Sunday, February 15, 2009

ချစ်သူ့ဖတ်စာ(၃)

ဖြစ်ခွင့်က
လွင့်မြောခွင့် ရှိရင်တောင်
တစ်လုံးစီ ကြိုးဖြတ်ခံလိုက်ရတဲ့ ပူဖောင်းလေးနှစ်လုံးလို
လွင့်မြောခွင့် တစ်နေရာစီ

ဘယ်လို ဝဋ်ကြွေးကြမ္မာလဲ
ငါးကလေးနှစ်ကောင်ကို တစ်ပုလင်းစီ ခွဲလှောင်ခဲ့ဖူးသလား
ငှက်ကလေးနှစ်ကောင်ကို လှောင်အိမ်တစ်ခုစီ ထည့်ထားခဲ့ဖူးလား
(အချစ်ရယ်)
ကျွန်တော့်ကျမှ မှောင်လိုက်တာ။

ကမ္ဘာလောကကြီးက မြို့တွေ ရွာတွေ များပြားလွန်း
ဒါပေမယ့်
ကျွန်တော်တို့နှစ်ယောက် နှစ်ကိုယ်စာ လုံခြုံစွာ
ကျောချနိုင်မယ့်နေရာလေးကျ ရှားပါးလွန်းလိုက်တာ။

ရန်သူတွေလိုက်လာတဲ့အချိန်
တံတိုင်းတွေက မြင့်တော့ ဘယ်လို ခုန်ထွက်ရမလဲ
ကျွန်တော်က အချစ်ကိုတင်ဆောင် မြင်းတစ်ကောင်နဲ့ဒုန်းစိုင်း
အချစ်အတွက်နဲ့ ရာဇဝင်တွေထဲက ဇာတ်လိုက်ကျော်
ကျွန်တော် ဖြစ်ရပါစေသား ။

မနက်ဖြန်မှာ
ရန်သူဘက်က မြင်းတပ်ကြီးကိုလည်း ကျွန်တော် အနိုင်တိုက်မယ့်အကြောင်း
တံတိုင်းတွေ အလွန်မှာ
ပန်းကလေးတွေ သူကြီးလုပ်တဲ့ ရွာလေးတစ်ရွာ တွေ့ရှိထားပြီးဖြစ်တဲ့အကြောင်း
ဒီည အိပ်မက်ကြမယ်။

(စိတ်ကို လျော့မပေးကြကြေးနော်)
ပူဖောင်းလေးနှစ်လုံး ဆိုရင်တောင်
တစ်ယောက်ကိုတစ်ယောက် နှောင်ချည်
တိမ်တွေကို ထွန်းညှိဖို့ အလင်းတစ်စ ဖွေရှာကြမယ်လေ။
လင်းဒီပ
၁၅.၂.၀၉

18 comments:

MANORHARY said...

ပန်းကလေးတွေ သူကြီးလုပ်တဲ့ ရွာလေးတစ်ရွာ ...
တဲ့လား....
အိပ်မက်လေးသိပ်လှပါစေ..

Anonymous said...

ကဗျာကောင်းလေးပဲဗျာ။
ဆန္ဒတွေ အမြန်ဆုံးပြည့်ဝကြပါစေ။

ဆိုးသွမ်း

khin oo may said...

ကောင်း၏

Anonymous said...

အော်..လက်စ သတ်တော့
သူ က မြင်းစီးပြီး
ရိုမီယို လို သူရဲကောင်း လုပ်ချင်သူ ကိုး.....း)..
လုံးဝ စိတ်မလျှော့ လိုက်ပါနဲ့...
..
အချစ်အတွက်နဲ့ ရာဇဝင်တွေထဲက ဇာတ်လိုက်ကျော်
ကိုလင်းဒီပ .. ဖြစ်ရပါစေသတည်း...
...
ဆုတောင်းပေးပါ တယ် နော်...

Anonymous said...

လင်းဒီပရေ..

လှလိုက်တဲ့ စကားလုံးတွေ စိတ်ကူးစိတ်သန်းတွေ..
ကြေကွဲနေတဲ့ နှလုံးသားကိုလဲမြင်သာထင်သာနေတယ်
အမြန်ဆုံး...တစ်မျှင်ထဲဖြစ်တဲ့အပ်ချည်က ဗူပေါင်းလေးတွေအဖြစ်...ဟိုး...မိုးတိမ်ထဲအထိ
ပျံတက်သွားနိုင်ကြပါစေ

ညိမ်းညို said...

အကိုရေ
ချစ်သူဖတ်စာ လာဖတ်ပါတယ်
အခုထိ သင်ရိုးမကျေသေးလို့ပါ
သိမ်သိမ်မွေ့မွေ့လေးနဲ့ သိပ်လှတာပဲဗျာ
အကို့ကဗျာတွေကို အမြဲစောင့်မျှော် အားပေးလျက် :)

ဆောင်းယွန်းလ said...

တံတိုင်းတွေ အလွန်မှာ
ပန်းကလေးတွေ သူကြီးလုပ်တဲ့ ရွာလေးတစ်ရွာ ..
အတွေးတွေသိပ်လှတယ် ညီရေ့..
တောင်းတဲ့ဆုတွေပြည့်ပါစေ...

အိုင်လွယ်ပန် said...

လှတယ် ကိုဒီပရေ ...

လွတ်ငြိမ်းလေပြေ (breeze) said...

နူးညံ့လိုက်တာ

Anonymous said...

ကဗျာလေးက သနားစရာလေး ခံစားနားလည်နိုင်ပါတယ် ။

ငြိမ်သက် said...

ဒီပ လက်ရည်တွေက မခေပြီးရင်းမခေပါလား...ခံစားပါသွားတယ်
"ငါးကလေးနှစ်ကောင်ကို တစ်ပုလင်းစီ ခွဲလှောင်ခဲ့ဖူးသလား" ကိုမြင်ရင် စိတ်မလုံတော့ဘူး
ငယ်၂တုန်းက တိုက်ငါး အတော်ကြိုက်ခဲ့တဲ့လူဆိုတော့
ငလင်း များ ငါ့ ကျိန်စာတိုက်နေပြီလားလို့

WWKM said...

“ပူဖောင်းလေးနှစ်လုံး ဆိုရင်တောင်
တစ်ယောက်ကိုတစ်ယောက် နှောင်ချည်
တိမ်တွေကို ထွန်းညှိဖို့ အလင်းတစ်စ ဖွေရှာကြမယ်လေ။”

ချည်နှောင်ထားတဲ့ ပူပေါင်းလေးနှစ်လုံးအနေနဲ့ ကောင်း
ကင်မှာ ပျော်ရွှင်စွာ ၀ဲပျံနိုင်ပါစေ မောင်လေးရေ။

ကဗျာလေးကောင်းလွန်းတယ်။

အစ်မ၀ါ

မေ့သမီး said...

ပန်းကလေးတွေသူကြီးလုပ်တဲ့ရွာဆိုရင်တော့ ပျားတုပ်ခံရတော့မှာပဲ။ :P

Welcome said...

ကဗျာလေး လာဖတ်သွားပါတယ် ..
မြင့်လွန်းတော့ မန့်ရန် စကားမတွေ့ပါ။

Black Dream said...

ကဗျာကောင်းမကောင်းတော့မသိဘူး..။ ကဗျာကို ဖတ်နေရင်း မိုင် ၈၀၀၀ ကျော်က ချစ်သူကို အပြေးခေါ်ပြီး တော့သာ ဖတ်ပြလိုက်ချင်တော့တယ် အစ်ကိုရယ်...။ :(

sait phay yar said...

လက်ရာကမခေတော့ မမန့်တတ်အောင်ဘဲ
ကဗျာကောင်းလေးတစ်ပုဒ်ပါ ကိုပြူတင်းပေါက်
ချစ်တဲ့သူနဲ့ အမြန်ပေါင်းစုံနိုင်ပါစေနော်

Kaung Kin Ko said...

အတွေးတွေ အရေးတွေ ဆန်းကြယ်ပြီး ကောင်းလိုက်တာ။ ကြိုက်လိုက်တာညီရာ။

maymoe said...

(စိတ်ကို လျော့မပေးကြကြေးနော်)
ပူဖောင်းလေးနှစ်လုံး ဆိုရင်တောင်
တစ်ယောက်ကိုတစ်ယောက် နှောင်ချည်
တိမ်တွေကို ထွန်းညှိဖို့ အလင်းတစ်စ ဖွေရှာကြမယ်လေ
အဲလိုအဆင်ပြေပြေလေးဆိုကောင်းတာပေါ့။