Monday, February 21, 2011

အိမ်မပြန်ဖြစ်ကြသူများ

ကျောင်းပြေးအစ

အိမ်ပြေးအလယ်

သံသရာမှ လွတ်အောင် ပြေးကြသူများအဆုံး

စမိမှတော့

ကမ္ဘာကုန်ကျယ်သရွေ့ပြေးသာပြေး

(ကြည်ဇော်အေး)

(က)

“အဲဒီနိုင်ငံက ပီအာလျှောက်ဖို့ IELTS အမှတ်က(၇)မှတ်ရမှ လို့ ပြောတယ်”

ရတနာပြောနေတာက ကျွန်တော့်ကိုလည်း တစ်ခါက ကူညီခဲ့ဖူးသည့် ညီမငယ်တစ်ယောက်အကြောင်း ။ မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော် ဘန်ကောက်ကနေ ဒီကျွန်းကလေးကို ကူးဖို့လုပ်နေတုန်း အဲဒီ့ညီမငယ်ရဲ့ချစ်သူကောင်လေးက ဘန်ကောက်မှာနေတော့ လေယာဉ်လက်မှတ်ကိစ္စကို ကူညီခဲ့ဖူးသည် ။ နှစ်ယောက်လုံးက အိုင်တီသမားတွေ ။ နှစ်ယောက်လုံး ဘန်ကောက်မှာ ကျောင်းပြီးတော့ ကောင်လေးက အဲဒီမှာ အလုပ်လုပ်နေပြီး ကောင်မလေးက ဒီကျွန်းကလေးပေါ် ရွေ့လာသည် ။ အခု ကောင်လေးကော ကောင်မလေးကော နောက်ထပ်တစ်နေရာကို ထပ်ရွေ့ဖို့ ပြင်နေကြပြီ ။ ကောင်လေးက ဘန်ကောက်ကနေ ကူးဖို့ လုပ်နေသလို ကောင်မလေးကလည်း ဒီကျွန်းကလေးကနေ ခြေလှမ်းတွေ ပြင်နေပြီ။ ဘဝကို နောက်ထပ် တစ်ဆင့် ထပ်မြှင့်ကြဖို့ပဲ ဆိုပါတော့ ။

“ငါသိတာတော့ အဲဒီမှာ နေရတာ ဒီမှာလောက်တော့ စုစုစည်းစည်း ရှိမယ် မထင်ဘူးနော် ။ တစ်နေရာနဲ့ တစ်နေရာက အဝေးကြီး မဟုတ်လား ။ ” လို့ မေးမိတော့

“ ဟုတ်တယ် ညဘက်ဆိုလည်း ဒီမှာလိုတော့ မဟုတ်ဘူး ။ ခြောက်နာရီလောက်ဆို ဆိုင်တွေ ပိတ်ကုန်ပြီ ။ လူတွေက ကလပ်တွေနဲ့ ဘားတွေ လောက်မှာပဲ ရှိတော့တာလေ ။” ရတနာ၏ အမျိုးသားက ဝင်ပြောသည် ။

ဘာပဲဖြစ်ဖြစ် ဒီကျွန်းကလေးမှာတော့ သူငယ်ချင်းတွေ လွယ်လွယ်ကူကူ ဆုံနိုင်တာ မြန်မာပြည်ပြန်ချင်ရင် လှစ်ကနဲ ပြန်သွားလို့ရတာက အားသာချက်ပဲ မဟုတ်လား ။

နောက်တော့ ရတနာ၏ အမျိုးသားကို လှမ်းကြည့်ရင်း တွေးမိပြန်သည် ။ သူက ဒီကျွန်းနိုင်ငံသားခံယူထားပြီး ရတနာကတော့ ဒီကျွန်းကလေးမှာ ပီအာဖြင့် နေထိုင်သူ ။ သူတို့မှာလည်း ရှေ့ဆက်သွားမယ့် plan တွေနဲ့ ။

xxxxxxxxxx

နည်းအမျိုးမျိုးနဲ့ပြေး

လမ်းအမျိုးမျိုးနဲ့ပြေး

ပြေးချင်းမှာ ကိုယ်ပိုင်ဟန်ရှိဖို့တော လိုတာပေါ့

ဂျူးလူငယ်လေးတစ်ဦးဟာ ပြေးသူ

ညဥ့်နက်သန်းခေါင်မှာ

နန်းဆောင်ကို စွန့်ခွာခဲ့သူ သိဒ္ဓတ္ထဟာ ပြေးသူ

(ကြည်ဇော်အေး)

(ခ)

“ဒါနဲ့ နင့်အစ်မက ဒီမှာ စီတီဇင်လျှောက်တာ ရီဂျက်ထိတယ်ဆို”

ဘေးမှာ ထိုင်နေသည့် သိင်္ဂီက ရတနာကို ကြည့်ရင်း လှမ်းပြောသည် ။

“ဟုတ်တယ် ။ သူက ပီအာဒီပန့်ဒန့် နဲ့ လျှောက်လို့ ရီဂျက်ဖြစ်တာ ထင်တယ် ။ ”

“ဒါဆို သူ့အမျိုးသားဘက်က လျှောက်ရင်ကော”

“ငါ့အစ်မ အမျိုးသားက တစ်ဦးတည်းသောသားလေ ။ သူက ပီအာနဲ့ပဲ နေချင်တယ် ။ အကြောင်းကိစ္စရှိလို့ မြန်မာပြည်ပြန်ချင်ရင်လည်း အဆင်ပြေအောင်လို့။ အဲဒါကြောင့် ငါ့အစ်မကို စီတီဇင်လျှောက်ခိုင်းပြီး သူက ပီအာနဲ့ နေဖို့ လုပ်နေတာ ။”

ရတနာနဲ့ သိင်္ဂီနဲ့ ပြောနေသမျှတွေကို ကျွန်တော် ထိုင်နားထောင်နေရင်း စဉ်းစားမိတာတွေက တစ်ပုံတစ်ပင် ။ ချစ်သူ ဖြူလေးရဲ့ အစ်ကိုလည်း သိပ်မကြာခင်က စီတီဇင် လျှောက်ရင်း ရီဂျက်ဖြစ်ထားသည် ။ ဖြူလေးကတော့ ဖုန်းပြောဖြစ်တိုင်း မြန်မာပြည်မှာပဲ နေမှာနော် ဟု တွင်တွင် ပြောနေသူ ။

xxxxxxxxxx

ပြေးခြင်းမှာ အရသာ ထူးထူးခြားခြား ရှိလေသလား

နောက်ကလိုက်သူမရှိရင် ပြေးလို့ မရဘူးလား။

နောက်လိုက်မရှိဘဲ ပြေးသူဟာ ပြေးသူ မဟုတ်ဘူးလား ။

(ကြည်ဇော်အေး)

(ဂ)

ရတနာကိုကြည့်ရင်း

“ဒါနဲ့ ငါတို့ဆရာမလင်မယားကော သူတို့ အလုပ် အဆင်ပြေတယ် မဟုတ်လား ။”

“သူတို့ကတော့ ဒီမှာ မပျော်ဘူးလို့ ပြောတယ် ။ ပြန်မှာတဲ့ ။ လူကြီးတွေကတော့ ဒီမှာ မပျော်ဘူးပေါ့ဟာ ။”

ဒါဆို ကျွန်တော်လည်း သူပြောသလို လူကြီးတွေတန်းဝင်နေပြီ ထင်သည် ။

သိင်္ဂီတို့လင်မယားကျတော့လည်း ယောက်ျားက မြန်မာပြည်က ရေနံကုမ္ပဏီမှာ အလုပ်လုပ်တော့ ရန်ကုန်ရယ် အော့ဖ်ရှိုးရယ် နေရတာများပြီး သိင်္ဂီက ဒီမှာ။ယောက်ျားလုပ်သူက ကူးချည်သန်းချည် ။ အခု သိင်္ဂီ မီးပုံးပျံကလေးပင် နှစ်လ ရှိတော့မည် ။ အတူတူ မနေနိုင်ကြသေးပေမယ့် သူတို့ဘာသာတော့ ပျော်နေသလိုပင် ။

“ငါလည်း ပီအာ ထပ် တင်မလို့” တချိန်လုံး ငြိမ်နေသည့် အောင်အောင်က ပြောတော့ ရတနာက

“မတင်နဲ့ဦးဟ သူတို့ အီလက်ရှင်က မေလ ။ အဲဒါပြီးမှ တင်လေ ။ အဲဒါ ပို ကောင်းတယ် ။”

အောင်အောင်နဲ့ ဝါဝါတို့ကလည်း ဒီမှာ အခြေချဖို့ စဉ်းစားနေသူတွေ ။ အောင်အောင်ရယ် ကျွန်တော်ရယ် ဝါဝါရယ်က ဒီကို ရှေ့ဆင့်နောက်ဆင့်လောက်ရောက်လာသူတွေ ။

xxxxxxxxxx

ဥပမာ

ထပြေးမှ ကျိုးမှန်းသိသွားရင် ဘယ်လို လုပ်မလဲ

ဥပမာ

စက်ဝိုင်းတစ်ခုပေါ်မှာ ပြေးမိနေရင် ဘယ်လိုလုပ်မလဲ

(ကြည်ဇော်အေး)

(ဃ)

ခဏနေတော့ ဝါဝါက သူ့လက်တော့ဖ်ထဲမှ ဓာတ်ပုံတွေ ပြသည် ။

“ဟဲ့ ဒီဘုန်းကြီး ပုံကို သေချာကြည့်စမ်း ။ နင် သိလားလို့ ။”

ဘုန်းကြီးတွေ ဆွမ်းစားနေသည့် ပုံ ။ မနည်းကြည့်ရသည် ။ သေချာ မမှတ်မိ ။

“အဲဒါ ကျော်စွာထွန်း လား”

“ဟုတ်တယ်လေ ။ သူဘုန်းကြီး ဝတ်နေတာ ဆယ်ဝါရှိပြီ ”

မနည်း ပုံဖော်ယူရသည် ။ ငယ်သူငယ်ချင်း ။ ဆယ်တန်းအောင်ကာစက ဆေးကျောင်းမမှီလို့ စိတ်နည်းနည်း ထွေသလို ဖြစ်သွားသေးတယ် လို့ ကြားလိုက်သေးသည် ။ နေကောင်းသွားကတည်း က ဘုန်းကြီး ဝတ်လိုက်တာ အခုထိ ပြန်မထွက်တော့ ။ သံသရာမှ လွတ်ရာလွတ်ကြောင်း ကိုပဲ ရှာဖွေတော့မည့် ငယ်သူငယ်ချင်း ။ အခုလည်း ဝါဝါ ရန်ကုန်ပြန်ရင်း အဲဒီဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ပြီး ရိုက်လာတဲ့ ဓာတ်ပုံတွေ ။

xxxxxxxxxx

အဖိုးကြီးများပြေးကြသလို ဘာရယ်မဟုတ်

ကိုယ့်ခြေထောက်နဲ့ကိုယ် ဘာရယ်မဟုတ်

ခလုတ်တိုက် လဲကျမသွားခင်အထိ

ကလေးဘဝ ကစားနည်းတစ်ခုကို မှတ်မှတ်ရရ

ကလေးဘဝ ကစားနည်းတစ်ခုကို တလွမ်းတဆွေး

ကိုယ်ကစ စိန်ခေါ်ပြီး ပြေးပါပြီ ။ဲ

(ကြည်ဇော်အေး)

xxxxxxxxx

(င)

ကျွန်တော့်ကိုကော ဘာတွေ ဆက်လုပ်မှာလဲ ဆိုတဲ့ အကြည့်နဲ့ အားလုံးက ဝိုင်းကြည့်တော့ ကျွန်တော့်မှာ အဖြေမရှိ ။ ကျွန်တော်တို့ဘဝတွေကို ဒီလိုပဲ ရေကြည်မယ်ထင်တဲ့ မြက်နုမယ် ထင်တဲ့ အရပ်တွေ ကို ဘယ်လောက်ထိ ရွေ့လျားနေကြမှာလဲ ။ သူငယ်ချင်းတွေကြားထဲမှာ ဘယ်လိုကိစ္စမှာဖြစ်ဖြစ် ဆုံးဖြတ်ချက် မပြတ်သားသူ ၊ တစ်ခုခုဆို သိပ်စဉ်းစားလွန်းသူ ၊ အကောင်းဆုံးကို ရှာဖွေရင်းနဲ့ နောက်ဆုံးကျန်ရစ်သောအရာများဖြင့်သာ ကျေနပ်တတ်ရသူ ၊ သက်ရှိသက်မဲ့တို့အပေါ် သံယောဇဉ်ထားလွန်းပြီး အစွဲအလမ်းများလွန်းသူ ဆိုသော ဂုဏ်ပုဒ်များနှင့် ကျွန်တော်သည်…

လင်းဒီပ

၂၁.၀၂.၁၁

(ဒီပိုစ့်ထဲမှာ ပထဝီအနေအထား(ကြည်ဇော်အေး) ကဗျာစာအုပ်ထဲက စပြီးပြေးကဗျာကို အစအဆုံး ပိုင်း ပိုင်းပြီးထည့်သုံးထားပါတယ် ။)

Monday, January 17, 2011

ကဗျာဆရာ မရှိတဲ့မြို့

ဒီမြို့မှာ ကဗျာဆရာ မွေးဖွားခဲ့ဖူးလား ။

ဒီမြို့မှာ ကဗျာဆရာ နေထိုင်ခဲ့ဖူးလား ။

ကဗျာဆရာက ဒီမြို့သား မဟုတ်ဖူးလား ။

ဒီမြို့မှာ ကဗျာဆရာ ရှိခဲ့ဖူးလား ။

ဒီမြို့မှာ အနုပညာ ထွန်းကားခဲ့ဖူးလား ။

(ဒါမှမဟုတ်)

ထွန်းကားမယ့် အနုပညာတွေ သင်းကွပ်ခံခဲ့ရတာလား ။

ဒီမြို့ဟာ ကဗျာဆရာကို ကဗျာရေးချင်စိတ်ကလေး ဖြစ်အောင် မဆွဲဆောင်ခဲ့တာလား ။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒီမြို့ဖြစ်စဉ်တွေထဲ

ကဗျာကို ခွက်ကပ်ကလေးနဲ့တောင် မမူးခဲ့ဖူးတာလား။

ဒီမြို့သားတွေဟာ အနုပညာ ခံစားနိုင်စွမ်း မရှိခဲ့တာလား ။

ဒီမြို့သားတွေဟာ ခေါင်းငြိမ့် ဆိတ်ဆိတ်နေဖို့ ကျုံးသွင်းခံခဲ့ရတာလား ။

ဒီမြို့ကို ကဗျာဆရာက စွန့်ခွာသွားတာလား ။

ကဗျာဆရာဟာ ဒီမြို့က ထွက်ပြေးသွားခဲ့တာလား ။

ကဗျာဆရာက ဒီမြို့ကပါလို့ ပြောရမှာ သိမ်ငယ်နေခဲ့လား ။

တစုံတရာအတွက် ကဗျာဆရာ ထိတ်လန့်နေခဲ့လား ။

သူ့အနုပညာတွေ ယစ်ပူဇော် ခံခဲ့ရလား ။

ဒီမြို့မှာ ကဗျာဆရာ နေထိုင်ခဲ့ဖူးလား ။

ဒီမြို့ဟာ ကဗျာဆရာ မရှိတဲ့မြို့လား ။

ဒီမြို့ဟာ အနုပညာ မရှိတဲ့မြို့လား ။

ဒီမြို့ဟာ…

ဒီမြို့ဟာ…

နာဇီအမှတ်အသားနဲ့ မြို့တံခါးဝမှာ

ငါ ရပ် ငေး စဉ်းစားဆဲ ။


လင်းဒီပ

၁၇.၀၁.၁၁

Tuesday, January 4, 2011

ရောင်စုံခဲတံလေးများ

(၁)

မေမေနဲ့ဖေဖေသည် ပန်းချီဆွဲရန်ဆိုပြီး အဖြူရောင် စာရွက်အလွတ်တစ်ရွက် ပေးပြီး ကျွန်တော့်ကို လောကထဲသို့ လွှတ်လိုက်ပါသည် ။ ခဲတံရောင်စုံကလေးများ ထည့်မပေးလိုက်ပါ ။ ကျွန်တော်သည် စာရွက်ကလေးကို ကိုင်ပြီး ဖြည်းဖြည်းခြင်း လျှောက်လာခဲ့ပါသည် ။ အရောင်များကို စတင်သင်ယူပါသည် ။

(၂)

ကျွန်တော်သည် စာရွက်လွတ်ကလေးဖြင့် မူလတန်းလမ်းမကို ဖြတ်လျှောက်သောအခါ အနီရောင်ခဲတံကလေးကို တွေ့ရသည် ။ ခဲတံနီကလေးက ကျွန်တော့်ကို အလွန်ခင်သည် ။ သူ့မေမေသည် မေမေလေးဖြစ်သည် ။ သူ့မှာ အမေသုံးယောက်ရှိသည်ဟု တခါတလေ နောက်တတ်သည် ။ သူငယ်ချင်းတွေနဲ့ နေရသော အချိန်ကို အိမ်မှာ နေရသော အချိန်ထက် ပိုပျော်သော ခဲတံနီကလေး ဖြစ်ပါသည် ။ ခဲတံနီကလေးက ကျွန်တော့်စာမျက်နှာပေါ်တွင် အနီရောင် အရုပ်ကလေးများဆွဲပြသည် ။ ကလေးနှစ်ယောက်ကွင်းပြင်ကျယ်တစ်ခုတွင် စွန်လွှတ်နေပုံ ။ တံတားဘေးမှာ ထိုင်ပြီး ကောင်လေးနှစ်ယောက် ငါးမျှားနေပုံ ။ပြီးတော့ မိုးရွာပြီး ရေလွှမ်းနေသော ကတ္တရာလမ်းတစ်လျှောက် ဖိနပ်များကို မျှောပြီး တစ်ကိုယ်လုံးစိုရွှဲသွားအောင် ဆော့နေသော ကျောင်းသားလေးနှစ်ယောက်ပုံ ။

ကျွန်တော့်စာရွက်ကလေးပေါ်တွင် အဝါရောင်ပန်းပွင့်ပုံလေးကို နဝမတန်းလမ်းမပေါ် ဖြတ်လျှောက်မိသောအခါ အဝါရောင်ခဲတံကလေးက ဆွဲလိုက်လေသည် ။ ခဲတံနီကလေး ခဲတံဝါကလေးနဲ့ ကျွန်တော်သည် ကျောင်းထောင့်က ဗာဒံပင်ကြီးအောက်တွင် ဆရာမရှင်းပြလိုက်သော ကဗျာလေးတစ်ပုဒ်အကြောင်းကို ငြင်းခုန်နေကြသည် ။ ခဲတံဝါလေးသည် စက်ဘီးစီးနေသည် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပုံကို ဆွဲပြပါသည် ။ ခဲတံဝါလေးသည် ဆည်းလည်းသံလွင်လွင်ကလေးများကို အဝါရောင်သင်္ကေတများဖြင့် ရေးခြစ်ပါသည် ။ခဲတံဝါကလေးဆီမှ သနပ်ခါးနံ့သင်းသင်းကလေးကို မနက်ခင်းလေပြည်ထဲတွင် လက်ဆောင်ရတတ်လေသည်။

ကျွန်တော့်စာရွက်ပေါ်တွင် အရောင်ကလေးများ စုံလာသည် ။ အနီရောင်စွန်လွှတ်နေသောကလေးနှစ်ယောက်ပုံများ အဝါရောင် ပန်းပွင့်ပုံကလေးများအပြင် အပြာရောင်ဖြင့်ရေးဆွဲထားသော ဂီတသင်္ကေတပုံကလေးများ အညိုရောင်ဖြင့်ဆွဲထားသော ကောင်လေးတစ်ယောက်စီးကရက်သောက်နေသော ပုံကလေးများ ခဲရောင် မှိုင်းမှိုင်းခြစ်ထားသော ကစားဝိုင်းတစ်ဝိုင်း၏ ပုံကလေးများထိ အရောင်စုံ ပုံသဏ္ဍာန်စုံ ဆွဲမိပြီးသား ဖြစ်နေလေသည် ။ ကျွန်တော့်မှာ စာရွက်ကလေးတစ်ရွက်သာရှိသော်လည်း ခဲတံကလေးများက ဝိုင်းဆွဲပေးကြခြင်းဖြစ်သည် ။ကျွန်တော့်လွယ်အိတ်ထဲတွင်လည်း ခဲတံကလေးများ အရောင်အတော်စုံနေပြီ ဖြစ်သည် ။

ကျွန်တော်မြို့တစ်မြို့ကို ရောက်နေသည် ။ ခဲတံကလေးများကို သတိရစိတ်ဖြင့် ထုတ်ကြည့်တော့ တချို့ခဲတံလေးများ ပါမလာတော့ပေ ။ ဘယ်မှာ ကျကျန်ခဲ့ပါလိမ့် ။ ခရီးသည် ရှည်သည် ။ ရာသီဥတုသည် စုံသည် ။ ခဲတံတချို့တလေ ပျောက်ကုန်ပြီ ထင်သည် ။ထိုမြို့မှာ ခရမ်းရောင်ခဲတံဝဝလေးနဲ့တွေ့သည် ။ ခဲတံလေးက ငါက သက်မွန်မြင့်လေဟု တွေ့တွေ့ချင်းပြော၏ ။ ဟုတ်ပါဘူး နင်က ဝက်မွန်မြင့် ပါ လို့ ပြန်ပြောမိ၏ ။ ထိုခဲတံဝဝလေးနှင့်ကျွန်တော်သည် ရန်ဖြစ်ရင်း အဆောက်အအုံဒီဇိုင်းပုံတွေဆွဲရင်း ငြင်းခုန်ရင်း နဲ့ ခင်သွားသည် ။

အနီရောင်ခဲတံလေးဆီမှ ဖုန်းလာသည် ။ ဟေ့ရောင် … အဆင်ပြေလား ငါမိန်းမရနေပြီကွ ။ မင်းပြန်လာရင် ငါတို့ဆီ လာခဲ့ဦး ။ ပြန်တွေ့သောအခါ ခဲတံနီကလေးသည် အရင်တုန်းကလို မဟုတ်ဘဲ အိမ်မှာ ပျော်တတ်သော ခဲတံကလေးဖြစ်နေပြီဖြစ်သည် ။ ကျွန်တော်ပြန်လာတော့ ခဲတံနီကလေးက မိသားစုဆိုသည့်ပုံကလေးကို ကျွန်တော့်စာရွက်ပေါ်တွင် ဆွဲပေးလိုက်လေသည် ။

ကျွန်တော်လက်ရှိ အလုပ်မှာ မပျော် ။ အလုပ်ပြောင်းချင်တာ ခဲတံညိုလေးသိသည် ။ အလုပ်ရှုပ်နေတုန်း ဖုန်းဝင်လာသည် ။ ကျွန်တော့်နာမည်ကို ပီပီသသ မခေါ် ။ ဒီနိုင်ငံက လူတွေလို အသံကို ဝဲအောင်လုပ်ပြီး ခေါ်သည် ။ ကျွန်တော်က ပြာပြာသလဲ ပြန်ဖြေတော့….အရူး နင် အင်တာဗျူး ဖုန်း မျှော်နေတာ မဟုတ်လား ။ အရူးမ နင် တော်တော်အားနေလား ။

ထိုနောက် ခဲတံညိုလေးနှင့် ကျွန်တော် ရယ်သံများကို ပြိုင်တူ ရေးခြစ်မိလေသည် ။

(၃)

ကျွန်တော် အိမ်ဝန်းလေးထဲ ပြန်ဝင်လိုက်သောအခါ အိမ်က ထွက်လာတုန်းကလို ချာတိတ်ကလေး ပြန်ဖြစ်သွားသည် ။ မေမေနဲ့ ဖေဖေကလည်း ငယ်ရွယ်နုပျိုနေပြန်သည်။ ကျွန်တော်လက်ထဲက စာရွက်ကလေးကို ပြလိုက်သည် ။ အိုး… အရုပ်တွေ အရောင်တွေ စုံလို့ပါလား ။ မေမေက ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်ရင်း ဖက်ထားသည် ။ ကျွန်တော့်ဆံပင်တွေက နေရောင်ပြင်းပြင်းတွေ ထိမထားသလို နူးညံ့ပျော့ပြောင်းပြီး ကျွန်တော့်လက်ဖဝါးတွေက ဖြူဆွတ်နေသည် ။ ကျွန်တော် စာရွက်ကလေးသည် အရုပ်ပေါင်းစုံ အရောင်ပေါင်းစုံတို့ဖြင့် လှချင်တိုင်း လှနေသည်။

လင်းဒီပ

၂၃.၁၁.၁၀

Friday, December 17, 2010

ချစ်သူ့ဖတ်စာ(၉)

စက္ကူလေယာဉ်ပျံလေးနဲ့

ကမ္ဘာပတ်ဖို့ စိတ်ကူးယဉ်မိသူမှာ

မမြင်ရတဲ့လက်ကလေး လွမ်းလို့

ဒီဖက်က ကြိုးတစ်စကို ယုံကြည်ဆုပ်ကိုင်ထားမိတုန်း ။

ဓူဝံအမှား

ကောင်းကင်အမှား

ဒွိဟရွက်ကျပင်ပေါက်တွေနဲ့လူအတွက်

မင်းနှလုံးသားရဲ့အလံဖြူလေး

ရုပ်သိမ်းလိုက်မှာလည်း စိုးတယ် ။

အလွမ်းဟာ

ခရီးကြမ်းနှင်ခဲ့တော့

ဖိတ်တဝက် စင်တဝက် ဖြစ်ကောင်းဖြစ်မယ်

အချစ်မှာ ရောင်ရဲစိတ်လေးလည်း

တခါတလေ လိုမယ် ။

မင်းအလိုမကျ သက်ပြင်းချသံတိုင်းမှာ

ငါလည်း ထပ်ချပ်မကွာ ကြေကွဲရပါတယ် ။

(စွပ်စွဲလိုက်ပါဦး)

ကိုယ်ဟာ ရေရှိသလောက် ကူးချင်တဲ့

လတ်လျားလတ်လျားငါးတစ်ကောင် ။

ကိုယ့်နာမည်က

ကြေငြာကောင်းသလောက်

အရည်အသွေးညံ့တဲ့ ပစ္စည်းတစ်ခုပဲ ဆိုပါစို့ ။

ဒီတခါလေးတော့ ယုံကြည်ပေးလိုက်ပါ ဘေဘီ။

မြို့တော်ညတွေမှာ အပြန်အလှန် ပြုစား ယစ်မူးကြဖို့

နှင်းကလေးတွေ စွန့်ပစ်ခံ အထည်ကြီးပျက်ဒီဇင်ဘာထဲ

အလွမ်းတွေဖွေးဖွေးလှုပ် ရထားကြီး

တခါ ခုတ်မောင်းခဲ့ပြန်ပြီကွယ် ။


လင်းဒီပ

၁၇.၁၂.၁၀

Tuesday, December 14, 2010

ပုံရိပ်ဟောင်း(ပျော်ရာကျောင်းတော်)

“ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”ဆိုတဲ့စကားမှာ “ပျော်ရာကျောင်းတော်”လို့ ထပ်ထည့်ရမလိုပါပဲ ။ စာသင်နှစ်ခြောက်နှစ် ပြက္ခဒိန်နှစ် လေးနှစ်လောက်တက်ခဲ့ရတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသားဘဝ(အစ်ကိုတော် အစ်မတော်တို့ခေတ်ကတော့ စက်မှုတက္ကသိုလ် ကျောင်းသားဘဝ)မှာ မပျော်ခဲ့ရပါဘူး ။ မပျော်အောင်လည်း လုပ်တဲ့သူတွေက စနစ်တကျ လုပ်ခဲ့ကြတာကိုး ။

ကျွန်တော်အထက်တန်းတက်တဲ့ ကျောင်းက ကြို့ကုန်း စက်မှုတက္ကသိုလ်ကြီးနဲ့ ဘတ်စ်ကားတစ်မှတ်တိုင်ပဲဝေးပါတယ် ။ စက်မှုတက္ကသိုလ်ဝန်းထဲမှာလည်း သူငယ်ချင်းတွေ ရှိတော့ အထက်တန်းကျောင်းသားဘဝကတည်းက မကြာခဏရောက်ပါတယ် ။ စက်မှုတက္ကသိုလ်ဝန်းထဲမှာ ကျွန်တော်တို့ မုန့်စားလို့ရတယ် ။ stationary တွေ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရတယ် ။ ဘောလုံးကန်လို့ရတယ် ။ကျွန်တော်တို့ ရှစ်တန်းကိုးတန်းသူငယ်ချင်းတွေ အမြဲတန်း စက်မှုတက္ကသိုလ်ဝန်းထဲသွား ။ ကစား နဲ့ ဆယ်တန်းအောင်ပြီးရင် ငါတို့ ဒီမှာ တက်ရမှာကွလို့ မကြာခဏ အိပ်မက်ကြပေါ့ ။ တကယ်တန်း ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ တက္ကသိုလ်တွေက ချက်ချင်း မဖွင့်ပါဘူး ။ ဖွင့်တော့လည်း ကျွန်တော်တို့က မှော်ဘီဂျီတီအိုင်မှာ ပထမနှစ်နဲ့ ဒုတိယနှစ်ကို တက်ခဲ့ရပြီး တတိယနှစ်ကနေ နောက်ဆုံးနှစ်အထိ လှိုင်သာယာနည်းပညာတက္ကသိုလ်ကြီးမှာ ပညာတွေ ဆည်းပူးခဲ့ရပါတယ် ။ရွှေရုပ်ကလေးလို မက်မောအိပ်မက်ခဲ့တဲ့ ကြို့ကုန်းကျောင်းကြီးကို ချစ်လိုလျက်နဲ့ ဝေးခဲ့ရပါတယ် ။

အဲဒီတက္ကသိုလ် မတက်ရခင် စပ်ကြားမှာ အင်းစိန်ဂျီတီအိုင် နှစ်တစ်ရာပြည့်ပြီးသားကျောင်းတော်ကြီးမှာ Evening GTI ဆိုပြီး ဖွင့်တော့ ဆယ်တန်းပြီး အားနေတဲ့ ကျွန်တော်တို့တွေ ကျောင်းအိုကြီးရဲ့အရိပ်ကို ခိုလှုံခွင့်ရပါတယ် ။ အဲဒီဂျီတီအိုင် ကျောင်းတက်ရတဲ့အချိန်တွေက အပျော်ရွှင်ခဲ့ရဆုံး ကျောင်းသားဘဝပါပဲ ။ တက္ကသိုလ်မဟုတ်ပေမယ့် တကယ်ပျော်ရွှင်ခဲ့ရတဲ့ ပျော်ရာကျောင်းတော်ကြီးပါပဲ ။ ဆယ့်ရှစ်ဆယ့်ကိုး ဘဝမှာ အပျော်တတ်ဆုံးအရွယ်တွေ ။ ကျောင်းက ရုံးချိန်လွတ် တနင်္လာကနေ သောကြာ ညနေ ငါးနာရီက ရှစ်နာရီ ။ စနေ တနင်္ဂနွေ မနက်ရှစ်နာရီက ညနေသုံးနာရီ တစ်ပတ်လုံးတက်ရတော့ ဒီမျက်နှာတွေ မမြင်ချင်မှ အဆုံး ။ ရုံးချိန်လွတ်ဆိုတော့ ရုံးသမားအစ်ကိုကြီးတွေလည်း လာတက်ကြပါတယ် ။ သူတို့ကတော့ တကယ်ကို အောင်လက်မှတ်လိုချင် ပညာတတ်ချင်လို့ပါ ။ ကျွန်တော်တို့ လူငယ်တွေကတော့ တရုန်းရုန်းနဲ့ နေရတာကို ပျော်နေတာပါ ။

ကျောင်းဝန်းထဲမှာ ကျောင်းဆောင်အိုအို သစ်ပင်အိုအိုကြီးတွေနဲ့ ကျွန်တော်တို့က ညတွေကို ပျော်ရွှင်စွာဖြတ်သန်းလို့ ။ အငဲရဲ့ unplugged အခွေ ပေါက်နေတဲ့အချိန် ။ ဘာမဆိုင်ညာမဆိုင် …… မှတ်မိတယ် ဟိုးတုန်းက မန္တလေးညတွေ …. ဆိုပြီး ကျောင်းဝန်းကြီးထဲ အော်ဆိုရင်း ပျော်ကြပေါ့ ။ ဆရာ ဆရာမတွေက အလွန်အမတန်သဘောကောင်းသူတွေများပါတယ် ။ ကျောင်းအိုကြီးဖြစ်တဲ့အလျောက် lab တွေ workshopတွေမှာ စမ်းသပ်စရာ ကိရိယာတွေက အစုံအလင်ရှိ ပါတယ် ။drawing ဆွဲဖို့ အခန်းထဲဝင်လာတဲ့အခါ T-square က ပါမလာပါဘူး ။ T-square ပါတဲ့ သူငယ်ချင်းရဲ့စားပွဲပေါ် နေကြာစေ့ထုပ်လေး သွားတင် သူက အခွံလေးကိုက်ခွာလိုက် စားလိုက် အာရုံပြောင်းသွားတုန်း T-square လေးငှားတဲ့ နည်းလည်း ရှိပါတယ်။

ကျွန်တော်တို့ ကဗျာစာအုပ် ထုတ်မယ်ကြားတော့ ဌာနမှူးက ခေါ်တွေ့ပါတယ်။ ကျောင်းနာမည် မတပ်ဖို့ ။ ကိုယ့်ဘာသာလုပ်ပြီး ဖြစ်ရင် ရှင်းလို့ ပြောပါတယ် ။ ကျွန်တော်တို့လည်း တစ်နှစ်တစ်အုပ် စာအုပ်ကလေးတွေလုပ်ကြ ရောင်းကြ ပျော်ကြပေါ့ ။ ကျောင်းကထိန်လုပ်တဲ့အခါ သူငယ်ချင်းတွေ မေဂျာအမှတ်တရတီရှပ် အောက်ပိုင်းက စကတ်နဲ့ မိန်းကလေးလိုဝတ်ပြီး ကကြတာတော့ အမှတ်ရလို့ မဆုံးပါဘဲ ။

ကျောင်းတစ်ခုလုံးကို ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်(ကန်တင်းပေါ့လေ)နဲ့ အနောက်ဖက်မှာ ဝါးနဲ့ မြေစိုက်တဲလေး ထိုးထားတဲ့ လက်ဖက်ရည် ခေါက်ဆွဲပြုတ်က စလို့ ပိတ်ရက်ဆို ထမင်းဟင်းတွေပါရတဲ့ ဆိုင်လေးတစ်ဆိုင် စုစုပေါင်းနှစ်ဆိုင်ပဲ ရှိပါတယ် ။ရှာချင်ရင် အရှေ့ဆိုင်မှာ မရှိ အနောက်ဆိုင်မှာ ပါပဲ ။ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ကားနဲ့ အားလုံးစုပြီး အင်းစိန်ပန်းခြံထောင့်က မန္တလေးဘီယာဆိုင်ကို ချီတက်ချင်လည်း ရပါတယ် ။ အင်းယားကို ညဖက် သွားချင်လည်း ရပါတယ် ။ အဲဒီတုန်းက မင်းဓမ္မလမ်းက မပြီးသေးပါဘူး ။ မင်းဓမ္မလမ်း တစ်လျောက်မှာ မီးမှိန်မှိန်နဲ့ လမ်းဘေး အကြော်ဆိုင်လေးတွေ ရှိပြီး ကျွန်တော်တို့အဖွဲ့တွေ သွားစားကြပေါ့ ။ ဒီနေရာလေးတွေကပဲ အမှတ်ရစရာလေးတွေအဖြစ် အခုထိ ကျန်ရစ်နေတော့တာပါပဲ ။

အခုပြန်တွေးကြည်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုပါ ။ အချိန်တွေက တရွေ့ရွေ့စီးဆင်းသွားလို့ပါပဲ ။ အသက်တွေကြီးလာ နေရာတွေ ပြောင်းလာ နေရာအသစ်မှာ မိတ်ဆွေအသစ် သူငယ်ချင်းအသစ်တွေနဲ့ ဆက်စီးဆင်းကြရတယ် ။သူငယ်ချင်းဆိုတဲ့ ဘဝရဲ့ကြယ်စင်လေးတွေက ဒီလိုပဲ သူ့ရာသီ သူ့နက္ခတ်မှာ ပေါ်နေတတ်ပြီး တစ်ဘဝလုံး ယူလာလို့ မရပါဘူး ။ ကျောင်းအတူတူတက်တဲ့ တချို့သူငယ်ချင်းတွေနဲ့သာ အခုထက်ထိ အဆက်အသွယ်မပြတ် ရှိနေပြီး တချို့ကတော့ တခြားရေမြေမှာ တချို့က သဘောင်္တွေပေါ်မှာ တချို့ကတော့ ရွှေပြည်ကြီးထဲမှာပေါ့ ။ ဒီလိုပဲ စီးဆင်းနေရဦးမှာပါပဲ ။ ပုံရိပ်တွေ ဟောင်းနေပေမယ့် နွမ်းမသွားပါဘူး။ သူငယ်ချင်းတွေက ရင်ထဲမှာ အမြဲတမ်း လန်းလျှက်ပါပဲ ။


အစ်မ မကေရဲ့ ပုံရိပ်ဟောင်းများ တဂ်ပိုစ့်ပါ ။ အစ်မ မကေ ပျော်ရွှင်ပါစေ ။


ဒီပိုစ့်လေးနဲ့တွဲဖတ်ချင်ရင် အဟောင်းလေးနှစ်ခုရှိပါသေးတယ် ။

တိမ်တွေရေးတဲ့ကဗျာ(၁)

တိမ်တွေရေးတဲ့ကဗျာ(၂)


အားလုံးကို ခင်မင်လေးစားစွာ

လင်းဒီပ

၁၄.၁၂.၁၀

Tuesday, December 7, 2010

လှူကြဦးစို့လား....(သုခရိပ်မြုံ မှသည်....)(မအိန္ဒြာ)

ကမ္ဘာ့ ( AIDS ) နေ့ကိုရောက်လာခဲ့ပြန်ပါပြီ..။
မနှစ်ကဒီလိုအချိန်မှာပဲသုခရိပ်မြုံHIV ကူးစက်ခံမိဘမဲ့ကလေးများ ဂေဟာအတွက်
စုပေါင်းလှူဒါန်းခဲ့ကြတာလည်း တစ်နှစ်ပြည့်မြောက်ပါတော့မယ်.။

အဲဒီ့အလှူငွေစုစုပေါင်း ၄၇ သိန်း ကို သူခရိပ်မြုံဂေဟာလေးမှာ အထွေထွေ ၀န်ဆောင်မှုတွေမှာ အသုံးပြုခဲ့နိုင်တယ်လို့ သိရပါတယ်.။

ဒီနှစ်လည်း ဒီလိုပဲ မိတ်ဆွေ ညီအကိုမောင်နှမတွေ စုပေါင်းပြီး ထိထိရောက်ရောက်
လှူဒါန်းနိုင်မယ့် အလှူမျိုးလေးနဲ့ စုပေါင်းလှူဒါန်းကုသိုလ်ယူကြပါဦးစို့လို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

အခုမနှစ်ကလှူဒါန်းခဲ့တဲ့အလှူငွေဖြတ်ပိုင်းဓါတ်ပုံလေးတွေကိုပါသာဓုခေါ်ဆိုနိုင်ဖို့ထပ်မံတင်ပြပေးလိုက်ပါတယ်..။

အလှူငွေတွေကို မြန်မာပြည်မှာ စာရေးဆရာမ မနော်ဟရီက အစစအရာရာ ကုသိုလ်ဖြစ် တာဝန်ယူလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်..။

ဒီဖြတ်ပိုင်းလေးတွေကတော့ အလှူငွေလက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်မှတ်တမ်းလေးတွေပါ။




ဒီသတင်းလေးကို အသေးစိတ်ပြန်သိချင် ဖတ်ချင်တယ်ဆိုရင်တော့ သုခရိပ်မြုံ ဆိုတဲ့ ကဏ္ဍလေးမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်..။
ညီအကိုမောင်နှမတွေက ထင်တာထက်ပိုပြီး အားတက်သရော လှူဒါန်းခဲ့ကြလို့ ကျေးဇူးတင်ဝမ်းသာရသလို ခုချိန်အထိတောင် ဖုန်းဆက်ပြီး မြန်မာပြည်ပြန်ရင်း လှူနိုင်ဖို့ သုခရိပ်မြုံရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကို စုံစမ်းကြသူတွေ ရှိနေတုန်းပဲမို့ အများကြီး ကျေနပ်ပိတိဖြစ်လို့မဆုံးပေါ့..

ဒီနှစ်တော့ ကလေးဦးရေ ၆၀ အထိတိုးလာပြီး ကလေးလေး ၃ ယောက်ကိုတော့
လက်လွှတ်ဆုံးရှုံးခဲ့ရတယ်လို့ စိတ်မကောင်းဖွယ်ရာ ကြားသိရပါတယ်။

မေတ္တာတွေ စေတနာတွေ ကွန်ယက်တစ်ခုလို ချိတ်ဆက် ပေါင်းစည်းမိလိုက်ကြတဲ့ အလှူပွဲလေးတစ်ပွဲပါပဲ..။
တစ်ယောက်နဲ့တစ်ယောက် လူချင်းတွေတောင် မသိကြ မမြင်ဘူးကြတဲ့ ဒီ(၁၁၁)ယောက်ဟာ
ကုသိုလ်တွေ အတူတူရရှိခဲ့ကြပြီး သာဓုတစ်ပြိုင်တည်းခေါ်ဆိုခွင့်ရရှိခဲ့ကြပါတယ်.။

" ဘာပဲဖြစ်ဖြစ် တကယ်လိုအပ်နေတဲ့သူတွေလက်ထဲအရောက် အလှူငွေ ထည့်အပ်နိုင်ခဲ့တာအတွက် လှူဒါန်းသူတွေရော ကြားသိရတဲ့သူတွေပါ ကျွန်မနဲ့ထပ်တူ ကျေနပ်ဝမ်းမြောက် သာဓုခေါ်နိုင်မယ်လို့ ယုံကြည်နေပါတယ်.။"

ဒီနှစ်တော့ သုခရိပ်မြုံဂေဟာကိုတင်မဟုတ်ဘဲ ကောက်ခံရရှိတဲ့ငွေပေါ်ကို မူတည်ပြီး
HIV နဲ့ပတ်သက်တဲ့ ဆေးရုံတွေ ၀န်ဆောင်မှုတွေအပြင်
အလားတူ စေတနာ့ဝန်ထမ်းလူမှုရေးအသင်းအဖွဲ့တွေကိုပါ သွားရောက်လှူဒါန်းကြဖို့ စီစဉ်မျှော်လင့်ထားပါတယ်..။


တစ်ဒေါ်လာတိုင်းဟာ မြန်မာငွေ ၇၀၀ - ၈၀၀ နဲ့ညီမျှတော့ တစ်ဒေါ်လာပဲထည့်ရင်တောင် ထမင်းတစ်နပ်စာတော့ ပံ့ပိုးပေးလိုက်နိုင်မှာပါ။

ဒီလိုနဲ့ပဲ မနှစ်က နိုင်ငံအရပ်ရပ်က အွန်လိုင်းစာဖတ်သူတွေ စာရေးသူတွေ စေတနာရှင်တွေ (၁၁၁)ဦးရဲ့ နည်းနည်းချင်းဆီ စုပေါင်းကြရာကနေ ၄၇သိန်းဆိုတဲ့ ငွေပမာဏဖြစ်တည်လှူဒါန်းနိုင်ခဲ့ကြတာပါ.။

ဒီနှစ်အတွက်၂၀၁၀ဒီဇင်ဘာ(၁)ရက်နေ့ကနေ ၂၀၁၁ ဇန်န၀ါရီလကုန်အထိ
"၂လတိတိကောက်ခံပြီး "
ဖေဖေါ်ဝါရီလထဲမှာ လှူဒါန်းကြမှာဖြစ်ပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်တဲ့သူတွေကတော့

စင်ကာပူနိုင်ငံမှာ


အိန္ဒြာ ( ၉၁၇၉၆၅၄၂)
မိုးကုတ်သား( ဘိုဘိုဟန်ထွန်းနိုင်) (၈၁၁၈၉၁၆၀)
မယ်ကိုး(၈၂၃၉၂၇၆၄)
ရီနိုမာန်(၉၀၀၄၆၀၂၂)

အိန္ဒိယနိုင်ငံမှာ
အရှင်ကုဏ္ဍလ
A Shin Kondala
Univerisy of Jammu
Nehru Hall Boys Hostel
Room- 144, Jammu-180006,Jammu&Kishmir,India,
Phone- No +91 9697510037

မလေးရှားနိုင်ငံမှာ
ခရေတွန်(၆၀ ၁၆၆၀၄၀၄၀၀)

ထိုင်းနိုင်ငံမှာ
ကိုဆန်နီ (ဖုန်းနံပါတ်ကို ထပ်မံတင်ပြပေးပါမည်။)

ထိုင်ဝမ်နိုင်ငံမှာ
မြစ်ကျိုးအင်း (၈၈ ၆၉၅၃၇၀၅၆၂၅)

ကိုရီးယားနိုင်ငံမှာ
စာပေချစ်မြတ်နိုးသူများ ( ၀၁၀ ၂၂၆၉၁၇၈၈)
Yမြစ်ချို (၀၁၀ ၈၇၁၄၇၀၁၉)

ဂျပန်နိုင်ငံမှာ

သင်းသင်းထွဋ် (၀၈၀ ၄၁၁၃ ၁၈၇၅)

ခင်လေးငယ် (၀၈၀ ၂၀၃၂ ၇၁၄၈ )



တို့ကနေတဆင့် ပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ကြပါကြောင်း..

ဒီနှစ်တော့ Facebook မှာပါ တင်မှာဖြစ်တဲ့ အတွက် ဖုန်းဆက်လို့ဖြစ်စေ Facebook မှာ message ပို့ပြီးတော့ဖြစ်စေ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း

အလှူငွေကောက်ခံရရှိတဲ့ အလှူငွေစာရင်းတွေကို Blog နဲ့ Facebook တွေမှာ တင်ပေးသွာမှာဖြစ်ပါကြောင်း..
မိတ်ဆွေ မောင်နှမ ညီအစ်မများကို လေးစားစွာ သတင်းကောင်းပါးအပ်ပါတယ်ရှင်.။


အားလုံးစိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.။

အိန္ဒြာ

Monday, December 6, 2010

စိတ်ကောက်နှင်းဆီ

နာကျင်စေလိုစိတ် အရင်းမခံဘဲ

ဆူးပျော့လေးတွေ ဝတ်ဆင်မူနွဲ့

ဂျစ်ကန်မျက်နှာပေးမှာ

ဂရုဏာရနံ့လေး သင်းလို့ ။

မင်းတိတ်ဆိတ်လိုက်တဲ့အခါ

မပြောတဲ့စကားလေးတွေက

လျှို့ဝှက်လွန်းတဲ့ အနုပညာ ။

အလီဘာဘာအပြုံးနဲ့ အကြည်သားမျက်ဝန်းလေး

ကိုယ့်အချစ်ရဲသားတွေ လက်ရဖမ်းမိ

ရပ်လိုက်

ဒီမှာ

မမုန်းတတ်ဘဲ အမုန်းစကား မပြောနဲ့ ။

ခွင့်လွှတ်တတ်လွန်းတဲ့ မင်းစိတ်လေးကို

(ကစားကွင်းထဲရောက်သွားတဲ့ ကလေးတစ်ယောက်လို)

ဆိုးရင်း ကဲရင်း ကျီစယ်ကစားရင်း ကိုယ်ပျော်နေပေါ့ ။

ကိုယ်က လုပ်ချင်တာတွေ လျှောက်လျှောက်လုပ်နေလို့

မင်းက မလုပ်ချင်တာတွေ လျှောက်လျှောက်လုပ်နေရတယ် ဆိုလား

မင်းအတိုင်အတောတွေနဲ့ မေမေ့အဆူအပြောတွေနဲ့ ။

(ဟုတ်ပါတယ်)

တေလေရထားကြီး ကိုယ်ပါ

စိတ်သွားသလို ခုတ်မောင်းနေလည်း

မင်းဟာ ငါ့ဘဝရဲ့ အမြဲတမ်းနဲ့ တစ်ခုတည်းသော နောက်တွဲလေး

ကဲ…လာ

စိတ်ကောက်နှင်းဆီလေး

ဧဒင်ဘူတာဆီ စိတ်တူကိုယ်တူ ခုတ်မောင်းဖို့ ။

လင်းဒီပ

၀၁.၁၂.၁၀