Friday, November 11, 2011

တကိုယ်ရည်ရန်ပွဲ

လက်သီးထိုးမကောင်းတဲ့ကောင်
သဘောမကောင်းသင့်ဘူး ။

ငါတို့ တစ်ခန်းရပ်လိုက်ကြပါတယ်
ငါတို့ အဆင်ပြေမယ်ထင်ပြီး ပေါင်းစပ်ကြည့်ပြီးနောက်
ငါတို့ ဘဝတွေကို ကော့တေးစပ်သလို စပ်ကြည့်ပြီးနောက်

ရိုးသားမှုရှိရင် ကိစ္စတိုင်းဟာ ခေါင်းဝင်ကိုယ်ဆန့် ဖြစ်တယ်လို့
(အဲသလို) ငါက ရိုးအ ။

ငါက
လက်ပေါ်တက်လာတဲ့ ပုရွက်ဆိတ်ကလေးကအစ
တလေးတစားဆက်ဆံတတ်လွန်း
တစ်ဖက်သားရဲ့ အခွင့်အရေးကိုချည့်ကြည့်လွန်းတော့
ဘက်မှန်ကိုပဲကြည့်ပြီး ကားမောင်းသူလို့ ဖြစ်နေလား ။

မျက်ရည်ကို ဇာတ်လမ်းအလျောက် လိုအပ်သလောက်ပဲ
လိုအပ်တာထက်ပို ငိုမပြတတ်တတ်တဲ့ ဇာတ်ကောင်ပါ
ဇာတ်ခုံကြီးပေါ် မင်းတို့က အိုဗာအက်တင်တွေ လုပ်ပြလိုက်သမျှ
ငါ့မှာ အယောင်ယောင်အမှားမှားနဲ့
စိတ်ကူးရုပ်ရှင်တွေများလွန်းတဲ့ ခေတ်ကြီးထဲ ။

ငါက
စကားပြောမကောင်းခဲ့သူ
ပလီစိခြောက်ချက်စကားလုံးတွေကို ပက်ကျိကို ရွံသလိုမျိုး ရွံတတ်သူ
တကယ်ဆို စကားလုံးတွေမှာ ဆေးသကြားများနေခဲ့တာလည်း
အချဉ်တွေပါကွာဆိုတဲ့ စော်ကားနည်းတစ်မျိုးပေါ့ ။

မာနက ကိလေသာတစ်မျိုးမှန်း ငါသိတယ်
ငါ့မွေးရာပါရိုးသားခက်ထန်မှုအတွက်တော့
ငါက မာနနည်းနည်းကြီးတယ်
ငါက အထူအပါးနားမလည်ဘူးပဲ ဆိုပါစို့ ။

လင်းဒီပ
၁၁.၁၁.၁၁

(ဒီကဗျာလေးကတော့ ရှတတလေးပါ ။ ခရီးကလေး သွားစရာရှိတာမို့ သုံးပတ်လောက် ပျောက်နေပါဦးမယ် ။ ပြန်လာတဲ့အခါ တဂ်ထားသူများကိုလည်း တဂ်ကြွေးဆပ်ပါမယ် ။ အီးဘွတ်ခ် လုပ်မယ့်သူများကိုလည်း အချိန်မှီ စာမူပေးနိုင်အောင်လုပ်ပါမယ် ။ ကဗျာချိုချိုလေးတွေ မရေးဖြစ်တာ ကြာပြီဖြစ်နေလို့ ပြန်လာရင်တော့ ရေးပါဦးမယ် ။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ … လင်းဒီပ မေတ္တာဝေသည် ပြည်သူတွေ ကျန်းမာကြပါစေ :P)

Friday, November 4, 2011

ဗီလိန်

ခိုးစားတဲ့သစ်သီး ပိုချိုခဲ့သလား

ကျန်စစ်သားနဲ့ မဏိစန္ဒာ ဝှက်ထားတဲ့ စကားထာပဲ ။


“မင်းရဲ့အချစ်တို့ ရရှိဖို့

အလှပဆုံးသော ပန်းတစ်ပွင့် အချိုသာဆုံးစကား

နှုတ်ခမ်းပါးက အပြုံးအတုနဲ့ ငါ မုသား သုံးလိုက်”

မာရဇ္ဇရဲ့သီချင်းတစ်ပုဒ် ။


တောက်လောင်တဲ့အရာကို ရဖို့

ညစ်နွမ်းတဲ့လက်တစ်စုံ

လူဆိုးကြီး ဗိုလ်အောင်ဒင် ငိုလိုက်မိသလား ။


မိန်းမဖျက်ရင် ပြည်ပျက်သတဲ့

အလိုရမ္မက်များ ခိုင်းစေရာ

မြို့ကြီးများ ကျဆုံးစေဖို့ ။


ည ကို မီးမှိတ်လိုက်ပြီ

အမှားကို ပိပိရိရိ ကျူးလွန်ဖို့

လွန်ကျူးတတ်သောစိတ်များ တွားတက်

ခြေသံလုံသော စင်းလဲမှုများ တဖွားဖွား

(ညမွှေးပန်းကလေးရေ)

မင်းရနံ့မှာ ငါ့ရမ္မက်က အပျော်လွန်ခဲ့ပေါ့ ။


လင်းဒီပ

၀၄.၁၁.၁၁

ဆရာမောင်သာနိုးက ကျန်စစ်သားနဲ့ မဏိစန္ဒာအကြောင်းကို “ခိုးစားတဲ့သစ်သီး”ဆိုပြီး အက်ဆေးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ အဲဒီစာသားလေးကို ကြိုက်လို့ ယူသုံးထားပါတယ် ။

Monday, October 31, 2011

ရှင်သန်ခြင်းမှတ်စုတို

ဘဝက အမြင့်ကြီး

လှိုင်းစီးသလိုလား ရိုလာကိုစတာစီးသလိုလား

ဘဝက အမြင့်ကြီး

နဂို အမြင့်ကြောက်တဲ့စိတ်နဲ့ အစွန်နား သွားငေးမကြည့်ရဲဘူး

အမြင့်ရောက်လို့ ဘဝင်မမြင့်တတ်ပေမယ့် ပြုတ်ကျမှာတော့ ကြောက်တယ် ။

ဘဝက အမြင့်ကြီး

သူလည်း အမြင့်ကြီး ငါလည်းအမြင့်ကြီး

ဘဝက ရဟတ်စီးသလိုကြီး တဝှီးဝှီးနဲ့ မြင့်တက်သွားရ

ဘဝက အမြင့်ကြီး

တချို့ကိစ္စများအတွက် တဟီးဟီး (မြင်းကြီးလို ဟီလာတိုက်ပြီးပျော်)

တချို့ကိစ္စများအတွက် တဟီးဟီး(ကျက်သရေမရှိအောင် ငို)

ငယ်တုန်းတော့ ပျော်တာပေါ့ ဘဝအမြင့်ကြီးကို စီးရတာ စိတ်လှုပ်ရှားဖို့ကောင်း

ဂျင်းဘောင်းဘီ စီးကရက်လက်ကြားညှပ် ကဗျာဖတ်လို့

ချောကလက်နံ့သင်းတဲ့ နှင်းဆီခင်းများလည်း ရှိလို့

ကြီးတော့ ကြောက်တတ်လာတယ်

အလှုပ်အရှား အထိုင်အထတွေ မကောင်း

ရောက်တဲ့နေရာ ပြုတ်မကျအောင် ပေကပ်နေရ

တောက်တဲ့လို တွယ်ကပ်ထားရ

တဟီးဟီးတော့ တဟီးဟီးဖြစ်နေတုန်းပဲ ။

သိကြတဲ့အတိုင်း

နေလို့ ထိုင်လို့မရ

တခါတလေ ဘုရားလေး ပြေးရှိခိုးလိုက်

တခါတလေ ပုလင်းကလေးနဲ့ အမောဖြေလိုက်

ဒီလိုပဲ ကြောက်စိတ်ကို အာသာဖြေနေရ

မမြင်ရတဲ့တစ္ဆေများက ဘဝအခန်းအမြင့်ကြီးထဲ ခြောက်လှန့်

ဘဝက အမြင့်ကြီး။

လင်းဒီပ

၃၁.၁၀.၁၁

Sunday, October 2, 2011

ချစ်သူ့ဖတ်စာ(၁၀)


ငါ့ကို လူယဉ်ကျေးလို့ မင်းလက်ခံမယ်ဆို
ခြံစည်းရိုးအမြင့်ကြီးတွေ ထပ်မလိုပါဘူး ။

စက္ကူပန်းကလေးလို
ရနံ့တွေ ဖွက်ဖွက်ပြီး ငါ့ကို စိတ်ကောက်ချင်တုန်းလား ။

တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့
လူကူးမျဉ်းကျားရှာရမယ့် အရွယ်တွေမှ မဟုတ်တော့တာ ။

ကံကောင်းချင်တော့
မင်းနဲ့တွေ့မယ့်နေ့မှ ငါ့မျက်မှန်ကြီးလည်း ကွဲသွားတယ် ။

အခု အသည်းအားဆေးတွေ သောက်နေရတာ
ငယ်ငယ်က ခဏခဏ အသည်းကွဲခဲ့တဲ့ဒဏ်တွေလို့
မင်းကို စချင် နောက်ချင်လို့ ။

ဘုရားသွားကျောင်းတက်ဖော်ကြီးရယ်
ကိုယ့်လမ်းကိုယ်လျှောက်
ကံရှိသလောက် ဝေးခဲ့ကြဖူးတာ

ထားလိုက်ပါစို့ကွယ် ။

လင်းဒီပ

၀၂.၁၀.၁၁

Thursday, September 29, 2011

မသိခြင်းပစ်မှတ်များ

မြားတွေ
လေထဲ
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ခဲ့
မိတ်ဆွေများလည်း ထိသွားနိုင်သည် ။
ရန်သူများလည်း ထိသွားနိုင်သည်။

မမှတ်မိတော့ပါ
မြားဦးမှာ အဆိပ်လူးခဲ့သလား ။

မမှတ်မိတော့ပါ
မြားဦးမှာ မေတ္တာလူးခဲ့သလား ။

မုန်းသူများလည်း ချစ်သွားနိုင်သည် ။
ချစ်သူများလည်း မုန်းသွားနိုင်သည် ။

(မမှတ်မိတော့ပါ)
တစ်ဘဝလုံး
မြားများစွာ
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ခဲ့ဖူးပြီ ။

လင်းဒီပ
၂၉.၀၉.၁၁

Monday, September 26, 2011

မီးသေနေတဲ့နေ့များ

မပျော်ဘူးကွယ်....

မပျော်တဲ့စိတ်ကလေး

အရည်ပျော်မသွားဖို့အရေး

အားတင်းအေးခဲ....

မပျော်တဲ့စိတ်ကလေး

အရည်ပျော်မသွားဖို့အရေး

အေးခဲအားတင်း....

နေရင်းက

မပျော်ပါဘူးကွယ် ။

လင်းဒီပ

၂၆.၀၉.၁၁

Wednesday, September 21, 2011

ဖတ်မိတော့လည်းကဗျာ(၆)

တူပြီ အော်တဲ့လူနဲ့

မြေလှန်ရှာတဲ့လူနဲ့

ကမ္ဘာကြီးရဲ့ ကစားနည်းတွေက ဟိုတုန်းကအတိုင်း ။


နောက်တစ်ခါ မင်း ထပ်မရှုံးမချင်း မင်းနိုင်တယ်

နောက်တစ်ခါ ငါ ထပ်မရှုံးမချင်း ငါနိုင်တယ် ။


နိုင်တဲ့သူ အလံစိုက်

ရှုံးတဲ့သူ အံကျိတ်ကြေကွဲ

ငြိမ်းချမ်းခြင်းဆိုတာ မိုးပြေးလေးပါပဲ ။


လင်းဒီပ

၂၁.၀၉.၁၁

Tuesday, August 30, 2011

ဘာသာပြန်

ကျွန်တော်တို့ နေစဉ်ဘဝ/နေ့စဉ်ဘဝ တွေကို မြင်သလို ဘာသာပြန်ကြည့်တာကို စာရေးတာလို့ပင် ပြောရမည် ထင်ပါသည် ။ ကျွန်တော်တို့ဘဝကို လာရောက်ထိခတ်လာသမျှ အပူအအေးခံစားမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ရသည် ။ တကယ်ဆို ကျွန်တော်တို့ အားလုံးသည် လွတ်လပ်သူများ မဟုတ်ကြ ။ တစုံတရာထက် မကသော ချည်နှောင်မှုတွေ ရက်ဖောက်ပြီး တတိတိစားနေတဲ့ အချိန်နာရီတွေကြားမှာ ဘဝဆိုတဲ့ ပညတ်တစ်ခုစီကို ပိုင်ဆိုင်ထားရသည် ။ မလွတ်လပ်သူများဆိုသော စကားကို အနည်းငယ် ပြောလိုပါသည် ။ ကျွန်တော်တို့ ဘဝကို ရကတည်းက မသိသာစွာပင် ရှင်သန်ချင်စိတ် ရှင်သန်ခြင်း၏ချည်နှောင်မှု ခံခဲ့ရသည် ။

ထိုထိုဤဤဖြတ်သန်းကြီးပြင်းရင်း ချစ်သူ ခင်သူများ၏ အမုန်းကို မခံယူရဲသောစိတ် ၊ ပိုင်ဆိုင်ချင်သော သက်ရှိသက်မဲ့များကို အဆုံးရှုံး မခံရဲသောစိတ် ၊ သေခြင်းကို ရင်မဆိုင်ချင်သေးသောစိတ် စသည်တို့ဖြင့် နေထိုင်ခဲ့ကြသည် ။ ထိုသို့သော ချည်နှောင်မှုများ မလွတ်လပ်မှုများကြောင့်ပင် အမှားများ မရိုးသားမှုများကိုလည်း ကြံခဲ့ ပြောခဲ့ ပြုခဲ့ မိကြသည် ။ တစ်နေ့တာလုံး ဖြောင့်မှတ်စွာ ဖြတ်သန်းမိပါရဲ့လား မုသားကင်းကင်း နေထိုင်ခဲ့ပါရဲ့လားဟု စမ်းစစ်မိသောအခါ မဖြူသော အပြုအမူများအတွက် ဝမ်းနည်းမိသည် ။ လူနဲ့အင်္ကျီသီချင်းလေးကို အဖန်ဖန် ညည်းမိသည် ။ မလွတ်လပ်ခြင်းတွေကြောင့်ပဲ ထပ်ပြန်တလဲလဲ မှားယွင်းကာ သမုဒယ နှောင်ကြိုးများကြားမှာ သံသရာကို အခါခါ လည်မိစေခဲ့သည်ပင် ။ လွတ်လပ်လာသောတစ်နေ့တွင် ဖြူသောစကား ဆိုမိပေမည် ။

မဖြူသောဘဝ မဖြူစင်သူများ အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့ ပျော်ရွှင်ဝမ်းနည်းကြရင်း စိတ်များစီးဆင်းရာကို ဘာသာပြန်ခြင်းအမှုအဖြစ် ကျွန်တော်စာရေးခဲ့သည် ။ ကျွန်တော့်စာများသည် ကျွန်တော့်ဘဝရောင်စုံနေ့စွဲ့များ ခံစားမှုများကို တစ်ခုသော အတိုင်းအတာထိ ထင်ဟပ်မိပေမည် ။ ကျွန်တော့်ပျော်ရွှင်မှု ကျွန်တော့်ဝမ်းနည်းမှု ကျွန်တော့်ကောင်းမှု ကျွန်တော့်ဆိုးမှု များကို ချရေးစရာ စာမျက်နှာလေးတစ်ခုအဖြစ် ဘလောဂ့်လေးကို ကျွန်တော်ချစ်ခင်ခဲ့သည် ။ ကျွန်တော့်မရိုးသားမှုများကို ရိုးသားစွာ ဝန်ခံချင်စိတ်ရှိသောအခါ ဝန်ခံပြီး တခါတလေတော့လည်း ထိန်ဝှက်စွာ(လှပစွာ) စာပန်းချီ ရေးခြယ်မိသည် ။

အခုနောက်ပိုင်း ရိုးသားမှု လွတ်လပ်မှုအကြောင်းကို အရင်ထက် ပိုတွေးမိသည် ။ ဘာလုပ်လုပ် ရိုးသားကြကွာလို့ ပြောကြသူများကိုယ်တိုင် ရာနှုန်းပြည့် ရိုးသားဖြူစင်ဖို့ မလွယ်ကူကြောင်း တွေးမိသောအခါ လူအဖြစ်၏ အားနည်းချက်ကို ကျွန်တော် သတိချပ်မိသည် ။ မမြင်နိုင်သော ချည်နှောင်မှုတွေ ကြားမှာ ကျွန်တော်တို့က ကြိုးဆွဲရာ ။ စွန်လွတ်သောအခါ စွန်ကလေးကို ချည်နှောင်ထားသော(ဆိုင်းကြိုး) ကြိုးတစ်ချောင်းသာ ရှိသည် ။ ထိုကြိုးကလေး ပြတ်လျှက် လေထဲ ဝဲလွင့်သွားသော စွန်ကလေး လွတ်မြောက်သွားခဲ့ပြီ ။ ကျွန်တော်တို့ကတော့ စွန်ကလေးတစ်ကောင်ထက် ဆိုင်းကြိုးတွေ ပိုများခဲ့သည် ။ ထိုဆိုင်းကြိုးများနှင့်….လောကဓံရှစ်ပါး ကိုယ်လေးလက်ဝန်နှင့် ။ ထိုသို့ ဖြတ်သန်းရင်း ဘဝနေ့ရက်များ ထွက်ပေါက်တစ်ခုအဖြစ် ထုံဆေးကောင်းကောင်းလေးတစ်မျိုး ၊ လေရှုရှိုက်စရာ ပြတင်းတံခါးလေးတစ်ခုအဖြစ် စာရေးခြင်းအမှု ကျွန်တော်မက်မောခဲ့ပေသည် ။

ကျွန်တော်ငယ်ငယ်က ဒိုင်ယာရီထဲမှာ စာရေးသည် ။ နောက်တော့ ကဗျာစာအုပ်ကလေးတွေမှာ ရေးသည် ။ အခုလို အင်တာနက်ခေတ်ရောက်လာတော့ အွန်လိုင်းပေါ်မှာ စာရေးဖြစ်တော့သည် ။ ဆိုရလျှင် အခုပြတင်းပေါက်က ပိုကျယ်သည် ။ ကျွန်တော့်ပြတင်းပေါက်မှ ကျွန်တော်က မိတ်ဆွေများကို မြင်ရသလို ကျွန်တော့်ကိုလည်း မိတ်ဆွေများက မြင်ရသည် ။ အခုဆိုလျှင် ကျွန်တော့်ဘလောဂ့်လေးပင် သုံးနှစ်ပြည့်တော့မည် ။ စိတ်အမောများကို ဖြည်ချရင်း တဖက်အမောများကို မျှဝေခံစားရင်း ခေတ်ကြီးထဲ ကိုယ်စီးဆင်းမိသလို စီကုံးထားသော စာမျက်နှာလေးတစ်ခု သုံးနှစ်ရှိခဲ့ပြီ ။ ကျွန်တော့်ဘလောဂ့်လေးကို အချိန်ပေးဖတ်ရှုကြသော သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို အမှန်ပင် ကျေးဇူးတင်မိပါသည် ။

တကယ်တော့ မြစ်တစ်စင်း၏ စီးဆင်းမှုမျိုးမျှသာ ဖြစ်ပါသည် ။ ကျွန်တော်က ချိုသောသစ်သီးများကို ယူလာခဲ့သလို အမှိုက်သရိုက်များကို သယ်ဆောင်ခဲ့မိပေလိမ့်မည် ။ အမှိုက်ဖြစ်ခဲ့လျှင် တောင်းပန်လိုပြီး ချိုသောသစ်သီးများအဖြစ် စာချစ်သူများ ချိုမြိန်စေသောအခါ ကျွန်တော် တကယ်ပျော်ရွှင်မိကြောင်းတော့ ပြောလိုပါသည် ။ ဒီဘက်နှစ်မှာ ကျွန်တော် စာရေးအားလျော့လာသည် ။ မြစ်တစ်စင်း ရေစီးနှေးလာသည်ပဲ ဆိုပါတော့ ။ ဆက်လက်တော့ စီးဆင်းနေဦးမည်ဟု စီးဆင်းခွင့်ပြုပါလို့လည်း ကျွန်တော်ပြောလိုပါသည် ။ တတ်နိုင်သရွေ့ ချိုသောသစ်သီးများသာ ယူဆောင်ခဲ့လိုပြီး အမှိုက်များပါလာခဲ့လျှင်တော့ မြစ်တစ်စင်းက တောင်းပန်လိုပါသည် ။

မပျော်ရွှင်စရာတွေထဲမှာ ပျော်ရွှင်အောင်နေတတ်ဖို့ မတည်ငြိမ်စရာတွေထဲမှာ တည်ငြိမ်အောင်နေတတ်ဖို့ ဘဝကို ကျွန်တော်တို့တွေ ရရှိခဲ့တာလို့ပဲ နားလည်လက်ခံမိပါသည် ။ နှောင်ကြိုးများကို အတတ်နိုင်ဆုံး တွေ့မြင်ဖြေလျော့ရင်း လွတ်လပ်သော ဘဝကိုယ်စီ ပိုင်ဆိုင်ဖို့ ရိုးသားမှုများကို လေးမြတ်ရင်း ဘလော့ဒေးအမှတ်တရအဖြစ် ကျွန်တော်ရေးလိုက်ပါသည် ။

(ကိုအောင်(ပျူနိုင်ငံ)တဂ်ထားတဲ့ ဘလောဂ့်ဒေးအမှတ်တရ ပိုစ့်ပါ ။ ကိုအောင် ကျေနပ်မယ်လို့ ထင်ပါတယ် ခင်ဗျား :) )

လင်းဒီပ

၃၀.၀၈.၁၁

Sunday, August 14, 2011

ဘဝလည်ပြန်

တစ်ခါတည်း တစ်ခါတည်းနဲ့
အခါခါလွဲခဲ့ပေါ့ …

ပုဂ္ဂိုလ်ခင်လို့ မင်ခဲ့တဲ့တရားများ
မမြင်ဖူးလို့ ထင်ခဲ့တဲ့မူးမြစ်များ
အငှားခန္ဓာမှာ အစွဲမစဲ
အဝိဇ္ဇာရေခဲမြစ်ထဲ ဘဝက ထုံကျင်အေးခဲ ။

မင်းကို မှားနေတယ် ပြောရအောင် ငါကလည်း မမှန်ဘူး ။
ဒီလမ်း မဟုတ်ဘူး ငြင်းရအောင် ဘယ်လမ်းမှန်း ငါလည်း မသိဘူး ။

ပုံရိပ်ယောင်တွေ
ကဗျာတစ်ပုဒ်ထင်ရင်း ရွတ်ကြည့်လိုက်
ပုံရိပ်ယောင်တွေ
ဟာသတစ်ခုထင်ရင်း ရယ်မောလိုက်

ပုံရိပ်ယောင်တွေ
ဒေါသထွက်စရာတစ်ခုထင်ရင်း ပေါက်ကွဲလိုက်
ပုံရိပ်ယောင်တွေ
သနားစရာတစ်ခုထင်ရင်း စာနာလိုက်

ငါစားနေတဲ့အသီးက သေခြင်းတရားနဲ့ နီးတယ် ။
ငါနေတဲ့မြို့က ငရဲကြီးရှစ်ထပ်နဲ့ နီးတယ် ။
ငါချစ်နေတဲ့ မိန်းမက…
ငါသွားနေတဲ့ခရီးက …
ငါမှားနေတဲ့အမှားက…

စွန့်လွှတ်လို့ မရသေးတော့ စွန်လွှတ်နေရတယ် ။
ပြတ်သားလို့ မဖြစ်နိုင်သေးတော့လည်း ပြန်မှားနေရတော့တာပဲ ။

လင်းဒီပ
၁၄.၀၈.၁၁

Thursday, August 11, 2011

လမ်းခွဲတေး(၂)

သံယောဇဉ်ကိုင်းဖျားကိုင်းနား

အမှား ခိုနားမိခဲ့တဲ့

မလိမ်မိုးမလိမ်မာငှက်ကလေး ။


“မလိုအပ်ဘဲ စကားတွေ အများကြီး ပြောခဲ့မိတာ

မလိုအပ်ဘဲ ဆေးထိုးသလိုပဲ”

ရင်မခုန်ကြေး ဆိုတဲ့

နားလည်မှုစာချွန်လွှာလေး အခါခါ စုတ်ဖြဲခဲ့မိ ။


အငြင်းဝါကျတွေက

တစ်ချက်တည်း ကျင်းဝင်နေကျမို့

ဘာမှ ထပ်မပြောချင်တော့ ။


ပျော်မယ် မဟုတ်လား…

မလွမ်းတတ်သူများ ကြီးစိုးရာမှာ

မတောင်းဘဲ ပေးခဲ့တာတွေနဲ့

တောင်းပြီး မပေးခဲ့တာတွေအတွက်

ကျေးဇူးတင်ပါတယ် ။


လင်းဒီပ

၁၁.၀၈.၁၁


“လမ်းခွဲတေး”ဆိုတဲ့ ကဗျာလေးကို ဒီမှာ ရေးခဲ့ဖူးပါတယ် ။

အကင်းမသေသေးတဲ့ ခံစားချက်တွေအတွက် ဒါလေး ထပ်ရေးပါတယ် ။

Sunday, July 31, 2011

လူပျော်လေးချစ်သူ

(က)

ဒီမြို့လေးကို ရောက်တော့မှ ကျွန်တော်သိထားတာထက် ကမ္ဘာရဲ့ လည်နှုန်းက ပို မြန်နေတဲ့အကြောင်း မေမေ့ကို ဖုန်းထဲမှာ ပြောမိတော့ မဟုတ်ဘူးသားရဲ့ မင်းရောက်နေတဲ့ မြို့လေးက မေမေတို့မြို့မှာထက် ကမ္ဘာရဲ့လည်နှုန်းက ပိုမြန်တာ ။ တကယ်လို့ နောက်ထပ်မြို့ကြီးတစ်ခုကို မင်းရောက်သွားတဲ့အခါ အဲဒိမြို့လေးမှာထက် ပိုမြန်တဲ့ လည်နှုန်းတစ်ခုကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့ မေမေက ပြန်ဖြေတယ် ။ ဆက်ပြီးတော့ … သား ကမ္ဘာရဲ့လည်နှုန်းကို သတိထားမိဖို့ထက် ကိုယ့်စိတ်ရဲ့ အရွေ့အသွားကို သတိချပ်နေဖို့က ပို အရေးကြီးတယ်နော် လို့ ဖုန်းထဲကနေ တခုတ်တရ မှာပါတယ် ။

(ခ)

မနေ့ညက ဖြူနဲ့ ဖုန်းပြောတော့ ကိုအလုပ်အကိုင် အဆင်မပြေဘူးလို့ ဟိုတစ်ခါ ပြောတာနဲ့ မမကြီးကို ပြောမိတယ် ။ မမကြီးက သူ့သူငယ်ချင်းတွေရှိတဲ့ နောက် တစ်နိုင်ငံကို ထပ်ကူးမလားလို့ မေးတယ် ။ ကို ဘယ်လို သဘောရလဲ ။ ကြိုးစားကြည့်ချင်လား ။ ကျွန်တော်လည်း အံသြသွားပါရဲ့ ။ တချိန်လုံး သူနဲ့အတူတူ ပြန်နေဖို့ချည့် နားပူနားဆာလုပ်နေတဲ့ ဖြူ့ပါးစပ်က စကားအဆန်းတွေ ကြားရလို့ပါ ။

မကူးချင်ပါဘူး ဖြူရဲ့ ။ ထပ်ကူးရင် ဖြူနဲ့ ပိုဝေးသွားမှာပေါ့ ။ အခုအတိုင်းက လေယာဉ်တစ်ဆင့်ပဲ စီးရတယ်လေ ။ ကိုက ဖြူနဲ့ အဝေးကြီးမှာ မနေချင်ဘူး ။ နီးနီးလေးမှာလည်း မနေချင်ဘူး ။ နားငြီးလို့ ။

ကျွန်တော့်ကို ပြောလို့မရတဲ့ ဖြူကတော့ ထုံးစံအတိုင်း ရယ်လို့ပေါ့ ။ ပြီးမှ ထပ်ပြောတယ် ။

ကိုက ဖြူကို ရည်းစားထားတာလား ။ insurance ထားတာလား တဲ့ ။

ဘာလို့လဲ ။

ဟုတ်တယ်လေ ။ ကို ဘဝမှာ တချိန်ကျ အထီးမကျန်အောင် မိန်းကလေးတစ်ယောက်တော့ ရှိသေးတယ် ဆိုပြီး လုပ်ထားတာ မဟုတ်လား ။ တကယ်တမ်းကျတော့ ကို့ ဘဝ၊ ကို့အချိန်အတော်များများကို သူငယ်ချင်းတွေ အလုပ်တွေ နောက် ကိုဝါသနာပါတာတွေ ကို့ဘဝတိုးတက်ဖို့ ဆက်လုပ်ရမှာတွေ အတွက်ပဲ သုံးနေတာ မဟုတ်လား ။

ခပ်တုံးတုံး ကောင်မလေးတစ်ယောက်လို့ နားလည်ထားတဲ့ ချစ်သူဆီက စကားအဆန်းတွေ ကြားလိုက်ရတော့ အတော်လန့်သွားတယ် ။ တကယ်ပဲ သူ့ကို insurance ထားသလို တွဲနေမိပြီလား ။

တခါတလေဆို ဖြူ.. ကို့ချစ်သူ မဖြစ်ချင်ဘူး ။ ကို့သူငယ်ချင်းတစ်ယောက်ယောက်ပဲ ဖြစ်ချင်တယ် ။ ကိုသူ့ငယ်ချင်းတစ်ယောက်ယောက်က လှမ်းခေါ်လိုက်တာနဲ့ ဖြူနဲ့ အွန်လိုင်းမှာ ချိန်းထားလည်း မစောင့်တော့ဘူး ။ ကို လစ်ပြီ ။ သူငယ်ချင်းတွေနဲ့ သာ သွားနေ စားနေ သောက်နေရမယ် ဆို ဘယ်လောက် အချိန်တွေ ကုန်ကုန် ။

အာ… သူငယ်ချင်းတွေက ဖြူလို ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ မရှိပါဘူး ။ ကျွန်တော် ပြန်ငြင်း ကြည့်သေးတယ် ။

ကို မှတ်မိလား ။ ဖြူလာလည်တုန်းကလည်း ကို့အရင်အလုပ်က သူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်မှာ ချက်ပြုတ်စားသောက်ပြီး ဖြူတစ်ခုမှ မသိတဲ့ engineering အကြောင်းတွေ ငြင်းကြခုန်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရယ်ကြနဲ့လေ ။ ဖြူမှာတော့ ငုတ်တုပ် ။ ဟာ … ဖြူသူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ မုန့်သွားစားတော့လည်း ကိုမသိတဲ့လူတွေနဲ့ လိုက်ထိုင် ဝင်ရော ဒီလိုပဲ ရင်းနှီးသွားတာပဲဟာ ။ ဖြူကိုက လူမှုရေးညံ့တာ ။

ကဲ…ထားတော့ဖြူ ။ အခုကော ဘာလို့ ကို့ကို ပြန်လာဖို့ မတိုက်တွန်းဘဲ ပိုဝေးတဲ့ နေရာဆီ သွားခိုင်းနေတာလဲ ။ ရန်ကုန်မှာ နောက်တစ်ယောက် တွေ့နေပြီလား ။

တော်ပါပြီ ။ ကို့တစ်ယောက်နဲ့တင် အတော်လန့်နေပြီ ။

ကိုက လူဆိုး မဟုတ်ပါဘူး ။ မကောင်းတာပဲ ရှိတာ ။

ဟုတ်တယ်လေ ကိုလုပ်တဲ့ မကောင်းတာတွေက ထုတ်ပြလို့ မရတဲ့ ဟာတွေ ။ ကိုက လူလည် … အပြစ်ရှာမရအောင် လုပ်ထားတယ် ။

ဒီတစ်ပတ်ကော အိမ်မှာ နေမှာလား ။

နေမှာပေါ့ ဘယ်မှ မသွားဘူး ။

ပြောတာပဲ ။ pfingo နဲ့ခေါ်လိုက်ရင် လမ်းပေါ်က ပြန်မလာသေးဘူး ။

အဲလောက်ဖြစ်နေလည်း ကိုနဲ့ လာနေပါလား ။ ရွှေပြည်ကြီးကို အတော်ချစ်တာပဲလား ။

တော်ပါ လာနေဖို့ မဖြစ်တဲ့လူကို အတင်းခေါ်နေ ။ ကို့ဘာသာ ပျော်သလောက်သာနေ ။ ပျော်တာတွေသာ လျှောက်လုပ် ။

မေမေကို သွားတိုင်မနေနဲ့ဦး ။

မတိုင်ပါဘူး တိုင်လည်း ရှင့်အမေက ရယ်နေတာ ။ သူ့သား ဘာမှ ပြောတာ မဟုတ်ဘူး ။

ချစ်တာကိုး ကလေးမရဲ့ ။

နောက်တော့လည်း ဖုန်းချသွားပါတယ် ။ မဟုတ်ပါဘူး ဖုန်းကျသွားတာပါ ။ ဖုန်းကဒ် ကုန်သွားလို့ ။စကားကတော့ ဖုန်းကဒ် ဆယ်ကဒ်ပေါင်း ဆက်တောင် ကုန်မှာ မဟုတ်ပါဘူး ။

(ဂ)

ဖြူနဲ့ ဖုန်းပြောပြီးမှ ပြီးခဲ့တဲ့အခေါက် ရန်ကုန်ပြန်တဲ့နေ့က အဖြစ်လေးကို အမှတ်ရပါတယ် ။ လေယာဉ်ပေါ်မှာ မတွေ့တာ အတော်ကြာတဲ့ သူငယ်ချင်းအင်ဂျင်နီယာမတစ်ယောက်နဲ့ မထင်မှတ်ဘဲ flight တစ်ခုတည်းတွေ့ပြီး တလမ်းလုံး စကားများလာပါတယ် ။ ရန်ကုန် ရောက် luggage ရွေးတဲ့ နေရာမှာ သူ့ luggage က အတော်နဲ့ ထွက်မလာတာ ကူစောင့်ပေးနေ စကားတွေ ပြောနေ ရယ်နေတာကို လာကြိုတဲ့ ဖြူက အပြင်ကနေ အစအဆုံး မြင်ပေရဲ့ ။ တလမ်းလုံး စကားမပြောဘဲ အိမ်ကျတော့ မေမေ့ကို သွားတိုင်တော့ မေမေက ပါးစပ်ပါတော့လည်း စကားပြောမှာပေါ့ သမီးရယ် ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ အဲဒီကတည်းက တိုင်လည်း သိပ်မထူးဘူးဆိုတာ ဖြူသိသွားပုံရတယ် ။

မေမေကတော့ ကိစ္စအထွေအထူးမဟုတ်ရင် ဘာမှ ပြောလေ့မရှိဘူး ။ ဖေဖေကလည်း ငယ်ငယ်က နောက်နောက်ပြောင်ပြောင်နေတတ်ပေမယ့် အသက်ကြီးတော့ အေးအေးဆေးဆေး ပဲ ။ ကျွန်တော်ကတော့ အခုထိ ပျော်ပျော်နေတတ်တုန်း ဆိုတော့ ဖြူမှာ ကျွန်တော့် မကျေနပ်ရင် ဘယ်တိုင်လို့ တိုင်ရမှန်းမသိ။ တကယ်ဆို ကျွန်တော်လည်း ဖြူကို ချစ်ပါတယ် ။ ဆရာမဂျူးစကား ငှားသုံးရရင် အချစ်ဆိုတာ ကြိုးနဲ့ သီထားဖို့မလိုတဲ့ ပန်းကလေးတွေလို့ ကျွန်တော်က မြင်တယ် ။ မသီဘဲထားတာ နည်းနည်း များနေပြီလားတော့ မသိဘူး ။

တခါတလေတော့ အဲဒီ insurance လေးကို တအားလွမ်းတယ်ဗျ ။ ဒါပေမယ့်လည်း ကမ္ဘာကြီး အလည်မရပ်သရွေ့ သူ့လည်ပတ်နှုန်းကို စဉ်းစားရင်း ကျွန်တော်ကလည်း တယ် အလုပ်များသကိုး ။

လင်းဒီပ

၁၅.၁၀.၁၀

Wednesday, July 27, 2011

ပိန်ခြောက်ခြောက်ပေါင်မုန့်များ

တစ်နှစ်တစ်ခါ လစာကို ထုံဆေးထိုးသလို ငါးကျပ်တစ်ဆယ် တိုးပေးတဲ့ ဘောစ့်နဲ့

အရိုးမှာကပ်နေတဲ့ အသားဖတ်လေးကို ငတ်မွတ်တွယ်ကပ်ရင်း

ကိုယ့်မှာ အချိုရည်မကုန်သေးသရွေ့ ကြံရည်စက်လို လုပ်ငန်းစုကြီးတွေထဲ

စိတ်ရောကိုယ်ရော ထိုးထည်ြ့ကိတ်လိုက်

ကျေးဇူးတင်ပါတယ် ဆိုတာ တယ်လီဖုန်းအချမှာ Sign Out လုပ်တဲ့စကားတခွန်း

လစာနည်းပေမယ့် အတွေ့အကြုံရတယ် ဆိုရအောင်

မင်းအတွေ့အကြုံစုနေတာ ဒီအရွယ်ထိ မပြီးသေးဘူးလား

ငါးအကြီးကြီးတွေက ငါးအသေးလေးတွေကို စားပေါ့

နိုင်ငံဝဝကြီးတွေက နိုင်ငံပိန်ပိန်လေးတွေကို စားပေါ့

လုပ်ငန်းစုကြီးတွေက လုပ်ငန်းစုလေးတွေကို စားပေါ့

ဂလိုဘယ်လိုက် ၊ တံခါးဖွင့်စီးပွားရေး ၊ ဒီမိုကရေစီ ၊ ဗဟိုချုပ်ကိုင်မှု လျော့ချဖို့ စတာတွေ စတာတွေ

ကွန်ပျူတာ မသုံးတတ်လို့ ကွန်ပျူတာကို မုန်းသလို

သိမ်ငယ်စိတ်က အမုန်းကို အလေ့ကျ အပင်ပေါက်အောင်လုပ်တယ် ။

ငါ့မြို့ငါ့ရွာက ငါ့နှမလေးရယ် ဆက်ဆက်တောင်းရမ်းယူမယ့်အကြောင်း

သားမှတ်မှတ် မယားမှတ်မှတ် အဝေးကနေ ပေါင်းသင်းနေမယ့်အကြောင်း

လည်ပြန်ငေးကြည့်လိုက်တော့လည်း သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုးမှာ အရိုးပြိုင်းပြိုင်း

အတုမြင်သမျှ လိုက်သင်ရင်း အစစ် ပျောက်ဆုံးသွားသူများကို အထိတ်တလန့်

ငရဲပြည်ရောက်သွားမှ နိဗ္ဗာန်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ မေးမိ

အဆင်ပြေလားဆိုတဲ့မေးခွန်းက ဘယ်တော့မှ စာမေးပွဲ မအောင်ဘူး ။

အမြင်ကြီး မြင့်နေတဲ့တိုက်ထဲမှာ အနိမ့်ကြီးနိမ့်ကျတဲ့ စိတ်နဲ့

အတွေးတွေက ဆီလို အပေါက်ရှာပြီး စီးကျလို့

ကိုယ့်ဘဝကိုယ် မိန်းချပြီးမှ ဘယ်သူ့ပယောဂနဲ့မှ ထပ်မမှောင်တော့ ။

ဖြစ်ပါတယ်

လှိုင်းစီးရင်း ပျော်တတ်သူများ လှိုင်းစီးရင်းပျော်ပါစေ

ရေနွေးအိုးထဲက ဖားကလေးတွေလိုပဲ

တို့တွေက မေ့လွယ်ပျောက်လွယ်နဲ့ ကစားခုန်စား မပျက်ဘူး

ကျက်ကျက်ဆူမယ့် အပူချိန်ဆိုတာ မနက်ဖြန်ရောက်လာမှာမှ မဟုတ်သေးတာ

ကျားကြီးတော့ ခြေရာကြီး အသက်ကြီးတော့ အမှားကြီးတယ် ။

လင်းဒီပ

၂၇.၀၇.၁၁

Sunday, July 24, 2011

ဗုံး

ငါ့ သိပ်သည်းဆနဲ့ ငါ ပြင်းထန်နေခဲ့တာ မဟုတ်လား ။

မတန်တဆ တန်ရာတန်ကြေးမက ချနင်းခံခဲ့ရတာတွေ များတော့

သိမ်းဆည်း သိုဝှက်နိုင်သလို တုန့်ပြန်ပေါက်ကွဲနိုင်စွမ်းတွေ…။


(မင်း) ထိတ်ထိတ်ပြာပြာ ဖြစ်စရာမလို

(မင်း) အပြစ်မရှိ ။

အရာများစွာ ပျက်စီးစေခဲ့တယ်ဆိုလည်း

ငါ့ကိုငါ တာဝန်မယူတတ်တဲ့ ငါ့ပေါက်ကွဲမှုကြောင့်ပေါ့ ။


မင်းကတော့

လက်ဆော့ခြေဆော့ ကလေးတစ်ယောက်

စနက်တံကို အမှားမှားအယွင်းယွင်း ဆွဲဖြုတ်လိုက်မိသူ ။

လင်းဒီပ

၂၄.၀၇.၁၁

Friday, July 22, 2011

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ ဖျားချင်နေတယ် ။

ငါ့နဖူး ငါစမ်းကြည့်လိုက်တော့ နည်းနည်းနွေးနေတယ် ။

ငါ ဖျားလိုက်ဦးမယ် ။

ငါ ဖျားတဲ့အကြောင်း မေမေ့ကို ပြောရမယ် ။

မေမေက အကြောင်းအရာ ခွင့်တိုင်ကြားခြင်း စတာတွေ ရေးပြီး

ငါ့သူငယ်ချင်း ထွန်းထွန်းကတဆင့် ဆရာမဆီ ခွင့်တိုင်ပေးလိမ့်မယ် ။

ဖေဖေက သူဖော်ထားတဲ့ တိုင်းရင်းဆေးတွေ တိုက်လိမ့်မယ် ။

ဆေးခန်းလည်း သွားစရာမလို ။

ဆေးထိုးပြီးလည်း မျက်နှာကြီး ရှုံ့မဲ့နေစရာ မလို ။

မေမေက ငါ့အတွက် ကြက်သားနဲ့ မြူစွမ်ပြုတ်ပေးလိမ့်မယ် ။

အနွေးထည် တစ်ထည်လည်း ဝတ်ထားရလိမ့်ဦးမယ် ။

ကော်ဖီပူပူတစ်ခွက်နဲ့ ဖေဖေ့ တိုင်းရင်းဆေးခါးခါးတွေ ငါသောက်ရလိမ့်မယ် ။

ရွှေသွေး တေဇ မိုးသောက်ပန်းအဟောင်းတွေ ပြန်ဖတ်ရင်း အိပ်ရာထဲမှာ ဇိမ်ကျနေလိမ့်မယ် ။

မေမေကလည်း မကြာခဏ ငါ့နဖူးကို လာစမ်းမှာပဲ ။

ဖေဖေကလည်း သူ့ဆေးခါးခါးကြီးတွေ လေးနာရီခြားတစ်ခါလောက် တိုက်လိမ့်ဦးမယ်။

အခန်းထဲမှာ ပျင်းလာလို့ အိမ်ရှေ့ပြတင်းပေါက်နား ထွက်ရပ်ရင်

လေစိမ်းတိုက်မခံနဲ့ ဆိုပြီး ဖွားဖွားက အော်လိမ့်ဦးမယ် ။

ကျောင်းတစ်ရက် မသွားရတာနဲ့စာရင် အခန်းထဲမှာ ခွေနေရတာ တန်ပါတယ်။

ညနေစောင်း ကျောင်းကပြန်လာတဲ့ ငါ့သူငယ်ချင်းတွေ

လမ်းထဲ ဘောလုံးကန်ကြတဲ့အခါ ငါလည်း ကန်ချင်တာပေါ့ ။

ဖွားဖွားကို တစ်ချက်လှမ်းကြည့် သားနေကောင်းသွားပြီလို့ ပြော

ခွင့်ပြုချက်ရရင် ငါလည်း ဂိုးတွေ အများကြီး သွင်းဦးမှာပေါ့ ။

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ ဖျားဖို့ မေ့နေတာ ဘယ်လောက်ကြာပြီလဲ ။

ငါ မဖျားတာ…

ငါ မဖျားတာ…

ငါ မဖျားတာ အနှစ်နှစ်ဆယ် ကျော်သွားပြီ ။

လင်းဒီပ

၂၂.၀၇.၁၁

Thursday, July 14, 2011

နတ်စိမ်းစကား

(၁)

နေ့များ

ဆေးလိပ်တစ်လိပ်သောက်ဖို့ အသက်ပြည့်အောင် စောင့်ရ

ဆန္ဒမဲတစ်ခု ထည့်ဖို့ အသက်ပြည့်အောင် စောင့်ရ

အမှားတွေတစ်ခုပြီး တစ်ခု လဲဝတ်ဖို့ အသက်ပြည့်အောင် စောင့်ရ

ကိလေသာစောင်ထူထူကြီးတွေခြုံဖို့ အသက်ပြည့်အောင် စောင့်ရ

အကုသိုလ်တွေ မနိုင်မနင်း သယ်နိုင်ဖို့ အသက်ပြည့်အောင် စောင့်ရ

မွေးကတည်းက

ကိုယ့်ကိုရပ်စောင့်နေတဲ့ သေခြင်းတရားကို

မတွေ့သလို နေထိုင်ရင်းနဲ့…။


(၂)

အခန်း

တစ်ယောက် ဝင်လာပြန်တယ်

ဟိုတစ်ယောက် ထွက်သွားတော့ ။

ငါလည်း

သစ်ပင်ကြီးအောက်မှာ စောင့်နေ

အလှည့်ကို ရောက်ဖို့ ။


(၃)

ဇာတ်

အင်္ကျီတွေလဲကြ

နာမည်တွေ ပြောင်းကြ

ပညတ်တွေ အမျိုးမျိုး ဝတ်ကြ

အကုသိုလ်တွေ

ဆေး

ချွတ်

မရတော့လည်း

စိတ်ဖြေ ။


(၄)

ကျေးကျွန်

နွေဆိုးကြီးထဲ

နေ,မထိဘူး

အလွမ်းဒီးဒီးကျတယ် ။


(၅)

ဥစ္စာရူး

ညီမလေးကို

ခိုးယူသွားတဲ့ စက္ကန့်တံလေး ဘယ်ဆီမှာ…။

ကျွန်တော်က

လက်တံအရှည်ကြီးကို ဟီးလေးခိုရင်း လိုက်ရှာ…။

ကံကြမ္မာပတ်ထားတဲ့

သံသရာလက်ပတ်နာရီကြီးပေါ်မှာ…။


(၆)

သိုးမ

ရန်သူဖြစ်ဖြစ်

မိတ်ဆွေဖြစ်ဖြစ်

အနီးကပ်ပေါင်းကြည့်ဖို့ လိုတယ် ။

သူ့လက်ထဲ ဓားကိုင်မထားတာကိုက

မသင်္ကာစရာကောင်းနေပြီ။

လက်ထဲက ဝိုင်ခွက်ကို မြှောက်လိုက်

ဟက်ဟက်ပက်ပက် ရယ်မောလိုက်

စားပွဲအောက်က သေနတ်နဲ့ ချိန်ထားခဲ့လား

ရန်သူမိတ်ဆွေ မပီပြင်တဲ့အပြုံးထဲ

ကြည်လင်တဲ့အဓိပ္ပာယ် ရှာဖို့ ခက်နေတုန်း ။

ကိုယ်က ခပ်တုံးတုံး မီးအိမ်ကြီးလေ

ရန်သူမိတ်ဆွေ ပညတ်အလွဲတွေ ကပ်ရင်း

လောကဓံရောင်စဉ်ရှစ်သွယ်ထဲ

သိုးမဲလိုပဲ နေထိုင်မိပါတယ် ။


လင်းဒီပ

၁၄.၀၇.၁၁

Tuesday, July 12, 2011

ဆန်းဒေးအလွမ်း

နွေလို့ ဝန်မခံဘဲ ရာသီဥတုက ခွင့်ပြုအပူချိန်ထက် ပိုနေတယ် ။

Alarm နာရီလေး အသံဝင်နေတော့ နေရောင်ခြည်က မျက်နှာပေါ်ထိ တက်လာတယ် ။


ဘဝနဲ့ဆတ်ဆတ် ခံစားပေးလို့ အရောင်လက်လာတဲ့ ဒဏ်ရာလေးများပေါ် ယောင်ယမ်းပွတ်သပ်

လုပ်နိုင်တာထက် ပိုလုပ်ခဲ့လို့ ရှုပ်သင့်တာထက် ပိုရှုပ်ထွေးခဲ့သမျှ

နောက်ဆံတင်းတတ်လွန်းလို့ စွန်ကလေးလို ဆန့်ငင်ဆန့်ငင်ဖြစ်ခဲ့ရသမျှ

ကြည်လင်လာတဲ့စိတ်က ခရုခွံလေးတစ်ခွက်စာ မောဟစိတ်တွေက ပင်လယ်အကြီးကြီး ။


ချစ်ခြင်းက အတ္တမှတ်ကျောက်တင်မခံတာ မျက်နှာငယ်လေးနဲ့ သနားစဖွယ်

နောက်တခါ ထပ်မသွားတော့ဘူးဆိုတဲ့ ကတိစကားတွေက ကွဲရှနေတဲ့မှန်ချပ်တွေမှာ

ပေနေတဲ့စိတ်ကို မသတီတိုင်း ခဏခဏ ရေထ ချိုးနေရ

လမ်းကို ကန့်လန့်ဖြတ်ကူးတဲ့ ကြိုးလို တစ်ဘဝလုံး (ငါက) အနေအထိုင် မတတ်လို့ ထောင့်မကျိုးလို့ ။


နှလုံးသားရှိတဲ့အခါ သားသတ်သမားက ပန်းတွေစိုက်ပျိုးနိုင်မလား

လယ်စောင့်တဲကလေးတွေကတော့ မိုးထဲရေထဲ စိတ်အေးလက်အေး

ပြဿနာတစ်ခုမှာ လက်ညှိုးတွေ မလိုအပ်ဘူး ဖြေရှင်းနည်းကို ခေါင်းချင်းဆက် စဉ်းစား

လုပ်ပါဦး နောက်တစ်ခွက် ဒီမှာ ရေစိုနေတဲ့ ထင်းတုံးကြီးလို ယုံကြည်ခြင်းတွေက မီးမစွဲဘူး ။


တကယ်ဆို ငါက ပြေးလမ်းပေါ်ရောက်မှ တက်မရတဲ့ လေယာဉ်ကြီးပေါ့

အမှောင်နဲ့ လက်လွန်ခြေလွန် နေထိုင်ခဲ့သမျှ လိမ်မာချင်စိတ်ကလေး အိမ်ပြန်နောက်ကျနေတုန်း ။


လင်းဒီပ

၁၂.၀၇.၁၁

(အောက်ခြေမှတ်စု။ ။ကိုယ့်ဘဝကို ကိုယ်ပြန်လွမ်းရတာ ကိုယ့်နေ့တွေကို ကိုယ်ပြန်လွမ်းရတာ ရှုပ်ထွေးနေတဲ့ စိတ်ထဲ ကြည်လင်နေတဲ့အတွေးတွေကို ပြန်လွမ်းရတာ…..အဲသလို အားအားလပ်လပ်ရှိတဲ့နေ့မျိုးမှာ ထိုးထိုးထောင်ထောင် ထလာတဲ့ အလွမ်းတွေမို့ ဆန်းဒေးအလွမ်းလို့ပဲ ကျွန်တော်က ပြောမယ် ။)

Friday, July 8, 2011

စစ်ချက်

ရိုးသားခြင်းက

ခဏခဏကြိုးပြေလွယ်တဲ့ ဖိနပ်ကလေး ။


လမ်းရှိလို့ဖိနပ်ရှိတာလား

ဖိနပ်ရှိလို့ လမ်းဟာ ရပ်စောင့်နေခဲ့တာလား

လှေကားကြီးက အရပ်မြင့်လွန်းတယ် ။


မချစ်ဘဲ အောင့်ခါနမ်းခဲ့ရသမျှ

အမှန်တကယ်နမ်းရှိုက်မိတဲ့အခါ

အချစ်ပါရဲ့လား သံသယတွေ တဒိန်းဒိန်း ။


ကံတရားနဲ့ ကျေးဇူးခံကျေးဇူးစား မရှိချင်လို့

ထီလက်မှတ်များကိုလည်း ငြင်းပယ်ခဲ့တယ်။


စိမ့်ကြီးမြိုင်ကြီး ခိုးခစ်ရယ်သံ

မှော်ဆန်သောညများ

ရမ္မက်အလူးလူးနဲ့ နေထိုင်ခဲ့ဖူးပြီ ။


အနုပညာပင်ကျရည်စစ်စစ်ကလေးတွေနဲ့

ဘဝကို သူလို ငါလို မြည်းစမ်းကြည့်ဖူးပြီ ။


မှဲ့တစ်ပေါက်မက စွန်းခဲ့ပြီးတဲ့ တောလမ်းကလေးမို့

လင်းချင်သလိုလင်းနေတဲ့ နာတာရှည်ကြယ်ကလေးများနဲ့ ဒွေးရောယှက်တင်

ဘဝကို ပျော်တယ် ထင်ခဲ့တယ် ။


လင်းဒီပ

၀၅.၀၇.၁၁


Monday, June 27, 2011

မြူရယ်နှင်းရယ် မသဲကွဲ

တခါတလေကျတော့ ဆုံးရှုံးခြင်းက ကိုယ့်ဆီ တည့်တည့်ရောက်လာတာကိုပင် လူသည် မသိသလို ဖြစ်နေတတ်သည် ။ အထူးသဖြင့် သူ့လို အကင်းမပါးသူမှာ ပိုဆိုးသည် ။ ပြီးဆုံးသွားပြီဆိုသော ကိစ္စများသည် ရုပ်ရှင်ဇာတ်ကားတွေမှာလို သဲသဲကွဲကွဲ ရှိဖို့ ကောင်းပါသည် ။ ပြီးဆုံးမှန်းမသိ ပြီးဆုံးသွားသော ရုပ်ရှင်ဇာတ်ကားများလည်း ရှိပါသည် ။ သီချင်းတစ်ပုဒ်ဆိုလျှင်တော့ fade out နှင့် ပြီးသွားတာ ဖြစ်ပါလိမ့်မည် ။ တမ်းတခြင်းက အာမခံချက်မရှိသော မိုးသားတွေလို အချိန်နာရီမရွေး ရွာချလိုက်ဖို့အသင့် ။

နာရီကို ယောင်ရမ်းကြည့်မိပြန်သည် ။ လာမကြိုပါနဲ့လို့ မပြောတော့သော်လည်း သိပ်မလိုအပ်တော့သလို အပြုအမူများကို တုံးအလွန်းသော သူ မြင်သာအောင် ကြိုးစားအားထုတ်ပြခဲ့တာ တွေ့ခဲ့ပြီပဲ ဖြစ်သည် ။ ပြာဖြစ်သွားတဲ့စီးကရက်လို ဘယ်လိုလုပ်ပြီး ပြန်ဆက်လို့ ရတော့မှာလဲ ။ လူက လုပ်နေကျ ကိစ္စတွေမှာ နေသားကျနေတတ်သည် ။ ညနေစောင်းဆို သူ့အလုပ်က အရင်ဆင်းပြီး ခိုင့်အလုပ်က တစ်နာရီလောက်နောက်ကျနေကျမို့ သွားစောင့်နေကျဖြစ်သည် ။ ပြီးတော့ နှစ်ယောက်အတူတူ ညစာကို တစ်နေရာရာမှာ စားဖြစ်သည် ။ စကားနည်းသောသူ့မှာ ခိုင် တစ်နေ့တာလုံး ရုံးမှာဖြစ်ပျက်ခဲ့သမျှတွေကို ညစာစားနေရင်း နားထောင်ရသည်က ပျော်စရာ ။ နောက်တော့ သူမနှင့်အတူတူ မြေအောက်ရထားစီးပြီး ပြန်လာနေကျဖြစ်သည် ။ သူမနေသည့်နေရာက သူနေသည့် နေရာ မရောက်ခင် လေးဘူတာလောက် စောသည် ။ သောကြာလို ညမျိုးဆို ခိုင်ဆင်းရမည့် နေရာမှာ လိုက်ဆင်းပြီး ခိုင်နေရာအခန်းလေးထိ သူလိုက်ပို့ပေးဖြစ်သည် ။ ခိုင်က ရုံးထဲမှာ အလုပ်လုပ်ရသူမို့ထင်သည် ။ ထိုသို့သော ညနေချိန်များထိ သင်းပျံ့ပျံ့ ကိုယ်ရနံ့လေးများ ထိန်းသိမ်းထားနိုင်သည်။

ဂျာမနီကနေ မဟာဘွဲ့ယူထားတဲ့မြန်မာတစ်ယောက် ခိုင်တို့ကုမ္ပဏီမှာ ရောက်နေတယ် ဆိုတုန်းကလည်း အမှုမဲ့ အမှတ်မဲ့ပါပဲ ။ နောက်ပိုင်း ညစာစားဖြစ်ချိန်တွေမှာ ထို ဂျာမနီက ပြန်လာတဲ့တစ်ယောက်အကြောင်းက တစ်ခုမဟုတ်တစ်ခု ပတ်သက်ပြီး ပါလာတတ်သည် ။ တခါတရံသဘောထားသေးသိမ်ချင်လျှက်နှင့် သဘောထားကြီးပြရတာ သိပ်တော့ မလွယ်ကူ ။ ဒီအတိုင်းလေးနေနေတုန်း ဘာမှ မပြင်ဆင်ရသေးချိန် တတိယလူက ရောက်လာနေခဲ့ပြီ ။ ခင်ပြီးရင် ချစ်လို့ မရတော့ဘူးဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရွတ်နောက်နောက်စကားလေးကို ကျိန်စာတစ်ခုလို အထိတ်တလန့် ကြားနေမိပြန်သည် ။ သူငယ်ချင်းလည်းဖြစ် မိန်းကလေးတစ်ယောက် အထင်ကြီးအောင် ဟန်ကြီးပန်ကြီးလည်း မနေတတ် အထင်ကြီးစရာလည်း ကိုယ့်ကိုယ်ကို လှည့်ပတ်ကြည့်ရင်တောင် ဘာမှ ရှာလို့ မတွေ့နိုင်သောသူ့မှာ မိန်းကလေးအချစ်ဆိုတာ အထင်ကြီးလေးစားမှုပေါ်မှာလည်း တည်သေးတယ်ဆိုတဲ့ အစွဲတစ်ခုကြောင့် ပွဲမစခင်ကတည်းက ရှုံးနှင့်ပြီးသား ဖြစ်နေသည် ။

တကယ်တမ်းတော့ သူနှင့်ခိုင်က ထိရုံကလေး ထိနေပြီး စေးကပ်နှောင်ဖွဲ့မှု ရှိမနေခဲ့ ။ နှောင်ဖွဲ့မထားတတ်ခဲ့ ။ နှောင်ဖွဲ့တယ်ဆိုတာလည်း အတတ်ပညာလေးနည်းနည်းပါးပါးတော့ လိုဦးမှာပဲ ။ မထိုက်တန်သူဟာ လက်ခုပ်တီးရင်း ကျေနပ်နိုင်ဖို့…. ဖတ်ဖူးတဲ့ကဗျာလေးက ခေါင်းထဲ ဝင်လာပြန်သေးသည် ။ ညနေက နုပျိုနေတုန်း ။ ဘူတာရုံလေးထဲမှာ လူတွေ ရှုပ်ထွေးနေသည် ။ ခိုင်တို့ကော အိမ်ပြန်သွားကြပြီလား ။ အံသေနေသော အပ်ကြောင်းထပ် လမ်းကလေးအတိုင်း ပြန်လာခဲ့မိသည် ။ အခုနောက်ပိုင်း ခိုင်ဆီက sms တွေ ဖုန်းတွေ မဝင်တာ ကြာပြီလို့ တွေးနေတုန်း လာမယ့် စနေနေ့ ရှမ်းခေါက်ဆွဲ လုပ်စားမလို့ လာခဲ့ဦး ဆိုသည့် sms လေးဝင်လာသည် ။ ခိုင့်မိတ်ဆွေ အသစ်ကလေးလည်း ရောက်နေနိုင်ပါသည် ။ ကျွန်တော့်နဲ့ခိုင်က ကျောင်းတုန်းတည်းက သူငယ်ချင်းတွေလေ လို့ ပေါ့ပေါ့ပါးပါးလေး ရယ်ရင်း ပြောဖြစ်လိမ့်ဦးမည်ဟု သူ ထင်ပါသည် ။

လင်းဒီပ

၂၇.၀၆.၁၁

Tuesday, June 21, 2011

ရေခြားမြေခြား

တပ်မက်စိတ်ကြောင့် ပူလောင်ရတယ်အစား

အချစ်ကြောင့် လွမ်းဆွေးရတယ် ဆိုတော့

စကားလုံး ပိုလှသွားတယ် ။


သူ့အိပ်ရာထဲ သူအိပ်နေတဲ့ မိန်းကလေးကို

အဝေးကြီးကနေ မနက်စောစော လှမ်းနှိုးရတာ

ပျော်စရာကောင်းတဲ့ ကစားနည်းပေါ့

မြည်တွန်သံလေးက တစ်နေ့တာ ခွန်အားဖြစ်တယ် ။


အသက်ကလေးရလာတော့

လူကြားသူကြား ထင်ထင်ပေါ်ပေါ် မလွမ်းရဲလို့

ကြိုကြားကြိုကြား

သိုသိုဝှက်ဝှက်ကလေး လွမ်းရတာ

အလွမ်းကို ခွက်ပုန်းခုတ်နေရသလိုပဲ ။


လင်းဒီပ

၂၁.၀၆.၁၁

Wednesday, June 15, 2011

ခွဲခွာချိန်

ဖြစ်ပြီးရင် ပျက်တယ်
အဲသလို မှတ်နေတုန်းမှာ
နောက်ထပ် ထပ်မဖြစ်တော့တာ...

အနီးဆုံးမှာပေမယ့် မမြင်မိကြဘူး
သူ့စကားကို ပိတ်နေတဲ့နားတွေနဲ့
မကြားနိုင်ကြဘူး ။


ဖြစ်ပါတယ်
ဘဝကို စိမ်းလိုက် နီလိုက် invisible လုပ်လိုက်
ငြင်းလိုက် ခုန်လိုက် အော်ဟစ်လိုက် ရန်ဖြစ်လိုက်
မူးလိုက် လဲလိုက် သောက်စားလိုက် ပျော်ပါးလိုက်
သော့ခတ်လိုက် ဖွင့်လှစ်လိုက် လှမ်းခေါ်လိုက် ထားခဲ့လိုက်

မပြေးတဲ့သူကတော့ တွေ့သွားပြီ
ပြေးတဲ့လူလည်း တွေ့မှာပါပဲ ။

ဟောသမှာ
ရန်ကုန်စာတိုက်က ပို့လိုက်တဲ့ ငွေတစ်ရာ
မန္တလေးရောက်သွားပါပြီ ။

လင်းဒီပ
၁၅.၀၆.၁၁

Friday, June 10, 2011

သုံးဆယ့်တစ်မီးကြွင်းမီးကျန်များ

ကြိုက်တာတွေ တူဖို့ ကြိုးစားကြည့်ပြီးနောက်

မကြိုက်တာတွေ တူတာလည်း သိပြီးတဲ့နောက်


အခါးဆုံး ရိုးသားကြပြီးနောက်

အချိုဆုံး မာယာများကြပြီးနောက်

အမှောင်မှာ ရဲရင့်နက်ရှိုင်းကြပြီးနောက်

အလင်းမှာ ကိုယ်ဖော့ကူးခတ်ကြရုံ ။


မလို

ရန်သူ့မြင်းခွာသံများ အထိတ်တလန့် နားစွင့်နေဖို့ မလို

မိတ်ဆွေလက်ခုပ်သံများ ထပ်တိုးလာဖို့ မလို

မာခြင်းအဆင့် ဘယ်လောက် ထပ်စစ်ဖို့ မလို

အနမ်းတွေကို ငရဲမီးနဲ့ စားကြည့်ဖို့ ထပ်မလို


မလို

စာရွက်ပေါ်ကလက်မှတ် သက်သေခံလက်စွပ်များ မလို

အထိမ်းအမှတ်နေ့များ အလိုရမ္မက်သင်္ကေတများ ထပ် မလို

ဘယ်လောက်ချစ်တဲ့အကြောင်း နာရီနှိုးစက်လို အချိန်မှန် မြည်ပြနေဖို့ မလို

ဘယ်လောက်လွမ်းတဲ့အကြောင်း သီချင်းတစ်ပုဒ်လို ကီးမှန်မှန်နဲ့ ချွဲပြနေဖို့ မလို…


မင်းမျက်ရည်မြစ်ရေတွေ စီးဝင်ဖို့

ငါ့မေတ္တာ သမုဒ္ဒရာလို ကျယ်ပြန့်မိတဲ့နောက်

လောကဓံလူကြမ်းမင်းသားတွေကို

ကမ်းနားသစ်ပင်တွေလို လှောင်ရယ်နိုင်တဲ့နောက် ။


ကြိုက်တာတွေ တူဖို့ ကြိုးစားကြည့်ပြီးနောက်

မကြိုက်တာတွေ တူတာလည်း သိပြီးတဲ့နောက်

အချစ်ဟာ စာလုံးပေါင်း မမှားတော့

အချစ်ဟာ အသံထွက် မမှားတော့ ။


ဒါ

စေးကပ်တဲ့ အမှန်တရားပေါ့…

ကိလေသာစိတ်တွေက (ဘယ်တော့မှ) ပျဉ်ဖိုးနားမလည်ခဲ့ဘူး ။

လင်းဒီပ

၁၀.၀၆.၁၁