Thursday, November 26, 2009

မေတ္တာစာ

သူ့ဘာသာ ရှင်သန်နေတဲ့အရာတွေကို

ကိုယ့်အတ္တ

နာမည်တပ်လိုမှု သက်သက်အတွက်

မသေဆုံးစေချင်ပါဘူး။


အိမ်ရှေ့က ရွက်လှပင်ကလေးမှ မဟုတ်ပါဘူး

တကယ်တော့ အနုပညာဟာလည်း သက်ရှိပဲ။

အချစ် အမုန်း အာဃာတ

မမြင်ရတဲ့ စိတ္တဇနာမ်တွေကလည်း သက်ရှိပါပဲ ။


ကျွန်တော့်လက်ဆိပ်တက်ပြီး

ကဗျာလေးတစ်ပုဒ်တောင် မသေဆုံးစေချင်ဘူး ။

သူ့ဝိညာဉ်မှာ

ကျွန်တော့်ကို မုန်းတဲ့အမုန်းတွေ ကပ်ပါမသွားစေချင်လို့ပါ ။


အခုတလော

ကျွန်တော်ဟာ တွေးသင့်တာထက် ပိုတွေးမိလို့

မလိုလားအပ်ဘဲ စကားတွေလည်း ဆွံ့အနေခဲ့ပါတယ်..။

အထက်ကဆိုခဲ့သလို ကိုယ့်အတ္တကိုယ် အလို မလိုက်ချင်လို့ပါ ။


ကျွန်တော်ပါးစပ်က စကားတစ်ခွန်းဟာ

သေနတ်မောင်းခလုတ်ကို ဆွဲလိုက်သလို

တစ်စုံတစ်ယောက် စိတ်နှလုံးကို ချိန်ရွယ် ပစ်ခတ်မိမှာစိုးလို့

ထိန်းထားရင်းနဲ့….

ကျွန်တော်ဟာ တဖက်ရဲ့ ရှင်သန်ခြင်းကို မသတ်ချင်သလို

ကိုယ့် ရှင်သန်ခြင်းကို သတ်မိသူများ ဖြစ်နေပြီလား ။


ကျွန်တော်အတွက်နဲ့

တစ်လှေလုံး မပုပ်အောင် အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့ပါတယ်။

ရွက်လှပင်လေးက အစ

ကဗျာကလေးတွေအလယ်

မိတ်ဆွေတို့အထိ

တစ်စုံတရာ ထိခိုက်ခဲ့တယ်ဆို ခွင့်လွှတ်ပေးဖို့

ကျွန်တော့်ဖက်ကလည်း

ခွင့်လွှတ်ပေးဖို့ အသင့်ရှိတဲ့အကြောင်း

မေတ္တာတရားကို စာလုံးပေါင်း မှန်အောင် ရေးလိုက်ပါတယ် ။

လင်းဒီပ

၂၅.၁၁.၀၉

Sunday, November 1, 2009

ဖြောင့်ချက်

အမှတ်တမဲ့လေး ညည်းမိရင်း

ပါးစပ်ဖျားက လွှတ်ချ မရတော့တဲ့ သီချင်းလေးလို…

မျက်စိကလေး အညောင်းပြေ ငေးမိရင်း

အကြည့်တွေ ပြန်ခွာ မရတော့တဲ့ ရှုခင်းတစ်ခုလို…


နှလုံးသွေးကြောထဲ

မင်း စိမ့်ဝင်လာခဲ့ပုံ

တကယ့်ကို

ဖြည်းဖြည်းလေး

ဆင်မယဉ်သာ ခြေလှမ်းကလေး

အခုတော့

မင်းမေတ္တာရနံ့ဟာ ငါ့အသက်ဓာတ် ဖြစ်ခဲ့ရ..။


အချစ်ဆိုတာ တခါတလေ

ချစ်တယ်လို့ ပေါ့ပေါ့လေး ပြောမိပြီးမှ

အမှန်တကယ် ချစ်သွား

လက်လွတ်ဆုံးရှုံးမှာ ပြန်ကြောက်ရတဲ့ ဝဋ်လည်ခြင်းတစ်မျိုး …။


အချစ်ဆိုတာ တခါတလေ

ကိုယ့်ကို

ကိုယ့်လို

ပြန်လိမ်ညာသွားလေမလားလို့

တထိတ်ထိတ်

ဥစ္စာခြောက်စေတဲ့ အခန်းဆက်အိပ်မက်ဆိုး..။


(ညီမလေးရေ)

ဒီကောင်တော့

မင်းကို ချစ်မိခြင်းမှာ

လက်လွန်ခြေလွန်

နှလုံးသားတစ်ခုလုံး သွေးလွန်

တစ်ဘဝလုံး ကျွံဝင်သွားခဲ့ပေါ့ကွယ်။

လင်းဒီပ

၁.၁၁.၀၉