ယုံကြည်မှုက ခေါ်ရခက်တဲ့ ဖုန်းလား ။
ယုံကြည်မှုက ကြိုက်ဈေးပေးပြီး ဝယ်လို့မရ ။
ယုံကြည်မှုချမ်းသာနေတဲ့သူက ယုံကြည်မှုချို့တဲ့နေတဲ့သူဆီ ယုံကြည်မှုစွန့်ကြဲလို့ မရ။
ယုံကြည်မှုက ဘယ်ရာသီမှာ ဆက်ဆက်ရောက်လာလိမ့်မယ်လို့ မျှော်ခိုးလို့ မရ ။
ယုံကြည်မှုက ရွက်ကျပင်ပေါက် မဟုတ်တော့ လမ်းပေါ်တက် လက်ပြတားလို့ မရ ။
မျက်နှာချင်းဆိုင်ပြီးတဲ့နောက် ပုခုံးချင်းဖက်ပြီးတဲ့နောက်
တစ်ယောက်ခြေထောက် တစ်ယောက် နင်းနေပြန်တော့လည်း ယုံကြည်မှုက သဲထဲရေသွန် ။
ကွေ့ခဲ့ ကောက်ခဲ့တဲ့ မြစ်တစ်စင်းမှာ မြစ်ကျိုးအင်းတွေ ခြေရာကျန်ခဲ့သလိုမျိုး
ကောက်နေတဲ့ဆံပင်ကို ဖြောင့်စက်က လက်လျှော့သွားသလိုမျိုး
ယုံကြည်မှုက တည်ဆောက်ရင်း ကျိုးပဲ့
ကြိုးစားတုန်းမှာ ပျက်စီး
ဝဋ်ကြွေးပါတယ်လို့ပဲ ခပ်လွယ်လွယ် ဖြေသိမ့်လိုက်ရမလား ။
ကျိန်စာမိနေတာလို့ပဲ မရဲတရဲ စွပ်စွဲလိုက်ရမလား ။
အတူတူ လှမ်းနေရက် နဲ့ မနီးနိုင်တဲ့အခါ
အတူတူ ငြှိမ်းနေရက်နဲ့ မငြိမ်းနိုင်တဲ့အခါ
အတူတူ ပြုံးနေရက်နဲ့ မရယ်နိုင်သေးတဲ့အခါ
ယုံကြည်မှုဟာ ကြောက်သွေးပါနေသလား ။
ယုံကြည်မှုက ပေါင်းသင်းဆက်ဆံရေး ညံ့တာလား ။
ယုံကြည်မှုက အစွဲအလမ်းကြီးတာလား ။
ယုံကြည်မှုက ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ရတာလား ။
ယုံကြည်မှုက ပွဲလမ်းသဘင် ရှောင်တာလား ။
ညည အိပ်ရာထဲက ပျောက်သွားတဲ့ခင်ပွန်းသည်ကို မယုံကြည်နိုင်သလိုမျိုး
ဒရိုင်ဘာကောင်လေးနဲ့ ရင်းနှီးလွန်နေတဲ့ ဇနီးသည်ကို မယုံကြည်နိုင်သလိုမျိုး
မျက်လုံးတစ္ဆေလို သီချင်းမျိုး နားထောင်နေရတာမျိုး
တစ်ယောက်အရွေ့ကို တစ်ယောက်က စောင့်ကြည့်နေရတာမျိုးဆိုလည်း
ယုံကြည်မှုက မွေးရ ဖွားရ ခက်ပေါ့ ။
ယုံကြည်မှုကို ယတြာချေလို့ မရဘူး ။
ယုံကြည်မှုကို ထောက်ခံစာနဲ့ မရဘူး ။
ယုံကြည်မှုကို ခေါ်လို့ရတဲ့ ဂါထာမရှိဘူး ။
ယုံကြည်မှုက စားပွဲအောက်က ချိန်ထားတဲ့ သေနတ်မဟုတ်ဘူး ။
ယုံကြည်မှုက တွင်းထွက် သယံဇာတ မဟုတ်ဘူး ။
ယုံကြည်မှုက ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ထဲမှာ မပါဘူး ။
ယုံကြည်မှုက အကန့်အသတ်နဲ့ပဲ ထွက်ရှိနိုင်တာလည်း မဟုတ်ဘူး ။
ယုံကြည်မှုက
ယုံကြည်မှုက
…..
…..
ခက်တော့ ခက်သား
တချို့အတွက် ယုံကြည်မှုက စနစ်တကျ တိုင်းတာ တွက်ချက် စိုက်ပျိုးယူနေရတုန်း
တချို့မှာ မျက်နှာမြင်ရုံနဲ့ ယုံကြည်သွားတာကျတော့ ပဋ္ဌာန်းဆက်လို့ အလွယ် ယုံလိုက်ရမလား ။
လင်းဒီပ
၂၃.၀၂.၁၂
5 comments:
မပူနဲ့ ဆရာမန်းပေးလိုက်မယ်
ဥုံ တကာဥုံ အလယ်အုံ ယုံကြည်မှု ရောက်စေ...
အိမ်း လက်ဖက်ရည်ဖိုးလေးတော့ မစကွယ်
မျက်စိအောက်မှာ မယုံကြည်ရတာတွေ များလာတဲ့အခါ
ယုံကြည်မှုကို ဘယ်နားသွားရှာရမှန်းမသိ ဖြစ်တာပေါ့..
အဲဒီအကြောင်းတော့ တကယ်မသိဘူးဗျ။
ကဗျာဆရာပြောထားတာတွေပဲ နားထောင်သွားပါတယ်။း)
တချို့မှာ မျက်နှာမြင်ရုံနဲ့ ယုံကြည်သွားတာကျတော့ ပဋ္ဌာန်းဆက်လို့ အလွယ် ယုံလိုက်ရမလား ။
အမှန်ပဲ။ ယုံကို ယုံတယ်။ ညာလည်း ယုံတတ်တယ် :)
ယုံကြည်မှု က ...
တစ်ခါတစ်ခါ ကျ ...
ကိုယ့် လိပ်ပြာ ကိုယ် ပြန်ခြောက်တတ်တဲ့ တစ္ဆေ...
ချစ်ခြင်းအားဖြင့် ...
သိ င်္ဂါ ရ
Post a Comment