(၁)
အသက်ရှုခြင်းရဲ့ ဒုတိယအဓိပ္ပာယ် (တွေးနေမိတာက)
(၂)
လူ့ဘဝမှာ နေလာတာ တစ်ဝက်ကျိုးတော့မယ် ။
အဓိပ္ပာယ်ရှိရှိ နေဖြစ် သေဖြစ်ဖို့ သတိရတိုင်း ဆင်ခြင်မိတယ်။(ဆင်ခြင်နေမိတာ)
(၃)
စိတ်တွေက အမြဲလိုလို အလျားလိုက် လွင့်မျောလိုက်
ဒေါင်လိုက် လွင့်မြောလိုက်
ပြန်ဖမ်းစုလို့ မရတာရယ်
အတင်းအဓမ္မပြန်စုချင်နေတာရယ်က လက်ရှိဖြစ်နေတဲ့ရောဂါ(ကျန်းမာရေး)
(၄)
ဆေးလေးဝါးလေးဖြစ်နိုး ဆိုပြီး
တွတ်ပီလေးဖတ်လိုက် သမိန်ပေါသွပ်လေး ဖတ်လိုက်ပေါ့
ကြာလာတော့ စောတင်မောင်ရုပ် ပေါက်လာတယ်။(ဖတ်ဖြစ်တဲ့စာအုပ်တွေက)
(၅)
စိတ်လည်းပြေ လက်လည်းပျောက်ချင်လို့
စိမ်းလန်းခြင်းတွေကို
သတ်သတ်စုထားတဲ့ နေရာလေးတွေ
နှလုံးသားသက်သက်နဲ့ မကြာခဏ လျှောက်ကြည့်ဖြစ်ပါတယ် ။(ရောက်ဖြစ်နေတာ)
(၆)
ပြောမရတဲ့ စကားတွေအတွက် သိပ်ပြောချင်လွန်းတဲ့အခါ
ကဗျာတွေပဲ အခါခါ အန်ထုတ်ဖြစ်ပါတယ်…
ဇီဝဇိုးငှက် မဟုတ်တော့လည်း ဆေးဖက်တော့ မဝင်ခဲ့ဘူး။(ရေးဖြစ်နေတာက)
(၇)
လောကဓမ္မတွေ ပြည့်နှက်လွန်းတဲ့
ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ နားထောင်ရင်း
ဖြေရတယ်…ကိုယ့်ကိုကိုယ် (နားထောင်ဖြစ်နေတာက)
(၈)
“ထိုမိန်းမ”
“အချစ်မဟုတ်တော့ဘူး”
“ငါအရက်သောက်တာ မင်းမကြိုက်ဘူး” လို
သီချင်းမျိုးလေးတွေကို ကဗျာလုပ်ပြီး ရွတ်နေရတဲ့အခါလည်း ရွတ်ရင်း။(ရွတ်နေမိတယ်)
(၉)
ခွန်းသာရဲ့ကဗျာလေးအတိုင်း
“ငါသေရင် ငါ့ရင်ဘတ်မှာ
ပညာတတ်ကြီးဆိုတဲ့ စာတန်း ရေးပေးစမ်းကွယ်” (ဖြစ်ချင်နေတာက)
(၁၀)
ပစ္စည်းကောင်းတွေချပေးပြီး
ဒီဇိုင်းကောင်းကောင်းထုတ်ပေးထားတာတောင်
မဆောက်တတ်တဲ့ အင်ဂျင်နီယာလိုပဲ
မီးဖိုခန်းထဲမှာ ညံ့ညံ့ဖျင်းဖျင်း ဟင်းတွေ ထုတ်လုပ်လို့။(စားနေရတာ)
(၁၁)
ကိုယ့်ကိုကိုယ်တောင် မကယ်တင်နိုင်သေးခင်
လောကကို ကယ်တင်မယ် တကဲကဲ
စိတ်ကြီးဝင်နေတဲ့ ခါချဉ်ကောင်တွေကို သနားနေမိတယ်။
(၁၂)
ဂျီတီအိုင်ကျောင်းသားဘဝက
ချိုတဲ့ ချို့တဲ့ညလေးတွေ လွမ်းတယ်...လူငယ်ဆန်လွန်းလို့(လွမ်းနေမိတာက)
(၁၃)
ဘယ်လောက်ကြာကြာ
အိမ်ကလေးတွေနဲ့ ဝေးနေရဦးမယ်ဆိုတာတော့ မေ့ထားပါတယ်။
(၁၄)
တံခါးတွေပိတ်
လေအေးစက်တွေ တတ်ထားတဲ့
နို့ဆီဘူးခွက်လေးတွေ ထဲက ထွက်ပြေးလို့ မရသေးဘူး မေမေ။
(ခါးသက်နေမိတာက)
(၁၅)
လယ်ကွင်းပြင်တွေ ရိုးပြတ်တွေကြားထဲမှာ
ရွာသားတစ်ယောက်လို ကျင်လည်ဖြတ်သန်းခဲ့ဖူးတဲ့
လွန်ခဲ့တဲ့ နေ့ရက်တွေ တမ်းတတယ်။(တမ်းတနေမိတာက)
(၁၆)
ကျွန်တော့်လိမ်ညာမှုတွေကို
သိသိကြီးနဲ့ ယုံချင်ယောင်ဆောင်ပေးတဲ့
မိန်းမတစ်ယောက်ကို ကြိတ်ပြီး ချီးကျူးနေမိတယ်။
(၁၇)
အချစ်ကို လုံးစေ့ပတ်စေ့ မသိဘဲ
ချစ်တယ်လို့ပြောတတ်တဲ့ ကိုယ့်ကိုကိုယ် ကြိတ်ပြီး အထင်သေးနေမိတယ်။
(၁၈)
ရုပ်ရှင်ရုံ (အမှောင်ထဲမှာ လူတွေကို စု
တစ်နေရာတည်းကို အာရုံစိုက်ထားခိုင်းပြိး
ရယ်ခိုင်း ငိုခိုင်း စိတ်တွေကို ကျွန်ခံခိုင်းလို့) (ဆန္ဒမရှိတဲ့နေရာ)
(၁၉)
မြန်မာပြည်အနှံ့
မရောက်ဖူးသေးတဲ့နေရာတွေမှာ
တခါမှ မတွေ့ဖူးသေးတဲ့လူတွေနဲ့
ရင်ခုန်သံချင်း ဖလှယ်ချင်တယ် ။
စိတ်တွေ ဆာဗေးဆင်းကြည့်ချင်လို့ပါ။(ဆန္ဒရှိနေတဲ့ကိစ္စ)
(၂၀)
လူ့ဂဏန်းတွေ
(မင်းတို့ကို အင်္ဂါဂြိုလ်က သဲသောင်ပြင်ပေါ်ပို့ပစ်မယ်။)
(မုန်းတီးနေမိတာက)
(၂၁)
ဘယ့်သူမှ ပြန်မပြောပါနဲ့
အခုထိ အဲဒီအပြုံးလေး လွမ်းနေတုန်းပဲ..။(ချစ်နေတာက)
(၂၂)
လက်ရှိအလုပ်(စိတ်ပျက်နေမိတာက)
(၂၃)
သူမနဲ့ကျွန်တော် တစ်ယောက်တစ်ဝက် ရေးဖူးတဲ့
ဒိုင်ယာရီဟောင်းလေး(စွဲလန်းနေမိတာက)
(၂၄)
လုပ်ချင်တာတွေ လျှောက်လုပ်ချင်လို့
“အချိန်” ချမ်းသာချင်တယ်။(လိုအပ်နေတာက)
(၂၅)
မဖြစ်နိုင်ပေမယ့် တောင်းနေတုန်းပဲ
“ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။”(တောင်းနေမိတဲ့ဆု)
(၂၆)
အိမ်ပြန်ချင်တယ် ။(ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက)
(၂၇)
မလိမ်မိုးမလိမ်မာလေးကနေ
မလိမ်မိုးမလိမ်မာကြီး ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမလာသေးတာ။ (ဝန်ခံချင်တာက)
အစ်မ မနော် တဂ်ထားတဲ့ ခုတလောဆိုတဲ့ ပိုစ့်လေးပါ။ အစ်မ မနော် ကျေနပ်မယ် ထင်ပါတယ်။
နောက်ထပ် ထပ်တဂ်ချင်တာက ကျွန်တော့်ညီမလေး မေ့သမီးကိုပါ ။
ခင်မင်လေးစားစွာ
လင်းဒီပ
၅.၈.၀၉
Wednesday, August 5, 2009
Subscribe to:
Post Comments (Atom)
13 comments:
မအားတဲ့ကြားက ပြေးလာဖတ်ရကျိုးနပ်သွားပြီ။
ကျွန်တော့်လိမ်ညာမှုတွေကို
သိသိကြီးနဲ့ ယုံချင်ယောင်ဆောင်ပေးတဲ့
မိန်းမတစ်ယောက်ကို ကြိတ်ပြီး ချီးကျူးနေမိတယ်။
အပေးအယူမျှတယ်ဆိုတာ ဒါမျိုးထင်ရဲ့ နော်။ :)
ခံစားနေရတဲ့သူကို ကျော်ကြည့်ပါဦးမယ်။ စာလေးတွေ အရမ်းလှတယ်။:)
၁၅ နဲ့ ၁၆ ကိုကြိုက်တယ်ကွဲ့ စောတင်မောင်ရဲ့။ :D
တခါတလေလည်း တဘက်ဘက်မှာနေလိုက်မှ လောကကြီးက အဓိပ္ပါယ်ရှိသလိုလို။ ဘောလုံးပွဲကြည့်သလိုပေါ့ရှင်။ ကောင်မလေးလဲ အဲလိုနေမယ်။ ဟိ။
ဖတ်သွားတယ် ကိုဒီပ ...
အနာတွေ မကျတ်သေးဘူး :)
တွေ့ ..သွား ... တယ် ... :)
အော် ဒီကဗျာဆရာ
ကဗျာတွေပဲ နေရာတကာ အန်နေတော့တာပဲ...
အန်တာအကုန်နောက်မှာ ဒဏ်ရာအစုံ ပျောက်ပါစေ...း)
အကို အခုမှလာဖတ်ရတယ်။ မလေးသွားနေလို့။ နက်ဖြန်ရေးပေးမယ်နော်။
ဒီကဗျာဆရာတော်တော်ညာတတ်တယ်ထင်တယ်။ နောက်ပီး ရွာသားနာမည်ကိုလည်းအလွဲသုံးစားလုပ်သွားသေးတယ်။
:P
မိုက်လိုက်တဲ့ ကဗျာလေး
ကဗျာဆရာလို့ မပြောရဘူး..း)
မလိမ်မိုးမလိမ်မာလေးကနေ
မလိမ်မိုးမလိမ်မာကြီး ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမလာသေးတာ။ (ဝန်ခံချင်တာက)
မလိမ်မိုးမလိမ်မာ လတ် မဖြစ်ပဲ ဘယ့်နှယ် ကြီးသွားတာတုန်း..း)
ကဗျာရှည်ရှည်တစ်ပုဒ် ဖတ်လိုက်ရသလိုပါပဲ... ဖတ်ရတာ အရသာရှိလိုက်တာ...
“ပြောမရတဲ့ စကားတွေအတွက် သိပ်ပြောချင်လွန်းတဲ့အခါ
ကဗျာတွေပဲ အခါခါ အန်ထုတ်ဖြစ်ပါတယ်…
ဇီဝဇိုးငှက် မဟုတ်တော့လည်း ဆေးဖက်တော့ မဝင်ခဲ့ဘူး။(ရေးဖြစ်နေတာက)”
အဲဒါကတော့ လက်ရှိခံစားချက်နဲ့ ကွက်တိ။
နံပါတ် (၂၇)ကတော့ ကိုယ့်ကိုပါ စောင်းပြောသလိုလိုး))
ကိုယ့်ကိုယ်ကိုတောင်မကယ်တင်နိုင်သေးတဲ့
ခါချဉ်ကောင်တွေ..............
တစ်ယောက်တစ်ဝက်ရေးတဲ့ဒိုင်ယာရီစာအုပ်လေး..
.............. ခုတလော
လူတွေကိုဒုက္ခပေးမိတာမှားပြီထင်ရဲ့..
ကိုယ့်ရဲ့မကုန်ဆုံးနိုင်သော ၈၉စိတ်သော ခုတလော တွေက ကိုယ်တက်ဂ်ထားတဲ့သူတွေရဲ့ ၈၉စိတ်သော ခုတလောတွေ ထပ်တူညီနေတဲ့အခါ...
(ဒါထက် ..စောတင်မောင် ဆိုတာ လူပျိုကြီး လားလို့..း))) )
အင်္ဂါဂြိုလ်ပို့ဖို့ ကိစ္စရှိရင် အကြောင်းပြန်လိုက်ပါဦး အစ်ကိုရေ... ကျွန်တော်လည်း ဂဏန်းကောင်တွေတင်ပေးလိုက်ချင်လို့ .. လမ်းကြုံလေး
လူ့ဂဏန်းတွေ
(မင်းတို့ကို အင်္ဂါဂြိုလ်က သဲသောင်ပြင်ပေါ်ပို့ပစ်မယ်။)
(မုန်းတီးနေမိတာက)
အကြိုက်ဆုံးပဲ
လူလိုရင် ကိုယ်ပါလိုက်သွားရင်ကောင်းမလားပဲ ရိုက်ချင်လို့
စွယ်စုံကျမ်းရဲ့ စာရေးဟန်ကို
အကို့ဆီမှာ တွေ့လိုက်ရတယ်
နိပ်ဗျ
ကဗျာတွေဖိတ်လျှံကျနေပါလားညီလေးရေ
ကမ္ဘာမြေငြိမ်းချမ်းပါစေလို့ အကိုလည်းဝိုင်းပြီးဆုတောင်းသွားမိတယ်
Post a Comment