Thursday, December 4, 2008

တိမ်တွေရေးတဲ့ကဗျာ(၂)


လှလိုက်တာ မြရယ်…တကယ်တော့ လှတယ်ဆိုတဲ့ စကားတခွန်းကို ကျွန်တော် အထိတ်တလန့်ရွတ်ဆိုဖို့တောင် အချိန်မရအောင် ကျွန်တော် ထိတ်လန့်သွားခဲ့တာ။

ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာက လူတစ်ယောက်ကို မေ့ပျောက်လိုက်ဖို့အတွက် လုံလောက်တဲ့ အချိန်ကာလတစ်ခုပေါ့။ ကျွန်တော် မေ့သွားတာတွေ အတော်များပြီ။ ကျွန်တော်ဘယ်တုန်းက ဘွဲ့ရခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူး။ကျွန်တော် တချိန်က အရမ်းကြိုက်ခဲ့တဲ့ ရုပ်ရှင်တွေ မမှတ်မိတော့ဘူး။ တချို့သူငယ်ချင်းတွေရဲ့ လိပ်စာတွေ..ဖုန်းနံပါတ်တွေ..တချို့ဆိုနာမည်တွေပါ မမှတ်မိတော့ဘူး…. သိပ်ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဆိုကြည့်ရင် ရှေ့ရောက်လိုက် နောက်ရောက်လိုက်ပေါ့။ကိုယ့်ကိုကိုယ်လည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ့တွေများလို့ ဘဝဆိုတာ ဒီလိုပါပဲကွာလို့ တခါတလေ တချို့လူတွေကို ဆရာကြီးလုပ် တရားချမိတာလည်း ရှိရဲ့လေ။ ဒီကျွန်းနိုင်ငံသေးသေးလေးမှာ မြရှိတယ် ဆိုတာ ဟိုးအစောကြီးကတည်းက ကျွန်တော်သိထားခဲ့တာ..။ မြဆိုတာကိုလည်း မေ့ထားနိုင်ခဲ့ပြီလို့ ထင်ထားခဲ့တာပေါ့။တကယ်တမ်း ရုတ်တရက်ကြီး ပြန်တွေ့တော့ အလဲလဲ အကွဲကွဲ..ဘယ်လိုမှ မပြင်ဆင်နိုင်ခဲ့ဘူး။ ရာသီဥတု အေးလာရင် အတွင်းဒဏ်တွေပြန်ပေါ်လာတတ်တယ်တဲ့။ကဲကြည့်ပါဦး..မြကို တွေ့လိုက်ရတဲ့အချိန်လေးမှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး အတွင်းဒဏ်တွေ ပေါ်လာတာပဲ ထင်ပါရဲ့။

အတော်လည်း အံသြဖို့ကောင်းပါရဲ့..မြကို မြင်လိုက်ရတဲ့ ခဏလေးမှာ ကျွန်တော်က စီးကရက်ကို စတိုင်တစ်ခုအနေနဲ့ သောက်တဲ့ ဆယ့်ရှစ်နှစ်သားလေး ပြန်ဖြစ်သွားတယ်..။ ကဗျာဆရာနဲ့ တူအောင် ကွမ်းကလေးဝါးပြီး ကချင်လွယ်အိတ်ကလေးနဲ့ ကျောင်းလာတက်တဲ့ကောင်လေး ဖြစ်သွားတယ်..။ မိန်းကလေး တစ်ယောက်ကို အသာလေးငေးငေးနေ…အကြည့်လေးတွေ ထိခတ်သွားတိုင်း ဘယ်လို သံစဉ်တွေ ထွက်လာမလဲလို့မျှော်ခိုး လင့်ငံ့နေတတ်တဲ့ အကြည့်သူခိုးလေး ပြန်ဖြစ်သွားတယ်..။ ကန်တင်းထဲကနေ ထိုင်ပြီး ခုံမြင့်ဖိနပ်လေးရဲ့ ခြေလှမ်းလေးတွေ ထိုင်ရေတွက်နေတတ်တဲ့ ကောင်တာလေး ပြန်ဖြစ်သွားတယ်..။ မြတို့လမ်းထိပ်က ကားမှတ်တိုင်မှာ လာလာစောင့်တတ်တဲ့ အခမဲ့ကြိုပို့လေး ပြန်ဖြစ်သွားတယ်..။ ချစ်လိုက်ရတာ မြရယ်..။ ဟောဒီကမ္ဘာကြီးက ချစ်တတ်သူတွေကို သီးသန့်ချီးမြှင့်ဖို့ ဘာလို့ဆုတံဆိပ်တွေ မရှိရတာလဲ။ (နစ်နာတယ်..) ကျွန်တော့်အိပ်ယာခေါင်းရင်းမှာ ကျေးကျွန်တစ်ယောက်ရဲ့ ဂုဏ်ယူမှုမျိုးနဲ့ ချိတ်ဆွဲထားချင်လို့ပါ။

ကျွန်တော် သိတာက လူတွေက အသက်ကြီးရင် ရုပ်ရည်တွေ ရင့်ရင့် သွားတတ်ကြတယ်။ မြကတော့ ဆန့်ကျင်ဘက်။ အသက် နှစ်ဆယ့်ကိုးနှစ်အရွယ်က ဆယ့်ကိုးနှစ် အရွယ်ထက်ကို ပိုလှနေခဲ့တာ။ မြအတွက်နဲ့ သက္ကရာဇ်တွေ ထက်ပိုင်းကျိုးပေးခဲ့တာလား။ ကျွန်တော် ဘာမှ နားမလည်တော့ဘူး။ အရင်တုန်းက ကျွန်တော်သိတဲ့ မြက ပါတိတ်ဝမ်းဆက်ကလေးတွေ ဝတ်တတ်တာ..ဆံပင်ရှည်ရှည်လေးတွေက ညနေလေပြေမှာ မြောနေလွင့်နေတတ်တာ..အပြုံးလို့ အဓိပ္ပာယ်သက်ရောက်စေရုံလေး ပြုံးတတ်တာ..နှုတ်ခမ်းလေး လှုပ်ခတ်တယ်ဆိုရုံလေး စကားပြောတတ်တာ..။ ကျွန်တော်မှတ်ဥာဏ်တွေ အရမ်းကောင်းနေပါလား..။ မြ..ရယ်ချင်သွားတယ် မဟုတ်လား… ဒါပေမယ့် ရယ်မှာမဟုတ်ဘူး..ကျွန်တော်သိတယ်..မြဟာ မြဖြစ်နေလို့ပါပဲ..

မြရယ် ကျွန်တော့်အဖြစ်က အတော်လည်း ရယ်စရာကောင်းရဲ့ ..။ ကိုယ့်ဘာသာ တဖက်သတ်စွဲလမ်းခဲ့ဖူးတယ်။ လှပစွာငြင်းပယ်ခံခဲရဖူးတယ်။ (တကယ့်ကို ပညာသားပါပါ လှလှပပလေး ရိုက်ချသွားခဲ့တာနော်.။) တခြားတစ်ယောက်နဲ့ ဖြတ်လျှောက် သွားခဲ့တာလည်း ကိုယ့်ရှေ့ကပါပဲ။ ဒါနဲ့တောင်များ ဆယ်နှစ်တိတိ နှလုံးသားထဲမှာ ဘာလို့ ရှိနေရတာလည်း..ဟိုအဆိုတော်ကြီးလိုပဲ နောက်တခါ ချစ်ဦးမလားလို့ တုတ်ကလေးနဲ့ ရိုက်ရိုက်မေးချင်တယ်ဆိုတာ ကျွန်တော့်လိုကောင်မျိုးကို နေမှာပေါ့..။ ဒါပေမယ့် ချစ်တာက ချစ်တာပါပဲ။ အဲဒိ ချစ်စိတ်လေးကိုပဲ တအံတသြနဲ့ ကျွန်တော် ကျေနပ်နေမိတယ် မြ။ အသေအချာ စောင့်ရှောက် ထိန်းသိမ်းထားခြင်း မရှိပါဘဲ အလေ့ကျ ရှင်သန်နေတဲ့ အပင်လေးတွေက ကျွန်တော့်ရင်ထဲမှာပေါ့ စိမ်းလန်းဖားဝေလို့.. မြ မလျှောက်ချင်ခဲ့တဲ လမ်းကလေးကတော့ ကျွန်တော့်ရင်ထဲမှာ အကောင်းအတိုင်းပါပဲ..။ ပျော်ရွှင်ပါစေမြရယ်..
လင်းဒီပ
၃.၁၂.၀၈
Photo Source: picture by packergirl44
media.photobucket.com

14 comments:

ဟန်လင်းထွန်း said...

ဖတ်လိုက်ရတာ ဘာမှန်းမသိ ခံစားမှုလေးတစ်ခု ဖြစ်တယ်ဗျ။ သေသေချာချာ ကျနော်လည်း ပြောပြမတက်ဘူး။

ခေါင်ခေါင် said...

အချစ်စိတ်ဆိုတာ.. ဒီလိုပဲ နှစ်ပေါင်းများစွာ ရှင်သန်စိမ်းလန်းနေတတ်တယ် ထင်ပါရဲ့...
အချစ်ကြီးတာကို... နော်...
တူတူပဲ တို့မောင်နှမတွေက....

တင့်ထူးရွှေ said...

ဟောဒီကမ္ဘာကြီးက ချစ်တတ်သူတွေကို သီးသန့်ချီးမြှင့်ဖို့ ဆုတံဆိပ်တွေ ဘာလို့မရှိရတာလဲ ?????? ဂွတ်အိုင်ဒီယာပဲ အစ်ကိုရေ ..။

ဗီလိန် said...

အော်...မြရယ်။ မြ.......မြ.......မြ.......အောာာာ် မြ။

အိမ်မက်ရှင် said...

ဆရာလင်းဒီပ ...
ဆရာ့အက်ဆေးလေး ဖတ်အပြီးမှာ ရင်ထဲမှာ တမြည့်မြည့်လေး ခံစားလိုက်ရပြီး ...
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်ကာလက ဆရာဇော်ဇော်အောင်ရေးခဲ့တဲ့ ယုဇနမခင်ပျို ဆိုတဲ့ ၀တ္ထုတိုလေးကို ချက်ချင်းပဲ သတိရမိတယ်ဗျာ ... ။ ကတ္တီပါရောင်လွမ်းချင်း ဆိုတဲ့ ၀တ္ထုတိုစာအုပ်ကလေးထဲကပါ ... ။

ဟုတ်တယ် ... အချစ်ဆိုတာ ဘယ်အခါမှ အိုဟောင်းသွားတယ်ရယ်လို့ မရှိပါဘူးဆရာ၊ တစ်ချိန်က အချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ကို မြင်မိတာကို မပြောပါနဲ့ဗျာ အဲလူတစ်ယောက်နဲ့ ပတ်သက်တဲ့ ပတ်ဝန်းကျင်တွေ၊ စကားလုံးတွေ၊ ဖြစ်ရပ်လေးတွေနဲ့ တိုက်ဆိုင်မှုဆိုတာ ဖြစ်လာခဲ့ရင်တောင် ခံစားမိသူရင်ထဲမှာ မချိလောက်အောင်ကို ထိခိုက်နာကျင်ရတတ်တာပဲ မဟုတ်လား ... ရင်ထဲမှာ အမြစ်မပြတ်သေးတဲ့ အချစ်ဟောင်းတစ်ယောက်ကို ပြန်တွေ့၊ ပြန်ဆုံရသူတစ်ယောက်ရင်ထဲမှာ ဘယ်လောက် လှိုင်းထန်နေမယ်ဆိုတာ ... ကိုယ်ချင်းစာနာလည်နေမိပါရဲ့ဗျာ... ကိုယ်ချင်းစာနေမိပါရဲ့ ...။

ဟုတ်တယ် ... ရင်ကျက်သွားတဲ့အခါ စိတ်ပိုင်း၊ ရုပ်ပိုင်း အရာရာတိုင်းမှာ ရင့်သက်မှုတွေ ထိခိုက်ကျရောက်လာတတ်ပေမယ့် အချစ်ဆိုနဲ့ ပြန်ပတ်သတ်မိရင်၊ ဒါမှမဟုတ် တချိန်က အချစ်အကြောင်းကို ပြန်စဉ်းစားမိရင် ပြန်လည်နုပျိုသွားတတ်တာ အချစ်ရဲ့ အံသြဖွယ်ရာ ဂုဏ်သတ္တိပဲ မဟုတ်လား ...
“စီးကရက်ကို စတိုင်တစ်ခုအနေနဲ့ သောက်တဲ့ ဆယ့်ရှစ်နှစ်သားလေး ” တစ်ယောက်ရဲ့ အချစ်ဟာ အခုထိ ကိုဒီပ ရင်မှာ ရှိနေတုန်းပဲ မဟုတ်လား ...
“ကဗျာဆရာ တစ်ယောက်လို ကွမ်းဝါး၊ ကချင်လွယ်အိတ်လွယ်ကျောင်းတက်တဲ့ လူငယ်တစ်ယောက်” ရင်ဟာ ကိုဒီပ အနားမှာ အမြဲရှိနေခဲ့တယ် .... အချစ်ကြောင့်ပေါ့ ... သိပ်လက်ခံတယ် သဘောတူတယ် ... ။

ဒီအက်ဆေးလေးကို ကိုဒီပရဲ့ “မြ” ဖတ်မိခဲ့ရင် ဘယ်လို ခံစားရမယ်ဆိုတာမသိပေမယ့်၊ ကျွန်တော်ကတော့ ... အတိတ်ကဖြစ်ရပ် ရင်ခုန်သံတွေကို အချစ်နဲ့ အေးခဲဆေးစိမ်ထားတဲ့ ကိုဒီပရဲ့ အချစ်မံမီရုပ်ကြွင်းတစ်ခုကို လှမ်းမြင်လိုက်မိတာကတော့ သေချာတယ်... အချစ်မှာ အိုဟောင်းသွားတာ မရှိသလို ထပ်မံပေါက်ဖွားလာတယ်ဆိုတာ မရှိပါဘူးဗျာ .... ။

အင်း ကိုဒီပ ... နှစ်သက်မိတဲ့ အက်ဆေးတစ်ပုဒ်ပါဗျာ ... ။ အရေးအသားနဲ့ ဖွဲ့နွဲ့ပုံတွေကို လေးစားဦးညွတ်မိပါတယ် ... ပျော်ရွှင်ပါစေဗျာ ....။

လေးစားခင်မင်တဲ့ ... ရင်ဘတ်တူ

ရွာသားလေးဝိုင်တီယူ said...

လင်းဒီပရယ် မြရယ် စီးတီးဟောရယ် ROM ရယ် တခါတည်း ပွဲဖြစ်သွားစေချင်တယ်ဗျာ။ တကယ်ပါ...

မသက်ဇင် said...

ရသ ကောင်းလေးတပုဒ်ပါ----
စကားပြေ အရေးအသားကောင်းတယ်-
စာဖတ်သူကိုဆွဲခေါ်သွားနိုင်စွမ်းရှိတယ်---

သီဟညိမ်း said...

မခံစားနိုင်ဘူးအကိုဒီပရေ...ဟောဒီကမ္ဘာကြီးက ချစ်တတ်သူတွေကို သီးသန့်ချီးမြှင့်ဖို့ ဘာလို့ဆုတံဆိပ်တွေ မရှိရတာလဲ။ (နစ်နာတယ်..) ကျွန်တော့်အိပ်ယာခေါင်းရင်းမှာ ကျေးကျွန်တစ်ယောက်ရဲ့ ဂုဏ်ယူမှုမျိုးနဲ့ ချိတ်ဆွဲထားချင်လို့ပါ။
ရရင်ညီ့ကိုလည်းပေးပါဦးအကို..ကျနော်လည်းချိတ်ဆွဲထား
ချင်လို့....

ဝါ၀ါခိုင်မင်း said...

ကောင်းလိုက်တဲ့ ပို့စ်လေး.
အစ်မ ပျင်းနေတာနဲ့ စာမဖတ်ဖြစ်တာလေ.
အခုမှသေခြာဖတ်သွားတယ်နော်.
ရင်ထဲကခံစားချက်တွေပေါ့.
စာရေးကောင်းလွန်းလို့ ဖတ်လို့ အရမ်းကောင်တယ်
မောင်လေးလင်းဒီပ ရေ.
အဆင်ပြေပါစေ

အစ်မ၀ါ

အိုင်လွယ်ပန် said...

အချိန်တွေသာသေသွားတယ်
ရနံ့တွေကပျံ့လို့......
ဘယ်တော့မှမရိုးတဲ့အရာပဲကိုဒီပရေ....

tg.nwai said...

သိပ်ကို ချစ်ဖို့ကောင်းတဲ့ ပို့စ်ကလေးပါလား။ ပြေပြစ်ညက်ညောတဲ့ အရေးအသားရော..ဆွတ်ပျံ့ဖွယ် ခံစားမှုရော..ပြီး သိမ်မွေ့တဲ့ ချစ်တဲ့ စိတ်ကလေးရော..။

ကိုဂစ်တာ said...

ချစ်တာကို မမြင်တတ်သူအတွက် နှစ်ထပ်ဆင့်ခံစားနေရတုန်း...အစ်ကို့ အက်ဆေးကိုဖတ်ရတာ....:'(

ညိမ်းညို said...

ချစ်ခြင်းမေတ္တာရဲ့ နှစ်သက်ကြည်နူးဖွယ်အလှတရားကို အကို့ရဲ့ စာတွေကဗျာတွေထဲမှာ အမြဲလိုလို မြင်တွေ့ခွင့်ရခဲ့တယ်။

ဒီအတွက် ကျေးဇူးတင်ပါတယ်ဗျာ။
ကျန်းမာပါစေ။

Moe Myint Tane said...

ကိုလင်းဒီပလည်း အချစ်ကြီးသကိုး။
ဆောင်းပါးလေးကို မျက်လုံးနဲ့မဖတ်တော့ဘဲ
ရင်ဘတ်နဲ့ဖတ်သွားတယ်။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်