Tuesday, September 16, 2008

ညီမလေးနှင့်ကျွန်တော်


ယုန်ကလေးမလာခင်တည်းက
ချုံကလေးက ရှိနှင့်ပြီးသား

ချုံကလေးလည်းတွေ့ရော
ယုန်ကလေးက ပြေးဝင်လာရော

ညီမလေးရဲ့မေမေ
ဒေါသတွေ မိုးလိုရွာချတဲ့နေ့က
ယုန်ကလေးမိုးမိမှာစိုးလို့
ချုံကလေးရဲ့ရင်ထဲ
ဖွက်ထားလိုက်ရတယ် ။

လင်းဒီပ
၃၀.၀၈.၀၈
(Photo Source: frickr.com)

ပန်းတွေ…အစိမ်းခြွေ


မိစ္ဆာရောင်ပြာနှမ်းနေတဲ့ ကောင်းကင်အောက်
ပန်းတွေ
ကြွေသင့် မကြွေသင့် ဒွိဟဖြစ်နေတာက
ရင်နင့်စရာ
အပင်ဖျားမှာ နှင်းခါးတွေ သီလို့…
အပင်အောက်မှာက ပန်းခြောက်တွေကြွေ...

စိတ်ကို တီးခတ်လိုက်ရင် အကောင်းဆုံးသီချင်းဖြစ်လာမှာ
ဒါ..ပန်းတွေ မျက်ရည်နဲ့ရက်တဲ့သီချင်း ။

စိတ်ကို ဆက်မတီးဘူး
ပစ္စုပ္ပန်မှာ ပြန်ချထားလိုက်တယ်
နောက်
အိပ်မက်တံခါးကို အသာလေးပိတ်ပြီး
ကိုယ့်အိမ်ကိုယ်ပြန်အိပ်ခဲ့တယ် ။

လင်းဒီပ
၁၆.၀၉.၀၈
(Photo Source: s77.photobucket.com)

မှောက်ထားတဲ့ည


တံခါးတွေ အကုန်ပိတ်
မီးတွေအကုန်မှိတ်
အမှောင်ထဲမှာ တိတ်တိတ်လေးထိုင်နေတာ
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့။

ငါ့ကွန်ပျူတာလည်း ပိတ်ထားတယ်
ငါ့ဖုန်းလည်း ပိတ်ထားတယ်
အလင်းဆိုလို့ ပိုးစုန်းကြူးလေးတစ်ကောင်တောင်မတွေ့လိုဘူး
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့

ငါ့တံခါးအရှေ့တောင် လာမရပ်ကြပါနဲ့။

ငါ့ပါးစပ်ကြီးကိုလည်း ပိတ်လိုက်ဖွင့်လိုက်လုပ်ဖို့
ငါ့မှာ အင်အားမရှိသေးဘူး။
ငါရိုင်းသွားရင်လည်း ခွင့်မလွတ်ကြနဲ့
ငါ့ယဉ်ကျေးမှုတွေအားလုံး ဓာတ်ပြယ်သွားလို့
ငါ့နူးညံ့မှုတွေအားလုံးပြာကျသွားလို့
ငါကိုငါလည်း ငါမတွေ့ချင်သေးဘူး။

မင်းတို့သွားနေတာဆိုရင်လည်း ငါကိုထားခဲ့ကြဦး။

တစ်စစီဖြစ်နေတဲ့ ငါမနက်ဖြန်တွေကိုလည်း ပြန်မကောက်နိုင်သေးဘူး
ငါ့ဒိုင်ယာရီအဟောင်းတွေလည်းရှာမတွေ့သေးဘူး
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့။

လောလောဆယ်တော့
အမှောင်ထဲမှာ
ဖန်ကွဲစတွေ
ငါ့ကျောမှာ ဆွဲမနှုတ်ရသေးတဲ့ဓားတစ်လက်
ငါ့နဲ့စိတ်ခြင်းဆင်တဲ့ ကျွမ်းလောင်ခဲ့ပြီးသား ဖယောင်းတွေ
နောက်
ငါချစ်တဲ့ တိတ်ဆိတ်ခြင်း ။

လင်းဒီပ
၁၃.၀၉.၀၈
(Photo Source: s77.photobucket.com)

Monday, September 15, 2008

အနှစ်သုံးဆယ်


ဘ၀ကို ပိုးတွေသေသွားအောင်
နေပြင်းပြင်းမှာ ထုတ်လှန်းလို့ရရင်ဘယ်လောက်ကောင်းမလဲ
အနှစ်သုံးဆယ်လုံးလုံး ရေမချိုးဖြစ်တဲ့စိတ်ကိုလေ..

ရေတွက်ကြည့်လိုက်ရင် စွဲမိစွဲရာတွေ အတော်များတယ်
သေသေချာချာ စေ့စေ့ပေါက်ပေါက် ချတွေးတော့
ကွမ်းသမားတစ်ယောက်လိုပဲ
အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်။

နေညိုချိန်လမ်းခွဲတွေမှာ
တစ်ဘ၀လုံးစာ သိပ်အရေးပါတာတွေ ဆုံးရှုံးသွားခဲ့သလို
အသုံးမကျစွာလည်းရူးနှမ်းခဲ့ဖူးတယ်။
တကယ်ရှက်ဖို့ကောင်းခဲ့တာပ
ဘ၀ကို ပိုးစားအောင်နေပြီးမှ အချိုကို စွန့်လွတ်ခဲ့တာ
ဘ၀ကို ဆလွန်းကားတစ်စီးလို့လည်းထင်ခဲ့
ဘ၀ကို ဈေးကြီးပြီး လျှာနဲ့အဆင်မပြေတဲ့ကော်ဖီတစ်ခွက်လို့လည်းထင်ခဲ့
ဘ၀ကို အနုပညာဆန်စေချင်လွန်းလို့ ခေတ်သစ်ပန်းချီကားတွေဘေးလည်း ခဏရပ်ငေးခဲ့
ဘ၀ကို ရုပ်ရှင်ရုံထဲက ပြောင်းဖူးပေါက်ပေါက်တွေနဲ့လဲခဲ့
ဘ၀ကို ပိတောက်တွေပေးပန်ခဲ့
ဘ၀ကို ဟိုင်းဝေးလမ်းတွေပေါ်ပစ်ချခဲ့
ဘ၀ကို ရှင်ပြန်ထမြောက်အောင်ဆိုပြီးကျေးလက်လေးတစ်ခုမှာလည်း ပစ်ချထားခဲ့ဖူးတယ်
တစ်ပိုင်းစီ တစ်စစီပြန်ပေါင်းကြည့်တော့ အနှစ်သုံးဆယ်က စာရင်းထဲမှာ အတိအကျ ။
အပဲ့ အပွန်း လုံးဝမရှိ
အလို အပို လုံးဝ မရှိခဲ့
တကယ့်ကို ထိတ်လန့်စရာပါ
အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါလာခြင်းကောင်းခဲ့ချင်ပါသေးတယ်။

လင်းဒီပ
၁၃.၀၉.၀၈
(Photo Source: photobucket.com)

ရိုးရိုးသားသားလိမ်လည်ခြင်း


ဆည်တဲ့ကန်သင်းလည်းမရှိတော့
မေတ္တာစီးရေတွေက ဟိုရောက်ဒီရောက်နဲ့လေ..
အဖတ်တင်တယ်ကို မရှိဘူး

တကယ်ပြောတာညီမလေးရဲ့
ပွေတာရှုပ်တာမဟုတ်ဘူးနော်..
ဟိုသီချင်းစာသားလေးလို..
အချစ်ငတ်လို ရွာလည်နေခဲ့တာ

ပွင့်ဖို့စဉ်းစားတုန်း ကြွေပေးလိုက်ရတာမျိုး
မက်ဖို့ကြံရွယ်တုန်း မိုးလင်းသွားရတာမျိုးလေ..
ကိုယ်ကလည်း သဘောက ခပ်ကောင်းကောင်းဆိုတော့
သနားအောင်လာလုပ်ရင် လက်နက်ချလိုက်ကော..
ကဲ..မခက်ဘူးလား

ထားပါလေဖြစ်ပြီးခဲ့သမျှတွေ
သွားနေကျလမ်းတွေလည်း မလျှောက်တော့ဘူး
တွေ့နေကျလူတွေနဲ့လည်း မတွေ့တော့ဘူး
ပြောနေကျဖုန်းတွေလည်း မကိုင်တော့ဘူး
ကုန်ကုန်ပြောရရင်
….
….
….
….
ကဲ
ဒါဆို ရမလား ၊


လင်းဒီပ
၁၀.၀၉.၀၈
(Photo Source: photobucket.com)

လင်းခွင့်မရတဲ့လရောင်


ချစ်သူပါးမို့ဖွေးပေါ် ပြေးဆော့ကျီစယ်ခွင့် မရတော့လည်း
အသာငုံ့မိုး ကြည့်ငေးပေါ့ …ငါ

ချစ်သူလှမ်းငေးမယ့် ပြတင်းလေးမှာ..ငါ
ပြတင်းလေးဘေး စံပယ်ရုံလေးမှာ..ငါ
ချစ်သူငုံ့နမ်းမယ့် စံပယ်လေးတွေမှာ..ငါ
ချစ်သူသနပ်ခါးနံ့လေးပျံ့မွှေးမယ့် လေပြေလေးပေါ်..ငါ

ဖ၀ါးနုနင်း ဆူးလည်းကင်းစေ
အဲဒီမြေနီညလမ်းလေးပေါ်မှာလည်း..ငါ

အိုကွယ်
တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်
တွဲလက်ကလေးတွေပေါ်
ခိုးဝှက်ဖြာကျပေးနေတာလည်း…ငါပါပဲကွယ်။

လင်းဒီပ
၃၁.၀၈.၀၈
(Photo Source: picasaweb.google.com)