နောက်မှ တန်းပေါ်ရောက်လာတဲ့
အဝတ်ကလေးတောင် ခြောက်ပြီ ။
မစာနာတတ်တဲ့ နေရောင်အောက်မှာ
ငါတို့နှစ်ယောက်မျက်ရည် မတိတ်နိုင်သေးဘူး ။
ဝေးစို့လို့ မပြောဘူး
ထွက်စို့လို့ မပြောဘူး
အချစ်ဆိုတာကတော့ လင်းလိုက် မှောင်လိုက်။
မြို့တစ်မြို့နဲ့ တစ်မြို့ရဲ့ အကွာအဝေး
နှလုံးသားတစ်ခုနဲ့ တစ်ခုရဲ့ အကွာအဝေး
တိုင်းထွာနေရင်းနဲ့ ဝေးတယ် ။
အချစ်ဆိုတာ နှစ်ယောက်တည်း တိုက်နေရတဲ့ စစ်ပွဲ
ဒဏ်ရာတွေကို ပွတ်သပ်ကြေကွဲလိုက်
အပြန်အလှန် ပစ်ခတ်လိုက်နဲ့။
အချစ်ဆိုတာ လမ်းကျဉ်းလေး
နှစ်ကိုယ်စာ လျှောက်သာရုံ
တစ်ယောက်နဲ့ တစ်ယောက်
စိတ်ချင်း ခဏခဏ တိုက်မိ ငြိမိ
ခံစားချက်အရောင်ကွဲခြင်း တိုက်မိ ငြိမိ ငြိုငြင်မိ ။
အချစ်ရေ
ရန်ဖြစ်စရာတွေ ရှိနေသေးတာကိုက
အချစ်ကို နှစ်ယောက်လုံး စိတ်လိုက်မာန်ပါ ရှိနေလို့
ဂုဏ်ယူဝင့်ကြွား လွမ်းလိုက်ကြတာပေါ့ ။
ဖျက်ရာ ပြင်ရာများတဲ့ ကတိစကားလေးကိုပဲ
တံတားလို ဆက်ထိုးထားပါရစေ ။
အချစ်ရေ ဝေးမယ်
သစ္စာတရားကို မြဲမြဲကိုင်ထား
မင်းဆီကို တည့်တည့်လျှောက်လာရင်း
ပြန်မရောက်နိုင်သေးတဲ့နေ့တွေမှာ ။
လင်းဒီပ
၂၁.၀၉.၁၀
(ဒီလထဲမှာ ကျွန်တော့်ဘလောဂ်လေး နှစ်နှစ်ပြည့်သွားပါပြီ ။ နှစ်နှစ်သားဆိုတော့ လမ်းကောင်းကောင်း လျှောက်နိုင်နေပြီပေါ့ :))