မင်းတွေ့ခိုင်းလို့ သွားတွေ့တဲ့ အမျိုးသမီးပါ
ခု အမှတ်မထင် ထပ်ဆုံတော့ မင်းက တမျိုးပြောပြန်ပြီ ။
မင်းကြည့်ခိုင်းတဲ့ ရုပ်ရှင်လေ
အဲဒီမင်းသမီးအကြောင်း မေးမိတော့ မင်းက မျက်စောင်းထိုးပြီ ။
မင်းစိုက်ခိုင်းတဲ့ သစ်ပင်ပေါ့
သူနဲ့ ကိုယ် အချိန်ကုန်နေတော့ မင်းက ငြူစူပြန်ပြီ ။
မင်းဖောက်ခိုင်းတဲ့ ပြတင်းပေါက်လေ
လမ်းမဆီ ကိုယ်ငေးမိတော့ ပြဿနာက တက်ပြီ ။
မင်းလျှောက်ခိုင်းတဲ့လမ်းပါ
ကိုယ်နဲ့ လမ်းကလေး အကျွမ်းတဝင်ရှိပြန်တော့ မင်း အပြစ်ဖွဲ့ပြီ ။
မင်းရွက်လွင့်ခိုင်းတဲ့ ပင်လယ်ပါ
အပေါင်းအဖော်တွေ တိုးလာတော့ မင်း ငြိုငြင်ပြီ ။
မင်းနမ်းခိုင်းတဲ့ အနမ်းပါ
နောက်တခါ ကိုယ်နမ်းမယ် ဆိုတော့ မင်း ငြင်းပယ်ပြီ ။
If I were a boy
အဲဒီ သီချင်း ထပ်ခါ ထပ်ခါ လာနားမထောင်ခိုင်းနဲ့ ။
ကိုယ်ဖတ်လေ နားမလည်လေ ဖြစ်နေရတဲ့ကဗျာ
တွေးတောလေ ညနက်လေဖြစ်နေရတဲ့ သီအိုရ်ီတစ်ခု
ဒါဆို
မင်းစိတ်က ကမ္ဘာဦးအရေးအသားလား ။
မသိတော့ဘူး မင်းကို
ကြာလာရင်
ကိုယ် jailbreak လုပ်မိတော့မယ် ။
လင်းဒီပ
၁၉.၀၇.၁၀