Tuesday, January 13, 2009

အားမလျော့နှင့်ရောက်လုပြီ..ကြိုးစားတက်ပါမည်..(၁)


ကျွန်တော် ကျိုက်ထီးရိုး တက်မယ်ဆိုပြီး အဖော်စပ်တော့ ဘယ်သူမှ ခေါ်လို့မရ..ခွင့်မရတဲ့လူရယ် မအားတဲ့ လူရယ်နဲ့ နောက်ဆုံး နေမောင်ပဲခေါ်လို့ရသည်။ ဘုရားသွားတယ် ဆိုတဲ့ကိစ္စကလည်း ရေစက်ပဲလားတော့ မသိ။ ကျွန်တော် ဘုရားဖူး သွားချင်တိုင်း နေမောင် တစ်ယောက်နဲ့ပဲ အဆင်ပြေ တတ်သည်။ နေမောင်က ခရီးဖော်ကောင်း တစ်ယောက်။ ဘယ်တော့မှ ခရီးသွားရင် ဂဂျီဂဂျောင် လုပ်လေ့မရှိ။ သိပ်များများ ညှိနေစရာမလို။ သွားမယ်ဆို လိုက်ပြီးသား.. ခရီးဖော်ကောင်း နှင့် ခရီးသွားရသည်က အရသာကို ခရီးသွားဖူးသူတိုင်း နားလည်မည် ထင်ပါသည်။ဒီလိုနှင့် ကျွန်တော်တို့နှစ်ယောက် နှစ်ထောင့်ရှစ်၏ ခရစ်စမတ်အလွန် ဒီဇင်ဘာမှာ ကျိုက်ထီးရိုးတက်ဖြစ်သည်။

အောင်မင်္ဂလာအဝေးပြေးကနေ ကင်ပွန်းစခန်းထိကို ကားခ က (၃၅၀၀)မျှသာ ။မများလှ။ကားတွေကတော့ fully air-con.. window type တွေလေ..ပြတင်းပေါက်တွေဖွင့်ထားပြီး.. လေ တဝူးဝူးနှင့် ပျော်စရာ..ကားတွေက ကောင်းပါသည်။ air-con မဖွင့်တာလေး တစ်ခုသာ.. ရန်ကုန်ကထွက်လာကတည်းက အစိမ်းရောင်တွေ စတွေ့ရပြီလေ.. ကျွန်တော်ကလည်း ငယ်ငယ်တည်းက လယ်ကွင်းစိမ်းစိမ်းတွေ လယ်စောင့်တဲလေးတွေ မြင်ရင်ကို အလိုလို ပျော်နေတတ်တာလေ။ လယ်တဲတွေနှင့် တွဲမြင်နေကျ လှည်းနွားတွေ..နောက် ကောက်ရိုးပုံတွေ..ကြည်နူးစရာကောင်းလိုက်တာ..အမှန်ကတော့ ရန်ကုန်က ကားထွက်လာတော့ နေ့လည် (၁)နာရီ..နေကပြင်းသည်။ဒါပေမယ့်စိမ်းလန်းခြင်းတွေကို ငေးပြီး ကားစီးလာရတာ အရမ်းပျော်နေသည်။ ကားကလုံးဝမနား..စစ်တောင်းမြစ်ကို စစ်တောင်းတံတားသစ်(မုပ္ပလင်)ကနေ ဖြတ်တော့ စစ်တောင်းတံတားဟောင်းကြီးကို လှမ်းမြင်နေရသည်။ နေမောင်ကတော့ ပဲခူးကထွက်လာတည်းက ဘေးမှာ အိပ်လိုက်လာသည်။ ရေငတ်လာလို့ VeVe ဘူးလေး ဖွင့်သောက်တော့ လုံးဝ မအေးတော့။ ကျိုက်ထိုရောက်တော့ စိမ်းလဲတင် ဟိုတယ်ကိုခမ်းခမ်းနားနားတွေ့ရသည်။အခမဲ့ရပ်နားလို့ ရပါသည်တဲ့။ အထဲမှာ တိရစ္ဆာန်ရုံလည်း လုပ်ထားပုံရသည်။နောက် ကျိုက်ထိုမြို့ထဲဝင် သိပ်မကြာလိုက် ကင်ပွန်စခန်းကို ကားဝင်တော့ ညနေ (၄း၃၀)..သုံးနာရီခွဲလောက်ပဲ ကားစီးရသည်။ ရောက်ပါပြီ ကျိုက်ထီးရိုးတောင်ခြေ..ကင်ပွန်စခန်း.. ကားသမားက အပြန်လက်မှတ်ကို တစ်ခါတည်း လုပ်သွားဖို့ သတိပေးသည်။ နှစ်ည အိပ်မည်ဆိုတော့ အင်္ဂါနေ့ မနက်(၁၁း၀၀) လက်မှတ် ကြိုဝယ်ထားလိုက်သည်။

ကျိုက်ထီးရိုး နောက်ဆုံးရောက်တာ (၁၉၉၈)…လွန်ခဲ့တဲ့ဆယ်နှစ်ကျော်က ကင်ပွန်စခန်းနဲ့ အရမ်းမကွာလှလို့ထင်မိသည်။ ယိုမျိုးစုံ ရောင်းတဲ့ဆိုင်တွေ ထမင်းဆိုင်တွေ နှင့် လက်ဆောင် ပစ္စည်းဆိုင်တွေက ထုံးစံအတိုင်း အပြိုင်အဆိုင် အော်လို့ခေါ်လို့လေ။ ထမင်းစားပြီး တောင်ပေါ် လမ်းလျှောက်တက်မယ် လုပ်တော့ အိတ်တွေမနိုင်မှာစိုးပြီး အထမ်းသမားငှားဖို့ စုံစမ်းကြည့်တော့ ညနေ(၅း၃၀).. ထမင်းဆိုင်က ငှားရခက်မယ် ဆိုတော့ ကျွန်တော့်တို့နှစ်ယောက် ကိုယ့်အိတ်ကိုလွယ် တတ်ဖို့ ပြင်သည်။ ထမင်းဆိုင်နောက်က သန့်စင်ခန်းဝင်တော့ (၅၀) ..ကျိုက်ထီးရိုးရဲ့ ယဉ်ကျေးမှုလေး စလာပြီ..စတက် တက်ချင်းတော့ သိပ်မသိသာ ဟုတ်နေတာပါပဲ… ငါ မအိုသေးဘူးပေါ့။ လမ်းတလျှောက် ဆိုင်လေးတွေ ငေးရင်း တက်သွားရတာ ပျော်စရာ…တက်လာရင်းနှင့် တဖြည်းဖြည်း ၆နာရီကျော်လာတော့ မှောင်စပြုလာသည်။ ညပိုင်းက အတက်သမားသိပ်မတွေ့ရ..အဆင်းသမား တွေတော့ တွေ့တွေ့နေရသည်။ညဘက်ဆိုတော့ နောက်ရင်းပြောင်ရင်း တက်စရာ အဖော်သိပ်မတွေ့..ကောင်လေးတွေ နှစ်ဖွဲ့လောက်တွေ့သည်။ သောက်တက်ကလေးတွေလေ..သောက်လိုက် တက်လိုက်နှင့် ..နေမောင်ကော ကျွန်တော်ပါ အရက်သောက်လေ့မရှိ..နေမောင်က ဆေးလိပ်သမား..အခုလည်း မာဘိုလိုတွေ (၂)ဘူးတောင်ဝယ်လာသည်။ သူသောက်တာမြင်တော့ ကျွန်တော်လည်း ယူသောက်မိကော.. အံမယ် သူက ဆေးလိပ်သောက်ပြီး တက်ရင် အမောပြေတယ် အစ်ကိုရတဲ့။

လမ်းမှာ တောင်းတွေ ရွက်ပြီး တက်လာသည့် ဈေးသည် ကောင်မလေးနှစ်ယောက်နှင့် တောင်းတွေ ရွက်ပေးရင်ခင်သွားတော့ သူတို့ကပြောသည်။ ရှေ့က ကျားဆွဲစခန်းမှာ ကန်တော့ကန်တော့ဆို ဝင်မကန်တော့နဲ့ အတင်းအလှူခံလိမ့်မယ်လို့ ကြိုပြောသည်။ သူတို့ မှာသွားတဲ့အတိုင်း ကျွန်တော်တို့နှစ်ယောက်လည်း မကန်တော့ဘဲ ဖိနပ်ကလေးတွေ ကိုင်ပြီး နတ်နန်းထဲကဖြတ်တော့ အတင်းခေါ်သည်။ မရတော့ ဟေ့ကောင်လေးတွေ ဝင်ကန်တော့သွားကွ..ကျားဆွဲစခန်း ဘာမှတ်နေလဲ.. မင်းတို့တော့ ခက်တာပဲလို့..လှမ်းအော် ခြောက်လိုက်သေးသည်။ တကယ်ကတော့ ကျားကမဆွဲပါ သူတို့တွေက ဆွဲနေတာလေ… ခုန ဈေးသည်မလေးတွေက ထပ်မှာသွားတာရှိသေးသည်။ အစ်ကိုတို့နော် ရေမြောင်ကြီးရောက်ရင် ဝိုင်းဆွဲပါလိမ့်မယ် ..တဲ့၊ရေမြောင်ကြီးက တောင်ခြေက တက်ရင် (၂)မိုင်ခွဲမှာ..အစအဆုံးတက်ရမှာက (၇)မိုင်ခွဲ..ရေမြောင်ကြီးရောက်တော့ (၈)နာရီလောက်ရှိနေပြီ။သူတို့မဆွဲခင်တည်းက နားဖြစ်သည်။အအေးတစ်ပုလင်းကို ၅၀၀ နှင့်သောက်ဖြစ်ကြသည်။ နာရီဝက်လောက်နားပြီးတော့ ဆက်တက်ကြသည်။ မှောင်နှင့်မည်းမည်း..ဓာတ်မီးလေးတွေ ကိုယ်စီနှင့်လေ..လမ်းမှာ ယောက်ျား မိန်းမ ကလေးတွေ အရွယ်စုံ ဆိုက်စုံ အဖွဲ့နှင့် စတွေ့သည်။ သူတို့လည်းမှောင်နှင့်မည်းမည်း တက်လာသူတွေ..လမ်းတလျှောက်တက်လိုက် နားလိုက်နှင့်။ခြေလှမ်းတွေက သိပ်မသွက်တော့။ ကြုံတဲ့ကွတ်ပစ်လေးမှာ အိပ်ပြီး မနက်မှ ဆက်တက်ရင် ကောင်းမလားလို့တောင်တွေးမိသေးသည်။ ခဏနားလို့ ခုံတန်းလေးတွေပေါ် လှဲချလိုက်ရင် အရမ်းအရသာရှိလို့လေ။ ဝတ်ထားတဲ့ အနွေးထည်ကလည်း ချွေးလေးတစို့စို့။ တက်ရင်း တက်ရင်း အမှောင်ထဲမှာဆိုတော့ ဘယ်လောက်ရောက်နေပြီလည်း မမှန်းတတ်။ တဖြည်းဖြည်းနှင့် နားစရာတဲလေးတွေ တွေ့မှမဟုတ်တော့ ကျောက်တုံး မြင်လည်း လှဲချ လိုက်ရတော့သည်။ နီးလာလေလေ.. လွယ်ထားတဲ့အိတ်ကြီးက ပိုလေးလာလေ..ခြေထောက်တွေက မသယ်နိုင်လေပင်.. တက်ရင်းနှင့် နေမောင်ကလည်း ဗိုက်ဆာလာသည်။ ပါလာတဲ့ရေဘူးတွေကလည်း ကုန်ပြီဆိုတော့ သီချင်းသံကြားပြီး မီးလင်းနေသည့်ဆိုင်ကလေးကို တံခါးဖွင့်ခိုင်းရသည်။ ကောင်လေးက တံခါးဖွင့်ပေးတော့ သူ့ဆိုင်လေးထဲမှာ ခိုင်သင်းကြည် မင်္ဂလာဆောင် စုံတွဲသီချင်းလေးတွေ ကြည့်ရင်းနားကြတော့ ည(၁၀)နာရီခွဲနေပြီ..မင်းက တီဗွီ ဘာနှင့်ဖွင့်တာလဲကွ ဆိုတော့ ဘုရားက မီးယူထားတာလို့ပြောပြီး အစ်ကိုတို့ရောက်နေပြီ..နောက်ထပ် (၁၅) မိနစ်ပဲလို့ပြောသည်။ နားပြီးကျွန်တော်တို့ပြန်ထွက်လာ ဆက်တက်တော့ နောက်ထပ် မိနစ်လေးဆယ် လောက်ကြာသည်။သူတို့ (၁၅) မိနစ်ကို သတိထားနော်လို့ တစ်ယောက်ကို တစ်ယောက် နောက်ဖြစ်သည်။ ဘယ်လိုပဲမောမော အမှောင်ထဲမှာ ရွှေရောင်တွေဝင်းနေတဲ့ ဘုရားကိုဖူးလိုက်ရတော့ အမောတွေ အားလုံး ပျောက်ကုန်သည်။တကယ့်ကို အေးချမ်းသွားတာလေ..

တည်းခိုခန်းရှာတော့ ပထမတစ်ညကို တစ်သောင်းခွဲနောက်ညက နှစ်သောင်းပေးရမည်တဲ့။ပထမညက အခုပဲ (၁၁)နာရီကျော်နေပြီလေ…အခန်းလေးတွေက နှစ်ယောက်အိပ်သာရုံလေး..အထပ်တိုင်းမှာ အိမ်သာနှစ်ခန်းနှင့် ရေချိုးခန်းတစ်ခန်းပါသည်။ပစ္စည်းတွေ ထားပြီးတော့ ဘုရားကိုတက်ဖူးကြသည်။ ခရစ်စမတ် ရက်ကတော့ လူများမည်..ခရစ်စမတ်အလွန် နယူးရီးယား မတိုင်ခင်ဆိုတော့ နည်းနည်းလေး လူကျဲပြီး ဘုရားဖူးလို့ကောင်းသည်။လူများလွန်းရင် စိတ်ပျက်စရာ။ဘုရားဖူးပြီးတော့ လက်ဖက်ရည်သောက်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်က ပြန်ထလာတော့ ည(၁)နာရီ…ဒီညတော့ အိပ်လို့ကောင်းမည်။
လင်းဒီပ
၁၂.၁.၀၉

6 comments:

ညိမ်းညို said...

အပြင်မှာ ကျိုက်ထီးရိုးကို မရောက်ဖူးသေးဘူးအကိုရ
ဒီပို့စ်ထဲကနေတစ်ဆင့် စိတ်ကူးနဲ့လိုက်လည်ခဲ့တယ်ဗျာ :)

တင့်ထူးရွှေ said...

ဘုရားဖူးရင်း လိပ်ဥ မတူးခဲ့ဘူးလား အစ်ကိုဒီပ :P နောက်တာပါခင်ဗျ ကျွန်တော်လဲ ၉၈ ခုနှစ်က တစ်ခေါက်ရောက်ဖူးတယ်ဗျ :)

အိပ်မက်ရှင် said...

ကိုဒီပရေ ...

ပျော်စရာ၊ ကြည်နူးစရာကြီးဗျာ ... ကျွန်တော် ရောက်တုန်းက ၉၅ တုန်းက တော်တော်တောင် ကြာနေပြီ၊ ရေမြောင်ကြီးမှာ ၀ိုင်းဆွဲတာလည်း ကြုံဖူးတယ်၊ နောက် ရေမြောင်ကြီးမှာ ရေပါဝင်ကူးလိုက်သေးတယ် :D ကျိုက်ထီးရိုးရဲ့ အနှစ်သာရတွေက ကုသိုလ်လည်းရ၊ ဒေသန္တရဗဟုသုတလည်းရ၊ စိတ်အပန်းလည်းပြေ၊ ပျော်စရာလည်းကောင်းဗျာ ... ကိုဒီပရေးပြလိုက်တော့ အခုတောင် ပြန်ပြေးချင်စိတ်ပေါက်သွားပြီရယ် ... ။

- said...

ပျော်စရာ ခရီးသွားမှတ်တမ်း ပို့စ်လေးကို လာအားပေးပါတယ် .. ..

http://winzaw-mdy.blogspot.com

မောင်မျိုး said...

ရှက်ရှက်နဲ့ဖတ်သွားတယ်း) အစ်ကိုရေ့ ဟုတ်တယ် ကျိုက်ထိုသားတွေက အဲ့လိုပဲ အင်မတန် ငွေညှစ်တယ် အလူခံလည်း ပက်စက်တယ် ဟိဟိ အကြောင်းရင်းသိရင်တော့ သူတို့ကို နားလည်ပေးနိုင်မယ်ထင်မလားလို့ ။ အဲ့လောက် အလှူခံတာလည်း တောင်ပိတ်ချိန်ကျ သူတို့ရှုံးတယ်ဗျ ဘာကြောင့်လဲသိလား လေလံခက များနေလို့ :P

မေ့သမီး said...

အကြွေးတွေလာရှင်းတာ။ ကျောင်းပြန်တက်ရတော့ စာလာမဖတ်နိုင်လို့ အခုမှမအိပ်ခင် အပြေးအလွှားလာဖတ်တာ။ လွမ်းပါတယ်ဆိုနေမှ သူကကြွားနေတယ်။ မြန်မာပြည်ပြန်ရင် ကျိုက်ထီးရိုးတက်မယ်။ အစ်ကို့ထက်သာအောင် နှစ်ယောက်တွဲတက်လို့ရအောင်ကြိုးစားမယ်။ :D