉

Tuesday, September 1, 2009

လိပ်ပြာမသန့်တဲ့ လိပ်ပြာ

ရည်ရွယ်မထားတဲ့စကားတစ်ခွန်းက
တင်ကူးကြံစည်မှု မပါဘဲ
မတော်တဆ ထွက်သွားတယ်။

ချစ်ခြင်းမှ အနားယူလိုက်ပါပြီ ဆိုတဲ့ နှလုံးသား
မကြေညာဘဲ
အရေးပေါ် ထခုန်လို့။

ချစ်ခြင်းဟာ
နီးစပ်မှုမှာ အရည်ပျော်လောက်အောင် မသိမ်ဖျင်းလှပါဘူး။
မင်းကတော့ ရိုးအ မျက်ဝန်းတစ်စုံနဲ့ ငါ့ကို ငေးလို့။

မင်းဟာ ပုံပြင်ထဲက ယုံငယ်လေးဆို
ငါက ကျားငစင်းလဲ ဖြစ်သွားပြီ။

မုသာဝါဒ ဆိုးဆေး မပါတဲ့ နှလုံးသားကိုတော့
နောင်ဘဝမှ ကြွေးကျန် အနေနဲ့ တောင်းယူပါတော့။

ဒီလို
ရာသီအခါး
တိမ်အမှားတွေနဲ့
တို့နှစ်ယောက် မတွေ့ဆုံသင့်ဘူး။

အခုတော့
နင်ရော ငါပါ
အညိုရောင် အိုင်ငယ်လေးထဲ
ခြေထောက်တွေ အခါခါ ဆေး
ညစ်ထေးသွားတဲ့ စိတ်တွေ
အသစ်ပြန် ဖြူစင်လို့ ရနိုးနိုး..။
လင်းဒီပ
၁.၀၉.၀၉

Sunday, August 30, 2009

နှင်းဆီဝင်္ကပါ


ကျွန်တော် လျှောက်လာတဲ့ လမ်းကပဲ နှင်းဆီတွေ ပေါ်နေတာလား နှင်းဆီတွေ ပေါ်တဲ့လမ်းကိုပဲ ကျွန်တော် ရွေးလျှောက်ခဲ့မိပါသလား မတွေးမိပါ ။ သေချာတာကတော့ မြေလမ်းလေး ဘေး တစ်ဖက်တစ်ချက်ဆီတွင် နှင်းဆီရောင်စုံတွေကို အစီအရီနှင့် သေချာစိုက်ထားတာ ကြုံရသည်။ နှင်းဆီနှင့် ပတ်သက်သော စာတွေ ကဗျာတွေကလည်း စုံလွန်းသည် ။ ဦးသန်းဖေလေးရဲ့ ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်က စလို့…လေးဖြူရဲ့ ရိုစီ ငါ့ကို ကြင်နာနေတာ မဖြစ်နိုင်ဘူး ထိပေါ့ …။ကဗျာတွေဆိုလည်း ခေတ်အဆက်ဆက် နှင်းဆီဖွဲ့တွေ…။ ကျွန်တော် လျှောက်ရင်း လျှောက်ရင်း သီချင်းလေးတွေ အမျိုးမျိုး ပြောင်းပြီး နှင်းဆီပန်းလေးတွေကို စောင်းမြောင်း ဆိုနေမိသည် ။ နှင်းဆီတွေကလည်း မသိသလို သိသလို ကပို ရှက်သလိုနှင့် ပွင့်ဖတ်ကလေးတွေက တဆင့် နားစွင့် နေကြပါသည် ။ နှင်းဆီခင်းကြီးက ငေးလိုက်ရင် မဆုံး..။ နှင်းဆီခင်းရှင်ကို မတွေ့ရ။

ကျွန်တော် ဆက်လျှောက်လာခဲ့ပါသည် ။ နံနက်ခင်း နှင်းဆီရနံ့တွေက လေပြေမှာ သင်းသင်းကလေး ။ ကျွန်တော် ပန်းတွေ သစ်ပင်တွေကို တကယ် တန်ဖိုးထားတတ် ပါသလား။ မသိပါ ။ အခုချိန်ထိ သစ်ပင်တစ်ပင်ကို ဘယ်လို စိုက်ပျိုးမလဲ မသိပါ ။ ဘာပဲဖြစ်ဖြစ် ပန်းတွေတွေ့တော့ ပျော်စရာ ။ ခေတ်အဆက်ဆက် တော်ဝင် မင်းသမီးလေးတွေ နှင်းဆီရောင်စုံတွေ…။ ဘယ်သူမဆို ဒီလို နှင်းဆီတွေ တွေ့တဲ့အခါ ခူးဆွတ်ချင်မှာပါပဲ ။ ကျွန်တော် ကိုယ်တိုင်လည်း ခူးဆွတ်ချင် လာတာပါပဲ ။ ကျွန်တော် ခူးလိုက်ရင် ကောင်းမလားလို့ ပန်းနုရောင် နှင်းဆီပွင့်လေးနားမှာ ရပ်ရင်း စဉ်းစားမိသည် ။ ပန်းနုရောင် နှင်းဆီလေးက ကျွန်တော့်ကို ငေးကြည့်နေသည် ။ တဘက်ကို ထပ်ကြည့်လိုက်တော့ အနီရဲရဲ စိုစိုလေး ။ အင်း ဒါလေးလည်း လှတာပဲ ။ သူ လှတာလေးက ပိုပြီးတော့ ဆွဲဆွဲဆောင်ဆောင် ။ ကျွန်မက ပို မွှေးပါတယ်ရှင် လို့ပင် ပြောနေသယောင် ။ ခူးမယ် လုပ်နေရင်းက အင်းလေ ထပ်ကြည့်သေးတာပေါ့ လို့တွေးရင်း ဆက်လျှောက်လာမိသည် ။

ခဏနေတော့ အဖြူရောင် နှင်းဆီလေးကို ထပ်တွေ့ပြန်သည် ။ ခင်ဝမ်း၏ နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက် သီချင်းပင် အမှတ်ရမိသည် ။ ဒီဘက် လှည့်လိုက်တော့ နှင်းဆီပြာ…။ ထပ် ငေးကြည့်မိပြန်တော့ ဒီဘက်က နှင်းဆီလေးက အငုံမှ ပွင့်လာကာစ အဝါရောင် နှင်းဆီလေး… အခုမှ သတိထားမိတာက နှင်းဆီတွေ ကြည့်ရင်း ငေးရင်း ကျွန်တော် ဝင်လာခဲ့တဲ့ မြေလမ်းကလေး မဟုတ်တော့ ။ နှင်းဆီတွေရဲ့ အလည်ကို ရောက်နေသည် ။ ပြန်ထွက်ရမယ့် လမ်းကို မတွေ့။

နှင်းဆီဝင်္ကပါလား…။ ကိုယ်ကိုယ်တိုင်က ကြည့်ရင်း ငေးရင်း နှင်းဆီတွေကြားမှာ တစ်စ တစ်စ လမ်းပျောက် သွားခဲ့တာလည်း ဖြစ်သည်။ တဖြည်းဖြည်း ကျွန်တော့်ခန္ဓာက နှင်းဆီပင်တွေ ထက်ပင် သေးငယ် သွားသလို..။ တစ်ပတ်လည်မှာ နှင်းဆီတွေ…. ရနံ့တွေ..လှိုက်မူးလာသည် ။ နှင်းဆီတောနက်ကြီးထဲမှာ….။ နှင်းဆီပင်လယ်ကြီးထဲမှာ…။

တစ်ပွင့်ဆို တစ်ပွင့် အမှန်တကယ် ခူးပြီး လှည့်ထွက် လာခဲ့သင့်သည် ။ အခုတော့ ကိုယ့်အပြစ်နဲ့ ကိုယ် နှင်းဆီရောင်စုံတွေကြားမှာ လမ်းပျောက်နေသည်။ ပန်းပင်လယ်ကြီးလား …ကူးခတ်ရင်း မောနေသည် ။ဘယ်လို ပြန်ထွက်ရမလဲ ။ တွေဝေ ငေးမောရင်း ပန်းတောမှာ လမ်းပျောက်ခဲ့သူကို ဘယ်သူက ကယ်နိုင်မလဲ။ ပန်းကလေးတွေ ကြားမှာ လမ်းပျောက်နေပြီ။ ကယ်ပါဦး အော်ရအောင်လည်း ပန်းကလေးတွေ ကြားရင် ရှက်စရာ။ ပန်းကလေးတွေ လှောင်ရယ်မှာ…ဘယ်လို လက်ခံရမှာပါလိမ့် ။

ဆက်လျှောက်လာရင်း ဦးထုပ်နွမ်းနွမ်း ဆောင်းထားတဲ့ လူတစ်ယောက်ကို တွေ့ရသည် ။ အကူအညီ ရလိုရညား လှမ်းခေါ်လိုက်တော့ ခင်ဗျား လမ်းပျောက်နေပြီ မဟုတ်လား ..အဲဒါပဲဗျ … ကိုယ် ဘယ်နှင်းဆီကို လိုချင်တာလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ။ ဒါမှ ပိုင်ပိုင်နိုင်နိုင် တစ်ပွင့် ခူးလိုက်ရုံပဲ …အခုလို လမ်းမပျောက်တော့ဘူး။ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက ကျွန်တော်လည်း ခင်ဗျားလိုပဲ ဒီခြံထဲကို ရည်ရွယ်ချက် တိတိပပ မရှိပါဘဲ ရောက်လာတယ် ။ နှင်းဆီတွေ ကြည့်ရင်း ဟိုတစ်ပွင့် ကောင်းနိုး ဒီတစ်ပွင့် ကောင်းနိုး စဉ်းစားရင်း နဲ့ နှင်းဆီတောထဲမှာ လမ်းပျောက်ရင်း ဥယျာဉ်မှူး ဖြစ်လာတာပဲ ။ ခင်ဗျားလည်း အခုအချိန်က စပြီး ဥယျာဉ်မှူး ဖြစ်ပြီ။ ပြန်ထွက်ဖို့ လမ်းကို ရှာမတွေ့မချင်း ပေါ့ ။ ခင်ဗျားကိုလည်း တစ်ခုတော့ ပြောချင်တယ် ..ဥယျာဉ်မှူး ဆိုတာ ပန်းခူးခွင့် မရှိဘူး.. ပန်းတွေ အများကြီးကို ငေးကြည့် နေခွင့်တော့ ရှိတယ်။နောက်တော့ ဥယျာဉ်မှူးက ဘာမှ ထပ်မပြောတော့ပဲ နှင်းဆီနှင့် ပတ်သက်သော သီချင်းလေးတစ်ပုဒ် ညည်းရင်း ထွက်သွားသည် ။

ကျွန်တော် ပန်းတွေကြားထဲမှာ ကျန်ခဲ့ပြန်သည် ။ နှင်းဆီရောင်စုံတွေ ကျွန်တော့်ကို ငေးကြည့်နေသလို ထင်သည် ။ နှင်းဆီတွေ ရယ်နေမလား။ နှင်းဆီဝင်္ကပါထဲက ကျွန်တော် တိုးထွက်မလား… ငြိမ်နေရမလား… နှင်းဆီရနံ့တွေက ပိုမို စူးရှလာသည် ။ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသလို ခံစားမိတော့ လှည့်ကြည့်လိုက်တော့ ဒဏ်ရာရထားသော အနက်ရောင် နှင်းဆီတစ်ပွင့်က ကျွန်တော့်ကို နာနာကျင်ကျင် ကြည့်နေတာနှင့် ဆုံသည် ။ နှင်းဆီတွေကြားမှာ ပိတ်မိနေသူတစ်ယောက်… နှင်းဆီဝင်္ကပါထဲ ရောက်နေတဲ့သူ တစ်ယောက် အနေဖြင့်… နှင်းဆီနှင့် တချို့သူတွေကြားမှာ ရန်ငြိုးရန်စ ရှိခဲ့ရင်တောင် ပေးဆက်ဖို့ သက်သက် ရောက်နှင့်ပြီးသားလေ။

……မင်းအတွက် ငါ လမ်းတွေ ပျောက်နေခဲ့… ဝင်္ကပါထဲက ပန်းကလေးရယ် ငါ မင်းရဲ့ အကျဉ်းသားပါကွယ်…။

ကျွန်တော် နှင်းဆီဝင်္ကပါ သီချင်းလေး ညည်းမိရက်သား ဖြစ်သွားသည် ။ နှင်းဆီရောင်စုံတွေ နှင်းဆီရနံ့တွေ ပိတ်ဆီးနေသည့် နှင်းဆီတောနက်ထဲတွင် ကျွန်တော်သည် ဥယျာဉ်မှူးတော့ မဖြစ်နိုင် ။ နှင်းဆီအကျဉ်းသားမျှသာ ဖြစ်နိုင်ပါသည် ။ ကျွန်တော် လွတ်လမ်းကို ရှာနေတုန်းမှာပဲ နှင်းဆီတချို့၏ ခပ်လှောင်လှောင်ရယ်သံကို ကြားလိုက်မိသေး သည် ။
လင်းဒီပ
၂၉.၀၈.၀၉

အောက်ခြေမှတ်စု(၁)(ကိုရွာသားက ကျွန်တော့်ကို ရင်ထဲက နှင်းဆီတစ်ပွင့် အကြောင်း တဂ်ပါတယ် …ကျွန်တော်ကတော့ နှင်းဆီခင်းကြီး အကြောင်း ရေးလိုက်မိပြီ..:P)

အောက်ခြေမှတ်စု(၂)(ဓာတ်ပုံလေးကလည်း ကိုရွာသား ဒါနပြုပါတယ်။)

အောက်ခြေမှတ်စု(၃)(“နှင်းဆီဝင်္ကပါ” ဆိုတဲ့သီချင်းလေးတစ်ပုဒ်ကို “အိပ်မက်ကဗျာ”အယ်ဘမ်မှာ ကိုလေးဖြူ ဆိုထားပါတယ်။ အခု ဒီပိုစ့်မှာ “နှင်းဆီဝင်္ကပါ” ဆိုတဲ့နာမည်လေးနဲ့ စာသားလေးတစ်ခုကို သုံးထားပါတယ်။ ကိုလေးဖြူနဲ့ တေးရေးသူ (ကိုကေအေတီ ထင်ပါတယ်) ကို Credit ပေးပါတယ်။ “နှင်းဆီဝင်္ကပါ” ဆိုတာ အသုံးကို သူတို့ဆီက ကျွန်တော် ယုသုံးလိုက်တာ ဖြစ်ကြောင်း ဝန်ခံပါတယ်။)

Tuesday, August 25, 2009

ဖြေဆေး

သံသရာဆိုတာကြီးက
မျှော်ငေးနိုင်တာ ထက် ပိုရှည်လျားတယ်..

သီထားတဲ့ ပန်းတွေလို ဘဝတွေများစွာ
တော်စပ်ပုံ အမျိုးမျိုး
နင်ရော ငါရော မမှတ်မိနိုင်ဘူး။

ဘဝကလေးတစ်ခု မနီးစပ်ရုံနဲ့
အပြီးသတ် အသဲမကွဲသေးဘူး
သုံးဆယ့်တစ်ဘုံ ရင်ခုန်ကြည့်စမ်း မိရွှေရည်..။

(ရယ်ရယ်မောမောနဲ့ အတည်ပြောရရင်)
နင်ရော ငါရော လူပြန်ဖြစ်ဖို့လိုသလို
ဆန့်ကျင်ဘက်လိင် လည်း ဖြစ်
ဆန့်ကျင်ဘက်ကို စိတ်ဝင်စားတတ်တဲ့ လူနှစ်ယောက်အဖြစ်
ဘဝကလေးတစ်ခုမှာ ထပ်တွေ့ခဲ့ကြရင်သာ
ငါ လာနှုတ်ဆက်မှ ရေးတေးတေးတော့ လုပ်မနေနဲ့ပေါ့ …။

ရွှေရည် ရေ
ငါ နင့်ကို
ထင်းခွေရင်းဖြစ်ဖြစ်
ရေခပ်ရင်းဖြစ်ဖြစ် နောက်ဘဝက စောင့်နေပါ့မယ်..။
လင်းဒီပ
၂၄.၈.၀၉

Monday, August 17, 2009

ကြောင်ကလေးနဲ့ချစ်သူ

သူမ…
လောကနှင့် ကျွန်တော်
လက်လွန်ခြေလွန် ဖြစ်မှာ စိုးရိမ်တတ်သော
မျက်လုံးဝိုင်းနှင့် လက်သည်းညှပ်ကလေး။

အသွားတွင် ထိုစကားများထည့်ထား၏။
လိမ်မာပါတယ်ကွယ်
ပြန်အိပ်တော့နော်
သူတို့နဲ့လျှောက်လျှောက်သောက်နေရင် ကို့ကျန်းမာရေးပဲ ထိခိုက်မှာပေါ့။

အဆင်မပြေတဲ့နေ့တွေကို
ထိုးစိုက်ချင်လို့ သွေးထားတဲ့ လက်သည်းတွေ
ညှပ်ညှပ်ပစ်တော့
ငါဘယ်လို ရန်ထွက်ဖြစ်ရမလဲ သူတော်ကောင်းမလေးရယ် ။

ငါ့ကို ဥပုသ်စောင့်ဖို့ မခေါ်ပါနဲ့ဦး…
ဟောဒီသံသရာ ပတ်လမ်းကြီးထဲ
လူမိုက်ကလေး လုပ်ပါရစေဦး ။

ငါ့လက်သည်းတွေ ရှည်နေတာလည်း
ငါသိပါတယ်။
ငါ့လက်သည်းတွေ ညှပ်မပစ်ချင်သေးဘူး ။

ငါ့မိုက်တွင်းလေး နည်းနည်း နက်ချင်သေးလို့ပါ..။
ငါ့ တမျှော်တခေါ်
ငါ ရင်ဖိုသလို
ကမ္ဘာကြီးကို ကုတ်ခြစ်ဆော့ကစားချင်သေးလို့။

မင်းနဲ့ချစ်တမ်းကစားတဲ့အခါမှာလည်း
မင်းကို မထိခိုက်အောင်
လက်သည်းတွေ ဖွက်ထားမယ့်လို့လည်း
ငါ ကတိပေးပါရဲ့။

သူတော်ကောင်းမလေးရေ
ငါ့လက်သည်းတွေ
နောက်လေးငါးနှစ်တော့ အရှည်ထားခွင့်ပြုပါဦး
မင်းကိုလည်း (ငါ) မပျက်မကွက် ချစ်နေရင်းပေါ့..။
လင်းဒီပ
၁၇.၈.၀၉

Friday, August 14, 2009

မြက်ရိုင်းပြတိုက်

သရဲ

လတစ်စင်းနဲ့ မျောနေ။

ငါ့ကို
ဆေးလိပ်တစ်ဖွာလောက် တိုက်ပါကွာ
လမင်း ပြန်ရင် ငါ ဝင်အိပ်ရတော့မယ်။
တိန်းတောင်

အင်းစိန်ဂျီတီအိုင်မှာ တွဲဖြစ်တဲ့ သူငယ်ချင်း တိန်းတောင် ရေးထားတဲ့ ကဗျာလေးပါ ။ အဲဒီတုန်းက လုပ်တဲ့ မြက်ရိုင်းပြတိုက် ဆိုတဲ့ စာအုပ်မှာ ထည့်ဖြစ်ရင်း နောက်ပိုင်းကျတော့ ကန်တင်းရောက်ရင် သူ့ကဗျာက ပြောစမှတ်တစ်ခု ဖြစ်သွားတယ် ။ ငါ့ကို ဆေးလိပ်တစ်ဖွာလောက်တိုက်ပါကွာ လမင်းပြန်ရင် ငါ ဝင်အိပ်ရတော့မယ် ဆိုပြီး…။

လူရိုင်းစကား

မြင်းစီးနေတုန်း
ဆင်ရံလာရင်တော့
ငါ့ဘဝပျက်ဖို့ တစ်ဝက်သေချာသွားပြီ ။
တိန်းတောင်

ဒီကဗျာလေးကလည်း လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ရုန်းကြွနေတဲ့စိတ်ကို ရေးထားလို့ ကျွန်တော် မကြာခဏ သတိရမိတဲ့ကဗျာလေး ။

သူငယ်ချင်းရယ်
ချစ်တတ်တဲ့စိတ် သိုသိပ်ဝှက်ကွယ်
သူငယ်ချင်းမို့ ဖွင့်ပြောဖို့လည်း
ကိုယ်မရဲတော့
ကြေကွဲတိတ်တိတ် လရိပ်မှာ

ရင်ခုန်သံများ သူ,မကြားအောင်
ဟန်ဆောင်ရယ်မော ရင်မောသက်ပြင်း
စိုးကြောက်ရင်းနဲ့
ငိုချင်းညည ကာလကြာ…။

သံယောဇဉ်ဖွဲ့ ရင်ခုန်တဲ့အချစ်
ရစ်ဖွဲ့နာကျင် မြင်မြင်သမျှ
ကိုယ်ရေးချတော့
ကဗျာတွေပဲ ဖြစ်ဖြစ်လာ…။

ဒီကဗျာလေးကတော့ ကျွန်တော့် လေးလုံးစပ် ကဗျာလေးပါ။ ဂျီတီအိုင်ကျောင်းသားဘဝ ညလေးတွေ အမှတ်ရရင်း တွဲတင်လိုက်တာပါ ။သုံးပုဒ်လုံးက ကျွန်တော်တို့ မြက်ရိုင်းပြတိုက်ကလေး ထဲကပါပဲ ။
မနေ့က ကဗျာက မီးတွေ တောက်နေလို့ ဒီနေ့ ဒါလေးတွေနဲ့ ပြန်ဖြေလိုက်ပါတယ်… :P
လင်းဒီပ
၁၄.၈.၀၉

Thursday, August 13, 2009

မီးတောက်ကဗျာဆရာ(၂)

ကဗျာဆိုတာ လမ်းဘေးက လေထိုးကျွတ်ဖာဆိုင် မဟုတ်ဘူး။
မင်းဘဝကြီး လေလျော့နေလို့ပဲ ဖြစ်ဖြစ်
မင်းဘဝကြီး ကျွတ်ပေါက်သွားလို့ပဲ ဖြစ်ဖြစ်
ငါ့ဆီ ရောက်မလာနဲ့ ငါဘာမှ မတတ်နိုင်ဘူး ။

ကဗျာဆိုတာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်မှု မဟုတ်ဘူး ။
ဖက်ရှင်တစ်ခုအနေနဲ့တော့ ကဗျာတွေ ဖတ်မပြနဲ့
ကဗျာစာအုပ်လေး ကိုင်ရင်း လမ်းလျှောက်မနေနဲ့။
ကဗျာတွေ အဖတ်လွန်ပြီး အစာမကြေတဲ့အခါ ဘယ်ဆေးဝါးမှ မင်းကို မကုနိုင်ဘူး ။

ကဗျာဆိုတာ ပစ္စည်းမဲ့တွေရဲ့ လက်ငုတ်လက်ရင်း မဟုတ်ဘူး ။
မင်းက BMW စီးနေတဲ့
သဌေးလူမိုက်တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ် ။
မင်းက စာအုပ်အဟောင်းတန်းမှာ
ငုတ်တုတ်ကလေး ထိုင်ဖတ်ရတဲ့
ကဗျာငတ်မပြေတဲ့ လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။
အရေးတော့ မကြီးဘူး
မင်းကြိုက်ရင် မင်းဖတ်
မင်းသွေးတွေ ယားလာရင် မင်းရေး…

ကဗျာဆန်အောင်ဆိုပြီး ရှပ်အင်္ကျ င်္ီအဟောင်းကြီး
တမင် မီးဖောက် ဝတ်မနေစမ်းနဲ့…
အဲဒီခေတ် မဟုတ်တော့ဘူး။

သူဟာ အနုပညာရဲ့ ကိုင်းကြီးကြီးတစ်ခု…
မင်းကြိုက်ရင် မင်းနား မင်း မကြိုက်ရင် မင်း ထွက်သွား

မင်းသွေးကြောတွေထဲ ကဗျာသွေးတွေ မစီးဆင်းသေးခင်…
မင်းခန္ဓာထဲ ကဗျာဝိညာဉ်လေးတွေ ပူးကပ်မလာခင်…
မင်းစကားလုံးတွေ မင်းစိတ်သစ်ပင်က ကြွေကျမလာခင်တော့…
သူ့ဘာသာလှနေတဲ့ အနုပညာတစ်ခုကို အိုင်တွေ့တိုင်း ခြေဝင်မဆေးစမ်းနဲ့။

ဟန်ကြီးပန်ကြီးနဲ့တော့ ကပြမနေစမ်းနဲ့ ငါ့ကောင်..။
ဟောသမှာ
ကဗျာကို ကြိုက်လို့ ခံစားနေကြသူတွေ ချည့်
(ဘယ်သူမှ ပြဇာတ်မင်းသား မဟုတ်ဘူး)
ချစ်ချင်ယောင်ဆောင် မနေစမ်းနဲ့
မင်း တကယ်မချစ်ရင် သူ့ဆီက (မင်း) ဘာမှ ရမှာ မဟုတ်ဘူး။
လင်းဒီပ
၁၃.၈.၀၉

Tuesday, August 11, 2009

ဂျူလိုင်အလွန်

သမိုင်း တစ်ဆစ်ချိုး
ခေတ်ဆိုးကို ပျိုးယူဖို့ ရွာလိုက်တဲမိစ္ဆာမိုး ။

ငါးခုံးမတစ်ကောင်ကြောင့်
တစ်ခေတ်လုံး ပုပ်ခဲ့ …။

ရေပုပ်တွေ ခပ်ခပ်ထုတ်နေရ
ကုန်,မကုန်နိုင်သေးတော့…..

ခေတ်ကြီးကတော့
သူ့အကြွေး သူဆပ်ချင်လို့
သူ့တာဝန် သူယူထားတယ်
(ဒီနေ့ထိ)
သူရဲကောင်းတွေ လှိုင်လှိုင် မွေးထုတ်ပေးဆဲ။
လင်းဒီပ
၁၄.၇.၀၉

ပြီးခဲ့တဲ့ (၆၂) နှစ်မြောက် အာဇာနည်နေ့အတွက်ရေးထားပေမယ့် မတင်ဖြစ်ခဲ့ပါဘူး ။ အခုတော့ တင်ချင်လို့ တင်လိုက်ပါတယ် ။

Friday, August 7, 2009

သောကြာနေ့

မနက်ဖြန် ရုံးပိတ်တယ်
ဒါနဲ့တင် ဒီနေ့မှာ ကြိုကြိုတင်တင် ပျော်နေမိ။

လုပ်စရာတွေတော့ ရှိသေးတာပေါ့
အလုပ်ဆိုတာ မထွက်မချင်း ဘယ်တော့မှ မပြီးဘူး။
အကြောင်းပြန်စရာရှိတဲ့
Email တွေလည်း ခဏ ထားထား ပါတယ်။
နောက်တစ်ပတ်မှာ တက်ရမယ့်
ရန်ဖြစ်စရာ ညှိစရာ နှိုင်းစရာ အစည်းအဝေးတွေလည်း
ခဏတော့ မေ့ထားတယ် ။

ဟိုးရှေးရှေးတုန်းကတော့ ကျွန်တော်ဟာ ရုံးပျော်လေး....
Site ထဲမှာ မုန့်တွေစားရင်း အလုပ်တွေများရင်း
မောင်နှမတွေကြားထဲမှာ
ပိတ်ရက်ကလေးတွေ မျှော်လေ့မရှိတဲ့
လူငယ်ခြေတက်ကလေးလည်း ဖြစ်တယ် ။
သင်္ကြန်လို ရက်ရှည်ပိတ်ရက်မျိုးတောင်
Site မှာ အဖွဲ့ကျပြီး အိမ်ပြန်လေ့ပြန်ထမရှိတဲ့ ကောင်ပေါ့။

အခုတော့
အားလပ်ရက်ကို မျှော်တတ်ပြီ။
အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ပြီ ။
ကိုယ့်ကိုကိုယ် Software ထည့် Run ထားတဲ့
စက်ရုပ်ကလေးလည်း ဖြစ်ခဲ့ပြီ ။
(Timer တွေဟာ တိကျပြတ်သားလို့။)

မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့
ပိတ်ရက်ကလေးမှာ တွေ့မယ်။
ဖတ်မယ်ဆို တေးထားတဲ့ ကဗျာလေးတွေ
ကော်ဖီ ခါးခါးမွှေးမွှေးလေး သောက်ရင်း ဖတ်မယ်။
မရောက်တာ ကြာတဲ့ Shopping Mall တွေလည်း
ဖက်ရှင်ရှိုးကြည့်ဖို့ သွားရဦးမယ်။

ရန်ကုန်က ရဲမေလေးကလည်း
ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
(အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
အခုတော့လည်း “အချစ်ထောင်”သီချင်းကို
ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။

ကဗျာဆိုတာ ခံစားမှုကို
ကူးစက်မြန်စေတဲ့ ရောဂါပိုးမွှားလည်း ဖြစ်ရဲ့
ဒီတော့ မိတ်ဆွေ
ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
ခင်ဗျားလည်း ကျွန်တော့်လို
မနက်ဖြန်စိတ်ကူးလေးနဲ့
အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
အသေအချာ မြင်မိလိုက်ပါတယ်။
လင်းဒီပ
၇.၈.၀၉
(ဒီတစ်ပတ် ရုံးသုံးရက်ပိတ်တာလေးကို ဆက်တွေးရင်း ရေးဖြစ်သွားတာပါ။)

Thursday, August 6, 2009

လူဆန်တဲ့သီချင်း

ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…
ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။

ကိုယ့်ကိုကိုယ် ဖြူတယ်လို့တော့ မဆိုလိုပါဘူး
ရှင်သန်ခြင်းမှာ တို့တွေဟာ ကိုယ်ပိုင်အရောင်တွေနဲ့ကွဲလွဲလို့။

နံပါတ်တစ် မဖြစ်ချင်ခဲ့ဘူး
ဒါပေမယ့် ကိုယ့်ဖြတ်သန်းမှုထဲမှာ ဘယ်လိုဂုဏ်သတ္တိတွေ ပါမလဲ…
ထည့်သွင်းစဉ်းစားရင်း
ဖြည့်စွက်ပြင်ဆင်ရင်း
ကိုယ့်ကိလေသာယန္တရားကြီးက သူများတွေထက် သွားနှုန်း နှေးနေတာ ။

ချင်ခြင်းတွေကို “ချဉ်”လို့ မရသေးတဲ့ မြေခွေး
ဆေးရောင်စုံ စပျစ်သီးလေးတွေ တွေ့တိုင်း
ထထ ခုန်တတ်တဲ့အကျင့် ပြင်မရသေးဘူး။

တခါတလေ အလွမ်းတွေ လမ်းကူးမှားတဲ့အခါ
ကိုယ့်လမ်းဟာ အဆွေးရောင်သန်းချင်လည်း သန်းမှာပေါ့။

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။

အလွဲကြီးလွဲခဲ့တဲ့ ကိုယ့်အိပ်မက်တွေကို ခေါင်းအုံးအိပ်
နောင်တတန်းလန်းနဲ့ လက်ကျန်ဘဝကြီးကို ဆုတ်ကိုင်ထားရင်း
အနေအထိုင်မတတ်တဲ့ စိတ်ကလေး ရှိနေသေးတာကိုပဲ
ကိုယ့်ကိလေသာယန္တရားကြီး လူဆန်နေတုန်းလို့
ရိုးရိုးလေး တွေးမိပါတယ် ။
၂၆.၇.၀၉

ကိုတာရာမင်းဝေ နှစ်နှစ်ပြည့်(၅.၈.၀၉) အထိမ်းအမှတ် အစ်မ မနော် ရဲ့ ကျွန်မချစ်သောကဗျာများ ဘလောဂ့်က “အရှေ့မြို့ရိုးပေါ်က နံနက်ခင်း…ကဗျာပြပွဲ”ပိုစ့်မှာ ပြသတဲ့ကဗျာလေးပါ။ အမှတ်တရ ပြန်တင်တာပါ ။

တခြား ကဗျာဆရာတွေဖြစ်တဲ့ ပန်းချီထိန်လင်း ၊ အိန္ဒြာ ၊ အမရာ ၊ သစ်ကောင်းအိမ် ၊ Zephyr ၊ ကမာပုလဲ၊ လင်းဆက် ၊ တင်မင်းထက် ၊ နေဆူးသစ် ၊ လူဇော်သစ် ၊ အိုင်လွယ်ပန် ၊ သျှင်နွေခ ၊ Xanthos တို့ရဲ့ကဗျာလေးတွေကို နှင်းဆီရောင်စုံတွေကြားမှာ မြိုင်မြိုင်ဆိုင်ဆိုင် ပြသထားပါတယ်။
လင်းဒီပ
၆.၈.၀၉

Wednesday, August 5, 2009

ခုတလော ကျွန်တော်

(၁)
အသက်ရှုခြင်းရဲ့ ဒုတိယအဓိပ္ပာယ် (တွေးနေမိတာက)

(၂)
လူ့ဘဝမှာ နေလာတာ တစ်ဝက်ကျိုးတော့မယ် ။
အဓိပ္ပာယ်ရှိရှိ နေဖြစ် သေဖြစ်ဖို့ သတိရတိုင်း ဆင်ခြင်မိတယ်။(ဆင်ခြင်နေမိတာ)

(၃)
စိတ်တွေက အမြဲလိုလို အလျားလိုက် လွင့်မျောလိုက်
ဒေါင်လိုက် လွင့်မြောလိုက်
ပြန်ဖမ်းစုလို့ မရတာရယ်
အတင်းအဓမ္မပြန်စုချင်နေတာရယ်က လက်ရှိဖြစ်နေတဲ့ရောဂါ(ကျန်းမာရေး)

(၄)
ဆေးလေးဝါးလေးဖြစ်နိုး ဆိုပြီး
တွတ်ပီလေးဖတ်လိုက် သမိန်ပေါသွပ်လေး ဖတ်လိုက်ပေါ့
ကြာလာတော့ စောတင်မောင်ရုပ် ပေါက်လာတယ်။(ဖတ်ဖြစ်တဲ့စာအုပ်တွေက)

(၅)
စိတ်လည်းပြေ လက်လည်းပျောက်ချင်လို့
စိမ်းလန်းခြင်းတွေကို
သတ်သတ်စုထားတဲ့ နေရာလေးတွေ
နှလုံးသားသက်သက်နဲ့ မကြာခဏ လျှောက်ကြည့်ဖြစ်ပါတယ် ။(ရောက်ဖြစ်နေတာ)

(၆)
ပြောမရတဲ့ စကားတွေအတွက် သိပ်ပြောချင်လွန်းတဲ့အခါ
ကဗျာတွေပဲ အခါခါ အန်ထုတ်ဖြစ်ပါတယ်…
ဇီဝဇိုးငှက် မဟုတ်တော့လည်း ဆေးဖက်တော့ မဝင်ခဲ့ဘူး။(ရေးဖြစ်နေတာက)

(၇)
လောကဓမ္မတွေ ပြည့်နှက်လွန်းတဲ့
ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ နားထောင်ရင်း
ဖြေရတယ်…ကိုယ့်ကိုကိုယ် (နားထောင်ဖြစ်နေတာက)

(၈)
“ထိုမိန်းမ”
“အချစ်မဟုတ်တော့ဘူး”
“ငါအရက်သောက်တာ မင်းမကြိုက်ဘူး” လို
သီချင်းမျိုးလေးတွေကို ကဗျာလုပ်ပြီး ရွတ်နေရတဲ့အခါလည်း ရွတ်ရင်း။(ရွတ်နေမိတယ်)

(၉)
ခွန်းသာရဲ့ကဗျာလေးအတိုင်း
“ငါသေရင် ငါ့ရင်ဘတ်မှာ
ပညာတတ်ကြီးဆိုတဲ့ စာတန်း ရေးပေးစမ်းကွယ်” (ဖြစ်ချင်နေတာက)

(၁၀)
ပစ္စည်းကောင်းတွေချပေးပြီး
ဒီဇိုင်းကောင်းကောင်းထုတ်ပေးထားတာတောင်
မဆောက်တတ်တဲ့ အင်ဂျင်နီယာလိုပဲ
မီးဖိုခန်းထဲမှာ ညံ့ညံ့ဖျင်းဖျင်း ဟင်းတွေ ထုတ်လုပ်လို့။(စားနေရတာ)

(၁၁)
ကိုယ့်ကိုကိုယ်တောင် မကယ်တင်နိုင်သေးခင်
လောကကို ကယ်တင်မယ် တကဲကဲ
စိတ်ကြီးဝင်နေတဲ့ ခါချဉ်ကောင်တွေကို သနားနေမိတယ်။

(၁၂)
ဂျီတီအိုင်ကျောင်းသားဘဝက
ချိုတဲ့ ချို့တဲ့ညလေးတွေ လွမ်းတယ်...လူငယ်ဆန်လွန်းလို့(လွမ်းနေမိတာက)

(၁၃)
ဘယ်လောက်ကြာကြာ
အိမ်ကလေးတွေနဲ့ ဝေးနေရဦးမယ်ဆိုတာတော့ မေ့ထားပါတယ်။

(၁၄)
တံခါးတွေပိတ်
လေအေးစက်တွေ တတ်ထားတဲ့
နို့ဆီဘူးခွက်လေးတွေ ထဲက ထွက်ပြေးလို့ မရသေးဘူး မေမေ။
(ခါးသက်နေမိတာက)


(၁၅)
လယ်ကွင်းပြင်တွေ ရိုးပြတ်တွေကြားထဲမှာ
ရွာသားတစ်ယောက်လို ကျင်လည်ဖြတ်သန်းခဲ့ဖူးတဲ့
လွန်ခဲ့တဲ့ နေ့ရက်တွေ တမ်းတတယ်။(တမ်းတနေမိတာက)


(၁၆)
ကျွန်တော့်လိမ်ညာမှုတွေကို
သိသိကြီးနဲ့ ယုံချင်ယောင်ဆောင်ပေးတဲ့
မိန်းမတစ်ယောက်ကို ကြိတ်ပြီး ချီးကျူးနေမိတယ်။

(၁၇)
အချစ်ကို လုံးစေ့ပတ်စေ့ မသိဘဲ
ချစ်တယ်လို့ပြောတတ်တဲ့ ကိုယ့်ကိုကိုယ် ကြိတ်ပြီး အထင်သေးနေမိတယ်။

(၁၈)
ရုပ်ရှင်ရုံ (အမှောင်ထဲမှာ လူတွေကို စု
တစ်နေရာတည်းကို အာရုံစိုက်ထားခိုင်းပြိး
ရယ်ခိုင်း ငိုခိုင်း စိတ်တွေကို ကျွန်ခံခိုင်းလို့) (ဆန္ဒမရှိတဲ့နေရာ)

(၁၉)
မြန်မာပြည်အနှံ့
မရောက်ဖူးသေးတဲ့နေရာတွေမှာ
တခါမှ မတွေ့ဖူးသေးတဲ့လူတွေနဲ့
ရင်ခုန်သံချင်း ဖလှယ်ချင်တယ် ။
စိတ်တွေ ဆာဗေးဆင်းကြည့်ချင်လို့ပါ။(ဆန္ဒရှိနေတဲ့ကိစ္စ)

(၂၀)
လူ့ဂဏန်းတွေ
(မင်းတို့ကို အင်္ဂါဂြိုလ်က သဲသောင်ပြင်ပေါ်ပို့ပစ်မယ်။)
(မုန်းတီးနေမိတာက)


(၂၁)
ဘယ့်သူမှ ပြန်မပြောပါနဲ့
အခုထိ အဲဒီအပြုံးလေး လွမ်းနေတုန်းပဲ..။(ချစ်နေတာက)

(၂၂)
လက်ရှိအလုပ်(စိတ်ပျက်နေမိတာက)

(၂၃)
သူမနဲ့ကျွန်တော် တစ်ယောက်တစ်ဝက် ရေးဖူးတဲ့
ဒိုင်ယာရီဟောင်းလေး(စွဲလန်းနေမိတာက)

(၂၄)
လုပ်ချင်တာတွေ လျှောက်လုပ်ချင်လို့
“အချိန်” ချမ်းသာချင်တယ်။(လိုအပ်နေတာက)

(၂၅)
မဖြစ်နိုင်ပေမယ့် တောင်းနေတုန်းပဲ
“ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။”(တောင်းနေမိတဲ့ဆု)

(၂၆)
အိမ်ပြန်ချင်တယ် ။(ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက)

(၂၇)
မလိမ်မိုးမလိမ်မာလေးကနေ
မလိမ်မိုးမလိမ်မာကြီး ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမလာသေးတာ။ (ဝန်ခံချင်တာက)

အစ်မ မနော် တဂ်ထားတဲ့ ခုတလောဆိုတဲ့ ပိုစ့်လေးပါ။ အစ်မ မနော် ကျေနပ်မယ် ထင်ပါတယ်။
နောက်ထပ် ထပ်တဂ်ချင်တာက ကျွန်တော့်ညီမလေး မေ့သမီးကိုပါ ။

ခင်မင်လေးစားစွာ
လင်းဒီပ
၅.၈.၀၉

Saturday, August 1, 2009

Virus

Online ရေကြည်နောက်နောက်မှာ
ခြေရာတွေ လိုက်ကောက်နေမိ..။

Facebook မှာ Friendster မှာ
Hi5 မှာ Zopia မှာ
Chat Room တစ်ခုခုမှာ
Online လမ်းသရဲမလေးရယ်
မင်း ဘယ်site မှာ အထိုင်များနေမလဲ….

တစ် site ဝင် တစ်site ထွက်
Online ရွာရိုးကိုးပေါက်
အလွမ်းတွေနဲ့ လျှောက်နေရတဲ့
Online အသည်းကွဲလေလွင့်သမားကြီး ငါပါ။

တွေ့ရင်ပြောကြပါ…
သူမဟာ Nick မျက်နှာဖုံးများစွာ
ပိုင်ဆိုင်ထားတဲ့ Online ပန်းစားဘီလူးမလေး…။

မင်းဘယ်မှာလဲ
လမ်းသရဲမလေးရယ်
ဘယ်လို Nick ကို သုံးပြီး
ဘယ် site မှာ (မင်း) ပြုံးပျော်နေပြန်ပြီလဲ…။

ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်သွားပြီ ဆို
ဒါဆို ရွာသူကြီးကို ပြောပေးပါ
ဒီရွာကြီးထဲ ငါ့ လမ်းသရဲမလေး ပျောက်နေလို့။

အခုတော့လည်း
ခေါင်းစုတ်ဖွား လူတစ်ယောက်
မျက်မှန်ထူထူ တပ်ထားပြီး
ကီးဘုတ်ကို တစ်ဒေါက်ဒေါက် ရိုက်နေ….။

သူ့လမ်းသရဲမလေးပြန်ရဖို့
ညအမှောင်ထဲ
သွေးရူးသွေးတမ်း
Search Engine တွေ တဒိုင်းဒိုင်းမောင်းနေပေါ့…။

(ဒီကဗျာလေးမှာ လိုအပ်ချက်အရ ဘိုစာလုံးတွေ မျက်စိနောက်အောင် ထည့်ထားတာတော့ စိတ်မရှိပါနဲ့နော်…:P..ပေါ့ပေါ့ပါးပါးလေး ဖတ်စေချင်လို့ ပါးပါးပေါ့ပေါ့လေး ရေးထားတာပါ။)
လင်းဒီပ
၁.၈.၀၉

Monday, July 27, 2009

နွေဘွဲ့

“ချစ်လို့ လွမ်းလို့”ဆိုပြီး
ပေါ့လျှံလျှံစကားတွေနဲ့လည်း
ငါ နင့်ကို မဖြားယောင်းချင်ဘူး ။
တကယ်ဆို
ဒါ
နေပူထဲ လမ်းအတူလျှောက်ရင်းနဲ့
ပေါက်ကွဲ ပွင့်ဖူးလာတဲ့ နှင်းဆီပွင့်ဖတ်ပေါ်က သီချင်းရိုင်း။
စွယ်တော်ရွက်ခူး ကံ့ကော်နဲ့ ရူးပိုင်ခွင့်လက်မှတ်
ဖိုးဖိုးတို့ ဖေဖေတို့ ငယ်မူပြန်အိတ်ကပ်ထဲမှာ
မမေ့မလျော့ ကျန်ခဲ့ကြပါပြီ။
ဆွေခန်းမျိုးခန်းတွေလည်း ပြတ်ခဲ့ကြ။
နွေရာသီ ဘယ်လို ခါးခါး ချစ်သူတွေက ချစ်သွားကြတာပါပဲ။
ဒါ … စကားလုံးတွေနဲ့ သီဖွဲ့ရမယ့် ဆောင်းဦးအိပ်မက် မဟုတ်ဘူး။
ဒါ … သဇင်ခက်လေး ပန်ပြီး နင်လည်း မဟာဆန်ချင်မှာ မဟုတ်ဘူး။
လှပါတယ် ကောင်မလေးရယ်
ပါးကွက်ထူထူနဲ့ ကျောင်းတော်သူလေးရယ်
ကျေးလက်ရနံ့တခြမ်း မြို့တော်ရနံ့တခြမ်းနဲ့
ပို့စ်မော်ဒန် ပန်းပုလက်ရာလေး တစ်ခုပါပဲ။
အိုဇုန်းလွှာအပေါက်ထဲမှာ
အချစ်ကို ပေါင်မုန့်နဲ့ ရောကင်ခဲ့တယ်။
သြဘာလမ်းလေးကို ပေးဖတ်ဖို့
ကျောက်စာတစ်ချပ်ရေးလိုက်တယ်။
ကောင်မလေးရေ
ကြေးနီရောင်ကောင်မလေးရေ
နေတော့ နည်းနည်းပူတယ်။
ငါတို့အရေပြားပေါ် လမ်းသလားနေတဲ့ လေပူတွေထဲမှာ
တစ်ယောက်နဖူးကချွေး တစ်ယောက်က သုတ်
မောင်သိန်းဇော်ကဗျာလေး ထုတ်ဖတ်ရင်း
ရေခဲမုန့်မပါလည်း အချစ်ကို သရုပ်ဖော်လို့ရတယ်ဆိုတာ
ငါ နင့်ကို
ရိုးရိုးသားသား လိမ်ညာခွင့်ပြုပါ။

ကဗျာလေး၏နောက်ခံရှုခင်း
ငယ်ငယ်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်ကျောင်းသားဖြစ်ရင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာနွမ်ဂျာသိုင်းတို့ ဝတ္တုတွေထဲက ဇာတ်ကောင်တွေလို စိတ်ကူးယဉ်ထားခဲ့တာပါ ။စာပေ အနုပညာတွေ ထုံမွှန်းနေတဲ့ ကျောင်းသားဘဝ… ပစ္စည်းမဲ့ဂိတ်တို့ သြဘာလမ်းတို့ မေတ္တာပေါင်းကူးတို့ပေါ့ ။ တကယ်တမ်း စတက်ရတော့ မှော်ဘီဂျီတီစီမှာ ကျွန်တော်တို့ ဝိုင်တီယူပထမနှစ်နဲ့ ဒုတိယနှစ်သွားတက်ရပါတယ် ။ တတိယနှစ်ကနေစပြီး ကျောင်းပြီးတဲ့အထိ နည်းပညာတက္ကသိုလ်ကို လှိုင်သာယာမှာ တက်ရပါတယ် ။

ဒီကဗျာလေးကတော့ ကျောင်းမှာ မြင်တွေ့ဖြစ်တဲ့ ချစ်သူစုံတွဲတွေ နေပူပူမှာ အချစ်ကို ဘယ်လို ဖွဲ့သီကြပါသလဲလို့ ကန်တင်းလေးတစ်ခုမှာ ထိုင်ကြည့်ရင်း ရေးဖြစ်တဲ့ကဗျာလေးပါ ။ ဒဂုံတက္ကသိုလ်က အဖွဲ့တွေ ထုတ်ဖြစ်တဲ့ “ဧည့်ဟောင်းဧည့်သစ် ၂၄” ဆိုတဲ့ စာအုပ်လေးထဲမှာ ထည့်ခဲ့တဲ့ ကဗျာလေးပါ ။
လင်းဒီပ
၂၇.၇.၀၉

Friday, July 24, 2009

မောင်မူး

သစ်တောက်ငှက်မလေးရေ
ငါ့နှလုံးသားကို သစ်ခေါင်းတစ်ခုလို ဖောက်
ပြီးတော့ ဟောင်းလောင်းပဲ ထားခဲ့တော့။

တခြားငှက်မလေးတွေ ဝင်လာမှာ စိုးရွံ့စိတ်နဲ့
ညနေညနေဆို ငါ့မှာ
သူရာရည်တွေ ဖြည့်ဖြည့်ထားရတာ…

မလွမ်းကြေးလို့တော့ လာမပြောနဲ့ပေါ့
လှုပ်မရ ခွာမရ သစ်တစ်ပင်လို ကျန်နေရတဲ့ကောင်က
လောကကို ခဏလေး မေ့မေ့သွားဖို့….
နင့်အနားကို ခဏလေး ရောက်ရောက်လာဖို့….

အလွမ်းတွေ ငြိမ်းတယ်ဆိုရုံလေးပါ
တကယ်တော့ ငါက အလွမ်းမီးသတ်သမားကြီးပါဟယ် ။
လင်းဒီပ
၂၄.၇.၀၉

Tuesday, July 21, 2009

လေယာဉ်ပျံ

ပြတင်းပေါက်ကနေ လှမ်းငေးနေတော့ ညနေရီ အမှောင်ထဲမှာ လေယာဉ်ပျံတွေ တစ်စီးနှင့် တစ်စီး သိပ်မခြားဘဲ ပျံတက်သွားတာ တွေ့ရသည် ။ ဒီနိုင်ငံလေးက သေးသေးလေးနဲ့ လေယာဉ်အတက်အဆင်း အတော်များသည် ။ နေ့လည်ပိုင်းဆိုလည်း စစ်လေယာဉ်တွေက တချိန်လုံးကောင်းကင်မှာ ပျံဝဲနေလိုက် ထိုးဆင်းသွားလိုက်နှင့် ကြည့်ရတာ စွန်ငှက်တွေလိုပင် ။ ကျွန်တော် နေထိုင်ကျင်လည် အလုပ်လုပ်သည့် ကျွန်း၏ အရှေ့ပိုင်းက လေယာဉ်ကွင်းတွေနှင့် နီးလို့လည်းဖြစ်နိုင်သည် ။ လေယာဉ်ကွင်းတွေ တစ်ကွင်းမက တဲ့အကြောင်း သူ့နိုင်ငံသား Taxi ဆရာနှင့် တခါ စကား လက်ဆုံကျရင်း သိရသည် ။

လေယာဉ်တွေကို ငေးကြည့်ရင်း မြန်မာဗီဒီယိုဇာတ်လမ်း တစ်ခုထဲက စကားတစ်ခွန်းကို အမှတ်ရရင်း ပြုံးမိသည် ။ မိန်းမတွေက လေယာဉ်ပျံတွေနှင့် တူတယ်ကွ ။ ကွင်းမကောင်းရင် ဝဲရုံပဲ ဝဲတယ် …ဘယ်တော့မှ မဆင်းဘူး ။ ကိုယ့်ဘဝမှာကော ဝဲရုံပဲ ဝဲခဲ့သည့် လေယာဉ်ပျံတွေ ဘယ်လောက်များ များခဲ့ပါလိမ့်။ တချို့
လေယာဉ်ပျံလေးတွေ ကတော့ ကွင်းနှင့် ခင်မင်သွားပြီး မဆင်းပေမယ့် ခုထက်ထိ လက်ပြနှုတ်ဆက် နေတတ်သည် ။ အင်း ကိုယ့်လေယာဉ်ကွင်းကြီးကလည်း ဘယ်လောက်တောင် စုတ်ချာနေခဲ့လည်းမှ မသိတာ ။ အန္တရာယ်မကင်းတဲ့ကွင်းတွေ ဆိုရင်တော့ မဆင်းတာဘဲ ပိုကောင်းပါတယ် လေယာဉ်ပျံလေးတွေရယ် ။

ညမီးရောင်အောက်တွင် လေယာဉ်ပျံတွေ မီးရောင်လက်လက် နှင့် တက်လာတာကို ကောင်းကင် အမဲရောင် နောက်ခံထားပြီး ကြည့်ရတာ စိတ်ထဲ တစ်မျိုးကြည့်လို့ကောင်းနေသည်။ ဟိုတလောက ဖတ်လိုက်ရသည့် ဆရာသုခမိန်လှိုင် ကဗျာလေး အမှတ်ရမိပြန်သည် ။

ဘ၀ဆိုတာ
အရူးမောင်းလာတဲ့ လေယာဉ်ပျံကိုစီးလာရတာပဲ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှ့င်နေဖို့စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။
(သုခမိန်လှိုင်)
တကယ်ကို ဘဝဆိုတာကြီး အရူးမောင်းလာတဲ့လေယာဉ်ပျံကြီး စီးနေရသလို ။ ဘယ်တွေရောက်မယ် ဘာတွေဖြစ်မယ်မှန်းလည်းမသိ ။ ပြန်ဆင်းလို့ မရမယ့် အတူတူ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားနေရသည် ။

ငယ်ငယ်တုန်းက တိမ်တွေကို မြင်ဖူးချင်သည်။ လေယာဉ်ပျံဆိုတာ ဘယ်လိုမျိုးပါလိမ့်လို့ စီးကြည့်ချင်သည်။ သာမန်မိသားစုက မွေးဖွားလာသူ တစ်ယောက်အနေနဲ့ လေယာဉ်ပျံဆိုတာ စက္ကူနှင့် ချိုးလွတ်ရတဲ့ စက္ကူ လေယာဉ်ပျံလေးတွေပဲ အနားမှာရှိသည် ။ တိမ်တွေဆိုတာ ညနေစောင်း စွန်လွှတ်ရင်း ငေးမော ကြည့်ရတဲ့အရာပေါ့ ။ စွန်လွှတ်ရင်လည်း ကျွန်တော့်စွန် လေထဲရောက်အောင် အတော်လေးကို ခက်ခက်ခဲခဲ တင်ရသည် ။ ခက်ခက်ခဲခဲ လေထဲရောက်ပြန်တော့လည်း သူများစွန်နှင့် လေထဲတွင် မျှားရင်း များသောအားဖြင့် ကျွန်တော့်စွန်ပဲ ပြတ်ပြီး မျောလွင့်သွားလေ့ရှိသည် ။ ထိုအခါ နောက်ထပ် စွန်တစ်ကောင် ထပ်ဝယ် ခက်ခက်ခဲခဲ ထပ်တင် ထပ်ပြတ် ။ အိတ်ထဲက မုန့်ဖိုးတွေ ကုန်သွားတော့ ရစ်လုံးလေး အနားချ မြက်ခင်းပေါ် ထိုင်ရင်း တိမ်တွေ ကို ငေးမောကြည့် နေဖြစ်သည်။ လေယာဉ်ပျံတွေကို ငေးကြည့်နေမိသည် ။

စွန်ကို ကောင်းကောင်း မလွှတ်တတ် သူများနှင့် မျှားရင်လည်း နိုင်အောင် မဖြတ်တတ်သော ကောင်လေးသည် သူစီးဖူးချင်သည့် လေယာဉ်ပျံကို နှစ်ဆယ့်ခြောက်နှစ်သားမှ စီးဖူးသည် ။ကုမ္မဏီမှ စီစဉ်သော နိုင်ငံခြား ခရီးစဉ် တစ်ခုအတွက် ပထမဆုံး စီးဖူးသည့် ဖလိုက်က ညဘက် ရန်ကုန်မှ ဘန်ကောက်သို့ ပျံသန်းသောခရီး ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟု ရှည်လျားစွာ ရေးထိုးထားသော လေဆိပ် အသေးလေး၏ Departure Room ကို ပထမဆုံး ရောက်ဖူးသည် ။ နောက်တော့ Departure Room ကနေ လေယာဉ်ဆီကို ဘတ်စ်စကား နှင့် ခေါ်လာသည် ။ လေယာဉ်နားရောက်သွားတော့ လေယာဉ် အင်ဂျင်သံကြမ်းကြမ်းကြီးက သဘောင်္ အင်ဂျင်သံနှင့် မထူးပါဘူးကွာ ဆိုပြီး တွေးမိသည်။ (စိတ်ထဲမှာ လေယာဉ်ဆိုတာ အင်ဂျင်သံလေးက အစ သာယာနေမလားလို့ စိတ်ကူးယဉ်မိတာ) လေယာဉ်ပေါ်ရောက်တော့ ဆာဝါဒီခ ဆိုသော အသံလေး ကတော့ ချိုမြသည် ။ Rဇာနည်၏ သီချင်း လေးတောင် အမှတ်ရမိသည် ။
……နင်ခရီးသည် ဆီးကြိုပုံလေး
….ငါ ခိုးကာ ငမ်းနေချိန်လေး
…..အမှတ်တမဲ့တွေ့တဲ့ လက်စွပ်လေးရယ်….

နောက်တော့လည်း နေ့ပိုင်းစီးဖြစ်တော့ တိမ်တွေကို လေယာဉ် ပြတင်းမှတစ်ဆင့် ငေးကြည့်ခွင့်ရသည် ။ တိမ်တွေနှင့် ထိခိုက်မိပြီး လေယာဉ် တုန်ခါသွားတဲ့အခါ တိမ်တွေ ကျီစယ်တာလို့ ကြံဖန်တွေးပြီး ပျော်နေမိသေးသည် ။ တကယ်တမ်းကျတော့လည်း တိမ်တွေဆိုတာ ကိုယ်တိုင်ထိတွေ့ချင်ပေမယ့် မလွယ်ပဲလေ ။

ဘဝမှာ တခါတလေ တချို့စိတ်ကူးတွေက စိတ်ကူးတွေသက်သက်မျှ ။ တကယ့်လက်တွေ့နှင့် ထိစပ်ကြည့်လို့ မရပြန် ။ ထိစပ်ကြည့်မိပြန်တော့လည်း မျှော်လင့်ထားခဲ့သလို နှင့် မတူတော့ပြန် ။တခါတလေ ကြိုတွေး ပျော်ရွှင်မိတာတွေကို နှမျောနေမိပြန်သည်။ ထိစပ်မကြည့်မိဘဲ ဒီအတိုင်းလေးဆိုရင် တော့လည်း အမြဲတမ်း စိတ်ကူးလေးနှင့် ပျော်ရွှင်နေသွားနိုင်သည် ။သိပ်စိတ်ကူး မယဉ်တတ်တော့တဲ့ အရွယ် ရောက်နေပေမယ့် တိမ်တွေမြင် ငေးတတ် လေယာဉ်ပျံတွေ တွေ့ရင် ဘယ်လို ခရီးကိုသွားပြီး ဘယ်လိုကွင်းမှာ ဆင်းမှာပါလိမ့် လို့တော့ တွေးနေမိမြဲဖြစ်သည်။

ပြတင်းပေါက်ကို ကျောခိုင်းပြီး အိပ်ယာပေါ် လှဲချလိုက်တော့ စိတ်ကူးထဲမှာ လေယာဉ်ပျံတွေ ဝဲနေတုန်း ရှိသေးသည် ။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လိုလေယာဉ်ကွင်းမျိုးပါလိမ့်လို့ ဆက်စဉ်းစားမိနေသည် ။ လေယာဉ်နှင့် ခရီးသွားတိုင်း တိမ်တွေ မညီမညာ ရှိတတ်သည့် တိမ်ကြမ်းလမ်းတွေအကြောင်းလည်း ဆက်တွေးမိနေသေး၏ ။

(ဆရာသုခမိန်လှိုင်၏ အာကာသခရီးကဗျာလေးကို အစ်မ မနော်၏ အိုင်ဒီယာ မဂ္ဂဇင်း ဘလောဂ့်မှ ခဏ ငှားထားပါတယ်။)
လင်းဒီပ
၂၁.၇.၀၉

Friday, July 17, 2009

အိပ်မက်အိမ်အပြန်

ညက အိပ်မက်မှာ
ကျောပိုးအိတ်ပြာလေးလွယ်
ပြာလွင်လွင် ဂျင်းပန်လေးတစ်ထည်နဲ့ ငေးငေးမောမော လမ်းလျှောက်
လမ်းသွားလမ်းလာတွေလည်း ဝင်တိုက်မိလို့ပေါ့ ။

လက်ရွေးစင်ဆိုတဲ့ ဆိုင်ကျဉ်းကျဉ်းလေးမှာ
ကော်ဖီမွှေးမွှေးလေးကို ဇိမ်ခံသောက်နေရင်း
ပန်းဆိုးတန်းဖက် စာအုပ်အဟောင်းတွေ လှန်လှော ဖတ်နေရင်း….။
ရုပ်ရှင်ရုံတွေဖက်မှာ
အရင်လို တစ်ယောက်တည်း တစ်နေကုန်
တစ်ရုံပြီးတစ်ရုံ အချိန်တွေ ဖောဖောသီသီ ဖြုန်းလို့…။
မြို့တော်ခန်းမရှေ့နားမှာ
ဘတ်စ်စကား တစ်စီးစီးပေါ်တက် ဘယ်ရောက်ရောက် လျှောက်စီးနေတုန်း….။
အိပ်မက်ထဲမှာ
ကိုယ်ဟာ ဟိုတုန်းကလို ငယ်ရွယ်
ကော်ဖီတစ်ခွက်ကို ပင့်သက်မပါဘဲ သောက်တတ်တဲ့အရွယ်
စီးကရက်တစ်လိပ်ကို ဘာမှမတွေးဘဲ ဖွာတတ်တဲ့အရွယ်
အိပ်မက်ထဲမှာ
ကုန်သည်ကြီးများဟော်တယ်ကလည်း ထည်ဝါနေတုန်း
ဆူးလေးလမ်းမကြီးက ကိုယ့်ရင်ခုန်သံတွေ အငိုက်ဖမ်းတုန်း
စိတ်ကောက်ချင်ယောင်ဆောင်နေတဲ့
ပုံတော်ဖိနပ်ကလေးက J’donut ထဲမှာ စောင့်လို့။
အင်းယားကိုရောက်တော့
အရင်လို လူရောင်စုံတွေက အကြော်ဆိုင်တွေမှာ ပြည့်လို့
တချို့တလေက လေထဲမှာ စွန်တွေလွှတ်
တချို့တလေက ချစ်ခြင်းတွေ မြက်ခင်းပေါ် ချ လွှတ်လို့။

ညနေစောင်းတော့
တနေကုန်တွေ့လာသမျှတွေ ကျောပိုးအိတ်ကလေးထဲ ထည့်လွယ်
ကိုယ်နေတဲ့မြို့သစ်အိမ်အိုလေးဆီ ပြန်လာခဲ့တယ်…။
အိပ်မက်ထဲမှာ မေမေကလည်း ဟိုတုန်းကလို ငယ်ရွယ်…။
လင်းဒီပ
၁၇.၇.၀၉

Wednesday, July 15, 2009

အချစ်ကဗျာ

သစ်သီးတစ်လုံးက စခဲ့တာလား။
နံရိုးတစ်ချောင်းက စခဲ့တာလား။
ကစားပွဲတစ်ခု ဆိုတာတော့
အသေအချာသိနေတယ်။

ဘယ်လို စတင်သီးပွင့်ခဲ့တာလဲ မသိ။
ဘယ်လို ခြောက်ကပ်သေဆုံးခဲ့တာလဲ မသိ။
ဖြတ်ကနဲ ငေးအကြည့်မှာ
အလင်းပျိုတွေ ရွှန်းလက်နေတတ်တာ…
ဘယ်လောက်ထိ လောင်းကြေးတွေ ပုံအောမိပြီလဲ မသိ။
ဘယ်လောက်ထိ ဆုလာဘ်တွေ ပြန်ရမှာလဲ မသိ။
နှင်းတွေ ပိတ်ဆီးနေတဲ့ မနက်စောစောလို
အာရုံခံစားမှုပြင်းပြင်းနဲ့ ခန့်မှန်းတွက်ချက်ကြည့်ရတာ…
လမ်းတွေ ဘယ်လောက်ပြီးမြောက်ခဲ့ပြီလဲ မသိ။
ပန်းတွေ ဘယ်လောက်နွမ်းကြေခဲ့ပြီလဲ မသိ။
ဘဝနဲ့ချီပြီး တွက်ကြည့်လိုက်တော့မှ
မီးတောင်သေတွေ ပွင့်သီးနေတဲ့ ငါ့အတ္တုပ္ပတ္တိလေးတွေ့လိုက်ရ ။

မထူးတော့ပါဘူး ဆိုတဲ့စိတ်နဲ့
ရွက်တိုင်အဟောင်းလေးကို ဆေးရောင်တွေ ပြောင်းသုတ်
ငါ့ ရင်က ဓားကိုပြန်နုတ်ဖို့
ပင်လယ်မှာ တံခါးပေါက် ရှိ မရှိ
ငါမသိချင်တော့ ။

တကယ်တော့
သစ်သီးတစ်လုံးက စခဲ့တာလည်း မဟုတ်
နံရိုးတစ်ချောင်းက စခဲ့တာလည်း မဟုတ်
သစ်ရွက်လှုပ်တာကြည့် ရယ်မိခဲ့တဲ့ နှုတ်ခမ်းတစ်စုံ
ကျိန်စာသင့်သွားခဲ့တာပါ ။
လင်းဒီပ
၁၉.၄.၂၀၀၁
(အဟောင်းလေးတစ်ပုဒ်ပါဘဲ…အသစ်မတင်နိုင်သေးလို့ပါ။စာအရမ်းရေးချင်နေပါတယ်။မကြိုက်လိုက် ထားထားလိုက်နဲ့ တပိုင်းတစတွေတော့ အတော်များနေပါတယ်။)

Monday, July 6, 2009

မျက်ရည်သစ်ပင်

နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
အရုပ်တစ်ရုပ်လို ဆော့ချင်တာ…
နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
လူပျက်ကလေး တစ်ယောက်လို
ရယ်မောဖို့ အသုံးတော်ခံချင်တာ…
နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
ခရီးတစ်ခုအတွက် ယာဉ်တစ်စီးလို မောင်းနှင်ချင်တာ….

ငါက
နင့်ခရီး ဆောင်းအခါးတွေအတွက်
လူသားအနွေးထည်လေး
ငါက
နင့်ညတွေ မှောင်တုန်းမှာ
ရင်အလင်းနဲ့ လောင်ကျွမ်းတောက်ပနေရတဲ့
ကြယ်နုံကြယ်အ လေး

ဇာတ်လမ်းအဆုံးမှာ
မင်းငြီးငွေ့သွားလို့
အခန်းထောင့်မှာ ကျန်ခဲ့တဲ့ အရုပ်တစ်ရုပ်
ပျက်လုံးအသစ်တွေ မရှိတော့လို့
မင်းပျင်းရိသွားတဲ့ လူပျက်ကလေး
(ဒါမှမဟုတ်)
လမ်းပေါ်မှာ စက်သေကျန်နေရစ်ခဲ့တဲ့
အင်ဂျင်အနာနဲ့ ယာဉ်ပျက်ကလေး

ငါက ဆယ်နှစ်ရာသီ ကဗျာတွေ ပွင့်နေတဲ့ သစ်ပင်တစ်ပင်ပါ
မင်းကြောင့် ချစ်ခြင်းထုံပျံ့နေတဲ့
ကဗျာပွင့်တွေ ပွင့်ပွင့်လာတော့မယ် ငါအောက်မေ့ခဲ့တာ…
မင်းကြောင့်
ကြေကွဲခြင်းတွေ မွှန်းတဲ့ မျက်ရည်အပွင့်တွေပဲ ပွင့်ပွင့်လာခဲ့ရတယ်

ဇာတ်လမ်းအဆုံးမှာ
မျက်ရည်တွေ ပွင့်ပြ ကြွေပြနေရတဲ့
မျက်ရည် သစ်ပင်တစ်ပင်ပဲ ဖြစ်လာခဲ့တယ်..
လင်းဒီပ
၆.၇.၀၉

Thursday, June 25, 2009

မှော်လမ်းလျှောက်သူ

စက်ဘီးစီးသင်သလို
တစ်ခါနှစ်ခါ နာနာကျင်ကျင် လဲကျရုံနဲ့
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်
ရှေ့ဆက်နိုင်မယ်ဆို သိပ်ကောင်းတာပေါ့။

ဒီတကွေ့မှာ ဒီလို အနာတရတွေနဲ့
ဟိုတကွေ့မှာ ဒဏ်ရာပုံစံအသစ်တွေနဲ့
အဖြစ်တွေက မရိုး
အနာတရတွေက တိုးတိုးလာ…။

မှော်လမ်းလျှောက်မိသူမှာ
ဒဏ်ရာတွေသာ ကဗျာဖြစ်
အနာတွေပဲ ချစ်တတ်လာတော့တယ်။
လင်းဒီပ
၂၅.၆.၀၉

Tuesday, June 23, 2009

ပိဋကတ်အိုးကွဲအလွမ်း

နေ့လည်စာ စားနေရင်း
မင်္ဂလာမနက်ခင်းပါကွယ်လို့ မင်းကို လှမ်းနှုတ်ဆက်ရတယ်။
နေရောင်ပြင်းပြင်းအောက်မှာ လမ်းလျှောက်နေရင်းကလည်း
မင်းများ ချမ်းနေမလားလို့ စိတ်ပူရသေးတယ်။

မင်းသင်ရမယ့် တက္ကသိုလ်ပညာတွေက မပြီးဆုံးသေးဘူးလားကွယ်။
တစ်ကမ္ဘာလုံးက တက္ကသိုလ်တွေ မကုန်မချင်း
မင်း လျှောက်တက်နေတော့မှာလား။
ငါလည်း ပိုက်ဆံတွေ ကုန်းရုန်းရှာရင်း ငွေထုပ်ကြီးနဲ့ အိုအိုမင်းမင်းဖြစ်လာ..။

မင်းက စာကြည့်တိုက်ထဲက အဖိုးတန်စာအုပ်ကြီးဖြစ်ချင်တာလား။
ငါတော့ ဘီလျံနာကြီးလည်း မဖြစ်ချင်ပါဘူးကွယ် ။

ချစ်ရင် စောင့်ပေါ့ကွယ်လို့ မချိုမချဉ်မပြောစမ်းနဲ့
မင်းမျက်နှာလေးကို ငါ online ကပဲငေးနေရမလား။
တစ်ယောက်တည်းနေတာ ကြာရင်
မင်း တစ်ယောက်တည်း နေတတ်သွားမှာလည်း ငါကြောက်ရဲ့။

မှန်တာ ပြောရရင်
မင်းမျက်နှာပေါ်မှာ အရေးအကြောင်းတွေ မများခင် မင်းပါးကလေး ထပ် နမ်းချင်သေးရဲ့။
ငါ့နဖူးကြီး ပိုပို ပြောင်မလာခင် မင်္ဂလာဆောင်တမ်း ကစားကြရအောင်ပါ ။

ငါ့မှာ
တစ်ယောက်တည်း မိုးလင်း တစ်ယောက်တည်း မိုးချုပ်
ခေါက်ဆွဲခြောက်ထုပ်တွေနဲ့
တစ်ယောက်တည်းသော့ခတ် ထွက်သွား
တစ်ယောက်တည်း သော့ဖွင့် ပြန်ဝင်
အေးစက်စက် အခန်းလေးထဲ။

(စာဂျပိုးမကြီးရယ်)
တကယ်ဆို
ချစ်သူဖြစ်ခါစ
မင်းနှလုံးသားက မင်းဦးနှောက်ကို စစ်မရှုံးခင်တုန်းက
သိပ်တော်ချင်တတ်ချင်လွန်းတဲ့ ဦးနှောက်ကို
ငါ ရိုက်ခွဲပစ်ခဲ့ဖို့ ကောင်းတယ်။
လင်းဒီပ
၂၃.၆.၀၉

Wednesday, June 17, 2009

သန်းခေါင်ယံမျက်လှည့်

သူမရဲ့ဆံပင်တွေ ခိုးနမ်းဖို့ပေါ့
လရောင်ကို လာဘ်ထိုး
အိပ်ရာဖြူဖြူလေးဆီ တိုးတိုးလေး လာခဲ့။

အိပ်ရာပေါ် တိတ်တိတ်ဆိတ်ဆိတ်
ဝံပုလွေမလေး အိပ်နေရဲ့။

ရင်နာနာနဲ့ ပြန်အထွက်
ငါ့ရင်ဘတ် အတွင်းသားတွေတော့
သူမ အခန်းထဲ ကျန်ခဲ့ပေါ့။
လင်းဒီပ
၁၂.၄.၂၀၀၀
(သူငယ်ချင်းသုံးယောက် စုထုတ်ဖူးတဲ့ သုံးမျက်နှာဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။)

Tuesday, June 16, 2009

အဝေးကငှက်တွေ

မနက်က အစ်ကိုဝမ်းကွဲ ကဖုန်းလှမ်းဆက်တော့ ဒီက အချိန် မနက် ဆယ်နာရီ ။ ဒါဆို သူတို့ဆီမှာ မနက် ဆယ့်တစ်နာရီပေါ့ ။ အစ်ကို က စကားများများ မပြော ။ ငါမနေ့က အိမ်ကို ဖုန်းဆက်တော့ အဖေဆုံးပြီ တဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက မေမေနှင့် ဖုန်းပြောတိုင်း ဘဘနေမကောင်းလို့ ဆေးရုံတင်ထားရတာ ။ ပုဂ္ဂလိကဆေးခန်းဆိုတော့ တစ်နေ့တစ်နေ့ သိန်းဂဏန်း ရှင်းရတာတွေ ပြောသည် ။ မေမေနဲ့ပြောတိုင်း “ကောင်းတာလား ဆိုးတာလားတော့ မပြောတတ်ဘူး” ဆိုသည့် ဝေခွဲမရတဲ့ အသုံးမျိုးတွေ ပါတတ်သည် ။ ဒီရက်ပိုင်းမှာ အိမ်က ဖုန်းပြဿနာ နည်းနည်းရှိတော့ အိမ်ကို ခေါ်လို့မရ ။ ဘဘတို့အိမ် ဖုန်းကလည်း ခေါ်မရ ။ တခြား ဦးလေးတစ်ယောက်ကို လှမ်းမေးသည် ။ ကောင်းပါတယ်ကွာ ဆေးရုံက ပြန်ဆင်းပြီး အိမ်မှာ နားနေပါတယ်တဲ့ ။တကယ်တော့ သူက ဖုံးဖုံးဖိဖိ ပြောတာ ။ ကျွန်တော်သိရင် အစ်ကို သိပြီလေ ။ ဒီမနက်တော့ အစ်ကိုက သူ့အဖေဆုံးတဲ့အကြောင်း လှမ်းဆက်သည် ။

စိတ်ထဲမှာ တွေးစရာတွေ အတော်များသွားသည် ။ ကျွန်တော်တို့တွေ မိဝေးဖဝေး အပြင်မှာ လာနေကြသည်။ ငွေအတွက် အတတ်ပညာအတွက် အတွေ့အကြုံအတွက် ။ အိမ်မှာကျန်ခဲ့တဲ့မိဘတွေက တဖြေးဖြေး အိုမင်းလာကြသည် ။ နာမကျန်း ဖြစ်ကြသည် ။ အနားမှာ အနီးကပ် နေတော့လည်း တကယ် နေထိုင်မကောင်းတဲ့အခါ ဘယ်က ပိုက်ဆံနဲ့ ဆေးကုပေးမလဲ ။ ထိုင်ကြည့်ပြီး ဝမ်းနည်းနေရုံပဲ တတ်နိုင်သည် ။ အပြင်ထွက်လာတော့လည်း ငွေကြေးအားဖြင့်တော့ အထိုက်အလျောက် ထောက်ပံ့ပေးနိုင်သည် ။ အနားမှာ နွေးနွေးထွေးထွေး မနေပေးနိုင် ။ ဘဘ မှာ သားနှစ်ယောက်ရှိသည် ။တစ်ယောက်က အခု အဝေးရောက်နေသည့် အစ်ကို ။ တစ်ယောက် က ဆရာဝန်ပေါက်စ ဆိုတော့ Posting ကျသည့် နယ်မြို့တစ်မြို့မှာ သွားနေရသည် ။ သူ နေမကောင်းတော့ ဆရာဝန်ပေါက်စက ပြန်လာသည် ။ ခွင့် သိပ်မရတော့ ပြန်ရမည် ။ သားတွေကို ချစ်သည့် ဘဘက သားငယ်က ပြန်မယ် ပြောတိုင်း မျက်ရည်တရွဲရွဲ တဲ့။ (သားကြီးက အဝေးမှာ.) အခု ဘဘ နောက်ဆုံး ထွက်သွားတဲ့ အချိန်မှာတော့ သားငယ် ဆရာဝန်ပေါက်စက အနားမှာ ရှိနေမှာပါ။

ပြီးခဲ့တဲ့နှစ် ကျွန်တော် ယိုးဒယားမှာ ရှိတုန်းက ကျွန်တော့်အဖေရဲ့ သူငယ်ချင်း လူပျိုကြီး။ ကျွန်တော် ငယ်ငယ်တည်းက ကျွန်တော် ဦးလေးတစ်ယောက်လို ချစ်ခဲ့ရသည့် ဦးသိန်း အစာအိမ်ပေါက်ပြီး ဆုံးသွားသည် ။ သူက တစ်ယောက်တည်းသမား ဆိုတော့ အိမ်မှာ စားအိမ်သောက်အိမ်လို နေတာလေ ။ အိမ်က “သားရေ မင်း ဦးသိန်းတော့ ဆုံးပြီ” ပြောတော့ တစ်ပတ်လောက် သူ့မျက်နှာပဲ မြင်နေသည် ။ စိတ်ထဲမှာ တွေးနေမိတာက ငါ ရန်ကုန်ပြန်ရင် ဦးသိန်းရဲ့ ရယ်စရာတွေ ပြောတတ်သော ပြုံးရွှင်နေသည့် မျက်နှာ ဘာသာရေးအကြောင်းတွေ ပြောတတ်သော တည်ငြိမ်သည့် မျက်နှာကို မတွေ့ရတော့မှာ ။

အခုလည်းဒီလိုပါဘဲ ။ ဒီဇင်ဘာ ရန်ကုန် ပြန်သွားတုန်းက ဘဘ ကျန်းကျန်းမာမာ ။ ဒါပေမယ့် ဝတာ ဆီးချိုရောဂါရှိတာ အစားအသောက် မရှောင်တာ တွေက ဘဘကို သတ်သွားတာလား ။ ကျွန်တော်ပြန်မယ် လုပ်တော့ လေဆိပ်ကို လိုက်ပို့ဖို့ အိမ်ကို အစောကြီး ရောက်လာသည် ။ ထုံးစံအတိုင်း ရယ်လို့မောလို့ နောက်လို့ ပြောင်လို့ ။ ရန်ကုန်လေဆိပ်မှာ Immigration Check Point ဖြတ်ပြီး အပေါ်ထပ် မှန်တွေကြားကနေ လှမ်းလက်ပြတဲ့ အထိ သူ့ညီမကို စိတ်ရှည်ရှည် စောင့်ပေးသည်။ (မေမေက အဲလို လက်ပြပြီးမှ ပြန်ချင်တာလေ။) တူတွေ သားတွေကို သူငယ်ချင်းပေါင်း ပေါင်းပြီး ပျော်ပျော်နေတတ်သူ။ သူ့သားကြီး အပြင်ထွက်မယ်လုပ်တော့ လုံးဝမသွားစေချင်သူ ။ အဝေးရောက်ငှက်တွေ ကို ခွင့်လွှတ်ပါ ဘဘရယ် ။ သားတို့ အနားမှာ ရှိမနေနိုင်ခဲ့ဘူး ။ ကိုယ့်အတ္တတွေနဲ့ကိုယ် ဒုန်းစိုင်းကြတဲ့ ခရီးမှာ သားတို့ အဝေးကြီး ရောက်နေကြတယ် ။

ကျွန်တော် ယိုးဒယားမှာတုန်းက ညီအစ်ကိုလို ခင်သည့် အစ်ကိုတစ်ယောက်က ပြောဖူးတာရှိသည်။ မင်းတစ်နှစ်တစ်ခါ ပြန်သွားရင် မိဘတွေ မျက်နှာကြည့်လိုက် တစ်နှစ်ထက်တစ်နှစ် ပိုအိုသွားတာ မင်းတွေလိမ့်မယ် ။ ဒီမှာ ရောက်နေတုန်း လိမ်လိမ်မာမာနေ လို့ အမြဲဆုံးမတတ်သည် ။ သူတို့ခမျာ အဝေးက ဖုန်းသံလေးတွေပဲ မျှော်နေရရှာတာ ။ ဘန်ကောက်ကို လျှောက်လည်ဖို့ စင်ကာပူ ကျွန်းကို ပတ်ဖို့ ကွာလာလမ်ပူကို ဈေးဝယ်ထွက်ဖို့ သူတို့မတွေးပါ ။ သူတို့ သားတွေ သမီးတွေ အရာရာအဆင်ပြေဖို့ပဲ ဆုတောင်း နေတတ်ပါသည် ။ အချိန်မရွေး ပြန်လာခဲ့ ဆိုတာ မေမေပြောနေကျ စကားပါ ။

ဒီမှာ အဆင်ပြေရင် မိဘတွေ ခေါ်ထားလို့ရတာပဲ ဆိုသည့်စကားက စိတ်ကူးယဉ်သက်သက် ။ ကိုယ်ကိုယ်တိုင်တောင် မပျော်ဘဲ အလိုရမ္မက်တွေ အတွက် ကြိတ်မှိတ်ပြီးလာနေရတဲ့ နေရာမှာ သူတို့ ဘယ်လို ပျော်မှာလဲ ။ သူတို့ လက်ကျန်ဘဝတွေကို မပျော်တဲ့နေရာမှာ နေပြီး ဖြုန်းတီးပစ် ခိုင်းရမှာလား။ တခါ မိအို ဖအိုတွေကို ထားခဲ့ရတဲ့ အတွေးတွေ တွေးမိတိုင်းမောရသည် ။ အခု ဘဘဆုံးတယ်ဆိုတော့ အစ်ကို နေရာက ဝင်ခံစားကြည့်သည် ။ သူအရမ်း ခံစားရမှာပဲ ။ အစ်ကိုကလည်း သူ ရောက်နေသည့် နိုင်ငံမှာ “အို” နဲ့နေတာ ။ ပြန်ထွက်ပြီးရင် ပြန်ဝင်လို့မရတော့ ။ ကျွန်တော်ကမှ တစ်နှစ်တစ်ခေါက် ပြန်လို့ ရသေးသည် ။

ဖွားဖွားက မဆုံးခင် လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေတာ နှစ်အတော်ကြာသည် ။ ဖွားဖွားဆုံးတော့ မေမေပြောတဲ့စကားလေး မှတ်မိသည် ။ အိပ်ရာထဲ လဲနေတယ်ဆိုပေမယ့် အမေရှိတယ်ဆိုတဲ့အသိနဲ့ စိတ်က အမြဲတမ်း လုံခြုံနေတယ် တဲ့။ အဲဒီ လုံခြုံမှုကတော့ မိဘတွေကပဲ ပေးနိုင်တာပါလေ ။ ဘယ်လောက်ပဲ တိုးတက်ပါတယ် ပြောပြော မြန်မာပြည်က ပစ္စည်းတွေ လိုချင်တာတွေ အကုန်ရှိပါတယ် ပြောပြော မင်းဘဝတက်လမ်းအတွက် နေသင့်ပါတယ် ပြောပြော ပါ ။ မေမေပြောတဲ့ တကယ် လုံခြုံတဲ့နေရာလေးတော့ နေချင်ပါသည် ။ သေမှ ပြန်ငိုတာထက် မသေခင် အနားမှာ ကျေနပ်အောင် ပျော်ရွှင်အောင် နေပေးဖို့ ရိုသေလေးစားစွာ ပြုစုပေးဖို့လည်း လိုသေးတယ် မဟုတ်လား ။ အဝေးကနေ ငွေကြေးထောက်ပံ့ပေးနေရုံနှင့် တာဝန်ကျေပြီလို့ ခံယူမိလျှင်တော့ ပညာတတ်လူမိုက် တစ်ယောက်ပဲပေါ့ ။

အချိန်ကာလ တစ်ခုထိ ပါပဲလေ ။ ကျွန်တော်က အမြဲတမ်း အသိုက်အိုကို ပြန်ငေးနေတတ်တဲ့ ငှက်တစ်ကောင်ဖြစ်ပါလိမ့်မည် ။ သူများတွေနဲ့ သိပ်မတူလို့ ငနုံငအ လို့ လာပြောလျှင်လည်း ကိစ္စမရှိပါ ။ မေမေ ဖေဖေ ကို အဖိုးကြီး အဖွားကြီး နှစ်ယောက်တည်း ကျွန်တော် ဘယ်လို အိုမင်းခိုင်းမလဲ။ ကျေးဇူးတရားတွေကို ငွေကြေးအပြင် နွေးထွေးကြင်နာမှုနှင့်လည်း ပေးဆပ်ချင်ပါသေးသည် ။ ကျွန်တော်ပြန်လာခဲ့မှာပါ ဖေဖေနဲ့မေမေ ။ ဖေဖေဆီ မေမေဆီ ကျွန်တော် ချစ်တဲ့ တိုးတက်ရခက်နေတဲ့ ရွှေနိုင်ငံလေး ဆီပေါ့။

ဘဘကောင်းရာ သုဂတိလားပါစေ။
(ဘဘသို့)
လင်းဒီပ
၁၆.၆.၀၉

Monday, June 15, 2009

မင်းပြန်သွားတဲ့နေ့

လမ်းမီးတိုင်တွေ
ဝါဝင်း သလောက် ဝေဝါး
ညအခါးလေးထဲ
တစ်ယောက်တည်း လျှောက်ပြန်လာခဲ့တယ်။

ကားတွေတစ်စီးပြီး တစ်စီး
ငါ့ဘေးက ဖြတ်စီးသွား
လူတွေတစ်ယောက်ပြီး တစ်ယောက်
ငါဘေးက ဖြတ်စီးသွား
ဦးတည်ရာ ကိုယ်စီ ကိုယ်စီ ဖြတ်စီးနေကြ
ငါက ဘယ်ကို ဆက်စီးမလဲ ။

ရုတ်တရက် ထပျံသွားတဲ့ လေယာဉ်တစ်စီး
ငေးကြည့်ရင်း တွေးမိတယ်
အဲဒီလေယာဉ်ပေါ်မှာ ငါ့လို အသဲကွဲခရီးသည်
ဘယ်နှစ်ယောက်လောက်ပါမလဲ
အသဲကွဲတဲ့လူတွေ သီးသန့်ထားတဲ့နိုင်ငံ ရှိရင်
(ငါ့) ပို့ပေးစမ်းပါ လေယာဉ်ကြီးရယ်…။

ကမ်းစပ်တစ်ခုမှာ ခဏဖြစ်ဖြစ် သွားထိုင်ရင် အဆင်ပြေမလား..။
ပင်လယ်ကို ဖြတ်လာမယ့်လေမှာ
အနာနဲ့တည့်မယ့်ဆေးတစ်မျိုးမျိုး ပါလာနိုး….။

အချစ်ဆိုတာ ဖြတ်သွားဖြတ်လာလောက်ပဲ
ဒိထက် ပိုခံစားဖို့မကောင်းဘူး
(ဒီလို အတွေးမျိုးလည်း တွေးမိ)

တကယ့်ကို
လွမ်းလွမ်းဆွေးဆွေးကြီးပါကွယ်။

ပြန်နေကျ လမ်းလေးအတိုင်းပါပဲ
အထီးကျန်တေးလေး ညည်းရင်း ပြန်လာခဲ့ရတာ
(မင်း)
ထားခဲ့လိုက်တော့လည်း
ငါ တစ်ယောက်တည်း အိမ်ပြန်ရုံပါ။
လင်းဒီပ
၁၅.၆.၀၉

Wednesday, June 10, 2009

မီးတောက်ကဗျာဆရာ

တစ်ယောက်က တစ်ယောက်ကို တိမ်တွေလို လှမ်းငေးဖို့မလိုဘူး။

မင်းယုံကြည်ရာဆီ မင်းရွက်လွင့်
ငါယုံကြည်ရာဆီ ငါရွက်လွင့်ကြတာ
ကိုယ့်ပင်လယ်နဲ့ကိုယ် ကိုယ့်သမုဒ္ဒရာနှင့်ကိုယ်
ကိုယ်မုန်တိုင်းနဲ့ကိုယ် ကိုယ့်မူးစရာ လှိုင်းနဲ့ကိုယ်။

ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။

မင်း အထင်ကြီးစရာ ဘာသာစကားလေးငါးမျိုး ငါမတတ်ဘူး။
မင်း ငေးမောစရာ ပင်လယ်ရပ်ခြား ခရီးတွေလည်း ငါမသွားဖူးဘူး။

ဖြတ်သန်းသလို ချရေးတဲ့ ဒိုင်ယာရီ
ဖတ်လို့ကောင်းမယ့် စကားလုံးတွေ ရှိချင်မှ ရှိမှာ…
ယုံကြည်သလို ပြောလိုက်တဲ့စကား
ပြဇာတ်မင်းသားမဟုတ်တော့ ဒိုင်ယာလော့တွေ မကောင်းဘူး။

ကြိုက်သလို တွေးပေါ့
ငါက ကာတွန်းထဲက ပြောင်ချော်ချော် ဇာတ်ရုပ်တစ်ရုပ်
သူရဲကောင်း ဝတ္တုတွေထဲက မထင်ရှားတဲ့ ဇာတ်ကောင် တစ်ကောင်။

ထားပါလေ
လူ့ဘဝက ဒီလောက်ပါပဲ
ဆယ်စုနှစ် ငါးခု ခြောက်ခုလောက် ဖြတ်သန်းကြရုံပါ
ဘာအတွက်မှ အပန်းမကြီးချင်ဘူး။

ခက်နေတာ …
ငါကလည်း
ငါ့အရိပ်ပေါ် တံတွေး လာလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ…..။
လင်းဒီပ
၁၀.၆.၀၉

Tuesday, June 9, 2009

ပန်းရိုင်းအလင်္ကာ

ပန်းအလင်္ကာ

“ပန်းမခူးရ”တဲ့။

ငါက
လှည့်ပြန်မယ် ကြံတော့
ပန်းကလေးက
ငါ့နာမည် သီချင်းလုပ်ဆိုနေတယ်။

ဧဝ ဘယ်လိုမူခဲ့သလဲ
အာဒံကို ပြန်မေးကြည့်ချင်တယ် ။



အရိုင်းတေး

တခါမှ သူ့ကို
စွယ်တော်ရွက်ကလေးလည်း ခူးမပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
နှင်းဆီပန်းလေးလည်း ဆူးသင်မပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
ပုံတော်ဖိနပ်ကလေးလည်း ဝယ်မပေးခဲ့ဖူးဘူး။

ဆုံလိုက်တိုင်းမှာ
တွေ့ကရာတစ်ခုခုနဲ့ သူက ပစ်ပေါက်တတ်သလို…
ဆုံလိုက်တိုင်းမှာ
ရန်စကားတစ်ခုခုနဲ့ နှုတ်ဆက်ဖြစ်သလို….
ဆုံလိုက်တိုင်းမှာ
ပြဿနာမိုးပြေးလေးရွာမှ ကျေနပ်သွားကြတာမျိုး…

အဲဒိ မိုးလေဝသကို
ဘယ်သူမှ သတိမထားမိတာလား
နှစ်ယောက်တည်းသတိမထားမိတာလား
ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်လွင်ပြင်မှာ
အတေးအမှတ်မရှိတဲ့ အမာရွတ်ကလေးတွေ စိမ်းစိမ်းစို
အရိုင်းတေးတွေ ပွင့်နေ ဝေနေပေါ့။


လတ်တလောကျွန်တော်…..
ဒီကဗျာလေးနှစ်ပုဒ် က ၂၀၀၀ ပတ်ဝန်းကျင်လောက်က ရေးထားတာလေးပါ။( “ပန်းအလင်္ကာ” ကတော့ သက်တန့်ရောင်စဉ်ဂျာနယ်မှာ ပါခဲ့ဖူးပါတယ် ။ ဒေဝ နာမည်နဲ့ပါ) ။ ကျွန်တော်ကဗျာမရေးရင် လာလာအော်တတ်တဲ့ ကိုမင်းအိမ်ဖြူ ကိုဆိုးသွမ်း ညီမမယ်ကိုး ညီမဝတ်လုံတော်ရမင်းတို့ကို ကြောက်လို့ ရှာကြံပြီး တင်လိုက်ရတာပါ။ ဒီရက်တွေမှာ အလုပ်များနေတော့ ဘလောဂ့်ကို ပစ်ထားသလို ဖြစ်နေပါတယ် ။ တခြား ဘာမှမဟုတ်ပါဘူး။ ဘယ်လက်ခုပ်ထဲမှလည်း မရောက်ပါဘူးဗျာ ။ အစ်မ မနော် ပြောသလို ငါးက ကျွန်တော်မဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ပုံမှန် စာပြန်ရေးဖြစ်အောင် ကြိုးစားနေပါတယ် ။ အခုတော့ ဒီကဗျာဟောင်းလေးတွေနဲ့ပဲ ပိုစ့်လေးတစ်ပုဒ်ဖြစ်အောင်တင်ခွင့်ပြုပါ။

မှတ်မှတ်ရရ ဒီပိုစ့်လေးက ပိုစ့်တစ်ရာမြောက်ပါ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၉.၆.၀၉

Thursday, June 4, 2009

အမည်နာမများ

အမည်ပေးသည့်စနစ် မည်သည့်အချိန်မှ စတင်ခဲ့ကြောင်း သမိုင်းပညာရှင် မဟုတ်သောကြောင့် ကျွန်တော် မသိပါ။ အမှန်အတိုင်း ဝန်ခံရမည် ဆိုပါက အမည်နာမများကို ကျွန်တော် အလွန် စိတ်ဝင်စားပါသည်။ တခါတလေ လူတစ်ယောက်ကို မတွေ့ခင် သူ့နာမည်ကို စမှတ် ထားရသည်။ ထိုအခါ အခု လာတွေ့မည့် လူမှာ နာမည်ပေါ် မူတည်ပြီး ဘယ်လို ပုံစံဖြစ်မည် ဟု စိတ်ဖြင့် ခန့်မှန်းမိသည် ။ မှန်သည့်အခါ ရှိသလို လွဲသည့် အခါလည်း ရှိသည်။ ဘာဘဲဖြစ်ဖြစ် ပျော်စရာ ။ ကျွန်တော်တို့သည် မိဘပေးထားသော နာမည်များနှင့် ပတ်သက်လျှင် ရွှေးချယ်ခွင့် မရကြ။ လူမှန်းသိတတ်လာသော အခါ တခါတလေ နာမည် ခပ်အောက်အောက် ခပ်ဆိုးဆိုး ပိုင်ဆိုင်ထားသူများက မိဘကို တခါ စိတ်ဆိုးမိတတ်ပြန်သည်။ အမေနှယ့် နာမည် လှလှလေး ပေးထားတော့ ဘာဖြစ်မှာလဲ ဟုဆိုကာ။ တချို့ကတော့ ကိုယ့်ဘာသာ ပြောင်းလိုက်သည် ။

နာမည်များနှင့်ပတ်သက်ပြီး ခေတ်အလိုက် ပြောင်းလဲလာပုံများလည်း မှတ်သားမိသည်။ ကျွန်တော့် အဖိုးအဖွားတွေ လက်ထက်က ဒေါ်ကြည် ဦးတင် ဒေါ်ငယ် ဦးသင် စသဖြင့် နာမည် ရိုးရိုးကြီးတွေ မှည့်ကြသည် ထင်သည်။ အင်္ဂလိပ်ခေတ်က ထို ဒေါ်ကြည် ဦးတင် ဒေါ်ငယ် ဦးသင်တို့မှ မွေးပြီး ဘိုအသိုင်းအဝိုင်းတွင် ကြီးပြင်းသူတွေက ရိုစီကြည်တို့ ရောဘတ်တင်တို့ ဖြစ်လာသည်။ မေမေတို့ ခေတ်နာမည်တွေကို ပြန်ကြည့်တော့ နာမည်တွေက နှစ်လုံးထပ်လေးတွေ တွေ့ရသည်။ မြင့်မြင့်ကြည် ယဉ်ယဉ်လှ တင်တင်ဝင်း သန်းသန်းမြင့် စသဖြင့် နောက် ခင်နှင့်စသည့် ခင်မြဝင်း ခင်မေဦး ခင်နွဲ့ကြည့် စသည်။ ယောက်ျားလေးတွေ ဆိုလျှင်လည်း အောင်နှင့်စသည့် အောင်မြင့် အောင်တင့် အောင်ထွန်း ဆိုတာမျိုးတွေ နောက် ခင်မောင်နှင့်စသည့် ခင်မောင်ဝင်း ခင်မောင်ထွန်း ခင်မောင်အေး ခင်မောင်သန်း ဆိုသည့် နာမည်မျိုးတွေ ။ ကျွန်တော်တို့ ခေတ်ကျတော့ သုံးလုံးထပ်နာမည်တွေများလာသည် ။ မျိုးဇော်အောင် ကျော်မင်းဦး သက်ဝေမိုး နေဝင်းမောင် နုယဉ်ထိုက် စန္ဒာဝင်း ဆိုတာမျိုးတွေ ။အခု ဒီဘက်ခေတ်မှာတော့ နာမည်ပေးပုံလေးတွေက လှချင်တိုင်း လှနေသည် ။ ကျွန်တော့် တူတစ်ယောက် နာမည်က ဇင်ဝေလျှံဇော် တူမလေးက မေသော်ရည်ဝင်း..။ ဒါမျိုး နာမည်လှလှလေးတွေ မကြာခဏ တွေ့ရပါသည် ။ ဥပမာ ဇာမီကို နေခြည်သက် ထူးမြတ်ကိုကို ဆိုတာလေးတွေ ။

ကျွန်တော့်မှာလည်း အထက်တန်း ကျောင်းသားဘဝ တည်းက မကောင်းတဲ့အကျင့်လေး တစ်ခုရှိသေးသည်။ သူများတွေကို နာမည်ပြောင်တွေ လိုက်ပေးသည့် အကျင့်။အတန်းထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ ပတ်ပိုစ့်ပုံ သေးသေးလေးကို ကြည့်ရင်း မျက်နှာ အကျအနက အုန်းသီးနှင့် တူနေသည် ။ ဒီတော့ ဒီကောင်မလေး အုန်းသီးဖြစ်သွားတာ ဆယ်တန်းအောင်ပြီး နောက် လမ်းမှာတွေ့လည်း အုန်းသီး..။ ကိုယ်ကိုယ်တိုင်လည်း နောက်ရင်းပြောင်ရင်း ဒေဝဆိုတဲ့ နာမည်တစ်လုံး ရခဲ့သည် ။ (တခါတလေဆို အဲဒီ အဖြူအစိမ်း သူငယ်ချင်းလေးတွေကို အရမ်း လွမ်းမိပါသေးသည်။ ) ဂျီတီအိုင် တက်တော့ နာမည်ပေးရတဲ့အလုပ်နဲ့ ကျွန်တော်တို့ အဖွဲ့မအား…။ မျက်နှာလေးက ဝက်ပေါက် မျက်နှာလေးနှင့် တူပြီး အရပ် သိပ်မမြင့်သည့် ကောင်မလေးကို ကျွန်တော်တို့က ဝက်ကလေး လို့နာမည်ပေးလိုက်သည် ။ နောက်တခါ အသားညိုညိုနှင့် sexy ဖြစ်သည့်ကောင်မလေးကို ကျွဲလေး..။နောက်မျက်နှာက သွယ်သွယ်လေးနှင့် ကြည့်လို့ကောင်းနေသော်လည်း မည်သို့ ဖြစ်သည်မသိ ထို ကောင်မလေးနာမည်ကို ကြွက်…။

သူများတွေရဲ့ နာမည်တွေအကြောင်း လျှောက်ပြောပြီးနောက် ကျွန်တော့်နာမည် အကြောင်းလေးလည်း ပြောပြချင်ပါသည် ။ ရယ်စရာ နည်းနည်း ကောင်းတာက မေမေတို့က တစ်ဦးတည်း မွေးထားတဲ့ ကျွန်တော်ကို မွေးကတည်းက စလို့ နာမည်ပေါင်း မြောက်များစွာ ပေးထားလို့ ဖြစ်ပါသည်။ မွေးကာစကပင် စိုးထက်လင်း သန့်စင်ကို ။ နောက်တော့ ကျန်းမာအောင်ဆိုပြီး သံချောင်း ။ ဒါနဲ့မပြီးသေး အိမ်မှာ ခေါ်တဲ့နာမည် နောက်တစ်ခု ထပ်ရှိသေးသည် ။ နောက် သူငယ်တန်း ကျောင်းစတက်မယ် ဆိုပြီး နာမည်ရွေးတော့ စတွေ့ပါပြီ ။ အတော်လေးကို မိန်းမဆန်သည့် နာမည် ။ “သော်တာ”တဲ့။ ဘာရည်ရွယ်ချက်နဲ့ မှည့်ချ လိုက်သည် မသိ ။ သူငယ်တန်းမှ လေးတန်းထိ တလျှောက်လုံး ဆရာမတွေက မောင်သော်တာခေါ်လိုက် မသော်တာခေါ်လိုက် ။ စိတ်ညစ်ပြီး အိမ်ကို ပြန်ပြောတော့ သားရယ် ဆရာသော်တာဆွေ တစ်ယောက်လုံး ရှိပါတယ် တဲ့။ အဲ… ဘာမှမတတ်နိုင် ။ နောက်တော့ လေးတန်းစာမေးပွဲက မြို့နယ်စစ် ။ နာမည်ကို အတည်တကျ ပြန်ရွေးပြန်သည် ။ ကျွန်တော်ကလည်း တချိန်လုံး သော်တာ ဆိုတာကြီးကို ပြဿနာ ရှာနေတော့ သူတို့လည်းပြောင်းပေးဖို့ စဉ်းစားကြတော့သည် ။ နောက်တော့ အခု ကျွန်တော့ ကလောင် နာမည်ထဲက တစ်လုံး “လင်း”ပါသည် ခပ်မာမာ နာမည်လေးတစ်ခု မှည့်ပေးသည်။ ထိုဗေဒင်ဆရာကိုလည်း ကျေးဇူးတင်မိသည် ။မဟုတ်ရင် အခုထိကျွန်တော့်မှာ ကိုသော်တာ မသော်တာဖြစ်နေမှာလေ။

ပထမဆုံး ကဗျာစာအုပ်လေးတွေ လုပ်တော အထက်တန်းကျောင်းတည်းက သူငယ်ချင်းတွေ ခေါ်သည့် နာမည် ဒေဝ နှင့်ပဲ ရေးဖြစ်သည် ။ ဒါပေမယ် ဘလောဂ့်လုပ်မယ် စဉ်းစားတော့ ကျွန်တော်လည်း သူများတွေ နည်းတူ နာမည် လှလှလေးတော့ လုပ်ချင်သည်။ ခေါ်လို့လည်း လွယ်ရမယ် ။ မှတ်မိလွယ်မယ် ။ ယောက်ျားလည်းဆန်ရမယ် ။ သူများတွေ နှင့်လည်း မရောအောင် စဉ်းစားရင်း နာမည်ရင်းက လင်း ကို နောက်ထပ် ဒေဝနဲ့လည်း အသံသွားပုံ သိပ်မကွဲတဲ့ ဒီပ ဆိုတာလေး စဉ်းစားမိသည်။ နောက်တော့လည်း လင်းဒီပ ဖြစ်လာတော့သည် ။

အဆုံးသတ်ပြောရလျှင် ကျွန်တော်သည် ကိုယ်ကိုယ်တိုင် နာမည်တွေ အများကြီး ပိုင်ဆိုင်သလို နာမည်များကိုလည်း စိတ်ဝင်စားတတ်သူ တစ်ယောက်ဖြစ်ပါကြောင်း..။

(ကိုမင်းအိမ်ဖြူTag ထားတဲ့ နာမည်အကြောင်း ပို့စ်လေးပါ။ ကိုမင်းအိမ်ဖြူ ကျေနပ်မယ်ထင်ပါတယ်။)

လင်းဒီပ
၎.၆.၀၉