Wednesday, April 28, 2010

ကဗျာဆရာရဲ့ပုံတူ

ပြောင်းလဲသွားတယ်
အရာရာ….
ပြောင်းလဲလွယ်တယ်
နင် နောက်ရည်းစားတစ်ယောက် ထပ်ပြောင်းတွဲတယ် ။

ရာသီတွေကလည်း
အရင်လို မှန်းဆလို့မလွယ်
ပူလွယ် အေးလွယ် နေ့တွေထဲ
လောင်လွယ် ကျွမ်းလွယ် ဘဝတွေထဲ

လယ်ကွင်းတွေဟာ လမ်းတွေအဖြစ် ပြောင်းလဲသွားတယ်
လမ်းအကောင်းတွေဟာ လမ်းအဟောင်းတွေအဖြစ် ပြောင်းလဲ
ကားတွေကလမ်းတွေ ပေါ်မောင်းကြပြီး
လမ်းတွေက ဘယ်ကို ဆက်မောင်းကြလဲ ။

ပြောင်းလဲပေးမယ် ပြောတဲ့ လူလည်ကြီးတချို့က
ပြောင်းလဲခြင်းအတုတွေနဲ့ ထပ်ပြောင်းလဲပေးတယ် ။

ပြောင်းလဲသွားတယ်
ပြောင်းလဲမလွယ်တဲ့ ငါ့ဘဝထဲ
ဖြတ်သန်းစီးဆင်းသမျှ အာရုံတွေ ပြောင်းလဲသွားတယ် ။

ငါလည်း ပြောင်းလဲလာတယ်…
နင့်ဓာတ်ပုံလေးတွေ ပျောက်ကုန်တယ်…။
စီးနေကျ ဖိနပ်ကလေး အတော်ပါးသွားပြီ…။

သစ္စာရှိ
ရိုးမြေကျ
ဘဝမှာ ပေါင်းဖက်မိတာဆိုလို့
(တိုးတိုးဖော်အဖြစ်ကော
သူငယ်ချင်းအဖြစ်နဲ့ပါ )
ကဗျာကို
ဟိုး……..အရင်
ချောကလက်နံ့သင်းတဲ့ ညနေခင်းတွေကထက်
ပိုသောက်ဖြစ်လာတယ် ။

ငါလည်း ပြောင်းလဲခဲ့တယ်ဆိုပါတော့ ။

လင်းဒီပ
၂၈.၀၄.၁၀
(ဒီဧပရယ်လထဲ ကျွန်တော်ရေးမိသမျှ ကဗျာတွေ အကုန်လုံး အပူရောင်တွေ များနေတယ် ။ဒီကဗျာလေးကတော့ အဲဒီကဗျာတွေ အားလုံးရဲ့ သက်ပြင်းချသံ ဖြစ်သွားမလားပါပဲ...။)

Thursday, April 22, 2010

နွံ

မင်းခုံရုံးမှာ
ငါ့ နှလုံးသားရဲ့ စိုထိုင်းဆတွေလည်း
ခြေကုန်လက်ပမ်းကျတယ် ။

အချစ်ဆိုတာ
ဥပဒေတွေ တစ်ခုပြီး တစ်ခု နဲ့
တစ်ယောက်ကို တစ်ယောက်
ထပ်တိုး တုပ်နှောင်ကြဖို့လား။

သံသယအက်စစ်တွေနဲ့
(ငါ့)လှမ်းလှမ်း မပက်နဲ့
နားလည်မှုအရေပြားတွေ ပါးပါးကျနေပြီ…။

သင်္ကာမကင်း မျက်လုံးတွေနဲ့
ရိုက်နှက်လိုက်တာ
စိတ်တပြင်လုံး နာတယ် ။

ငါက
ငါ့အဓိပ္ပာယ်ကလေးနဲ့ ငါ
ဘဝကို နေပျော်ချင်တာပါ ။

အချစ်ဆိုတာ
လက်ထိပ်တစ်စုံလား
ငါ
အိပ်မက်ဆိုး မက်ပြီ ။

လင်းဒီပ
၂၂.၀၄.၁၀
(ဒီကဗျာလေးနဲ့ တွဲဖက်စားသုံးသင့်တာကတော့ စိုင်းထီးဆိုင်ရဲ့ မျက်လုံးတစ္ဆေ သီချင်းပဲ ဖြစ်ပါလိမ့်မယ် ။)

Saturday, April 17, 2010

ပင်လယ်အသစ်ထဲက ငါးတွေ

ခေတ်ကြီးက
သီအိုရီ ထည်လဲ ဝတ်တဲ့မိန်းမ…

ရူပါ တစ်သိန်းနဲ့ ဖမ်းစား
အာရုံတစ်သန်းနဲ့ ဖမ်းစား
တွေးတိုင်း အသက်ရှုမှားတယ် ။

လူငယ်စိတ် သစ်ထွင်းလှေကလေးက
လောကဓံ ညကြီးမင်းကြီးကို
လူတန်းစေ့ဆာလောင်မှုနဲ့ ဖြတ်ကူးခဲ့တယ် ။

လူသားဦးနှောက်
တွေးတတ်သလောက် တွေးထားသမျှ
ကူးတတ်သလောက် ကူးခတ်သမျှဟာ
အိုလွယ်မင်းလွယ် ။

လိုက်စရာ သမင်တွေ ပေါလို့
မောနေတဲ့ ခေတ်ထဲ
(မေမေတောင်)
လောဘကြီးတယ် လို့
ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။
လင်းဒီပ
၁၇.၀၄.၁၀

Thursday, April 15, 2010

မီးတောင်သေ

အတွင်းက အလွမ်းက
အပြင်က အလွမ်းကို လက်သင့်မခံဘူး ။

“လာလမ်းအတိုင်း လှည့်ပြန်”
အဲသလို နှုတ်ဆက်ရင်း
နှုတ်ခမ်းတွေ တင်းတင်းစေ့ထားမိ။

နင့်လက်ထဲ
နှစ်ချို့ အိပ်မက်စုဗူးကြီး
မကြည့်မိအောင် နေမယ် ။

မာကျောခြင်း ချောရည်တွေနဲ့
စိတ် အပေါ်ရည်ကျောတွေ တင်းလို့ ။

နင့်စိတ်လွန်ကြိုးနဲ့
အမျိုးမျိုး နှိုး
(ထပ် မကြိုးစားနဲ့ တေလေ)
ငါက မရွာတော့မယ့် မိုး ။

နင်က
လူမြင်သူမြင် ရှုံးနိမ့်သူဆိုရင်
ငါကတော့
စိတ်ရဲ့ကန္တာရကို
ဘယ်တော့မှ ပြောမပြမယ့် လျှို့ဝှက်သူ။
လင်းဒီပ
၁၀.၀၄.၁၀

Saturday, April 10, 2010

နွေ

သေအံ့မူးမူး နွေဆန်လွန်းတဲ့နွေ
သစ်ရွက်စိမ်းအင်္ကျီတွေကို ဆွဲဆုတ်ပစ်နေတဲ့နွေ
ဥသြငှက်ကလေး နေစရာမရှိတဲ့ နွေ
လက်ထဲက စီးကရက်မီးလေး ငေးယူရတဲ့ နွေ ။

တစ်ဘဝလုံးစာ
တစ်ရာသီထဲနဲ့ ပူပေးလိုက်သလား စဉ်းစားမရတဲ့နွေ
တနေ့ခင်းလုံး လင်း….ဖြူ…ပြာ…ဝေ
နွေပီသချင်လွန်းတဲ့ နွေ….။

အပြာရောင်တိမ်တွေနဲ့ အပြာရောင်တစ္ဆေ နွေ
ကဗျာစာရွက်ကလေး ပြာကျသွားတဲ့ နွေ
ခေါ်သံလေးတစ်ခု အပူလောင်သွားတဲ့ နွေ
ဗစ်တာခင်ညိုရဲ့ လွမ်းစရာ့နွေကို ငိုသံပါကြီးနဲ့ ဆိုမိတဲ့နွေ ။

အပူကြိမ်လုံးကြီးနဲ့
တစ်ကိုယ်လုံး ကျိမ်းစပ်သွားအောင် ရိုက်ချလိုက်တဲ့နွေ
ကိုယ့်ဘာသာ အစိုးမရ ပူပြလိုက် ငိုချလိုက်နဲ့ စိတ္တဇဆန်တဲ့နွေ ။

နွေ
နွေ
ရောင်စုံပက်ကြားအက်တွေကြားက
ဘဝတဏှာ အပြင်းစားတွေဆီ
ကျောသားရင်သား မခွဲခြား
သူ့သစ္စာတရားနဲ့သူ ဖြတ်လျှောက်သွားတဲ့နွေ။
လင်းဒီပ
၁၀.၀၄.၁၀

Friday, March 26, 2010

မြေလတ်မြို့

မြေသားနီနီလမ်းဘေး နေကြာပွင့်ဝါဝါကြီးတွေက
နေရောင်အောက်မှာ
မျက်နှာပြဲပြဲ အပြုံးဝါဝါကြီးတွေ ပြုံးလို့ ။

ထော်လာဂျီက စိုင်းစိုင်းသီချင်းနဲ့မောင်းတဲ့အခါ
ရွာသူကလေးဟာ ဆံပင်ကို အနီရောင်တွေ ဆိုးခဲ့တယ် ။
ဖုန်ထောင်းထောင်းထ လှည်းလမ်းပေါ်
ဆိုင်ကယ်တွေ စီးဖြစ်ကြတဲ့အခါ တွံတေးသိန်းတန်ကို အမှတ်ရတယ် ။
နှစ်လမ်းမောင်း အဝေးပြေး ကတ္တရာလမ်းက
ကုက္ကိုတန်းတွေကို ထီးအမှတ်နဲ့ ဆောင်းတယ် ။
အရှေ့ဘက်လှမ်းလှမ်းမှာ ပိတ်ရပ်နေတဲ့ ရိုးမတောင်တန်းကြီးက
နွေအခါ ပရိဒေဝတောမီးတွေနဲ့…။

တောထမင်းဆိုင်လေးက
တောချက်ဟင်းကလေးတွေနဲ့ မြို့သားကို ထမင်းမြိန်အောင်ကျွေးတယ် ။
ဟိတ်ကြီးဟန်ကြီး မလုပ်တတ်တဲ့ တောဘူတာရုံလေးက
ညည သူ့ဆီ သွားလည်ရင်
သူ့မှာရှိတဲ့ ရိုးရာမုန့်ကလေးတွေနဲ့ လက်ဖက်ရည်ချိုချို တိုက်တယ် ။
အင်တာနက်မရှိတဲ့မြို့ကလေးမှာ
တောင်ဘက်ခြမ်းက ဘာဘာညာညာသတင်းက
မြောက်ဖက်ခြမ်းကို စက္ကန့်သုံးဆယ်နဲ့ အမြန်ချောပို့…။

ညအခါ လသာသာ
ဘောလုံးပွဲ လောင်းမယ် ကာရာအိုကေဆိုမယ် စည်ဘီယာဆိုင်ရှိမယ်
အဝေးပြေးကားတွေက ပစ်ချသွားတဲ့ ယဉ်ကျေးမှုအသစ်တွေနဲ့
ပျော်ပျော်နေတတ် ဖော်ရွေတတ်တယ် ။

ဖြတ်ဖြတ်လတ်လတ်ကလေး ခေတ်ကို အမီလိုက်နေတဲ့ မြို့ကလေးကို
နှစ်နှစ်ကလေး ပေါင်းသင်းမိရုံနဲ့
ထင်ထားတာထက် ပိုချစ်သွားမိတဲ့ မြို့သားခမျာ
မြို့ကလေးမသိအောင် ညရထားနဲ့ လွမ်းလွမ်းကြီး ထွက်ခွာ
နောက်တစ်နေ့မနက်မှာ ငါ့ကို လိုက်မရှာပါနဲ့ မြို့ကလေးရယ် ။
လင်းဒီပ
၂၅.၀၃.၁၀
site bar ကို ကြည့်လိုက်တော့ ကျွန်တော်ရေးပြီး ဘလောဂ့်မှာ တင်ဖြစ်တဲ့ကဗျာတွေထဲ ဒီကဗျာက အပုဒ်(၁၀၀)မြောက် ဖြစ်သွားတယ် ။ဘာရယ်မဟုတ်ဘူး ပျော်သွားပါတယ် ။ :)

Wednesday, March 24, 2010

နှင်းလက်ကျန် မရှိတော့တဲ့ ဆောင်း

ပုလင်းတူဗူးဆို့ရက်စွဲတွေထဲ
မနက်ဖြန်ကို သောကသင်္ကေတ ထည့်မဆွဲဘူး။

အဖေ့အံဆွဲက ပိုက်ဆံလုပ်တဲ့စက်
အမေ့မေတ္တာ ပူပူနွေးနွေးက ချိုင့်ထဲ သုံးဆင့်အပြည့် ။

“လူငယ်ဟာ လူငယ် ဇွဲကောင်းကောင်း ဖွေရှာပါစေကွယ်”
ကဖေးဆိုင်က
သုခမိန်လှိုင်သီချင်း နဲ့ ကိုယ်ထူကိုယ်ထ လင်းတယ်….။

လွယ်အိပ်လွယ် အတန်းတက်
ကဗျာစာအုပ်ရောင်း ဖဲရိုက်
ကျဆိမ့်သောက် ဆေးလိပ်ဖွာ
မြို့ပြင်တက္ကသိုလ်ကွင်းပြင်ကျယ်ထဲ
စိတ်ကူးကလေးနဲ့ ကံ့ကော်ဆန်။

အမှားပြင်ဆင်ချက်တွေ ဖြည့်ဖို့
စာမျက်နှာလွတ်တွေ အများကြီး ကျန်နေတုန်းကပေါ့
ခွင့်လွှတ်စကားတွေက
နောင်တတရားကို ရေများရေနိုင် ကာလတွေ ။

(ဘာရယ် မဟုတ်ပါဘူး)
ရုပ်ထက် ပိုအိုမင်းလွယ်တဲ့
နာမ်တရား အညောင်းအညာပြေသွားဖို့ပါ
တိတ်တိတ်ဆိတ်ဆိတ်လေး
တကိုယ်ရည် သူငယ်ပြန်ကြည့်တာ
သိပ်ပျော်စရာ ကောင်းတယ် ။
လင်းဒီပ
၂၄.၀၃.၁၀