Wednesday, July 28, 2010

အုံ့ပုန်း

သူ့အကြောင်း တွေးရင်

နွေးတတ်လာတဲ့ ရင်ဘတ်ကလေးကို ပွတ်ရင်း

ကြာတော့ ရှက်တတ်လာတယ် ။


သူက လှမ်းကြည့်တော့

တီကောင်လေးလို သိမ်ငယ်အသိနဲ့

ခေါင်းငုံ့ ဆွံ့အ နေမိတယ် ။


သူ့ရယ်သံ ခိုးခစ်မှာ

ဘယ်သွားရမှန်း မသိတဲ့ မြစ်ကျိုးအင်းကလေး ဖြစ်လို့ ။


ဘယ်လိုရနံ့တွေ

ဆွတ်ထားမယ်မှန်း မသိတဲ့ မြားဦးလေးကို

မုသားအဖြူထည်တွေ ချရေးမြူဆွယ်ရင်း

နာရီ မကြည့်တတ်တာ ကြာခဲ့ပြီ ။


လင်းဒီပ

(ကျောင်းသားဘဝလောက်က ရေးဖူးတာပါ ။ ၂၀၀၃ လောက်က ထင်ပါတယ် ။ ဘာရယ် မဟုတ် အမှတ်တရပေါ့ ။ )


Tuesday, July 27, 2010

သုညလမ်းကလေး

တို့အချစ်တွေက
မနက်စောစော တွန်းတွန်းနှိုးနေရတဲ့ ဂျစ်ကားစုတ်ကြီးလား။

မိုးရေစက်တွေ စိတ်ကောက်နေကြတုန်း
မိုးရာသီလို့ ပြောရတာ
စကားလုံးတွေမှာ ချွေးတလုံးလုံးနဲ့ ။

နင့်မိတ်ဆွေ
အချိုးအဆစ်ကျနတဲ့ ဝါကျကလေးတွေကိုလည်း ငါ ခင်ပါတယ် ။
ငါ့သူငယ်ချင်း
ရွဲ့စောင်းစောင်း ဝလုံးကလေးတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေပေးပါ ။

လမ်းလျှောက်ဝင်လာတဲ့ ငါနဲ့
ကားမောင်းဝင်လာတဲ့ တစ်ယောက်အပေါ်
အပေါ့ အငန်ကွာနေတဲ့ နင့်မာမီအပြုံးကို
ငါ မှုတ်သောက်ခဲ့ပါတယ်။

တကယ်ဆို
တစ်ဘဝစာ အပိုင်စားရထားတဲ့ ခရုခွံလေးကိုယ်စီကို
ပြိုင်ဆိုင်နေကြတဲ့ ဝင်ကစွပ်ကလေးတွေ…။

(အချစ်ရယ်)
ပိုပြီး ပျော်အောင် နေကြရအောင်ပါ။

ကိုယ့်စိတ်ကို လေကောင်းလေသန့်ရတဲ့နေရာမှာ ထားကြမယ် ။
ရိုးသားခြင်းကို ဂျင်းပန်တစ်ထည်လို ခုံခုံမင်မင် ဝတ်မယ် ။
သစ္စာတရားကို လှေလုပ်ပြီး မှော်ဆရာရဲ့ ပင်လယ်ကို ခုတ်ထစ်မယ် ။
ဆယ့်ခြောက်ပဲရည်ပြည့် အချစ်တွေနဲ့ လောကဓံတရားကို စိန်ခေါ်ကြမယ် ။

အလွမ်းလှောင်ချိုင့်ထဲ
အချစ်ငှက်ကလေး လွတ်ရက်ကို ရေတွက်နေရှာတယ်ကွယ် ။

လင်းဒီပ
၂၇.၀၇.၁၀

Saturday, July 24, 2010

ချစ်သူ့ဖတ်စာ(၇)

ညနေအနွမ်းလေးမှာ
အထီးကျန်ခြင်းကို
ကျောပိုးအိတ်ကလေးလို လွယ်ပိုးထားရပေမယ့်
လန်းဆန်းစွာ အိပ်တန်းပြန်ခဲ့တယ် ။

ကိုယ့်အကြောင်း စောင်းရေးထားသလို
သီချင်းတချို့တစ်ဝက်ကို
ဖြည်းဖြည်းချင်း မျှင်း နားထောင်ဖြစ်တယ် ။

ယုန်ကလေးတွေလို
မျက်လုံးနီနီ ကဗျာကလေးတွေကို
နွေဆန်မိုးဆန်ညတွေမှာ
လေပြေလို ခြုံစောင်လို ပေါင်းသင်းတယ် ။

တစ်ပတ်တစ်ခါ မင်းပို့ပို့ပေးတဲ့ စကားသံချိုချိုကလေးတွေ
ရိုသေစွာနဲ့ ချွေချွေတာတာလေး သုံးပါတယ် ။

လက်လှမ်းမီသလို ရှိတဲ့ ချိုမြိန်မြစ်ကလေးတွေကိုလည်း
ရိုးသားစွာ ကူးခတ်ခဲ့ပါတယ် ။

ပျော်နေတဲ့ သူငယ်ချင်းအတွဲတွေအတွက်လည်း
မုဒိတာသစ်ပင်ကလေးတွေ စိုက်ပျိုးခဲ့ပါတယ် ။

ခြောက်ကပ်အားလပ်ရက်တွေမှာတော့
နှလုံးသားထဲ ရွာသွန်းမြဲထက် နှစ်ဆ ပိုခဲ့တယ် ။

အချစ်ရေ
ဘဝကလေး တိုင်းထွာထားသလို ချုပ်ဝတ်နိုင်ပါစေလို့ ဆုတောင်းပြီး
ရက်မြတ်တွေမှာ ငှက်ကလေးတွေကို လွှတ်ပေးခဲ့ပါတယ် ။
လင်းဒီပ
၂၄.၀၇.၁၀

Monday, July 19, 2010

ကျွန်တော့်ရှေးဟောင်းပစ္စည်းလေး

မင်းတွေ့ခိုင်းလို့ သွားတွေ့တဲ့ အမျိုးသမီးပါ

ခု အမှတ်မထင် ထပ်ဆုံတော့ မင်းက တမျိုးပြောပြန်ပြီ ။


မင်းကြည့်ခိုင်းတဲ့ ရုပ်ရှင်လေ

အဲဒီမင်းသမီးအကြောင်း မေးမိတော့ မင်းက မျက်စောင်းထိုးပြီ ။


မင်းစိုက်ခိုင်းတဲ့ သစ်ပင်ပေါ့

သူနဲ့ ကိုယ် အချိန်ကုန်နေတော့ မင်းက ငြူစူပြန်ပြီ ။


မင်းဖောက်ခိုင်းတဲ့ ပြတင်းပေါက်လေ

လမ်းမဆီ ကိုယ်ငေးမိတော့ ပြဿနာက တက်ပြီ ။


မင်းလျှောက်ခိုင်းတဲ့လမ်းပါ

ကိုယ်နဲ့ လမ်းကလေး အကျွမ်းတဝင်ရှိပြန်တော့ မင်း အပြစ်ဖွဲ့ပြီ ။


မင်းရွက်လွင့်ခိုင်းတဲ့ ပင်လယ်ပါ

အပေါင်းအဖော်တွေ တိုးလာတော့ မင်း ငြိုငြင်ပြီ ။


မင်းနမ်းခိုင်းတဲ့ အနမ်းပါ

နောက်တခါ ကိုယ်နမ်းမယ် ဆိုတော့ မင်း ငြင်းပယ်ပြီ ။


If I were a boy

အဲဒီ သီချင်း ထပ်ခါ ထပ်ခါ လာနားမထောင်ခိုင်းနဲ့ ။


ကိုယ်ဖတ်လေ နားမလည်လေ ဖြစ်နေရတဲ့ကဗျာ

တွေးတောလေ ညနက်လေဖြစ်နေရတဲ့ သီအိုရ်ီတစ်ခု

ဒါဆို

မင်းစိတ်က ကမ္ဘာဦးအရေးအသားလား ။


မသိတော့ဘူး မင်းကို

ကြာလာရင်

ကိုယ် jailbreak လုပ်မိတော့မယ် ။


လင်းဒီပ

၁၉.၀၇.၁၀

Thursday, July 15, 2010

ညစာစားပွဲ

၂၄ နာရီ အလင်းမြို့ပြရဲ့ တောက်ပဆိုင်တစ်ဆိုင်ထဲ
ခင်ဗျားနဲ့ ကျွန်တော် ညစာ အတူတူ စားသုံး
နောက်ခံတေးသွားမှာ ဝါးဟားဟားတွေ များနေတယ် ။
ခင်ဗျားမှာ ရှိတဲ့ အချိန်လေးနည်းနည်းရယ်
ကျွန်တော်မှာ ရှိတဲ့ အချိန်လေးနည်းနည်းရယ် ပေါင်းပြီး
ဒီညစာကို အတူတူ စားကြတယ် ။
ကျွန်တော်က ခင်ဗျား အမျိုးသားရဲ့ အလုပ်အကိုင် အကြောင်းတွေ မေးနေမိတယ် ။
ခင်ဗျားက ကျွန်တော်နဲ့လက်ထပ်တော့မယ့် မိန်းကလေး ဆက်တက်နေတဲ့ ကျောင်းအကြောင်း မေးတယ် ။
ခင်ဗျားနဲ့ကျွန်တော်ဟာ
အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် ဈေးကစားတဲ့ မျက်လုံးတွေ မရှိတော့ဘူး ။
ခင်ဗျားအပြုံးကို မှော်ဆန်တဲ့ ကုန်းမို့ကလေးလို့ ကျွန်တော် မခံစားမိတော့ဘူး ။
ခင်ဗျား ချကျွေးမယ့် ချောကလက်တွေကိုလည်း ကျွန်တော် မဆာလောင်တော့ဘူး ။
“ခင်ဗျားက ဘယ်ဥပဒေနဲ့မှ တရားစွဲလို့ မရအောင်လှတယ်ဗျာ” အဲလို ပြောခဲ့ဖူးတာ ကျွန်တော် မမှတ်မိတော့ဘူး ။
နှစ်ဆယ့်နှစ်နှစ်သားရဲ့အတွန့်အခေါက်စကားလုံးလေးတွေ ကျိုးကြေကုန်ပြီ ။
နှစ်ဆယ့်သုံးနှစ်ကောင်မလေးရဲ့ မာယာမိတ်ကပ်တွေ ပျက်ကုန်ပြီ ။
ခင်ဗျားကလည်း
နှုတ်ခမ်းဆိုးဆေးလေး မပျက်ရုံ ဘဝအကြောင်းပြောတဲ့ အရွယ် မဟုတ်တော့ ။
ကျွန်တော်ကလည်း
ရှပ်အင်္ကျီလက်ရှည်ထဲ ချွေးတစ်စက် မထွက်ဘဲ ဘဝကို မောပြတဲ့ အရွယ် မဟုတ်တော့ ။
သုံးဆယ်ကျော်မှာ ကျွန်တော်တို့က ဘဝကို နည်းနည်း ရိပ်မိလာသလိုပဲ ။
ကျွန်တော် သိပ်ပြန်လာချင်တယ်ဗျာ အဲလိုပြောမိတော့
ခင်ဗျားကလည်း ပြန်လာပါ လုပ်ငန်းတစ်ခုခု ပေါင်းလုပ်ကြတာပေါ့ ။
ကျွန်တော်တို့ဟာ ဘဝကို တဝက်လောက် နေထိုင်ခဲ့ကြပြီ ဆိုတော့
တစ်ယောက်ဒဏ်ရာကို တစ်ယောက် ပို စာနာတတ်လာသလိုပဲ ။
ကျွန်တော့်တစ်ကိုယ်လုံးလည်း လောကဓံဂျိုချက်တွေချည့်ဗျာ
ခင်ဗျားလည်း ခင်ဗျားမျှားနေတဲ့ ပင်လယ်နဲ့ ခင်ဗျား
မောနေတာ ကျွန်တော် တွေ့တယ် ။
ကျွန်တော်တို့ စကားလုံးတွေကို တထိုင်တည်း တဝကြီး စားကြတယ် ။
မကုန်ဘူး ပြောစရာတွေ
မပြောဖြစ်ခဲ့တာတွေ
ပြောမှ ဖြစ်မှာတွေ
ပြောရဲသွားတဲ့ စကားတွေ
ဆိုးဆေးမပါတဲ့ စကားတွေ
(ကျွန်တော်တို့နှစ်ယောက်ရယ် စကားလုံးတွေရယ်)
အတူတူ ထပြန်ကြတော့ ညဆယ်နာရီ
တည်းခိုတဲ့ဆီ လိုက်ပို့ပေးရမလား ကျွန်တော် ခင်ဗျားကို မမေးလိုက်ဘူး ။

လင်းဒီပ
၁၅.၀၇.၁၀


ရင်တွင်းစကား

ဖြစ်နိုင်ရင် ကျွန်တော်ကဗျာတွေ အများကြီးရေးချင်ပါတယ် ။ တစ်ပတ်ကို ကဗျာဖြစ်ဖြစ် စကားပြေဖြစ်ဖြစ် နှစ်ပုဒ်လောက် တင်ချင်ပေမယ့် ရေးချင်တိုင်း လက်ကလိုက်မလာတဲ့အခါ အေးစက်နေတဲ့ ဘလောဂ်ဖြစ်ဖြစ် သွားပါတယ် ။ အဲဒီဘလောဂ်ကိုပဲ လာဖတ်ပေးကြလို့ အများကြီး ကျေးဇူးတင်ပါတယ် ။အများကြီး မရေးနိုင်တဲ့အခါ ရေးနိုင်သလောက်တော့ ဆက်ရေးနေပါဦးမယ် ။ အားလုံးကို ခင်မင်လေးစား ကျေးဇူးတင်ပါတယ်ဗျာ ။