Saturday, January 24, 2009

ငါတို့ကြားက မိုင်တိုင်များ

နင် လိုအပ်နေမှန်းသိလို့
လုပ်ပေးလိုက်တဲ့ တချို့အရာတွေဆို မလိုချင်သလို ပြောတယ်။
မသိသလို နေခဲ့ပြန်တော့လည်း အလိုက်မသိတဲ့သူလို့ပြောတယ်။
ငါ တကယ် လိုအပ်တဲ့အရာတွေမှာ နင်မပေးဖြစ်ခဲ့ဘူး။
ငါ မလိုအပ်တဲ့ ကွက်လပ်တွေဆို နင်က အမြဲဖြည့်စွက်လို့။

ငါ ရောက်လာရင် မျက်နှာလွဲတယ်
ငါ မရှိပြန်တော့လည်း ရှာနေပြန်ရော..
ငါ နင့်နာမည်လေး မြည်တမ်းနေချိန်မှာ နင်မရှိဘူး
တချို့ပြဿနာတွေ နင် မသိအောင် တိတ်တဆိတ် ဖြေရှင်းချင်တဲ့အခါ
နင်က ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပြန်တယ်။

အမှန်တကယ် ပြောဖြစ်တဲ့စကားဆို နင်မယုံဘူး
နှုတ်ထဲတွေ့ရာ လှည့်စား ပြောလိုက်တဲ့စကားဆို
နင် ငါ့ကို ဂရုဏာသက်နေတတ်ပြန်ရော..
အလွမ်းတွေ သွေးလွန်နေတုန်းမှာ နင့်ကိုရှာမတွေ့ဘူး..
နေတတ်အောင် နေပြီးတဲ့နောက် နင်ပြန်ရောက်လာတယ်။

ဒီလိုပါပဲ
နင့်အတွက် ငါဆွဲခဲ့တဲ့ ပန်းချီကားဟာ နင်နဲ့ မတူခဲ့သလို
နင့်အတွက် ပျိုးတဲ့ကောင်းကင်ဟာ နင်အမည်မသိတဲ့ ကြယ်တွေ လင်းလို့
ငါ့အတွက် နင် စိုက်တဲ့အပင်ဟာ ငါ မသိတဲ့ပန်းတွေ ပွင့်နေသလို
ငါ့အတွက် နင်ထိုးထားတဲ့ ဆွယ်တာလေးကလည်း နွေရာသီမှာရောက်လာခဲ့တယ်..

ချစ်သူရယ်
ငါတို့နှစ်ယောက်
မတောက်တခေါက် ချစ်သူဘဝလေးကို ကိုယ့်ယိုးကားရားဖြစ်အောင်
အဘယ်နတ်ဘုရားတွေကများ ပြုစား ဆော့ကစားနေကြပါလိမ့်
အခုတော့
နင့်မျက်နှာ နုနုလေးလည်း နင့်ဒေါသတွေက တိုက်စားလို့
ငါ့ချစ်ခြင်းတွေလည်း ခဏခဏလွတ်ကျ
ပွန်းလို့ ပဲ့လို့ ဘဝလမ်းလယ်ကောင်မှာ..
လင်းဒီပ
၂၃.၁.၀၉

Saturday, January 17, 2009

အမုန်းစာရင်း(မောင်စွမ်းရည်)

အိပ်ရာဝင် အစာစားပြီး
သွားမတိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။

ဟိုတယ်ပြန် ဟိုတယ်မာန်ခိုက်
သွားကြားထိုးသံ ကိုက်လာသူ
အဲဒီလူ ငါ မုန်းတယ် ။

ရေဒီယို ဖွင့်ချိန်ရောက်မှ
သူများအိမ်ပေါက် တံခါးလာခေါက်သူ
အဲဒီလူ ငါ မုန်းတယ် ။

တီဗွီဖွင့်ရင်း ခြေစုံဆင်းပြီး
သတင်းစာ ဖတ်သူ
အဲဒီလူ ငါ မုန်းတယ် ။

မျဉ်းကြားမှာ ကားရပ်တုန်း
ဆယ်လူလာဖုန်းနဲ့ အိမ်ကို ဖုန်းဆက်သူ
အဲဒီလူ ငါ မုန်းတယ် ။

အိမ်သာထဲ ကွမ်းငုံ၊ ထောင့်စုံအောင် ကွမ်းသွေးထွေး
အိမ်သာ ရေမဆေးသူ
အဲဒီလူ ငါ မုန်းတယ် ။

ဘတ်စ်စကားထဲ၊ ဘေးလူတွေ အားမနာဘဲ
ဆေးပြင်းလိပ်ခဲသူ
အဲဒီလူ ငါ မုန်းတယ် ။

ယောက်ျားတန်မဲ့၊ မှန်ကြိုက် စနိုးပွတ်
တို့ပတ်ရိုက်သူ
အဲဒီလူ ငါ မုန်းတယ် ။

မိန်းမတန်မဲ့၊သံဘူးဘီယာစုပ်
စီးကရက်မှုတ်သူ
အဲဒီလူ ငါ မုန်းတယ် ။

ထမင်းဝိုင်းဘေးနား၊ ခါးထောက်ရင်း နားဖာကလော်
ကလော်ရင်း သရေကျသူ
အဲဒီလူ ငါ မုန်းတယ် ။

သူများအိမ်တက်နေ၊ နေတော့လဲ မဆင်း
ဆင်းတော့လဲ ငွေတောင်းသူ
အဲဒီလူ ငါ မုန်းတယ် ။

ကတိလည်း မပေး၊ ပေးရင်လည်း မတည်သူ
အဲဒီလူ ငါ မုန်းတယ်။

အိပ်ယာဝင် အိပ်ယာထ
ဘုရားဝတ်မချ မိဘ ရှိမခိုးသူ
အဲဒီလူ ငါ မုန်းတယ် ။

အာဃာတထား၊ အမုန်းပွား
ဒေါသများသူ၊ မောဟထူ
အဲဒီလူ ငါ မုန်းတယ် ။

ငါ့ကို ဝေဖန်
ငါ့ရန်သူ
အဲဒီလူ ငါ မုန်းတယ် ။

အို…ငါ့ကိုငါလဲ မုန်းတယ်။

မောင်စွမ်းရည်
စာပေဂျာနယ်
ဖေဖော်ဝါရီ်(၁၉၉၇)

ပြီးခဲ့တဲ့ လပိုင်းတွေက ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက် အမုန်းဆုံးဆယ်ချက်တွေ Tag ကြရင်းနဲ့ ဆရာ မောင်စွမ်းရည်ရဲ့ အမုန်းစာရင်း ကဗျာလေးကို ကျွန်တော် သတိရနေတာ။ မတင်ဖြစ်ခဲ့ဘူး။ အခုတော့ တင်လိုက်တာပါ။ ကျေးဇူးတင်ပါတယ်။
လင်းဒီပ
၁၇.၁.၀၉

Thursday, January 15, 2009

ပန်းစကားထာ

မင်းတွေ့ရင် သဘောမကျမှာစိုးလို့
အလွမ်းတွေကို ခေါက်ရိုး မကျိုးအောင် သေချာလေး သိမ်းထားခဲ့တာ။

လမ်းအဟောင်းပေါ်မှာ စိတ်ကူးအသစ်နဲ့လျှောက်ကြည့်ကြတော့
သင်္ဂါရ ငှက်ကလေးက ကကြိုးအသစ်နဲ့ မင်းပုခုံးပေါ်လာနားလေရဲ့…

ဆည်းလည်းသံလွင်လွင်
ရွှင်ရွှင်လန်းလန်း စကားချိုချို ဆိုဖြစ်
သောကြာထောင့်ဟာ ရယ်သံလေးတွေအောက်မှာ နစ်လို့…

တကယ့်ကိုမပြောင်းလဲခဲ့ကြ
ငယ်ဘဝ ကျူရှင်ရှေ့ကခုံတန်းလေးကိုရောက်တော့လည်း
ရေညှိတွေ တက်တက်နေတဲ့ အုတ်ခုံလေးက မပြောင်းလဲ
ဆရာကြီးကလည်း လူပျိုကြီးဘဝက မပြောင်းလဲ
မင်းတို့နှစ်ယောက် ဒီလိုပဲနေကြမှာလား ဆိုတဲ့မေးခွန်းကလည်း မပြောင်းလဲ
နီတတ်တဲ့ မင်းပါးလေးကလည်း မပြောင်းလဲ
နောက်ဆုံးမင်းပုခုံးပေါ်က မွှေးညင်းနုလေးတွေကလည်းမပြောင်းလဲ
ဒါဆို ငါတို့နှစ်ယောက်တော့ ပြောင်းလဲသင့်ပြီထင်တာပဲ။

တချို့ကြယ်တွေက တစ်ပွင့်ကိုတစ်ပွင့် ကြည့်နေငေးနေရင်း
ကောင်းကင်မှာ နှစ်သန်းပေါင်းများစွာ အဖြေမဲ့နေတတ်တာ
ငါတို့က ကြယ်လေးတွေမှမဟုတ်တာ..

ပုစ္ဆာတွေကတော့ မနေ့ကအတိုင်းပါဘဲ
ရင်လမ်းတလျှောက်မှာ ကန့်လန့်တွေထိုင်လို့
အဖြေမထွက်တာက စိတ်ငယ် လေလွင့်စရာ။

ပန်းတွေဝှက်ထားတဲ့ စကားထာ
တို့နှစ်ယောက်အတွက် ဖြေရခက်နေပေမယ့်
ခဏဖြစ်ဖြစ် သတိရပေးပေါ့..
တစ်ယောက်တည်း တစ်ခြမ်းတည်း လွမ်းနေတာထက်စာရင်
နှစ်ဦးနှစ်ဖက် လွမ်းတော့ ထည်ထည်ဝါဝါလေး ရှိသလားလို့..
လင်းဒီပ
၁၅.၁.၀၉

Wednesday, January 14, 2009

အားမလျော့နှင့်ရောက်လုပြီ..ကြိုးစားတက်ပါမည်..(၂)


တစ်ညလုံး ပင်ပန်းထားပေမယ့် ကောင်းကောင်း အိပ်မပျော်.။ မနက် ငါးနာရီလောက်တည်းက နိုးနေသည်။ မျက်နှာသစ်သံ စကားပြောသံတွေ ကြားနေရသည်။ ကောင်းကောင်းတောင် မအိပ်လိုက်ရ။ စောနေသေးတော့ ခဏမှိန်းနေပြီး ခြောက်နာရီခွဲလောက်ထ ကိုယ်လက်သန့်စင် နေမောင်ကိုနိုးပြီးတော့ မနက်စာကို လက်ဖက်ရည်ဆိုင်သွားစားကြသည်။ အလွန်စားချင်နေသည့် ပဲပလာတာ ဆီရွဲရွဲလေး အခုမှ စားရသည်။ (ကောင်းလိုက်တာ) နောက်တော့ ဘုရားပေါ် တက်ကြသည်။ အခုမှ ကြည့်မိသည်။ မိန်းကလေးများအား စကတ် ဘောင်းဘီများနှင့် ဘုရားပေါ်တက်ခွင့်မပေး ။ အဝတ်လဲခန်း လုပ်ပေးထားသည်။ လုံချည်နှင့်ပဲ တက်ခွင့်ရသည်။ တချို့ မိန်းကလေးတွေက ဘောင်းဘီရှည်ပေါ် လုံချည် ထပ်ဝတ်ထားသည်။(ကတ်သီးကတ်သတ်) နိုင်ငံခြားသူများတော့ လုံချည်ဝတ်ရန် မလို။ အင်း သူတို့ကို လုံချည် ပေးဝတ်ရင်လည်း ဂေါပကလူကြီးတွေ အလုပ်ရှုပ်ကုန်မည် ထင်ပါသည်။:P..)

နောက်တော့ ဘုရားပေါ်တက်ကြသည်။ လေလေးက တဖြူးဖြူး..မနက်စောစော ဘုရားရှိခိုးရတာ ကြည်နူးစရာ။ ရွှေသင်္ကန်းကပ်တော့ လေက တဝူးဝူး.. ရွှေစလေးတွေက ဘုရားတည်ထားရာ ကျောက်တုံးကြီးပေါ်မှာသာမက လက်မှာပါ လာကပ်တော့ လက်လက် လက်လက်နှင့် ပျော်စရာ..။ ဒီစိတ်အေးချမ်းမှုတွေ ကြည်နူးကျေနပ်စရာ ဘုရားရင်ပြင်တော်ပေါ်မှာ နေရတာက မနေ့ညက ပင်ပန်းမှုတွေက ဘာမှမဟုတ်တော့။ ခဏနေတော့ ကျီးပါးစပ် ဘက်သွားကြသည်။ ဆေးမြစ်စုံ တောင်ဆိတ်ဆီ စသဖြင့် ဆေးဆိုင်တန်းလေးတွေ လက်ဆောင်ပစ္စည်းဆိုင်တွေ မုန့်ဆိုင်တွေက အရင်လိုပင်။ကလေးတုန်းကလို အကြာကြီး မငေးမိတော့။ အရင် အခေါက်လာတုန်းက သူငယ်ချင်းကို ဈေးသည်က ဖျံသိုဆိုပြီး ညာရောင်းလိုက်တာ အမှတ်ရလို့ ပြုံးမိသေးသည်။ကျီးပါးစပ်ရောက်တော့ အလှူခံတွေကလည်း အေးအေးဆေးဆေးပင်။ အရင်တုန်းကလို မဟုတ်တော့။ ရေတံခွန်ဘက် ဆက်သွားလို့ရတယ် ဆိုပြီး လမ်းညွှန်ထားသည်။ ဖြတ်လမ်း (၄၅)မိနစ်ဟုပင် ရေးထားသေးသည်။ နှစ်ယောက်သား စဆင်းတော့ (၉)နာရီ။ ဖြတ်လမ်း ဟုတ်မဟုတ်တော့ မသိ။ အတော်လေး ဆင်းရသည်။ လမ်းကလည်း ကြမ်းသည်။ လမ်းမှာ ခဏနားနေတုန်း အောက်ဖက် ကနေ သစ်မြစ် သစ်ခက်တွေ ဟင်းရွက်တွေကို ပလိုင်းလေးတွေ ကိုယ်စီနှင့် ကရင်မလေးတွေ တက်လာသည်။ ဘယ်ဘက်ကလာကလဲ မေးတော့ ဟိုးခပ်ဝေးဝေးကို လက်ညှိုးထိုးပြသည်။ ပြပြသာ မြင်ရသည်။ မနက်(၄)နာရီလောက် ထတက်လာသည်တဲ့။ ရောင်းစရာလေးတွေ စုလိုက် တောင်ပေါ် တက်ရောင်းလိုက်ပေါ့။ အင်း..ကြမ်းတမ်းလိုက်တဲ့ ဘဝတွေ။ နောက် ဆက်ဆင်းတော့ ရေခဲထုပ်ရောင်းနေသည် ရှစ်နှစ်ကိုးနှစ်ဝန်းကျင် ကလေးမလေးတွေကို တွေ့သည်။ နေမောင်က ရေခဲထုပ် မဝယ်ဘဲ မုန်းဖိုးပေးခဲ့သည်။မင်းလူရဲ့ ရေခဲချောင်းသည်ကလေး ဆိုတဲ့ ကဗျာလေး အမှတ်ရသည်။
ထမင်းတစ်လုတ်
စာတစ်အုပ်
ကျွန်ုပ်ဘာကိုရွေးရမယ်။


တောင်ကြောတွေအတိုင်း ဆင်းလာ ဝါးရုံပင်လမ်းလေးတွေဖြတ်နှင့် အတော်သွားပြီးမှ ရေတံခွန်ရောက်တော့သည်။ အချိန်က မနက်(၁၁)နာရီ။ ကောင်လေးတွေ ကောင်မလေးတွေ တရုန်းရုန်း ရေချိုးနေကြသည်။ ရေတံခွန်က သိပ်မကြီးလှ။ ကျွန်တော့်တို့ နှစ်ယောက်လုံး ရေမချိုးဖြစ်ကြ။ ဆိုင်လေးထဲကနေ အပျော်တွေကို ထိုင်ပြီး သဲ့ယူနေမိသည်။ ဆိုင်ကလေးက စုံသည်။ ရေချိုးဖို့လည်း ဖိနပ်တွေ ဘောင်းဘီတွေ ရောင်းသည်။အပြန်ကိုတော့နောက်တစ်လမ်း ရွေးရသည်။ ကိုးနဝင်းကျောင်းဖက်လမ်းက ပိုကောင်းသည်။ ကိုးနဝင်းကျောင်းနားမှာ စေတီလေးတွေ လမ်းတဖက်တချက်စီ တည်ထားပုံက ကြည်နူးစရာ ငြိမ်းချမ်းမှု သဘောဆောင်သည်။ အပြန်လမ်းမှာ ဖရဲသီးစိတ်ကလေးတွေကို ဗန်းနဲ့ထည့်ပြီ့း အဒေါ်ကြီးတစ်ယောက် ထိုင်ရောင်းနေသည်။ သူနားမှာ လည်း လူတွေက မောမောနှင့် ဖရဲသီးစိတ်လေးတွေ ထိုင်စားရင်း နားနေကြသည်။လမ်းက ဖုန်တသောသော။ ဖရဲသီးစားမလား မေးတော့ နေမောင်က မစား။ ကျွန်တော့်က စားပါကွ ဖရဲသီးက ဖုန်လေးတွေနဲ့ဆိုတော့ ပိုချိုတယ်လို့နောက်လိုက်တော့ စားနေတဲ့လူတွေ အားလုံး ဝိုင်းရယ်ကြသည်။ ကျွန်တော်တိုလည်း ဖရဲသီးစားပြီး နားနေလိုက်သည်။ တကယ်လည်း မောနေတော့ ပိုချိုသည်။ တောင်ပေါ် ပြန်ရောက်တော့ (၁)နာရီလောက် ရှိပြီ။ ထမင်းစားပြီးတော့ တည်းခိုခန်းမှာ ခဏ ပြန်နားကြသည်။ ညနေစောင်းတော့ ကျိုက်ထိုဟော်တယ်နှင့် မျက်နှာခြင်းဆိုင်က ဆိုင်လေးမှာ လက်ဖက်ရည် သွားသောက်ဖြစ်သည်။သူ့ဆိုင်လေးက ဟိုးအဝေးက တောင်ကြောတွေကို ငေးလို့ရသည်။ တောတောင်ရေမြေ စိမ်းလန်းခြင်းတွေက လူကို လန်းဆန်းစေသည်။

ညရောက်တော့ ဘုရားပေါ်ပြန်တက်ကြသည်။ ဘုရားရှိခိုးပြီး ဆိုင်တန်းတွေဆီ ဆင်းလားတော့ နေ့လည်ကတည်းက စားချင်နေသည့် ကီးမားခေါက်မုန့်နှင့် ထန်းလျက်ရည်နှင့်လုပ်သည့် ခေါက်မုန့်ဝယ်စားဖြစ်သည်။ နေမောင်ကတော့ သူ့ကောင်မလေးဖို့ အုန်းခွံရောင် ဆွယ်တာလေး ဝယ်သည်။ ဝင်ရွေးပေးရင်း ကြိုက်တယ်ဆို မင်းရွေးတာလို့ပြော..မကြိုက်ရင် ငါရွေးတာလို့ ပြောပေါ့ကွာလို့ နောက်ဖြစ်သည်။ ည(၁၁)နာရီလောက် ပြန်လာခဲ့သည်။ မနက်ဖြန်ဆို စောစောထ ဆင်းရမှာလေ။

မနက်(၅)နာရီခွဲလောက်မှာ စဆင်းလာကြသည်။အိတ်တွေကို တည်းခိုခန်းရှေ့လာစောင့်နေသည့် အထမ်းသမား ကောင်မလေးကို အပ်လိုက်သည်။ အိတ်ကလေး နှစ်လုံးတည်းကို ခုနှစ်ထောင် တောင်းသည်။ နဂိုတည်းက အထမ်းသမား ဆိုက်ကားသမားဆို ဈေးမဆစ်ရက်တဲ့စိတ်က ဘာမှ ထပ်မပြောဖြစ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဆင်းလာလိုက်တာ ရေမြောင်ကြီးရောက်တော့ (၈)နာရီ မထိုးသေးပေ။ လမ်းမှာ လူတွေက စည်စည်ကားကား။ အခုမှ အရင်က တောင်တက်တောင်ဆင်းတဲ့ အရသာ ပြန်ရသည်။ လမ်းမှာ အတူတူ ဆင်းရင်း မိတ်ဆွေဖြစ်သွားသည့် ကောင်လေးရယ် နေမောင်ရယ် ကျွန်တော်ရယ် သုံးယောက်သား ရေမြောင်ကြီးမှာ နားဖြစ်သည်။ မနက်စာ ထမင်းကြော်သုံးပွဲ..ဆတ်သားခြောက်တစ်ပွဲ..ကော်ဖီသုံးခွက်ကို တစ်သောင်း ရှင်းလိုက်ရသည်။ အင်း..ရေမြောင်ကြီး ပေကိုး။ တောင်ခြေ ရောက်တော့ အထမ်းသမားက မရောက်လာသေး။ သူက ကားနှင့်ဆင်းတာလေ။ခေတ်တွေက ပြောင်းသွားပြီ။ ကားခက (၁၈၀၀)ဆို အိတ်တွေပါ တင်လို့ရသည်။ဆိုတော့ ကျွန်တော်တို့ဆီက ခုနစ်ထောင်ကို ကားကနုတ်ပြီး ကျန်တာယူ ကားလေးနှင့် ဆင်းလာရုံ။ ကျွန်တော်တို့နှစ်ယောက် ရယ်ဖြစ်ကြသည်။

ကျွန်တော်တို့ရဲ့ Window Typed Fully Air-con Express ကားကြီးဆီ ရောက်တော့ လူတွေ စုံနေပြီ။ ကားကြီးက ကျွန်တော်တို့တွေကို ရန်ကုန် ရွှေမြိုတော်ကြီးဆီ ပြန်လည်ခေါ်ဆောင် လာခဲ့ပေတော့သည်။
လင်းဒီပ
၁၄.၁.၀၉

Tuesday, January 13, 2009

အားမလျော့နှင့်ရောက်လုပြီ..ကြိုးစားတက်ပါမည်..(၁)


ကျွန်တော် ကျိုက်ထီးရိုး တက်မယ်ဆိုပြီး အဖော်စပ်တော့ ဘယ်သူမှ ခေါ်လို့မရ..ခွင့်မရတဲ့လူရယ် မအားတဲ့ လူရယ်နဲ့ နောက်ဆုံး နေမောင်ပဲခေါ်လို့ရသည်။ ဘုရားသွားတယ် ဆိုတဲ့ကိစ္စကလည်း ရေစက်ပဲလားတော့ မသိ။ ကျွန်တော် ဘုရားဖူး သွားချင်တိုင်း နေမောင် တစ်ယောက်နဲ့ပဲ အဆင်ပြေ တတ်သည်။ နေမောင်က ခရီးဖော်ကောင်း တစ်ယောက်။ ဘယ်တော့မှ ခရီးသွားရင် ဂဂျီဂဂျောင် လုပ်လေ့မရှိ။ သိပ်များများ ညှိနေစရာမလို။ သွားမယ်ဆို လိုက်ပြီးသား.. ခရီးဖော်ကောင်း နှင့် ခရီးသွားရသည်က အရသာကို ခရီးသွားဖူးသူတိုင်း နားလည်မည် ထင်ပါသည်။ဒီလိုနှင့် ကျွန်တော်တို့နှစ်ယောက် နှစ်ထောင့်ရှစ်၏ ခရစ်စမတ်အလွန် ဒီဇင်ဘာမှာ ကျိုက်ထီးရိုးတက်ဖြစ်သည်။

အောင်မင်္ဂလာအဝေးပြေးကနေ ကင်ပွန်းစခန်းထိကို ကားခ က (၃၅၀၀)မျှသာ ။မများလှ။ကားတွေကတော့ fully air-con.. window type တွေလေ..ပြတင်းပေါက်တွေဖွင့်ထားပြီး.. လေ တဝူးဝူးနှင့် ပျော်စရာ..ကားတွေက ကောင်းပါသည်။ air-con မဖွင့်တာလေး တစ်ခုသာ.. ရန်ကုန်ကထွက်လာကတည်းက အစိမ်းရောင်တွေ စတွေ့ရပြီလေ.. ကျွန်တော်ကလည်း ငယ်ငယ်တည်းက လယ်ကွင်းစိမ်းစိမ်းတွေ လယ်စောင့်တဲလေးတွေ မြင်ရင်ကို အလိုလို ပျော်နေတတ်တာလေ။ လယ်တဲတွေနှင့် တွဲမြင်နေကျ လှည်းနွားတွေ..နောက် ကောက်ရိုးပုံတွေ..ကြည်နူးစရာကောင်းလိုက်တာ..အမှန်ကတော့ ရန်ကုန်က ကားထွက်လာတော့ နေ့လည် (၁)နာရီ..နေကပြင်းသည်။ဒါပေမယ့်စိမ်းလန်းခြင်းတွေကို ငေးပြီး ကားစီးလာရတာ အရမ်းပျော်နေသည်။ ကားကလုံးဝမနား..စစ်တောင်းမြစ်ကို စစ်တောင်းတံတားသစ်(မုပ္ပလင်)ကနေ ဖြတ်တော့ စစ်တောင်းတံတားဟောင်းကြီးကို လှမ်းမြင်နေရသည်။ နေမောင်ကတော့ ပဲခူးကထွက်လာတည်းက ဘေးမှာ အိပ်လိုက်လာသည်။ ရေငတ်လာလို့ VeVe ဘူးလေး ဖွင့်သောက်တော့ လုံးဝ မအေးတော့။ ကျိုက်ထိုရောက်တော့ စိမ်းလဲတင် ဟိုတယ်ကိုခမ်းခမ်းနားနားတွေ့ရသည်။အခမဲ့ရပ်နားလို့ ရပါသည်တဲ့။ အထဲမှာ တိရစ္ဆာန်ရုံလည်း လုပ်ထားပုံရသည်။နောက် ကျိုက်ထိုမြို့ထဲဝင် သိပ်မကြာလိုက် ကင်ပွန်စခန်းကို ကားဝင်တော့ ညနေ (၄း၃၀)..သုံးနာရီခွဲလောက်ပဲ ကားစီးရသည်။ ရောက်ပါပြီ ကျိုက်ထီးရိုးတောင်ခြေ..ကင်ပွန်စခန်း.. ကားသမားက အပြန်လက်မှတ်ကို တစ်ခါတည်း လုပ်သွားဖို့ သတိပေးသည်။ နှစ်ည အိပ်မည်ဆိုတော့ အင်္ဂါနေ့ မနက်(၁၁း၀၀) လက်မှတ် ကြိုဝယ်ထားလိုက်သည်။

ကျိုက်ထီးရိုး နောက်ဆုံးရောက်တာ (၁၉၉၈)…လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကင်ပွန်စခန်းနဲ့ အရမ်းမကွာလှလို့ထင်မိသည်။ ယိုမျိုးစုံ ရောင်းတဲ့ဆိုင်တွေ ထမင်းဆိုင်တွေ နှင့် လက်ဆောင် ပစ္စည်းဆိုင်တွေက ထုံးစံအတိုင်း အပြိုင်အဆိုင် အော်လို့ခေါ်လို့လေ။ ထမင်းစားပြီး တောင်ပေါ် လမ်းလျှောက်တက်မယ် လုပ်တော့ အိတ်တွေမနိုင်မှာစိုးပြီး အထမ်းသမားငှားဖို့ စုံစမ်းကြည့်တော့ ညနေ(၅း၃၀).. ထမင်းဆိုင်က ငှားရခက်မယ် ဆိုတော့ ကျွန်တော့်တို့နှစ်ယောက် ကိုယ့်အိတ်ကိုလွယ် တတ်ဖို့ ပြင်သည်။ ထမင်းဆိုင်နောက်က သန့်စင်ခန်းဝင်တော့ (၅၀) ..ကျိုက်ထီးရိုးရဲ့ ယဉ်ကျေးမှုလေး စလာပြီ..စတက် တက်ချင်းတော့ သိပ်မသိသာ ဟုတ်နေတာပါပဲ… ငါ မအိုသေးဘူးပေါ့။ လမ်းတလျှောက် ဆိုင်လေးတွေ ငေးရင်း တက်သွားရတာ ပျော်စရာ…တက်လာရင်းနှင့် တဖြည်းဖြည်း ၆နာရီကျော်လာတော့ မှောင်စပြုလာသည်။ ညပိုင်းက အတက်သမားသိပ်မတွေ့ရ..အဆင်းသမား တွေတော့ တွေ့တွေ့နေရသည်။ညဘက်ဆိုတော့ နောက်ရင်းပြောင်ရင်း တက်စရာ အဖော်သိပ်မတွေ့..ကောင်လေးတွေ နှစ်ဖွဲ့လောက်တွေ့သည်။ သောက်တက်ကလေးတွေလေ..သောက်လိုက် တက်လိုက်နှင့် ..နေမောင်ကော ကျွန်တော်ပါ အရက်သောက်လေ့မရှိ..နေမောင်က ဆေးလိပ်သမား..အခုလည်း မာဘိုလိုတွေ (၂)ဘူးတောင်ဝယ်လာသည်။ သူသောက်တာမြင်တော့ ကျွန်တော်လည်း ယူသောက်မိကော.. အံမယ် သူက ဆေးလိပ်သောက်ပြီး တက်ရင် အမောပြေတယ် အစ်ကိုရတဲ့။

လမ်းမှာ တောင်းတွေ ရွက်ပြီး တက်လာသည့် ဈေးသည် ကောင်မလေးနှစ်ယောက်နှင့် တောင်းတွေ ရွက်ပေးရင်ခင်သွားတော့ သူတို့ကပြောသည်။ ရှေ့က ကျားဆွဲစခန်းမှာ ကန်တော့ကန်တော့ဆို ဝင်မကန်တော့နဲ့ အတင်းအလှူခံလိမ့်မယ်လို့ ကြိုပြောသည်။ သူတို့ မှာသွားတဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက်လည်း မကန်တော့ဘဲ ဖိနပ်ကလေးတွေ ကိုင်ပြီး နတ်နန်းထဲကဖြတ်တော့ အတင်းခေါ်သည်။ မရတော့ ဟေ့ကောင်လေးတွေ ဝင်ကန်တော့သွားကွ..ကျားဆွဲစခန်း ဘာမှတ်နေလဲ.. မင်းတို့တော့ ခက်တာပဲလို့..လှမ်းအော် ခြောက်လိုက်သေးသည်။ တကယ်ကတော့ ကျားကမဆွဲပါ သူတို့တွေက ဆွဲနေတာလေ… ခုန ဈေးသည်မလေးတွေက ထပ်မှာသွားတာရှိသေးသည်။ အစ်ကိုတို့နော် ရေမြောင်ကြီးရောက်ရင် ဝိုင်းဆွဲပါလိမ့်မယ် ..တဲ့၊ရေမြောင်ကြီးက တောင်ခြေက တက်ရင် (၂)မိုင်ခွဲမှာ..အစအဆုံးတက်ရမှာက (၇)မိုင်ခွဲ..ရေမြောင်ကြီးရောက်တော့ (၈)နာရီလောက်ရှိနေပြီ။သူတို့မဆွဲခင်တည်းက နားဖြစ်သည်။အအေးတစ်ပုလင်းကို ၅၀၀ နှင့်သောက်ဖြစ်ကြသည်။ နာရီဝက်လောက်နားပြီးတော့ ဆက်တက်ကြသည်။ မှောင်နှင့်မည်းမည်း..ဓာတ်မီးလေးတွေ ကိုယ်စီနှင့်လေ..လမ်းမှာ ယောက်ျား မိန်းမ ကလေးတွေ အရွယ်စုံ ဆိုက်စုံ အဖွဲ့နှင့် စတွေ့သည်။ သူတို့လည်းမှောင်နှင့်မည်းမည်း တက်လာသူတွေ..လမ်းတလျှောက်တက်လိုက် နားလိုက်နှင့်။ခြေလှမ်းတွေက သိပ်မသွက်တော့။ ကြုံတဲ့ကွတ်ပစ်လေးမှာ အိပ်ပြီး မနက်မှ ဆက်တက်ရင် ကောင်းမလားလို့တောင်တွေးမိသေးသည်။ ခဏနားလို့ ခုံတန်းလေးတွေပေါ် လှဲချလိုက်ရင် အရမ်းအရသာရှိလို့လေ။ ဝတ်ထားတဲ့ အနွေးထည်ကလည်း ချွေးလေးတစို့စို့။ တက်ရင်း တက်ရင်း အမှောင်ထဲမှာဆိုတော့ ဘယ်လောက်ရောက်နေပြီလည်း မမှန်းတတ်။ တဖြည်းဖြည်းနှင့် နားစရာတဲလေးတွေ တွေ့မှမဟုတ်တော့ ကျောက်တုံး မြင်လည်း လှဲချ လိုက်ရတော့သည်။ နီးလာလေလေ.. လွယ်ထားတဲ့အိတ်ကြီးက ပိုလေးလာလေ..ခြေထောက်တွေက မသယ်နိုင်လေပင်.. တက်ရင်းနှင့် နေမောင်ကလည်း ဗိုက်ဆာလာသည်။ ပါလာတဲ့ရေဘူးတွေကလည်း ကုန်ပြီဆိုတော့ သီချင်းသံကြားပြီး မီးလင်းနေသည့်ဆိုင်ကလေးကို တံခါးဖွင့်ခိုင်းရသည်။ ကောင်လေးက တံခါးဖွင့်ပေးတော့ သူ့ဆိုင်လေးထဲမှာ ခိုင်သင်းကြည် မင်္ဂလာဆောင် စုံတွဲသီချင်းလေးတွေ ကြည့်ရင်းနားကြတော့ ည(၁၀)နာရီခွဲနေပြီ..မင်းက တီဗွီ ဘာနှင့်ဖွင့်တာလဲကွ ဆိုတော့ ဘုရားက မီးယူထားတာလို့ပြောပြီး အစ်ကိုတို့ရောက်နေပြီ..နောက်ထပ် (၁၅) မိနစ်ပဲလို့ပြောသည်။ နားပြီးကျွန်တော်တို့ပြန်ထွက်လာ ဆက်တက်တော့ နောက်ထပ် မိနစ်လေးဆယ် လောက်ကြာသည်။သူတို့ (၁၅) မိနစ်ကို သတိထားနော်လို့ တစ်ယောက်ကို တစ်ယောက် နောက်ဖြစ်သည်။ ဘယ်လိုပဲမောမော အမှောင်ထဲမှာ ရွှေရောင်တွေဝင်းနေတဲ့ ဘုရားကိုဖူးလိုက်ရတော့ အမောတွေ အားလုံး ပျောက်ကုန်သည်။တကယ့်ကို အေးချမ်းသွားတာလေ..

တည်းခိုခန်းရှာတော့ ပထမတစ်ညကို တစ်သောင်းခွဲနောက်ညက နှစ်သောင်းပေးရမည်တဲ့။ပထမညက အခုပဲ (၁၁)နာရီကျော်နေပြီလေ…အခန်းလေးတွေက နှစ်ယောက်အိပ်သာရုံလေး..အထပ်တိုင်းမှာ အိမ်သာနှစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါသည်။ပစ္စည်းတွေ ထားပြီးတော့ ဘုရားကိုတက်ဖူးကြသည်။ ခရစ်စမတ် ရက်ကတော့ လူများမည်..ခရစ်စမတ်အလွန် နယူးရီးယား မတိုင်ခင်ဆိုတော့ နည်းနည်းလေး လူကျဲပြီး ဘုရားဖူးလို့ကောင်းသည်။လူများလွန်းရင် စိတ်ပျက်စရာ။ဘုရားဖူးပြီးတော့ လက်ဖက်ရည်သောက်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်က ပြန်ထလာတော့ ည(၁)နာရီ…ဒီညတော့ အိပ်လို့ကောင်းမည်။
လင်းဒီပ
၁၂.၁.၀၉

Monday, January 12, 2009

ချစ်သူရဲ့မိုး

ကောင်းကင်က မိုးကတော့ မျက်ရည်တွေ ကုန်သွားလို့ အငိုတိတ်သွားပြီ။ ငါကတော့ မပြီးသေးဘူး..လွမ်းလို့လေ။ငါ လမ်းကလေးကို ငေးကြည့်တယ်။ မိုးရွာပြီးစ ဆိုတော့ မြက်ခင်းလေးတွေက ရေစက်လက်..အပေါ်ကနေ လမ်းမီးတွေဖြာကျနေတော့ …စိမ်းပြီးတော့ စိုနေတော့တာ။ လှလိုက်တဲ့ မြက်ခင်းလေးတွေပေါ့။ ဆက်လျှောက်လာတော့ သစ်ပင်အုပ်အုပ်တွေ…မိုးရွာပြီးစ လမ်းကလေးကို ငါတို့လျှောက်ဖြစ်တဲ့ အခါတိုင်း သစ်ပင်ကြီးတွေအောက်ရောက်ရင် ငါက ခုန်ပြီး အကိုင်းတွေကို ရိုက်ချတတ်တယ်။နင်က အငိုက်မိသွားပြီး အင်္ကျီတွေ ရေစိုကုန်ရော။ စိတ်တိုပြီး ငါ့ ကို အားရအောင် ရိုက်ပုတ်တတ်တဲ့ နင့်လက်ကလေးတွေကို လွမ်းလိုက်တာ။ ဒီမြို့ကိုက သစ်ပင်တွေ များလွန်းတာပါဟာ။ ဘယ်ဘက်ကိုကြည့်ကြည့် စိမ်းညို့နေတတ်တာ။ ငါချစ်တဲ့ အစိမ်းရောင်..နင် ချစ်တဲ့ အစိမ်းရောင်..ဟိုးဝေးဝေးမှာ ငါတို့နှစ်ယောက်လုံးမေ့ကျန်ခဲ့တဲ့ အစိမ်းရောင် အတိတ်တချို့လည်းရှိတာပေါ့လေ။ ငါက မမေ့ပါဘူး။နင်မေ့သွားတဲ့ (နင့်မေ့ထားတဲ့ အတိတ်တွေမို့ မေ့ချင်ယောင် ဆောင်လိုက်ရတာ..)

တကယ်တော့ ဖြစ်ပြီးခဲ့သမျှက ဘာမှထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ရဲ့ အရိပ်လို့ နေထိုင်ခဲ့ဖူးတယ်။ ကောင်မလေးနဲ့အတူတူ မုန်တိုင်းနေ့စွဲလေးတွေ ဖြတ်ကူးခဲ့ကြတယ်။ရေဆန်ဆိုရင်တောင် အတူတူ ဖြတ်ကူးရတော့ ငါပျော်တာပေါ့ဟာ။ချွေးတွေနဲ့စိုပြီး ပျက်နေတဲ့ ပါးကွက်လေးတွေက ငါ့အတွက် စိမ်းလန်းခြင်းကဗျာ။ အတူတူစိုက်မှ ပွင့်တတ်တဲ့ပန်းတစ်မျိုးက အချစ်ဆိုရင် ငါက တစ်ယောက်တည်း တိတ်တဆိတ် စိုက်ပျိုးမိသူပေါ့။ထားလိုက်ပါတော့လို့ ပြောမိလိုက်ခင်မှာဘဲ နင် ငါ့ကို ထားရစ်ခဲ့တော့တာ။ ငါကတော့ ငါ့သစ်ပင်လေးနဲ့ငါ ပျော်နေတုန်းဆိုတော့ နင့်အတောင်ပံခတ်သံ မကြားလိုက်မိဘူး။ ရှေးဆုတောင်းကောင်းတဲ့ ကောင်မလေးဆိုတော့ နင်သွားမယ့် လမ်းမှာ ကြယ်တွေကလည်း ထွန်းလင်း လမ်းပြ ကြလို့ပေါ့။

ရယ်စရာကောင်းလိုက်တာဟာလို့ စိတ်ညစ်စရာ ဒါမှမဟုတ် လူတွေနဲ့ အဆင်မပြေ ဖြစ်တိုင်း ပြောနေကျ နင့်အသံလေး လွမ်းလိုက်တာ…အခုကော နင် အဲဒီစကားလေး သုံးဖြစ်သေးလားဟင်..ငါကတော့ စကားသံလေး လွမ်းဆဲပေါ့..အရူးကောင် အဓိပ္ပာယ်ရှိတာ မလုပ်ဘဲ ငါ့ချည့် ထိုင်လွမ်းမနေနဲ့လို နင်ပြောဦးမှာ မဟုတ်လား။ အေးလေ..ငါကိုကလည်း ရူးလွန်းပါရဲ့.. ကိုယ်တကိုယ်ရေတောင် မအေးချမ်းဘဲနဲ့ နင့်အပေါ် မိုးလိုရွာချချင်စိတ်တွေက ကလေးတုန်းကလို ဇွတ်တရွတ် နိုင်ချင်တုန်း။ တပါးသောအရပ်မှာ နင် အေးချမ်းပါရဲ့လား…

လှေကလေးက ကမ်းကပ်မယ် ။ကမ်းရောက်တော့ ခရီးသည်တွေက ကိုယ့်ခရီးကိုယ်ဆက်ကြမယ်။ နင်နဲ့ငါက လောကထဲမှာ ခရီးသည်နဲ့ လှေငယ်လေးလို တွေ့ခဲ့ကြတာ။ အခု ကမ်းရောက်သွားပြီ။ ရင်ထဲက အကြောင်းအရာတွေကို ဘယ်လိုမြင်အောင်ပြရမလဲ ။ငါ အခုထိ မသိသေးဘူး။ ခံစားတတ်တယ် နားလည်တတ်တယ် ဒါပေမယ့် ဖြစ်ပျက်ခံစားနေရတာတွေ နင်နားလည်အောင် ပြောမပြတတ်ခဲ့ဘူး။ လူအလေးကို မိုးရေတွေထဲမှာပဲထားခဲ့ပေါ့။ တလောကလုံးက မိုးတွေ တိတ်သွားရင်တောင် ငါ့ရင်ထဲက မိုးကတော့ ဘယ်တော့မှ မတိတ်ဘူး။ နင့်အတွက် ဆက်ရွာနေရဦးမှာ။ အချစ်တွေ အလွမ်းတွေနဲ့ ငွေ့ရည်ဖွဲ့နေပေမယ့် တကယ်ရွာချလိုက်တဲ့ အခါမှာတော့ အေးမြတဲ့ မိုးရေစက်တွေ ပဲတွေ့ရမယ်။ နင်စိတ်ညစ်နေတဲ့အခါ ဟိုတုန်းက လမ်းကလေးပေါ် စိတ်ကူးနဲ့ ထွက်လာခဲ့ပေါ့။ သစ်ပင်အုပ်အုပ်တွေရဲ့ အပေါ်ကနေ ငါ ရွာချလိုက်မယ် ။ နင့် တစ်ကိုယ်စာလေး ရွှဲစို ငြိမ်းချမ်းသွားတဲ့ အထိလေ။ နင့်ရဲ့ တကိုယ်ရည် မိုးဥတုလေးကတော့ နင်ရှိတဲ့အရပ်ဆီ တိမ်စိုင်တွေ မျောလွင့်ချင်တုန်းပါပဲ..
လင်းဒီပ
၁၁.၁.၀၉

Saturday, January 10, 2009

ကျွန်တော်ကျန်ခဲ့တဲ့မေမေ

ကျွန်တော့်ဓာတ်ပုံဟောင်းလေးရှေ့ တစိမ့်စိမ့်ရွာလို့
ရပ်ကွက်ကျဉ်းကျဉ်းလေးတလျှောက်
ကျေနပ်မှုတွေ အနှံ့အပြား တောက်ချကာ
ကျွန်တော့် စိမ်းလန်းမှုများ တသိမ့်သိမ့်ခါချနေရင်း သူပျော်…

နေတဓူဝ
လူတတ်ကလေး သူ့သားကို ထုတ်ထုတ်ကြည့်
ဆံနွယ်ပေါ် ဆီးနှင်းတွေ တောင်လိုယာလို ပုံလာရင်း သူ့မှာမျှော်…

ကျွန်တော့်မေမေ

ကျွန်တော့်ရဲ့ရေကြည်ရာမြက်နုရာ နောက်ကျောမှာ
ကြယ်အသစ်တွေ ကိုယ်ဝန်ဆောင်လို့
တောင်တန်းတွေအကွယ် ရပ်နေမှာကို မြင်ယောင်မိ…

ခရမ်းပြာထက်လူ
ရုပ်ရှင်တေးကဗျာ.(June 1998)

ဆရာခရမ်းပြာထက်လူ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်က ရေးခဲ့တဲ့ကဗျာလေးပါ။ ကျွန်တော့် မေမေကလည်း သူ့မေမေလိုပါပဲ… ခင်ဗျား မေမေလည်း ဒီလိုပဲ ထင်ပါတယ်။ မိခင်များနေ့အမှတ်တရ တင်လိုက်ပါတယ်။
လင်းဒီပ
၁၀.၁.၂၀၀၉

Friday, January 9, 2009

နှစ်သစ်မင်္ဂလာ..

ကျွန်တော့် ဘလောဂ့်လေးနဲ့ ကျွန်တော် ဝေးကွာနေတဲ့ရက်တွေမှာ လာလာ လည်သွားတဲ့ ကျွန်တော့် သူငယ်ချင်း မောင်နှမ ဘလောဂ့်ဂါများ နှင့် စာလာဖတ်ပေးတဲ့ သူငယ်ချင်း မောင်နှမများ အားလုံးကို ကျေးဇူးပါ..၂၀၀၉ မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ကြပါစေ…အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ..

တဆက်တည်းပဲ ကျွန်တော့် ပေါ့တီးပေါ့ဆနိုင်မှုလေးကို တောင်းပန်ပါရစေ..(ကို)ကမာပုလဲ ကိုပါ..ကျွန်တော်ရေးထားတဲ့ ကြိုက်သော ကဗျာလေးတစ်ပုဒ် ဆိုတဲ့ Tag ပိုစ့်မှာ ကိုကမာပုလဲရဲ့ သနပ်ခါးကဗျာလေးကို ဖော်ပြထားပါတယ်..မိုးမခ က ကူးယူးထားပါတယ်လို့ ကျွန်တော်မှားပြီး ညွှန်းထားမိပါတယ်။ အမှန်ကတော့ ဒေါက်တာလွဏ်းဆွေ ဘလောဂ့်ကိုသာ ပို့ထားတဲ့ အကြောင်း ကိုကမာပုလဲ က email ပို့လိုက်မှ သတိထားမိတာပါ.. ခင်ခင်မင်မင် ထောက်ပြပေးတဲ့ ကိုကမာပုလဲ ကျေးဇူးပါဗျာ..

မကြားရ မမြင်ရတဲ့ သူငယ်ချင်းတွေကော..ကြားရမြင်ရတဲ့ သူငယ်ချင်းတွေ အားလုံးကို ချစ်ခင်လေးစားပါတယ်.. (ကိုမိုးမြင့်တိမ်ကြီး ကျေနပ်ပါစ..:P)…

၂၀၀၉ရဲ့ ဘလောဂ့် ရေစီးကိုလည်း ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အားလုံး ပျော်ပျော်ရွှင်ရွှင် လိုက်ပါ စီးမျောကြပါစို့လို့ ဆန္ဒပြုပါတယ်..
ခင်မင်စွာ
လင်းဒီပ