Sunday, February 28, 2010

ငတုံး(မိုးလှိုင်ည)

ကျွန်တော့်ကို ငတုံးဟု ဘယ်သူ စတင်ခေါ်ဝေါ် သုံးစွဲသည်ကို မမှတ်မိပါ။ မူလတန်းတုန်းက ဆရာမလား အမေလား သိပ်မသေချာပါ။ နှစ်ယောက်စလုံးလည်း ဖြစ်နေနိုင်ပါသည်။ အမေကလည်း ကျွန်တော့်ကို ငတုံးဟုခေါ်ပြီး ခေါင်းခေါက်လေ့ ရှိပါသည် ထိုနည်းလည်းကောင်း ကျွန်တော့် အတန်းပိုင် ဆရာမကလည်း ကျွန်တော့် နာမည်ကို ခေါ်ပြီး အဲဒီကောင်လေးက တုံးတုံးအအဟု တုံးတိတိနဲ့ ပြောတတ်ပါသည်။ အမေက သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်းလည်း အငယ်ကောင်က တုံးတယ်လို့ ပြောတတ်ပါတယ်။ အငယ်ကောင်ဟု သုံးစွဲခြင်းသည် ကျွန်တော့် အထက်တွင် အစ်မကြီးတစ်ယောက်ရှိနေခြင်း ကြောင့် ဖြစ်ပါသည်။ ထိုအစ်မကြီးကလည်း ကျွန်တော့်အပေါ် အမြဲ လူလည်ကျ နေပါသည်။ ငယ်စဉ်ကလေး ဘ၀ကတည်းက ကစားစရာ စားစရာတွေကို ကျွန်တော်တို့ ကိုယ့်ဝေစုနဲ့ ကိုယ် မိဘများက ခွဲခြမ်းပေးသော်လည်း အစ်မကြီး လူလည်ကျ၍ ကျွန်တော့် ဝေစုတွေသည် နောက်ဆုံးသူတွင်သာ နိဂုံးချုပ်ရ စမြဲဖြစ်ပါသည်။ ထိုအခြင်းအရာကို အမေသိတိုင်း ကျွန်တော်ကို ငတုံးဟု ခေါ်ပါသည်။

မူလတန်း ကျောင်းသား ဘ၀မှာလည်း အမြဲတမ်း ခဲတံ၊ ခဲဖျက်၊ ပေတံ၊ စာအုပ်၊ ယုတ်စွအဆုံး လွယ်အိတ် အထိပါ ပျောက်ဖူးပါသည်။ ကျောင်းနေဖက် သူငယ်ချင်းများ ကမြင်း၍ ကျွန်တော်က ကြားထဲက၀င်ရောက် အပြစ်ပေးခံရပေါင်းလည်း မရေတွက်နိုင်ပါ။ နောက်ဆုံးတော့ ဆရာမရဲ့ ငတုံးဆိုတဲ့ မှတ်ချက်ရမှ ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့် ရပါတော့သည်။ ကလေးဘ၀အရွယ် တုံးအခြင်းက ရယ်ရွှင်ဖွယ်ကောင်းသော်လည်း လူငယ်အရွယ် တုံးအခြင်းကတော့ ရင်နင့်စရာတွေပါ ပါလာတတ်ပသည်။ အမေ စိတ်ပူရသည့်အထဲတွင် ကျွန်တော် ငတုံးညဖြစ်နေခြင်းက ထိပ်ဆုံးက ပါဝင်နေပါသည်။ ငါ့သားက ကိုယ့် အန္တရာယ် ကိုယ်မရှောင်တတ်ဘူးဟု အမေ အမြဲပြောတတ်ပါသည်။ ကျွန်တော်ကတော့ အန္တရာယ်တွေကို လွတ်ရာ ကျွတ်ရာ ရှောင်မနေချင်ပါ တည့်တည့် တိုးပြီးသွားရင် ငါ့အလှည့်ပြီးပြီလို့ တွေးမိလို့ ကျွန်တော်က တပင်တပန်းခံ ရှောင်ပြေးမနေတတ်ပါ။ ကျွန်တော် အဲဒီလောက် တုံးအပါသည်။

ကျွန်တော့်ဘ၀မှာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများ ၀ိုင်းဝန်း ချောက်ချတာကို ခဏခဏခံရဖူးပါတယ်။ ကျွန်တော် သူတို့ကို စိတ်မဆိုးမိပါ သူတို့ ချောက်ချ၍ ကျွန်တော်ပညာတွေ ရတယ်ဟု သာသဘောထားပါသည် သူငယ်ချင်း အပေါင်းအသင်းများသည် ကျွန်တော်ဆီက ပိုက်ဆံချေး၍ ဘယ်တော့မှလည်း ပြန်မပေးတတ်ပါ။ တချို့ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို နင်းတက်သွားပြီး ကျေးဇူးတင်ကြောင်းတောင် ပြန်မပြောတတ်ပါ။ သူတို့က အမြဲတမ်း ကျွန်တော့် နောက်ကွယ်တွင် ငတုံးဟု ပြန်ပြောနေကြောင်း ကျွန်တော်ပြန်ကြားရတတ်ပါသည်။ သူတို့အချင်းချင်း မညီညွတ်လျှင် ကျွန်တော့်ဆီ ရင်လာဖွင့်တတ်ကြသည်။ ကျွန်တော် မည်သို့မျှ မခံစားရပါ ။ ငတုံးတစ်ကောင်သည် လောကဓံ အဖြစ်အပျက်တွေကို မည်သို့သော ခံစားမှုမျှမရှိပါ။ ကျွန်တော် ငတုံးတစ်ကောင် ဖြစ်ရခြင်းမှာ အတ္တ၊ မာန၊ ပယောဂတွေနှင့် ချွန်မြ မနေချင်ခြင်းကြောင့် ဖြစ်ပါသည်။

ကဗျာဆရာ တာရာမင်းဝေ မဆုံးပါးခင်က ရေးခဲ့ဖူးသည့် ကျွန်တော်ကြိုက်သော စာသား တစ်ခုရှိပါသည်။ “မိမိကိုယ်ကို အစွန်းမထွက်အောင် နေတတ်ပါပြီ သူတစ်ပါး အစွန်းနဲ့တော့ လွတ်အောင် မရှောင်တတ်သေး” လူဘ၀ထဲက ချွန်မြနေတဲ့ အစွန်းတွေကြားမှာ ကျွန်တော်တို့တွေ အမျိုးမျိုး ထိုးဆွခံနေရတတ်ပါသည်။ ကျွန်တော့်အစွန်းက ခပ်တုံးတုံး ဖြစ်နေသည်မို့ တခြားလူတွေ ထိမိခိုက်မိရှိနေသည့် တိုင်အောင် သက်သာရာရမည်ဟု ယူဆမိပါသည်။

ကျွန်တော် ငတုံးတွင် ချစ်သူ ခပ်လည်လည် တစ်ယောက်ရှိပါသည်။ သူမသည် မနက်အိပ်ထ မျက်နှာသစ်သည့် အချိန်ကို မေးလျှင်တောင် ကျွန်တော့်ကို လိမ်ညာ ပြောတတ်ပါသည်။ သူမသည် အစ်ကိုတွေ မောင်တွေ အများကြီး ရှိကြောင်း ပြောတတ်ပါသည်။ အမှန်တကယ်တော့ အကုန်လုံး သူ့ရည်းစားချည်း ဖြစ်သည်။ ကျွန်တော်ကလည်း သူမပြောသမျှ အကုန်ယုံသည် ဟုပြောတတ်ပါသည်။ ဒါဟာလည်း ငတုံးတစ်ကောင်၏ ၀တ္တရားအရ သံသယ မထားသင့်ကြောင်း ကျွန်တော် ကောင်းကောင်း သဘောပေါက်၍ ဖြစ်ပါသည်။ နောက်ဆုံးတော့ သူမသည် ကျွန်တော့်ကို ပျင်းရိလာသောကြောင့် နိုင်ငံခြားထွက်သွားသည် နောက်ထပ် မဆက်သွယ်ပါနဲ့ဟု စာတိုလေးတစ်စောင်လေး ရေးပေးခဲ့ပြီး ယောက်ျားယူသွားခဲ့ပါသည်။ ကျွန်တော်လည်း အသည်းကွဲပြီး အရက်သောက် မနေပါ။ ငတုံး တစ်ကောင်သည် အသည်း မကွဲတတ်ကြောင်း သူမသိရှိ မသွားသည့်အတွက် ကျွန်တော် အားနာ၍ နေပါသည်။ နောက်ထပ်ချစ်သူ တစ်ယောက်ထား ဖြစ်ခဲ့လျှင် ငတုံးသည် အသည်း မကွဲတတ်ကြောင်း ကြိုတင်ပြောပြဖို့ လိုအပ်လေမည်လားဟု ကျွန်တော်တွေးတောမိပါသည်။

နောက်ထပ် ကျွန်တော်ကို ငတုံးဟု တိတိပပ ခေါ်ဆိုခဲ့သူမှာ ကျွန်တော့် အဖေဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကျွန်တော့်ကို အလေးအနက် ဂရုစိုက်တတ်သူ တစ်ဦးတွင် ကျွန်တော့် အဖေပါပါသည်။ အဖေသည် ကျွန်တော် အထက်တန်းကျောင်းသားအထိ ကျွန်တော့်ကို ကျောင်းကြို ကျောင်းပို့ အမြဲလုပ်ပါသည်။ ကျွန်တော့် သူငယ်ချင်းများနှင့်ပါ သူငယ်ချင်းပေါင်း လိုက်ပေါင်း၍ ဂရုစိုက်တတ်သူပါ။ ပြီးတော့ ကျွန်တော့်ကျောင်းစာ ပြင်ပ စာပေဖတ်ရှုမှု အပေါ်မှာလည်း အဖေ့ လမ်းညွှန်မှုနှင့် ကျေးဇူးတရားတွေ တင်ရှိပါသည်။ နောက်တော့ အဖေ ကျွန်တော့်ကို ငတုံးလို့ ခေါ်ရတဲ့ဇာတ်လမ်းစ ပါသည်။ ၂၀၀၃ ခုနှစ်က ကျွန်တော် စီးပွားရေး ဂျာနယ်တစ်စောင်မှာ အမေရိကန် အကြွေးဝယ်စနစ်ကြောင့် စီးပွားပျက်ကပ် ဆိုက်နိုင်ကြောင်း ဆောင်းပါး တစ်စောင်ရေးမိပါသည်။ ကျွန်တော် ၀မ်းသာအားရ အဖေ့ကို ပြတော့ အဖေသေချာ စူးစိုက်ဖတ်ပြီး ကျွန်တော့်ကို အပြင်းအထန် ဝေဖန်ပါတော့သည်။ အဖေက ကျွန်တော့်ကို ငတုံးဟု ခေါ်ပါတော့သည်။ ကျွန်တော်ဘဏ်စနစ် မလေ့လာ မသုံးသပ်တတ်ပုံ၊ ငွေကြေးယန္တယား အကြောင်း သဘောမပေါက်ပုံတို့ကို ဝေဖန်ပါသည်။ အဖေ့ ဝေဖန်ချက်တို့သည် ယုတ္တိကျပါသည် လက်တွေ့ဆန်ပါသည်။ ကျွန်တော့် ရေးသားချက်တို့သည် အနုမာန မှန်းဆချက်တို့သာ ဖြစ်သွားပါသည်။ အဲဒီအချိန်တုန်းက အဖေမှန်ပြီး နောက်ငါးနှစ်ကြာတော့ ကျွန်တော် မှန်ပါသည်။ အနုမာန မှန်းဆချက်တို့သည်လည်း တချိန်တွင် လာရောက်မှန်ကန်တတ်ကြောင်း သိလိုက်ရပါတော့သည်။ ကျွန်တော် ထိုဆောင်းပါးရေးစဉ်က ဂျာနယ်လစ်ပေါက်စဖြစ်ပြီး အဖေက
ဘဏ်အရာရှိ တစ်ဦးဖြစ်သည် အဖေကော ကျွန်တော်ပါ ငတုံးချင်း သရေကျသွားပါသည်။

နောက်ဆုံး ကျွန်တော့်ကို ငတုံးဟု ခေါ်ဆိုသူတစ်ဦးလည်း ရှိပါသေးသည်။ ထိုသူသည် ကျွန်တော့်လုပ်ငန်းခွင်မှ အထက်အရာရှိတစ်ဦးဖြစ်ပြီး။ ကျွန်တော်နှင့် အနုပညာရေးရာ နိုင်ငံရေး၊ စီးပွားရေး၊ ကမ္ဘာရေးရာတို့တွင် အာရုံတူသူ ဆွေးနွေးငြင်းခုံဖက် တစ်ဦးဖြစ်ပါသည်။ ပွင့်လင်း လွတ်လပ်ပြီး ချစ်ခင်လေးစားမှုတစ်ခု အပြန်အလှန် တည်ဆောက်ထားနိုင်သူ တစ်ယောက် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ အကြို ကာလတွေမှာတော့ သူနဲ့ ကျွန်တော် ငြင်းခုံပွဲလေး စတင်ဖြစ်ပေါ်လာပါတော့တယ်။ အမေရိကားမှာ မဲဆွယ်ပွဲ အရှိန်မြင့်လာလေ ကျွန်တော်တို့ ငြင်းခုံပွဲက သွေးတက်လေ ဖြစ်လာပါသည်။ သူက ဟီလာရီကလင်တန်ကို စီးပွားရေး နိုင်ငံရေး နောက်ခံ မြင်ကွင်းအရ နှစ်ခြိုက်သဘောကျသူဖြစ်ပြီး။ အိုဘာမားသာ သမ္မတဖြစ်ပါက သမ္မာကျမ်းစာထဲက အတိုင်း ကမ္ဘာကြိးပျက်စီးသွားမည်ဟု ထင်မြင် ယူဆနေသူ တစ်ဦးဖြစ်ပါသည်..။ ကျွန်တော်က ကမ္ဘာကြီးထဲက ဖြူစင်ရိုးသားတဲ့ လူငယ်တွေအတိုင်း အိုဘားမားကိုမှ ယုံကြည်လက်ခံနိုင်သူ။ သူက ကျွန်တော်ကို ငတုံးလေး အမေရိကားက လူမည်း တစ်ယောက်ကို သမ္မတတင် ရလောက်အောင် ဘယ်တော့မှ အသိဥာဏ်မမဲ့ဘူးဟု ခနဲ့တတ်ပါသည်။ အိုဘားမား နဲ့ ဟီလာရီ သုံးနာရီကြာ ထိပ်တိုက် စကားပြောပြီးတဲ့ နောက်မှာတော့ ကျွန်တော့်အရာရှိက ကျွန်တော့်ကို စကားမစတော့ပါ။ သူနဲ့ ကျွန်တော် ဆက်ဆံရေးလည်း တုံးတိတိနဲ့ ပြတ်တောက် သွားပါတယ်။ ကျွန်တ်ာကလည်း ထိုမျှလောက်နဲ့ အားရတတ်သူ မဟုတ်ပေ။ အိုဘားမား သမ္မတဖြစ်သည့်ညက အောင်ပွဲရတဲ့ အထိမ်းအမှတ်နဲ့ တစ်ယောက်တည်း မြန်မာဘီယာတွေ သောက်ပြီး ကျွန်တော့် အထက်အရာရှိ အိမ်ရှေ့မှာ “အိုဘာမား သမ္မတ” ဟု ဆယ့်ခြောက်ခါတိတိ သွားအော်ပါသည်။ နောက်နေ့ မနက်တော့ ကျွန်တော် ရုံးတက် လက်မှတ်ထိုးစရာ မလိုအပ်တော့ပါ။
မိတ်ဆွေ အပေါင်းအသင်းများကော မိသားစုကပါ ကျွန်တော့်ကို တညီတညွတ်တည်း မှတ်ချက်ချ လိုက်ကြပါသည်။ ငတုံး ဟု။

စာကြွင်း ။ ။ ဤမည်သော အက်ဆေးသည် ငတုံးတစ်ကောင်၏ ကိုယ်ရည်သွေးတီးလုံး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘောပင်ခပ်တုံးတုံးနှင့် ရေးထား၍ စာဖတ်သူများအား ထိရှလိမ့်မည်မဟုတ်ပါ။


မိုးလှိုင်ည

(ကိုမိုးလှိုင်ည က အဝေးရောက်ပင်လယ်မှာ တင်ထားတာပါ ။ ဖတ်ပြီး အတော်လေး ကြိုက်လို့ ကိုမိုးလှိုင်ညကို ခွင့်တောင်းပြီး ကျွန်တော့်ဘလောဂ်မှာ ပြန်တင်ဖြစ်ပါတယ် ။)

Saturday, February 27, 2010

ဖြစ်ခွင့်

အခါခါ ရမ်းနေတဲ့ ခေါင်းကလေးကို
ပန်းကလေးတွေ မနားတမ်း ဆက်လို့ ။

ခေါင်းလား
ပန်းလား
ငယ်ငယ်က ကစားသလို…

ခေါင်းကလေးပေါ်
ပန်းကလေးတွေ ပွင့်ခွင့်ရမယ့်နေ့…
လင်းဒီပ
၂၂.၀၂.၁၀

Thursday, February 25, 2010

တနင်္ဂနွေမျဉ်းပြိုင်များ

တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။

တစ်ယောက်ကို တစ်ယောက်
ဖုန်းကလေး တချက် မခေါ်နိုင်ခဲ့ဘူး
ညစာ အတူစားဖို့ မခေါ်ဖြစ်ဘူး ။
အားလပ်ရက်မှာ
တစ်နေရာရာသွား အပန်းဖြေဖို့ဖြစ်ဖြစ် အတူ မရှိနိုင်ခဲ့ဘူး ။

ရင်ဘတ်ခြင်းတူတဲ့ သူငယ်ချင်းတွေ
(တို့တွေ)
ဘာလို့ ဝေးသွားလဲ
အနီးဆုံးနီးအောင် လုပ်ကြပြီးမှ
ငါတို့ ဘာလို့ ဝေးသွားလဲ ။

ကိစ္စအထွေအထူးမရှိရင်
ခေါ်စရာမလိုတော့တဲ့ ဖုန်းနံပါတ်တွေလို
Contact List ထဲမှာ နံပါတ်တွေ အေးခဲလို့ ။

သော့ကို လှည့်ဖွင့်လိုက်တော့
မီးခလုတ်ကို ထောက်ခနဲ ဖွင့်လိုက်တော့
စားပွဲတစ်လုံး
တိတ်နေတဲ့တယ်လီဖုန်း
နောက်
ဘဏ်က ပို့လိုက်တဲ့ စာတွေ
ဖုန်းကုမ္ပဏီက စာတွေ
ကုန်ပစ္စည်းကြေငြာစာရွက်စာတမ်းတွေ

ဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေ တပ်ဆင်လိုက်ရင်
ဘဝက တကယ် smart ဖြစ်သွားပြီလား
ဒီတယ်လီဖုန်းကို ဝယ်သုံးလိုက်ရင်
အနာဂတ်ထဲ တိုးဝင်တဲ့ ခြေလှမ်းဆိုလား
နွေးထွေးလှိုက်လှဲ နေပျော်တဲ့ ဘဝလေးကိုလိုချင်ရင်
ဘယ်လို ဖုန်းကို ဝယ်သုံးရမလဲ
ဘယ်လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဘဝမှာ တပ်ဆင်ရမလဲ
ဘယ်လို အဝတ်တွေ ဝတ်ထားရမလဲ…
နွေးနွေးထွေးထွေး ဘဝလေးတစ်ခု ဝယ်ပါရစေ….

အဲဒီလိုနဲ့
မင်းလည်းမမှတ်မိတော့
ငါလည်း မမှတ်မိတော့
ဒီနေရာကို ငါတို့ ဘာအတွက်လာခဲ့ကြတယ်ဆိုတာ…
မင်းလည်း မတွေးမိတော့
ငါလည်း မတွေးမိတော့
နေရာဟောင်းကို ငါတို့ ဘယ်တော့ ပြန်ကြမယ်ဆိုတာ…
မင်းလည်း မပြောဖြစ်တော့
ငါလည်း မပြောဖြစ်တော့
ဇာတိ ပုည ဂုဏ်မာန တွေ အကြောင်း….

ဒီလိုကြီးနဲ့ပဲ
ဒီလိုကြီးနဲ့ပဲ
ရင်ထဲက နှင်းဆီတွေလည်း
ဒစ်ဂျစ်တယ် နှင်းဆီတွေနဲ့ အစားထိုးခဲ့တာ ကြာပေါ့
တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။

လင်းဒီပ
၂၄.၀၂.၁၀

Saturday, February 20, 2010

ဖြတ်သွားဖြတ်လာတေး

မင်းဘယ်ကို သွားနေသလဲ
မင်းဘယ်ကို သွားနေပါသလဲ လိပ်ကလေးရယ်
(ယောက်ျားတစ်ယောက်ရဲ့အတ္တကို တိတိကျကျ တွေ့လိုက်ရပေါ့)
သတ်မှတ်ချိန် သတ်မှတ်ဧရိယာမှာ မင်းရှိမနေခဲ့ဘူး ။
ဘယ်သူတွေနဲ့ ဘယ်တွေ သွားနေပြန်သလဲ ။
မလိမ်တတ်သူလေး
မညာတတ်သူလေး
မာယာဆိုတာ ဘာမှန်း မသိသူလေး
ကိုယ့်မေးခွန်းတွေ တစ်ခွန်းမကျန် အမှန်အတိုင်း ဖြေပါလိမ့်မယ်
ကိုယ်သိတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ခက်တယ်
မွန်းမွန်းကျပ်ကျပ် အောက်ဆီဂျင်ငတ်သလို အသံလေးကို ငတ်မွတ်လို့။
လွန်လွန်ကျူးကျူး ယင်းထနေတဲ့ မင်းအသံဖွဖွလေး ပျောက်နေလို့။
မင်းပြန်ရောက်လာတဲ့အခါ
တယ်လီဖုန်းကို မင်းကောက်ကိုင်လိုက်တဲ့အခါ
မင်းခေါ်နေကျ အသုံးအနှုန်းလေးကို မင်းရွတ်ဆိုလိုက်တဲ့အခါ
မာကျောတဲ့စကားလုံးတွေ ငါ့ဒေါသတွေ အခိုးတလူလူ ဖြစ်နေလိမ့်မယ်
မင်းအသံလေး တိမ်သွားမယ် မင်း ဝမ်းနည်းသွားမယ် မင်း ချက်ချင်း တောင်းပန်မယ် ။
ငါ ရုတ်ချည်း သေချင်လောက်အောင် ဖြစ်သွားမယ် ။
ငါမှားသွားမှန်း ငါ့နောင်တတွေက နံရံကို ပြေးဆောင့်မယ် ။
ပြီးတော့ ငါတောင်းပန်မယ် အခါခါ အထပ်ထပ် ထပ်တောင်းပန်မယ် ။
မင်းစကားပြောသံမှာ နည်းနည်း ရှိုက်သံပါမယ် ။
နောက်တခါ ထပ်မအော်တော့ပါဘူး ဆိုတဲ့ ကတိကို ငါ နောက်တခါ ထပ်ပေးမယ် ။
မင်းပျော်လာအောင် ငါ စမယ် ။မင်းရီ(ရယ်)လာအောင် ငါ လုပ်မယ် ။
မင်းအပြုံးတွေ
လှိုက်လှိုက်လှဲလှဲ ရီ(ရယ်)လိုက်သံတွေက
တယ်လီဖုန်းလေးကို ကျော်ပြီး
ရန်ကုန်ဧရိယာကို ကျော်ပြီး
မြန်မာပြည်ကို ကျော်ပြီး
ပင်လယ်တွေကိုကျော်ပြီး
ဇင်ယော်လေးတွေနဲ့အတူတူ
အုန်းပင်တန်းတွေကို ဖြတ်တိုက်လာတဲ့ လေညင်းလေးတွေနဲ့အတူတူ
တနင်္ဂနွေတိမ်ပြာပြာလေးတွေနဲ့အတူတူ
လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ဂရုမစိုက်ဘဲ ငါ့ရင်ထဲ အုံ့နဲ့ကျင်းနဲ့ ဝင်ရောက်လာကြလိမ့်ဦးမယ် ။

လင်းဒီပ
၂၀.၀၂.၁၀

Thursday, February 18, 2010

ရုက္ခစိုး

သတိရတယ် ဆိုတာ

မေ့မသွားခင် အထိပါပဲ တဲ့

ကိုယ့်အလွမ်းတွေကို အားအားရှိ ရန်ရှာနေ ။


ကိုယ်ကလည်း ဝဋ်ကောင်

ရင်ဘတ်ထဲ

နွေရာသီဆိုတဲ့ ငှက်တစ်ကောင်ကို လှောင်ထားမိ ။


သံသရာကုန်တောင် ဆုံမှာ မဟုတ်ဘူး ပြောပေမယ့်

အလိုက်မသိတဲ့ ဧည့်ဆိုးလို

မင်းနှလုံးသားတံစက်မြိတ်ကလေးအောက် ခဏခဏရောက်တယ် ။


သိတော့သိတယ်…

အဖြူရောင်ဂါဝန်လေး စွန်းပေသွားမှာစိုးလို့

မင်းမထိုင်ချင်တဲ့ အုတ်ခုံလေးက ကိုယ်။


စိတ်ကူးနဲ့ခိုးခိုးသောက်နေရတဲ့ ကော်ဖီခါးခါးလေးရယ်

မင်းအပြုံးထဲ ကဖင်းဓာတ်တွေ များလွန်းတယ်။

လင်းဒီပ

၁၈.၀၂.၁၀


လတ်တလောခံစားချက်…

ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေဟာ ကျနော်ရှုံးရတဲ့ ညတွေပါပဲ။

(ညိမ်းညို)

အဲဒိစာသားလေးလိုပါပဲ…ဒီရက်တွေမှာ ကျွန်တော်လည်း ရှုံးနေခဲ့တယ် ။ ကျွန်တော့်လိုမျိုး ခံစားဖူးမယ် ထင်ပါတယ် ။

Tuesday, February 9, 2010

ကျေးဇူးစကား

ဘယ်လိုအဆိပ်တွေမှ
ဝှက်မထားတတ်တဲ့ သစ်သီးလေး ။

ရိုးသားမှု အခွံစိမ်းစိမ်းလေးအုပ်ပြီး
သစ္စာတရားနဲ့ ချစ်မြတ်တတ်တဲ့ စိတ်ကလေး ရှိတာ
တစ်ကိုက်ကလေး ကိုက်မိရုံနဲ့
ထိတွေ့ခံစားခဲ့ရတယ် ။

(နှစ်သိမ့်ဆုကလေးရယ်)
ဘဝမှာ အလိုချင်ခဲ့ဆုံး ပထမဆုတွေထက်
ကိုယ့်ကို ပျော်ရွှင်အောင်ထားပေးခဲ့တယ်
ကျေးဇူးတင်ပါတယ် ။
လင်းဒီပ
၀၉.၀၂.၁၀

Sunday, February 7, 2010

မိတ်ဆွေကြီးနဲ့ ကျွန်တော်

သူငယ်ချင်း
မင်း ဆေးလိပ်လျော့သောက်ကွာ
ဆေးလိပ်သောက်တာ မကောင်းဘူး
အဲဒီက စပြီး
ကျွန်တော်တစ်အုပ်လုံး ဖတ်ပြီးတဲ့
စာအုပ်တွေရဲ့ နာမည်တွေ တန်းစီ ရွတ်ပြတယ်
“အေး အေး…ဆင်ခြင်ပါမယ့်”

ငါလည်း ထင်တော့ထင်တယ်
မင်းEnglish နဲ့ဆို ဒီအလုပ်နဲ့ မဖြစ်ဘူးလေ..
“အေး…အေး နားလည်ပါတယ်ကွာ
ငါ မလျှောက်တော့ပါဘူး…။”

ဒီပန်းချီကားလေးကို ကြည့်
တွေ့လား..
ဒါက ဘာart ညာart ဖျာချုပ်တဲ့အပ်..
“အော် အေးအေး…မင်းက အရမ်းခံစားနိုင်တာပဲနော်…။”

ဒီရုပ်ရှင်က ဝတ္တုကို မမှီဘူးကွ..
ဝတ္တုက ၁၉…. လောက်က ဘယ်သူဘယ်ဝါ ရေးခဲ့တာ…
အဲဒီ စာရေးဆရာကြီးဟာ ဆိုရင်…
“မင်းက ဗဟုသုတ ကြွယ်လိုက်တာ…။”

သွား မလုပ်နဲ့လေ…
ဒါ မင်းနဲ့ မဖြစ်ဘူး
ငါတောင် အတော် လေ့လာခဲ့ရတာ…

အဲဒီလိုနဲ့
ကျွန်တော့်မိတ်ဆွေကြီး
ရွှေမန်းတင်မောင်ကြီး …
စိန်အောင်မင်းကြီး...
မြို့တော်ချစ်ဖွယ်ကြီးနဲ့ တွေ့တိုင်း
ကျွန်တော်က လက်ကလေးတွေ ဆုပ်ဆုပ်ပြီး
ချိုမိုင်မိုင် ကပြနေဖြစ်တယ်…။
သူ ပျော်အောင်လို့ပါ..။
လင်းဒီပ
၀၇.၀၂.၁၀