Saturday, February 21, 2009

ချစ်သူချော့

ငါ့ desktop ပေါ်က မိုးဟေကို ပုံကြည့်ပြီး
ငါ သူ့ကို ပိုစိတ်ဝင်စားတယ်လို့ မစွပ်စွဲသင့်ဘူး
မင်း ချစ်တဲ့ယောက်ျားတစ်ယောက်ရဲ့စိတ်ကို
တစ်အုပ်လုံးမဟုတ်တောင် လေးငါးမျက်နှာတော့ မင်းလှန်လှောကြည့်သင့်ပါတယ်။

တခါတလေတော့ J.Lo ရဲ့ အကတွေ ငါလည်းကြည့်ချင်တယ်..
တခါတလေတော့ Jolie ရဲ့ အကြည့်တွေ နှစ်သက်လို့
သူ့ရုပ်ရှင်တွေ ဝယ်သိမ်းထားတာလည်း ရှိတယ်..
မင်း လေးဖြူရဲ့ သီချင်းတွေ ရူးသွပ်သလောက်ပါပဲ
သိပ်လည်း ကိုယ့်ကိုကိုယ် မီးပုံ မရှို့စမ်းနဲ့ကွယ်
မင်းမွှေးတဲ့မီးက နှစ်ယောက်လုံး စိုက်လို့ပျိုးလို့ ကောင်းတဲ့မြေဖြစ်မလာဘူး။

စိုင်းထီးဆိုင်သီချင်းတစ်ပုဒ် လိုပါပဲ
ငါ အရက်သောက်တာ မင်းမကြိုက်ဘူး
ငါ ဘာကြောင့် အရက်သောက်ဖြစ်နေသလဲ
မင်း စဉ်းစားဖို့ လိုနေသလိုမျိုးပေါ့…

ငါဟာ မင်းအတွက်ဆို ကျဆုံးစရာရှိရင်
ရှေ့ဆုံးက ကျဆုံးပေးချင်တဲ့ စစ်သူကြီးပါ..
ရုံးအဆင်းကို အချိန်မှန် လာမကြိုတာလောက်နဲ့
အချစ်တွေ ကျပျောက်ကုန်ပြီလို့
အဖော်တွေကို လော်လည်ပြီး တိုင်တန်းမနေစမ်းနဲ့ ဟန်နီ

ဒေါသတွေ စိန်လိုစီထားတတ်တဲ့ မျက်ဝန်းစိုစိုလေး
မင်းဒေါသတွေ မှုတ်မှုတ်သောက်ရတာ ငါလည်း နုန်းလှပြီ..
မနက်ဖြန်မနက် ဈေးဝယ်ထွက်ရအောင်
အရင်လိုအပြုံးလေးပဲ ဝတ်လာခဲ့
အရင်စကားမျိုးလေးတွေပဲ ပြောရအောင်ပါ
အရင်လို တွတ်ထိုး…
နည်းနည်းကြာလာတော့ အရင်လို ရန်ဖြစ်ရင်း မောရအောင်
အရင်လို အုတ်ခုံလေးက စောင့်နေမယ်ကွာ…
လင်းဒီပ
၂၁.၂.၀၉

Wednesday, February 18, 2009

မပြည့်တဲ့အိုးလေး

ပါးပါးလေး တချက်လှုပ်ခတ်လိုက်တာနဲ့
ရင်ထဲက တိုက်တာတွေက ပြိုလိုပြို လဲလိုလဲ..

အချစ်ရေ မင်းကြောင့်ပါပဲ
အရင်ထက်လည်း ရဲတင်းမာကြောလာခဲ့
အရင်ထက်လည်း ပျော့ညံ့အားငယ်တတ်လာ..
အချစ်ရေ မင်းကြောင့်ပါပဲ
အရင်ထက်လည်း အေးဆေးတည်ငြိမ်
အရင်ထက်လည်း လှုပ်ခတ်ဆူဝေ..

ကြိုတင်တွက်ဆလို့လည်းမရ
စကေးအတိအကျလည်း တိုင်းတာမရပေမယ့်
ကိုယ့်ရင်တခင်းလုံးက ငလျင်ကြောမိနေခဲ့တာ
(ကြာပေါ့)
နှုတ်ခမ်းလေးနဲ့လှုပ်တဲ့ ငလျင်လှလှလေးရယ်။
လင်းဒီပ
၁၈.၂.၀၉

ကျွန်တော့်ရဲ့လက်ဆော့မှု
မနေ့က ကိစ္စလေးကို သူငယ်ချင်းညီအစ်ကိုမောင်နှမတွေကိုတောင်းပန်ပါတယ်။ ပိုစ့်အသစ်မတင်ပါပဲ..ရွာသားလေး(ဝိုင်တီယူ) ဘလောဂ့်က Link to this post ကို ကလိရင်းနဲ့ တင်လိုက်သလို ဖြစ်သွားတာပါ။ချက်ချင်း ပြန်ဖျက်ပေမယ့် မမီတော့ပါဘူး..။ တောင်းပန်ပါတယ်ဗျာ။ တင်တယ်ထင်ပြီး လာကြည့်တဲ့ မောင်နှမတွေ sorry ပါဗျာ။

Sunday, February 15, 2009

ချစ်သူ့ဖတ်စာ(၃)

ဖြစ်ခွင့်က
လွင့်မြောခွင့် ရှိရင်တောင်
တစ်လုံးစီ ကြိုးဖြတ်ခံလိုက်ရတဲ့ ပူဖောင်းလေးနှစ်လုံးလို
လွင့်မြောခွင့် တစ်နေရာစီ

ဘယ်လို ဝဋ်ကြွေးကြမ္မာလဲ
ငါးကလေးနှစ်ကောင်ကို တစ်ပုလင်းစီ ခွဲလှောင်ခဲ့ဖူးသလား
ငှက်ကလေးနှစ်ကောင်ကို လှောင်အိမ်တစ်ခုစီ ထည့်ထားခဲ့ဖူးလား
(အချစ်ရယ်)
ကျွန်တော့်ကျမှ မှောင်လိုက်တာ။

ကမ္ဘာလောကကြီးက မြို့တွေ ရွာတွေ များပြားလွန်း
ဒါပေမယ့်
ကျွန်တော်တို့နှစ်ယောက် နှစ်ကိုယ်စာ လုံခြုံစွာ
ကျောချနိုင်မယ့်နေရာလေးကျ ရှားပါးလွန်းလိုက်တာ။

ရန်သူတွေလိုက်လာတဲ့အချိန်
တံတိုင်းတွေက မြင့်တော့ ဘယ်လို ခုန်ထွက်ရမလဲ
ကျွန်တော်က အချစ်ကိုတင်ဆောင် မြင်းတစ်ကောင်နဲ့ဒုန်းစိုင်း
အချစ်အတွက်နဲ့ ရာဇဝင်တွေထဲက ဇာတ်လိုက်ကျော်
ကျွန်တော် ဖြစ်ရပါစေသား ။

မနက်ဖြန်မှာ
ရန်သူဘက်က မြင်းတပ်ကြီးကိုလည်း ကျွန်တော် အနိုင်တိုက်မယ့်အကြောင်း
တံတိုင်းတွေ အလွန်မှာ
ပန်းကလေးတွေ သူကြီးလုပ်တဲ့ ရွာလေးတစ်ရွာ တွေ့ရှိထားပြီးဖြစ်တဲ့အကြောင်း
ဒီည အိပ်မက်ကြမယ်။

(စိတ်ကို လျော့မပေးကြကြေးနော်)
ပူဖောင်းလေးနှစ်လုံး ဆိုရင်တောင်
တစ်ယောက်ကိုတစ်ယောက် နှောင်ချည်
တိမ်တွေကို ထွန်းညှိဖို့ အလင်းတစ်စ ဖွေရှာကြမယ်လေ။
လင်းဒီပ
၁၅.၂.၀၉

Friday, February 13, 2009

သူရဲကောင်း


ကြယ်တစ်လုံး ဖြတ်သန်းရာ လမ်းမှာ
ခြေရာတွေ ကဋေကဋာ ကျန်နေလိမ့်။

ကြယ်ကလေး ပြန်သွားပြီးတဲ့နောက်
ကြယ်ခြေရာတွေ ကို အသေအချာ
(တကယ့်ကို အသေအချာပါ)
လိုက်ဖျက်ပစ်လိုက်..

ကြယ်ကလေး
ကောင်းကင်က ငုံ့ပြီး
ပြုံး
ကြည့် နေလိမ့်..

ကြယ်ဆိုတာ သူ့ခြေရာ သူ
မြတ်နိုးတာမျိုး ဟုတ်ရိုးလားကွယ်။

လင်းဒီပ
၁၃.၂.၀၉
ဓာတ်ပုံလေးက ကိုငြိမ်သက် အလစ်မှာ မ,လာတာပါ။

Thursday, February 12, 2009

ဝိုင်ခိုဿမ် အလွမ်း

ဝိုင်ခိုဿမ်တောင်ထိပ်မှာတည်လို့
ငါတို့ရွာအမည် ဝိုင်ခိုဿမ်
ဆံပင်နီနီနဲ့ ကျင်ဇာဝေးဟာ
ဝိုင်ခိုဿမ်ရွာသူမ ငါ့ချစ်သူပေါ့။

သူ့တောင်ယာ ငါကူလို့
ငါ့စပါး သူကူသယ်ပေးဖူးတယ်
သူရှက်အောင် ငါစလို့
ငါ့ခေါင်း သူခေါက်ခဲ့ဖူးသလို
ငါချိန်းရာ သူမလာလို့
ငါစိတ်ကောက်တာ သူချော့ခဲ့ဖူးတယ်။

သူ့ခါး ငါဖက်
ငါ့လက်ကို သူဆုတ်ကိုင်
ငါယိုင်ရင် သူယိမ်း
သူယိမ်းရင် ငါတိမ်းတဲ့
ကောက်ရိတ်သိမ်းအက
ခွာဒိုညတွေမှာ
ငါတို့ပျော်ခဲ့ကြဖူးတယ်။

တူမီးတစ်လက်နဲ့
သူ့ အတွက် အမဲပစ်ခဲ့ဖူးသလို
သူတည်တဲ့ခေါင် ငါယစ်မူး
သူ့ပါး ငါနမ်းခဲ့ဖူးသပေါ့။

ကျင်ဇာဝေးရေ
တောင်ယာဆင်း ရေခပ် ထင်းခွေ
အရင်အလုပ်တွေ လုပ်တုန်းပဲပေါ့နော်
မင်းရဲ့မောင် ကျင်ဒိုးပေါင်လည်း
တူမီးတစ်လက်နဲ့ အမဲပစ်
ကြက် ရစ်တို့ထောင် ခေါင်လဲ မူးတတ်ရော့မယ်။

ဝေး…ရေ..
ငါ့နေရာက ကြည့်ရင်
မြူနှင်းလို မှုန်ဝါးဝါးမြင်ရတဲ့
ဝိုင်ခိုဿမ်တောင်ဖျားမှာ
ငါတော့
ခင်ဝမ်းရဲ့ ဆယ်လမွန်ငါးကို
မီးကင်စားနေချင်တော့တယ်။

တွာလ်ခဲင်းမာန်
မြားနတ်မောင် January 1995

ဒီနေ့က ပြည်ထောင်စုနေ့ …လာမယ့် ဆယ့်လေးရက်နေ့က ချစ်သူများနေ့..ဆိုတော့ ချင်းလူမျိုးကဗျာဆရာ တစ်ယောက် ရေးထားတဲ့ အချစ်ကဗျာလေးကို အထိမ်းအမှတ် နှစ်ခုစာ တင်လိုက်ပါတယ်။ကျွန်တော်ရဲ့ သိမ်းထားခဲ့ဖူးတဲ့ ကဗျာလေးတွေထဲက တစ်ပုဒ်ပါ။ ချစ်စရာကောင်းတဲ့ အိမ်လွမ်းကဗျာလေး ဆိုတာတော့ အထူးပြောဖို့ မလိုဘူးထင်ပါတယ်။
ခင်မင်စွာ
လင်းဒီပ
၁၂.၂.၀၉

Saturday, February 7, 2009

စောင့်နေသူများ

ကိုယ်က သပ်သပ်
သူတို့က သပ်သပ်
ဒါပေမယ့် နီးစပ်ခဲ့ကြတယ်။
သူတို့ပန်းတိုင်က တစ်ခု
ကိုယ့်ပန်းတိုင်က တစ်ခု
ဒါပေမယ့် တစ်လမ်းတည်း အတူတူ လျှောက်ဖြစ်တယ်။
ကိုယ်လေ့လာနေတာတစ်ခု
သူတို့လေ့လာနေတာတစ်ခု
ဒါပေမယ် တစ်နေရာတည်း အတူတူရှာမိတယ်။

ညတွေ ညတွေ
မအိပ်ဘူး စောင့်ဆိုင်းနေကြ
မနက်ဖြန်ရောက်လာမယ့် အရာတွေကို စောင့်ဆိုင်းနေရလို့ဖြစ်မှာ
တစ်နေရာတည်း အတူတူ စောင့်နေဖြစ်တာ။

အမှန်တကယ် ရောက်ရှိလာနိုင်ခြင်း မသေချာ
ပြန်တွေးကြည့်တော့
အမှန်တကယ်ရှိခဲ့ဖူးပါသလား မသေချာ
တစ်ယောက်နဲ့တစ်ယောက်အားပေးပြုံးပြရင်း
တစ်ယောက်စောင့်ဆိုင်းနေခြင်းကို တစ်ယောက်ကအားပေးခဲ့။

ထမ်းထားရင်း အငွေ့ပျံ့နေရတာ
ငေးကြည့်ရင်း အေးစက်သွားတာ
မစားရက် မသောက်ရက် ရင့်ရော်သွားတာ
စောင့်ဆိုင်းရခြင်းတွေမှာ ငါတို့က တဝက်ကျော် ဖြုန်းတီးခဲ့ကြတာ။

နံရံပေါ်က ခပ်ဝါးဝါး စာသားတစ်ခုကြောင့်သာ
တို့တွေ စောင့်ဆိုင်းနေမိတာ။
လင်းဒီပ
၇.၂.၀၉

Thursday, February 5, 2009

ရင်ခွင်ခြောက်ခုလျော့ဈေးချခြင်း

ငြိမ်သက်လို့ နာမည်ပေးထားပြီး ဘယ်တော့မှ ငြိမ်ငြိမ်မနေဘဲ လိုက်လိုက် Tag တတ်တဲ့ ကိုငြိမ်သက် Tag လို့ ကဗျာရေးတဲ့လူ ခြောက်ယောက်ပေါင်းပြီး ရေးဖြစ်သွားတဲ့ ပိုစ့်လေးပါ။ခေါင်းစဉ်လေးကတော့ ကိုငြိမ်သက် ချပေးတာပါ။ ပါဝင် ဈေးလျော့ကြတဲ့သူတွေကတော့ ကိုကောင်းကင်ကို ကိုဟန်လင်းထွန်း ကိုမိုးသောက် ညီလေးမောင်မျိုး မအိပ်မက်နိဒါန်း(ခေါ်ရတာ တမျိုးကြီးပဲ.:P) နဲ့ ကျွန်တော်..အားလုံးပေါင်းပြီး ရင်ခွင်လေးတွေ ဈေးလျော့ထားပါတယ်။ တန်တယ် ထင်ရင် ဝယ်သွားလို့ ရပါတယ်။ အိမ်တိုင်ရာ အရောက် ပို့ပေးပါမယ်ဗျာ။ မကောင်းရင်လည်း အားမနာနဲ့။ ကျန်တဲ့ ရင်ခွင်လေးတွေနဲ့လာလဲလို့ ရသေးတယ်။..ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလဲ..လို့ လေးဖြူလိုလည်း အော်လို့ရပါတယ်..

ကဲ ကျွန်တော်တို့ ရင်ခွင်ဈေးတန်းလေးကို တစ်ခေါက်လောက် လျှောက်ကြည့်ကြပါဦး။

"ရင်ခွင်လျှော့ဈေး" (ငြိမ်သက်)

တစ်လောကလုံးမှာ
တစ်ယောက်တည်းလို့
ချစ်ခဲ့မိတဲ့ငါ့အချစ်မှာ
ရယူမှုကင်းလို့
ပေးဆပ်ခြင်းသာပျော်ဝင်ခဲ့တာ
တကယ်လို့များ ဒီရင်ခွင်ကို
ငဲ့မကြည့်လို့ လှည့်ထွက်တော့မယ်ဆို
ချစ်သူရယ် နင်ရက်စက်နိုင်ပါတယ် (အိပ်မက် နိဒါန်း)


လွမ်းဆွေးခြင်းတွေ နင် ထားခဲ့လည်း
ငါ့ရင်ခွင်တံခါးကို
နင့်ပြန်လာမယ့် တနေ့ထိ
ဖွင့်ထားမယ်... (ဟန်လင်းထွန်း)

ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့ (မောင်မျိုး)


ချစ်သူရေ
လင်းလက်ခွင့်ရှိရင် တောက်ပလိုက်ချင်တယ်
ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွားအောင် ....
ကြည်နုးခွင့်မရှိတဲ့ ဘ၀မှာ
ကဗျာတွေပဲ ထိုင်ရေးနေမိတယ်
ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့....
ဆိုးလိုက်တဲ့ မိုး
အညှိုးလည်း မထားချင်တော့ပါဘူး
ငါ့ဘ၀ပေါ်မှ ကွက်ကျားရွာရတယ်လို့ ......
အဖြေညှိမရတဲ့ ပုစ္ဆာတွေကြားမှာ
မသိကိန်းတွေ များလွန်းတဲ့ စာမျက်နှာတွေ
တန်ဖိုးဆိုတာ ငါမသိချင်တော့ပါဘူး ...
အရိုးသားဆုံးဝန်ခံရရင်
ငါ မင်းကို သိပ်ချစ်တယ် ... (မိုးသောက်)

နင့် ခြေနုဖဝါးလေးတွေ ထိရှစေခဲ့သလား
ရင်ထဲက နှင်းဆီတချို့ရဲ့ အမှတ်တမဲ့မာန ဖြစ်မှာပါ..
အဝေးဆုံးထိလိုက်ဖို့ ပြင်ဆင်ခဲ့ပြီးကာမှ နေခဲ့ပါဆိုတော့
အလွမ်းတွေက နည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့
တံခါးလည်းမရှိခဲ့ပါဘူး ဓားလည်းမရှိခဲ့ပါဘူး..
ဟောဒီ ရင်ခွင်အခန်းလေးကို
သူငယ်ချင်းလေးလို ဖြစ်ဖြစ်
ချစ်သူတစ်ယောက်လို ဖြစ်ဖြစ်
မောင်ရင်းနှမလိုပဲ ဖြစ်ဖြစ်
သတိရတယ် ဆိုရင်
နင့်မှာ တစ်သက်စာ ဗီဇာလေးရှိသေးတယ်… (လင်းဒီပ)

အခုတော့…
ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့
မလိုင်စကားလုံးတွေကတောင် နင့်ဆုံးဖြတ်ချက်ကို မနိုင်တော့ဘူးပေါ့။
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကိုတောင် လည်ပတ်စေနိုင်ခဲ့တဲ့ လက်နက်
မေတ္တာတရားကို နင်ဖြောင့်အောင် ဖတ်တတ်တဲ့တစ်နေ့
လက်ဆောင်တွေသိမ်းပိုက်ဖို့ ငါ့ဆီကို ပြန်လာခဲ့ပါ။
မျက်စောင်းလေး တစ်ချက်ချိတ်
နင့် ခေါင်းလေး တစ်ချက်ညိတ် လိုက်ရုံနဲ့ 
ကမ္ဘာတစ်ခုလုံး ပေးလိုက်မယ်။
နင့်အတွက်ဆို ငါ့ရင်ခွင်ဟာ
ရာသီမရွေး…
လျှော့ဈေး။ (ကောင်းကင်ကို)

ဖတ်လို့ အဆင်ပြေလား မသိဘူး။ ကျွန်တော်ကတော့ ကောင်းတယ်ထင်တာပဲ..:P
ခင်မင်စွာ
လင်းဒီပ
၅.၂.၀၉

Monday, February 2, 2009

ညခရီးသည်

ကျွန်တော်သည် ခရီး ထွက်ခဲသည်။ ဒါပေမယ့် အလုပ်က နယ်မှာရတော့ ရန်ကုန်နဲ့ နယ်ကို အလုပ်ကိစ္စနဲ့ကော ကိုယ်ရေး ကိုယ်တာပါ အမြဲလိုလို သွားနေရတော့သည်။ အချိန်ကို ချွေတာ သုံးနေရတော့ နေ့ဘက်သွားသည့်ကား ဘယ်တော့မှ မစီးဖြစ်။ ညကားသာ စီးဖြစ်သည်။ ညကားကြီးပေါ်တွင် video ကြည့်လိုက် အိပ်လိုက်နှင့်လိုက်လာ အိပ်ကောင်းတုန်း ကားက ထမင်းဆိုင်ထဲ တိုးဝင် လက်ဖက်ရည်သောက် ကျန်းမာရေးဆို ကားဆရာက နှိုးတော့ဆင်း နှင့် ။ အိပ်ချင်မူးတူးနှင့် ထ။ ဆိုင်နောက်ဘက် သန့်စင်ခန်းကို ငိုက်စိုက်ငိုက်စိုက် ဝင်သွား။ ပြန်ထွက်လာတဲ့ လူုတွေနှင့် တိုက်မိ။ တခါတလေ သန့်စင်ခန်းဘက် မသွားပဲ ဆိုင်က ချက်ပြုတ် ကြော်လှော်နေတဲ့ဘက် ဝင်သွား။ ဆိုင်ကလူတွေ လှမ်းအော်မှ ရှက်ရှက်နှင့် ပြန်ထွက်လာရသည်။ ဒါတင်လား ဆိုတော့မဟုတ်သေး။ သန့်စင်ခန်းက ထွက်လာပြီး ဘာမှ မမှာပဲ စားပွဲတစ်လုံးတွင် ထိုင်ငိုက်နေတတ်သေးသည်လေ။

တခါလည်းဖြစ်ဖူးသည်။ထမင်းစားနားတော့ ကားတွေတန်းစီရပ်ထားသည်။ကျွန်တော်က လမ်းက ဖြတ်ပြီးတားစီးတော့ အလည်ခုံက လိုက်လာခဲ့တာ။ကားထွက်တော့မယ်ဆိုပြီး ကားပေါ် ပြန်တက်တော့ စိန်ကမ္ဘာကားလည်းအမှန်။သို့သော် မဟုတ်။စိန်ကမ္ဘာက နှစ်စီးထပ် ရပ်ထားတာ။ ကျွန်တော့်ကားက နောက်မှာ။ ပြန်ဆင်းလာရသည်။တော်သေးတယ် ကိုယ့်ကားက မထွက်သေးလို့။

လပြည်ညတွေဆိုရင် ဟိုင်းဝေးခရီးသွားရတာ အလွန်ကြည်နူးစရာ ကောင်းသည်။ကတ္တရာလမ်းမပေါ်နှင့် လမ်းဘေးဝဲယာတွင် လရောင်တွေက ဖြာလင်း နေတတ်သည်။ လရောင်အောက်က လယ်ကွင်းတွေ လမ်းဘေးတဖက်တချက်က သစ်ပင်တွေမှာ။ လရောင်နမ်းတဲ့လမ်းကလေး ပေါ်မှာပေါ့။

ခရီးသွားရတာလည်း စုံသည်။ ကိုယ်က တစ်ယောက်တည်း သွားတာဆိုတော့ ဘေးခုံကလူကလည်း အရေးကြီးသည်။ မဟုတ်ရင် တစ်ညလုံး စိတ်ညစ်နေရတတ်တာ။ တခါ အရေးတကြီး ရန်ကုန် ပြန်ဆင်းတော့ ကြုံတဲ့ကား တားစီးသည်။ ကပရ ကားအိုကြီး။ ကားခကို နှစ်ထောင်ပဲတောင်းသည်။ ပုံမှန် Express ကားတွေက လေးထောင်ဖြင့်စီးနေကျ။ ထိုင်ခုံရှိရဲ့လားဆိုတော့ လုပ်ပေးပါမည် တဲ့။ ကားပေါ်မှာ ကုန်တွေက အပြည့်။ ကျွန်တော့်ကို နေရာချပေးသည့် ဘေးမှာ ရှစ်နှစ်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်။ ခုံအောက်မှာ အိတ်တွေ ဘာအိတ်တွေ မှန်းတော့မသိ။ ခြေထောက်က ချလို့မရ။ ကောင်လေးက တစ်လမ်းလုံး အမျိုးမျိုး အိပ်သည်။ ကျွန်တော့် ပေါင်ပေါ် ခေါင်းအုံးလိုက် အိတ်တွေထိ ဆင်းအိတ်လိုက် ကျွန်တော့်ကို ပြန်တွန်း ထိုးလိုက်နှင့်ပေါ့။ ကားကလည်း မှောင်နေတော့ ဘာမှ မမြင်ရပေ။ ရန်ကုန် အဝေးပြေးဂိတ်ထဲ ရောက်လို့ စတိုးဆိုင်မှာ တစ်ရူးဝင်ဝယ်တော့ ရောင်းတဲ့ ကောင်မလေးက ပြုံးစိစိ။ နောက် သန့်စင်ခန်းက မှန်နှင့် ကြည့်တော့မှ ကျွန်တော့်မျက်နှာမှာ မီးသွေးတွေ မဲလို့။ အင်္ကျီအဖြူ ကလည်း မဲသဲနေပြီ။

တခါ ဒီဇင်ဘာဆောင်းရက်ကြီး ရန်ကုန်ကနေ ပြန်တော့ ကားက သန်းခေါင်ကျော်လေ မြေလတ်ပိုင်းဝင်လေ ပိုချမ်းလေ..လေတွေက ဘယ်လို အပေါက်တွေက ဝင်လာမှန်းမသိ။ အနွေးထည်တို့ ခြုံစောင်တို့လည်း ထူထူထဲထဲ မပါလာ။ ဘေးမှာက အမျိုးသမီးတစ်ယောက် ။ အစပိုင်းတော့ ခပ်ခွာခွာ။ နောက်ပိုင်း တကယ်ချမ်းလာတော့ ဘယ်သူမှ ဟန်နှင့် မနေနိုင်တော့ ။ သူကော ကျွန်တော်ကော တစ်ယောက်ကို တစ်ယောက် ကပ်ထားလိုက်ရသည်။

အင်း လူ့ဘဝဆိုတာလည်း ခရီးရှည်ကြီး တစ်ခုပဲဖြစ်သည်။ အိပ်လို့ကောင်းလိုက်တာ ဆိုပြီး အမြဲ အိပ်နေလို့လည်းမရ။ ကိုယ့်ခရီးဖော်များနှင့် အတူတူ အိပ်သည့်အခါအိပ် နိုးသည့်အခါနိုးနှင့် ဟာမိုနီဖြစ်အောင် နေတတ်ရပေမည်။ မှောင်သောညများ ကိုသော်လည်းကောင်း လရောင်ဆမ်းသော လမ်းကလေးများကိုလည်းကောင်း အိုးမဲသုတ်တတ်သောခရီးဖော်များနှင့် လည်းကောင်း အနွေးဓာတ် ပေးတတ်သော ခရီးဖော်များနှင့်လည်းကောင်း ကျွန်တော်တို့သွားရပေလိမ့်မည်။ အကြောင်းမှာ ကျွန်တော်တို့မှာ လူ့ဘဝကို ခရီးသွားရန် ရောက်လာသောကြောင့် ဖြစ်ပေသည်။
လင်းဒီပ
၂.၂.၀၉

Sunday, February 1, 2009

အဟောင်းချစ်သူ

ဒီနေ့ ကျွန်တော် သုံးနေသည့် laptop အဟောင်းလေး လုံးဝ ပျက်သွားသည်။ အရင်ကတည်းက သုံးနေရင်း Heat တက်တက်လာရင် Shut Down ဖြစ်ဖြစ်နေတတ်တာလေ။ မရသည့် အခါဆို စက်ကိုဖွင့် တစ်စစီဖြုတ် ခဲလွတ်လွတ် နေသည့် နေရာလေးတွေ ပြန်ဆော်ပြီး သုံးနေတာ။ ဒီတခါ ခဲဆော်တော့ Power တောင် ပြန်တက် မလာတော့ပေ။ အထဲက data များလည်း သွားကုန်ပြီ။ အမှန်တော့ ကျွန်တော့် laptop လေးက ကျွန်တော် ဝယ်တာတော့ မဟုတ်။ ကျွန်တော့် စလုံး ရောက်ခါစ ကကြီး က အစ်ကိုက မင်းအလုပ်ရရင် ငါ့laptop အဟောင်းလေး ပို့ပေးမည်ဟု ဆိုသည်။ ရောက်လာပုံကလည်း ခပ်ဆန်းဆန်းရယ်။ ကကြီး ကနေ စလုံး ခဏလာသည့် Korean နှင့် ထည့်ပေးလိုက်သည်။ လေဆိပ်မှာ သွားယူ မယူလျှင် အဆုံးပါတဲ့။ ကျွန်တော်ကလည်း အလုပ်ရခါစ ဆိုတော့ မလစ်ရဲ။ အခုတော့ အလုပ်ထဲမှာကို မရှိ။ ကြားထဲက တစ်ယောက်က သွားယူပြီး ကျွန်တော့်ကို လာပေးသည်။ ရှစ်လလောက်တော့ သုံးလိုက်ရသည်။ အခုတော့ ဆုံးရှာပြီ။

ကျွန်တော့်မှ အဟောင်းချစ်သည်တော့မဟုတ်။ ကျွန်တော် ငယ်ငယ်က အိမ်မှာ ခပ်အိုအို ရေဒီယိုကြီး တစ်လုံးပဲ ရှိသည်။ ကတ်ဆက် လိုချင်သည်။ ဖေဖေက ဘေးအိမ်က Panasonic မိုနိုကတ်ဆက် အဟောင်းလေးကို ရှစ်ရာဖြင့် ဝယ်ပေးသည်။ အဲဒီတုန်းက ကျွန်တော်လိုချင်တာ Panasonic အနီရောင် Stereo ကတ်ဆက်ကလေး။ ငါးထောင်ကျော်လောက် ရှိတော့ ဖေဖေက ဝယ်မပေးနိုင်။ ပထမတစ်လုံး ပျက်တော့ နောက်တစ်လုံး ထပ်ဝယ် နှင့် အိမ်မှာ မိုနိုကတ်ဆက်ကလေးတွေ အတော်များလာသည်။ Brand တွေလည်း စုံလာသည်။ Panasonic, Sanyo, National စသဖြင့်ပေါ့။ ဖေဖေကလည်း အဟောင်း ဝယ်ရတာ ဝါသနာထုံသည်။ စက်ဘီးဆိုလည်း ဒါလေးက ဈေးတော်တယ်ကွ ဆိုပြီး အဟောင်းလေး ဝယ်လာသည်။ နောက်စီး မရတော့ မီးဖိုချောင်ထဲတွင် ထိုးထားသည်။ မေမေက ပွစိပွစိ လုပ်သည်။ ဒီလိုပါပဲ ပန်ကာတွေ မော်တာတွေ ဘယ်က ဘယ်လို ရသည်မသိ ဝယ်ဝယ်လာတတ်သည်။ အဲဒီလောက် အဟောင်းမက်တာ မိန်းမတောင် ကံကောင်းလို့ အသစ်ရတာလို့ မေမေက ပြောတော့လည်း ဖေဖေက ခပ်ပြုံးပြုံးရယ်။

ကြာတော့ကြာပါပြီ။ဝတ္တုတစ်ပုဒ်မှာ ဖတ်ဖူးသည်။ စာရေးသူတော့ မမှတ်မိတော့။ သူ့ချစ်သူက သူ့ဆီလာလျှင် အမြဲတမ်း စက်ဘီး ဟောင်းလေးနှင့်။ သူတို့သမီးရည်းစား လျှောက်လည်ရင် စက်ဘီးလေးက သံစုံမည်သည်။ နောက် အိမ်ထောင် ကျတော့လည်း သူ့ယောက်ျားက အဟောင်းမက် အဟောင်းဝယ် ။ လေးဘီး အဟောင်းလေး ဝယ်စီး ခဏခဏ ပျက်လို့ စိတ်ညစ်ရတာလေးတွေ ရေးချထားသည်။ မေမေလည်း ဖေဖေနဲ့ ပတ်သက်ပြီး ဒီလိုလေးတွေ ကြုံဖူး ပေလိမ့်မည်။ အိမ်ထောင်ဦးစီး ယောက်ျား ဆိုတာမျိုးကလည်း ကိုယ့်ဇနီး သားသမီးတွေကို လူတန်းစေ့ ပြည့်ပြည့်စုံစုံ ထားချင်ရှာမည်။ မနိုင်တော့လည်း နိုင်သလောက် လုပ်ပေးသည့် ဖခင်မေတ္တာကို အသက်ကြီးတော့ ပိုနားလည်လာသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက နယ်ဖက် ရောက်တော့ သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ သူ့ဆိုင်ကယ်လေးက စက်သံဆူလွန်းသည်။ Good Secondhand ဂျပန်ဘီးလေးပေါ့။ သူငယ်ချင်းက ငါ့ကောင်မလေးကို သွားခေါ်ရင် ငါ့ဆိုင်ကယ်သံနဲ့ တစ်ဆောင်လုံး သိကုန်လို့ ငါ့ကောင်မလေးက အမြဲ ပြောတယ်လို့ ရယ်ရယ်မောမော ပြန်ပြောပြသည်။ အော် အဟောင်းချစ်သူတွေ။

အခုလည်း ကျွန်တော် ကွန်ပျူတာ အဟောင်းလေးတစ်လုံး သူငယ်ချင်းဆီက ပြန်ဆွဲထားလိုက်သည်။ ဖေဖေသိရင် ပြုံးနေမည်လား မသိ။ အင်း ငါ့သားတောင် ငါ့နဲ့ တူလာပြီ ဆိုကာ။
လင်းဒီပ
၂၈.၁.၀၉