Tuesday, August 30, 2011

ဘာသာပြန်

ကျွန်တော်တို့ နေစဉ်ဘဝ/နေ့စဉ်ဘဝ တွေကို မြင်သလို ဘာသာပြန်ကြည့်တာကို စာရေးတာလို့ပင် ပြောရမည် ထင်ပါသည် ။ ကျွန်တော်တို့ဘဝကို လာရောက်ထိခတ်လာသမျှ အပူအအေးခံစားမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ရသည် ။ တကယ်ဆို ကျွန်တော်တို့ အားလုံးသည် လွတ်လပ်သူများ မဟုတ်ကြ ။ တစုံတရာထက် မကသော ချည်နှောင်မှုတွေ ရက်ဖောက်ပြီး တတိတိစားနေတဲ့ အချိန်နာရီတွေကြားမှာ ဘဝဆိုတဲ့ ပညတ်တစ်ခုစီကို ပိုင်ဆိုင်ထားရသည် ။ မလွတ်လပ်သူများဆိုသော စကားကို အနည်းငယ် ပြောလိုပါသည် ။ ကျွန်တော်တို့ ဘဝကို ရကတည်းက မသိသာစွာပင် ရှင်သန်ချင်စိတ် ရှင်သန်ခြင်း၏ချည်နှောင်မှု ခံခဲ့ရသည် ။

ထိုထိုဤဤဖြတ်သန်းကြီးပြင်းရင်း ချစ်သူ ခင်သူများ၏ အမုန်းကို မခံယူရဲသောစိတ် ၊ ပိုင်ဆိုင်ချင်သော သက်ရှိသက်မဲ့များကို အဆုံးရှုံး မခံရဲသောစိတ် ၊ သေခြင်းကို ရင်မဆိုင်ချင်သေးသောစိတ် စသည်တို့ဖြင့် နေထိုင်ခဲ့ကြသည် ။ ထိုသို့သော ချည်နှောင်မှုများ မလွတ်လပ်မှုများကြောင့်ပင် အမှားများ မရိုးသားမှုများကိုလည်း ကြံခဲ့ ပြောခဲ့ ပြုခဲ့ မိကြသည် ။ တစ်နေ့တာလုံး ဖြောင့်မှတ်စွာ ဖြတ်သန်းမိပါရဲ့လား မုသားကင်းကင်း နေထိုင်ခဲ့ပါရဲ့လားဟု စမ်းစစ်မိသောအခါ မဖြူသော အပြုအမူများအတွက် ဝမ်းနည်းမိသည် ။ လူနဲ့အင်္ကျီသီချင်းလေးကို အဖန်ဖန် ညည်းမိသည် ။ မလွတ်လပ်ခြင်းတွေကြောင့်ပဲ ထပ်ပြန်တလဲလဲ မှားယွင်းကာ သမုဒယ နှောင်ကြိုးများကြားမှာ သံသရာကို အခါခါ လည်မိစေခဲ့သည်ပင် ။ လွတ်လပ်လာသောတစ်နေ့တွင် ဖြူသောစကား ဆိုမိပေမည် ။

မဖြူသောဘဝ မဖြူစင်သူများ အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့ ပျော်ရွှင်ဝမ်းနည်းကြရင်း စိတ်များစီးဆင်းရာကို ဘာသာပြန်ခြင်းအမှုအဖြစ် ကျွန်တော်စာရေးခဲ့သည် ။ ကျွန်တော့်စာများသည် ကျွန်တော့်ဘဝရောင်စုံနေ့စွဲ့များ ခံစားမှုများကို တစ်ခုသော အတိုင်းအတာထိ ထင်ဟပ်မိပေမည် ။ ကျွန်တော့်ပျော်ရွှင်မှု ကျွန်တော့်ဝမ်းနည်းမှု ကျွန်တော့်ကောင်းမှု ကျွန်တော့်ဆိုးမှု များကို ချရေးစရာ စာမျက်နှာလေးတစ်ခုအဖြစ် ဘလောဂ့်လေးကို ကျွန်တော်ချစ်ခင်ခဲ့သည် ။ ကျွန်တော့်မရိုးသားမှုများကို ရိုးသားစွာ ဝန်ခံချင်စိတ်ရှိသောအခါ ဝန်ခံပြီး တခါတလေတော့လည်း ထိန်ဝှက်စွာ(လှပစွာ) စာပန်းချီ ရေးခြယ်မိသည် ။

အခုနောက်ပိုင်း ရိုးသားမှု လွတ်လပ်မှုအကြောင်းကို အရင်ထက် ပိုတွေးမိသည် ။ ဘာလုပ်လုပ် ရိုးသားကြကွာလို့ ပြောကြသူများကိုယ်တိုင် ရာနှုန်းပြည့် ရိုးသားဖြူစင်ဖို့ မလွယ်ကူကြောင်း တွေးမိသောအခါ လူအဖြစ်၏ အားနည်းချက်ကို ကျွန်တော် သတိချပ်မိသည် ။ မမြင်နိုင်သော ချည်နှောင်မှုတွေ ကြားမှာ ကျွန်တော်တို့က ကြိုးဆွဲရာ ။ စွန်လွတ်သောအခါ စွန်ကလေးကို ချည်နှောင်ထားသော(ဆိုင်းကြိုး) ကြိုးတစ်ချောင်းသာ ရှိသည် ။ ထိုကြိုးကလေး ပြတ်လျှက် လေထဲ ဝဲလွင့်သွားသော စွန်ကလေး လွတ်မြောက်သွားခဲ့ပြီ ။ ကျွန်တော်တို့ကတော့ စွန်ကလေးတစ်ကောင်ထက် ဆိုင်းကြိုးတွေ ပိုများခဲ့သည် ။ ထိုဆိုင်းကြိုးများနှင့်….လောကဓံရှစ်ပါး ကိုယ်လေးလက်ဝန်နှင့် ။ ထိုသို့ ဖြတ်သန်းရင်း ဘဝနေ့ရက်များ ထွက်ပေါက်တစ်ခုအဖြစ် ထုံဆေးကောင်းကောင်းလေးတစ်မျိုး ၊ လေရှုရှိုက်စရာ ပြတင်းတံခါးလေးတစ်ခုအဖြစ် စာရေးခြင်းအမှု ကျွန်တော်မက်မောခဲ့ပေသည် ။

ကျွန်တော်ငယ်ငယ်က ဒိုင်ယာရီထဲမှာ စာရေးသည် ။ နောက်တော့ ကဗျာစာအုပ်ကလေးတွေမှာ ရေးသည် ။ အခုလို အင်တာနက်ခေတ်ရောက်လာတော့ အွန်လိုင်းပေါ်မှာ စာရေးဖြစ်တော့သည် ။ ဆိုရလျှင် အခုပြတင်းပေါက်က ပိုကျယ်သည် ။ ကျွန်တော့်ပြတင်းပေါက်မှ ကျွန်တော်က မိတ်ဆွေများကို မြင်ရသလို ကျွန်တော့်ကိုလည်း မိတ်ဆွေများက မြင်ရသည် ။ အခုဆိုလျှင် ကျွန်တော့်ဘလောဂ့်လေးပင် သုံးနှစ်ပြည့်တော့မည် ။ စိတ်အမောများကို ဖြည်ချရင်း တဖက်အမောများကို မျှဝေခံစားရင်း ခေတ်ကြီးထဲ ကိုယ်စီးဆင်းမိသလို စီကုံးထားသော စာမျက်နှာလေးတစ်ခု သုံးနှစ်ရှိခဲ့ပြီ ။ ကျွန်တော့်ဘလောဂ့်လေးကို အချိန်ပေးဖတ်ရှုကြသော သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို အမှန်ပင် ကျေးဇူးတင်မိပါသည် ။

တကယ်တော့ မြစ်တစ်စင်း၏ စီးဆင်းမှုမျိုးမျှသာ ဖြစ်ပါသည် ။ ကျွန်တော်က ချိုသောသစ်သီးများကို ယူလာခဲ့သလို အမှိုက်သရိုက်များကို သယ်ဆောင်ခဲ့မိပေလိမ့်မည် ။ အမှိုက်ဖြစ်ခဲ့လျှင် တောင်းပန်လိုပြီး ချိုသောသစ်သီးများအဖြစ် စာချစ်သူများ ချိုမြိန်စေသောအခါ ကျွန်တော် တကယ်ပျော်ရွှင်မိကြောင်းတော့ ပြောလိုပါသည် ။ ဒီဘက်နှစ်မှာ ကျွန်တော် စာရေးအားလျော့လာသည် ။ မြစ်တစ်စင်း ရေစီးနှေးလာသည်ပဲ ဆိုပါတော့ ။ ဆက်လက်တော့ စီးဆင်းနေဦးမည်ဟု စီးဆင်းခွင့်ပြုပါလို့လည်း ကျွန်တော်ပြောလိုပါသည် ။ တတ်နိုင်သရွေ့ ချိုသောသစ်သီးများသာ ယူဆောင်ခဲ့လိုပြီး အမှိုက်များပါလာခဲ့လျှင်တော့ မြစ်တစ်စင်းက တောင်းပန်လိုပါသည် ။

မပျော်ရွှင်စရာတွေထဲမှာ ပျော်ရွှင်အောင်နေတတ်ဖို့ မတည်ငြိမ်စရာတွေထဲမှာ တည်ငြိမ်အောင်နေတတ်ဖို့ ဘဝကို ကျွန်တော်တို့တွေ ရရှိခဲ့တာလို့ပဲ နားလည်လက်ခံမိပါသည် ။ နှောင်ကြိုးများကို အတတ်နိုင်ဆုံး တွေ့မြင်ဖြေလျော့ရင်း လွတ်လပ်သော ဘဝကိုယ်စီ ပိုင်ဆိုင်ဖို့ ရိုးသားမှုများကို လေးမြတ်ရင်း ဘလော့ဒေးအမှတ်တရအဖြစ် ကျွန်တော်ရေးလိုက်ပါသည် ။

(ကိုအောင်(ပျူနိုင်ငံ)တဂ်ထားတဲ့ ဘလောဂ့်ဒေးအမှတ်တရ ပိုစ့်ပါ ။ ကိုအောင် ကျေနပ်မယ်လို့ ထင်ပါတယ် ခင်ဗျား :) )

လင်းဒီပ

၃၀.၀၈.၁၁

5 comments:

မယ်ကိုး said...

ရင်ထဲက ခံစားချက်တွေကို ဘာသာပြန်ကာ ဖွဲ့သီနိုင်သူတွေကို အားကျမိပါတယ်။
နေရောင်သာတဲ့ ပြတင်းပေါက်ကလေး အမြဲလင်းဖြာပါစေး)

ကိုအောင်(ပျူနိုင်ငံ) said...

ချိုတဲ့ သစ်သီးတွေလည်း ယူလာခဲ့ပါ၊ တခါက လင်းဒီပ ကျိုက်ထီးရိုး ဘုရားသွားဖူးတုန်းက ၀ယ်စားခဲ့တဲ့ ဖရဲသီးစိတ်လေးတွေလည်း ယူလာခဲ့အုံးနော်၊ ဖွဲ့သီနိုင်မှုတွေကြောင့် အသီးအားလုံး ချိုမှာပါ၊ တက်ဂ်ပို့စ်ကို ရေးပေးလို့ ကျေးဇူးပါ ညီလေးရေ ...

မေသိမ့်သိမ့်ကျော် said...

ဘလော့ဒေးအတွက် ပို့စ်ကောင်းလေးဖတ်ရလို့ကျေးဇူးပါ။ ဘာရေးရမှန်းစဉ်းစားမရတော့ သူများရေးတာ အရင် လိုက်အားပေးလိုက်ဦးမယ်။း)

ခင်တဲ့

မောင်မျိုး said...

ုငြုပ်သီးတောင့်တွေယူခဲ့ပါတယ်း) အဲ့တာလည်း သစ်သီးပဲ ကြိုက်ကြိုက်မကြိုက်ကြိုက်စားပါ ။

Zephyr said...

ဒီဘက်နှစ်မှာ ကျွန်တော် စာရေးအားလျော့လာသည် ။ မြစ်တစ်စင်း ရေစီးနှေးလာသည်ပဲ ဆိုပါတော့ ။

(ဇရာကြောင့်ဖြစ်မယ် ငါ့ရှင်။)။

၁၈၁၈ ကဒ်တစ်ရာနဲ့ပြောစရာတွေရှိနေတဲ့အခါတော့ အစ်ကိုကြီးဟာ ဆူနာမီဖြစ်နေတဲ့ပင်လယ်ကြီးပေါ့။

(ဒီနေရာမှာ ဇရာကို သမုဒယနဲ့ကျားကန်ထားပုံရတယ်။)