Thursday, April 30, 2009

နတ်သမီးဖတ်စာ

စိတ်မှာရေးထားတဲ့ ကဗျာလေး ဆိုတော့
ဘယ်သူမှ ပေးမဖတ်ဖြစ်ခဲ့ဘူး ။

အပျော်တမ်း
တောပန်းခူး ထွက်လာတဲ့ မင်းသမီးလေးကို
တောမုဆိုးလေး စိတ်ကူးယဉ်မိသလို…
အမှတ်မဲ့
ဖြတ်ဆင်းကျီစယ်တဲ့ လရောင်လေးကြောင့်
အလေ့ကျကန်စွန်းခင်းလေး ဘဝမေ့သွားသလို…

သိပါတယ်
လမ်းဘေး အုတ်ခုံလေးမို့
နှင်းဆီရဲ့ပင့်သက်လေးတောင်
ခိုးယူပေါင်းသင်းခွင့် မရှိဘူးဆိုတာ။

သခင်မလေးရယ်
သင့်ရဲ့ဆောင်းရာသီ ရှုမျှော်ခင်းလေးမှာ
နှင်းလို
မြူလို
ဝိုးတဝါးနှင့်
ရိုးသားစွာ အမှုတော်ထမ်းခွင့်ပြုပါ။
လင်းဒီပ
(တံခါး(၁) ကဗျာစု , Oct 2001)

Tuesday, April 28, 2009

ဆောင်းရစ်သမ်

ဆောင်းလို့ဆိုသာရုံလေး
ဂီတလို့ ဆိုသာရုံလေး
လေညင်းလို့လည်း ဆိုသာရုံလေး

မနက်မနက်ဆို ငါ့မှာ
နေခြည်ထက်နွေးတဲ့
နှင်းပန်းပုရုပ်လေး စီးဆင်းမယ့်လမ်းကို
ကြိုကြိုတင်တင် ရောက်နေရ။

ဆွတ်ဖြူပါးမို့လေး အေးဆေးနေလိုက်တာ
ညည်းကလေးရယ်
တစ်နေ့လုံးမှာ မင်း ဘယ်နှစ်ခါပြုံးလဲ ။

အိနြေ္ဒရင့်ရင့် နှုတ်ခမ်းလေးကို
ငေးကြည့် တွေးမောနေရတာနဲ့တင်
သင်ခန်းစာတွေ စိတ်နဲ့ အစေးမကပ်ဘူး။

ခေါင်းလောင်းသံလေးတွေနဲ့ ညနေခင်း
အိမ်ပြန်သီချင်းလေးတွေ ဆိုကြတော့
အိနြေ္ဒရင့်ရင့်နှုတ်ခမ်းလေးက
အပြုံးလို့ ဆိုသာရုံလေးနှင့် ငါ့ကို…။
၁၈.၁.၂၀၀၃

ကျွန်တော် ကျောင်းသားဘဝက ဒေဝ ဆိုတဲ့ နာမည်နဲ့ ကဗျာလေးတွေ ဟိုတစ်စ ဒီတစ ရေးဖူးပါတယ် ။ အခု ဘလောဂ့်လေး လုပ်ပြီးတဲ့နောက်ပိုင်း အဲဒီ ဒေဝနာမည်နဲ့ ရေးထားတဲ့ ကဗျာလေးတွေထဲက ကောင်းနိုးရာရာလေးတွေကို ဘလောဂ့်မှာ အမှတ်တရ ပြန်တင်ချင်ပါတယ်။ ဒီ “ဆောင်းရစ်သမ်” ကတော့ ပထမဆုံး ပြန်တင်တာပေါ့ ။ ကျောင်းသားဘဝက ကျွန်တော့် ရင်ထဲက ခေါင်းလောင်းသံလေးတွေကို အမှတ်တရ ပြန်ခံစားကြည့်ချင်စိတ်ရယ် ပြန်မျှဝေချင်စိတ်ရယ်နဲ့ ပြန်တင်မှာပါ ။ နောက်တစ်ခုက ဒေဝ နှင့် လင်းဒီပ နဲ့ တစ်ယောက်တည်းပါပဲ လို့။

ဒီကဗျာလေးကလည်း ကျောင်းတုန်းက အခန်းထဲမှာ သိပ် အေးဆေးတည်ငြိမ်လွန်းတဲ့ ကောင်မလေးတစ်ယောက်ကို ထောင့်တစ်ထောင့်က ထိုင်ကြည့်ရင်း ရေးဖြစ်သွားတာပါ ။ ဒီပ ဆိုတဲ့ကောင် သူ့ကိုကြည့်ပြီး ဒီကဗျာလေး ရေးလိုက်တယ် ဆိုတာတော့ အဲဒီကောင်မလေး သိမသွားပါဘူး..:P ။
လင်းဒီပ(ဒေဝ)
၂၈.၄.၀၉

Monday, April 27, 2009

ချစ်သူရဲ့ ကိုလံဘတ်

မြောက်အမေရိကတိုက်ကို
ကိုလံဘတ် မတော်တဆ တွေ့လိုက်တုန်းက
ဘယ်လောက်ပျော်ခဲ့သလဲ ကိုယ် မသိဘူး…။

သူဘာသာလှနေတဲ့ သဘာဝထဲ
တို့နှစ်ယောက် ခြေချော်လက်ချော် ပြုတ်ကျသွားတဲ့နေ့က
ဖြူသောပြာသော တိမ်တွေမှာ
စိမ်းလန်းခြင်းမှာ
လှိုင်းပုတ်သံမှာ
သဲသောင်မှာ
ငှက်ကလေးတွေ အော်မြည်သံမှာ
တို့နှစ်ယောက်စာ သီးသန့်ရွာပေးတဲ့မိုးထဲမှာ
သူမ ရင်ထဲက ပန်းကလေးတွေ လှိုက်ခုန်ပြီး
ပေးလိုက်တဲ့ ဆုတံဆိပ်လေး
ရင်ဘတ်မှာ လာကပ်တော့
တွေးမိတယ်။

ကိုယ်လည်း ကိုယ့်ချစ်သူအတွက်တော့
ကိုလံဘတ်ပါပဲ
ကမ္ဘာတော့ မကျော်ခဲ့ဘူးပေါ့လေ။
လင်းဒီပ
၂၇.၄.၀၉

Tuesday, April 21, 2009

ပထမတိမ်စိုင်

(က)
ရွှေရည်ဆိုသော ကောင်မလေးတစ်ယောက် ရှိပါသည်။သူမျက်လုံးများသည် ကြောင်ပေါက်စလေးတစ်ကောင်၏ မျက်လုံးများလို ဖြူစင်ရွှန်းလက်နေတတ်ပါသည် ။သူရယ်လိုက်သော အသံသည် အနှောင်အဖွဲ့ဟူသော စကားလုံးနှင့် လုံးဝမသက်ဆိုင်ပါ ။ ကမ္ဘာကြီး၏ အချို့ဘာသာ စကားများကို သင်ကြားတတ်မြောက်ထားချင်းမရှိပါ။“ဘဝ”ဆိုသော ဘာသာရပ်ကို သူနားစိမ်းပါသည် ။သူ့မိခင်နှင့် အဆင်မပြေအောင်နေသော ဘာသာရပ်ကို သူ တတ်ကျွမ်းပါသည်။ (သူ့မိခင်မှာလည်း အပြစ်များကို လွယ်ကူပိုင်နိုင်စွာ ရှာတတ်သော ရှေ့နေတစ်ယောက်လည်း ဖြစ်ပါသည် ။) သူငယ်ချင်းများနှင့် ခဏခဏ စိတ်ကောက်တတ်သော ဘာသာရပ်ကို သူတတ်ကျွမ်းပါသည် ။ သူ့အပေါ် အလိုက်တသိ သည်းခံတတ်သော သူငယ်ချင်းများ အပေါ် နွဲ့ဆိုး ဆိုးသော ဘာသာရပ်ကို သူတတ်ကျွမ်းပါသည် ။ (အထူးသဖြင့် ကျွန်တော်) ။ ယောက်ျားလေးများကို မတော်တဆကော တမင်တကာပါ စိတ်လှုပ်ရှားအောင် လုပ်တတ်သော ဘာသာရပ်ကို သူတတ်ကျွမ်းပါသည် ။

(ခ)
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် ကျူရှင်မှ အပြန် သူ့အိမ်မှ လာမကြိုသောရက်များတွင် ကျွန်တော် လိုက်ပို့ပေးရပါသည် ။ ထိုနေ့များတွင် အင်းစိန်လမ်းမကြီးတွင် ဘယ်သူ စိုက်ခဲ့မှန်း မသိသော ပန်းများ ပွင့်လာတတ်ပါသည်။
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်သောက်သော စီးကရက်များကို သူ လုတတ်ပါသည် ။ ကျွန်တော် ပြန်လုသောအခါ သူ့လက်ခုံ ဖွေးဖွေးလေးကြောင့် နွေးထွေး သွားတတ်ပါသည် ။
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် စိတ်ခံစားမှုများ ချရေးဖို့ တစ်ယောက်တစ်ဝက် ရေးသည့် ဒိုင်ယာရီလေး တစ်အုပ်ရှိပါသည် ။
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် သူ ငိုသောအခါ ကျွန်တော် ချော့ရပါသည် ။
ထို့ကြောင့် သူ အော်သောအခါ ကျွန်တော် တိုးတိတ်နေရပါသည် ။
ထို့ကြောင့် သူ ပေးသောလက်ဆောင်များကို ကျွန်တော် သိမ်းထားရပါသည် ။
ထို့ကြောင့် သူ့ဖုန်းနံပါတ်ကလေးကို ကျွန်တော် သိမ်းထားရပါသည် ။
ထို့ကြောင့် သူနေမကောင်းသောအခါ ကျွန်တော် စိတ်ပူရပါသည် ။
ထို့ကြောင့် သူ့အင်္ကျီ လည်ပင်းပေါက်ကျယ်သော အခါ ကျွန်တော် ဆူရပါသည် ။
ထို့ကြောင့် သူနားမလည်သော စာများ ကျွန်တော် ရှင်းပြရပါသည် ။
….
….
….

(ဂ)
ရွှေရည့်ကို ကျွန်တော်ချစ်သလားဟု အပေါင်းအသင်းများက မေးပါသည် ။ ရွှေရည်သည် ပြုံးရွှင်ချိုလဲ့စွာ စိုက်ကြည့် နေတတ်သောကြောင့် ကျွန်တော် ချစ်ပါသည် ။ ရွှေရည် သည် တခြားသူများထက် ကျွန်တော့်ကို ပို၍ အရေးပေးသောကြောင့် ကျွန်တော်ချစ်ပါသည် ။ ရွှေရည်တက်သော အထက်တန်းကျောင်းသို့ သွားကြိုသောအခါ မုန့်တွေ ဝေစားရင်း ပျော်စရာကောင်းသောကြောင့် ကျွန်တော်ချစ်ပါသည် ။ ရွှေရည်သည် နှုတ်ခမ်းနီဆိုးတာက အစ ကျွန်တော့်ခွင့်ပြုချက် ယူတတ်သောကြောင့် ကျွန်တော်ချစ်ပါသည် ။(မှတ်ချက် စိတ်ကောက်နေသော အချိန်များ အကျုံးမဝင်ပါ။)

ရွှေရည့်ကို ကျွန်တော်ချစ်သလားဟု အပေါင်းအသင်းများကမေးပါသည် ။အမေနှင့် ခဏခဏ ရန်ဖြစ်တတ်သောကြောင့် ကျွန်တော်မချစ်ပါ ။ ဘာကို မှ အလေးအနက် မထားသောကြောင့် ကျွန်တော် မချစ်ပါ ။ အညံ့စားအတ္တများကြောင့် ကျွန်တော် မချစ်ပါ ။ ဘာတွေ လုပ်လုပ်နေမှန်း နားမလည်၍ ကျွန်တော်မချစ်ပါ ။

ခေါင်းနှင့်ပန်းကို ခွဲမရသောအခါ ခေါင်းတခါ ပန်းတလှည့်နှင့် ကျွန်တော် ညနက်နေတတ်ပါသည် ။သံယောဇဉ်သည် စိတ်၏ မည်သည့်အပိုင်းကို ချည်နှောင်ထားမှန်း မသိသော်လည်း ရုန်းထွက် မရမှန်းတော့ ကျွန်တော်သိပါသည်။

ထို့ကြောင့် ကျွန်တော်နှင့် ရွှေရည်သည် သူငယ်ချင်းများဖြစ်ပါသည် ။

(ဃ)
ရွှေရည် ဟိုဖက်ကျူရှင်က ကောင်လေးနှင့် ရည်းစားဖြစ်နေသည် ဟု ကြားပါသည် ။ထိုအခါ ရွှေရည် မျက်နှာကို ပင့်သက်နွေးတွေနှင့် နွမ်းလျသွားသည် အထိ နမ်းရှိုက်လိုက်ချင်သလို ရှိုက်သံပြင်းပြင်းတွေ ကျလာသည် အထိ စကားလုံးခါးခါးတွေနှင့် ပစ်ပေါက်ချင်စိတ်ကို ထိန်းထားရပါသည် ။သိပ်တော့မဆန်းပါ ။ ကျွန်တော် ရွှေရည့်ကို ချစ်ပါသည် ။ ကျွန်တော် ရွှေရည့်ကို မုန်းပါသည် ။ အချစ်နှင့် အမုန်းသည် အဓိပ္ပာယ် ကွဲလွဲသော်လည်း စိတ်ကို မောပန်းစေသော ခံစားမှုဖြစ်ပါသည် ။ အချစ်နှင့်အမုန်းကို ရောယှက် ခံစားမိသော အခါ ရွှေရည့်အနားမှာ ထိုင်နေရင်း ကျွန်တော် မောပန်းနေရပါသည် ။
“ရွှေရည် ၊ နင်က သိပ်ချစ်စရာကောင်းတယ် ။
နောက် ၊ သိပ်ကြောက်စရာလည်းကောင်းတယ်။”
မြက်ပင်နုနုလေးတွေပေါ် လေညင်း ဖြတ်ပြေးသလိုမျိုး ရွှေရည် ရယ်ပါသည် ။
ထိုအခါ ပြောလက်စ စကားလေးတွေ မေ့သွားပြီး ရွှေရည့် နှုတ်ခမ်းရဲလေးကို ကျွန်တော် ငေးကြည့် နေမိပါသည် ။

(င)
တစ်နေ့ ရွှေရည်သည် သူ့ကောင်ဆိုးလေး အကြောင်း ပြောရင်း မျက်ရည်တွေ ကျလာပါသည် ။ မျက်ရည် စီးကြောင်းလေးတွေ ရပ်တန့်သွားအောင် အကောင်းဆုံးနည်း အဖြစ် ရွှေရည့် ညာဖက်ပါးလေးကို ကျွန်တော် နမ်းမိပါသည် ။ ရွှေရည် ကျွန်တော့်ကို တွေတွေလေး ကြည့်နေပါသည် ။ ကျွန်တော့်လက်ခုံပေါ် ရွှေရည် မျက်ရည်တစ်ပေါက် ကျလာပါသည် ။ နွေးထွေးစွာ အေးစက်နေပါသည် ။

ကျွန်တော်တို့နှစ်ယောက်၏ စမ်းချောင်းလေးမှာ အဖြူရောင် ရေတွေ စီးဆင်းနေဆဲ ဖြစ်ပါသည် ။

(စ)

အရိုးသားဆုံး..ဒီလမ်းကလေးလျှောက်ရင်းနဲ့ ….မင်းရှိရာ…လာနေချင်သူပါကွယ်…
ထွက်မသွားနဲ့တော့….ဒီလောကကြီးထဲ မင်းတစ်ယောက်အတွက်…
အန္တရာယ် သိပ်များလွန်းတယ်…
(ဆောင်းဦးလှိုင်)

(ဆ)

တကယ်တော့ ရွှေရည်သည် ဦးတည်ရာမဲ့ လွင့်မျောနေတတ်သော တိမ်စိုင်ပြာပြာလေးဖြစ်ပါသည် ။ ဘယ်သူ့ ပယောဂနှင့်မှ ညိုမဲ မသွားသင့်ပါ ။ အတောင်ပံတွေ ရှိပါရက် ပျံမရသည့် ငှက်ကလေးသည် ကျွန်တော်ဖြစ်ပါသည်။ ထို့ကြောင့် တိမ်စိုင်လေးပြာနေဖို့ ကျွန်တော် သီချင်းတွေသာ ဆက်ဆိုနေခဲ့ပါသည် ။

ဒီလို နေထိုင်ကြရင်း ရွှေရည်နှင့် ကျွန်တော် သက္ကရာဇ် တချို့ပေါ်ဖြတ်လျှောက်လာခဲ့မိပါသည် ။

“နင် ငါ့ကို ချစ်နေသလား”
ကျွန်တော် မသိပါ ။ ရွှေရည်နှင့် ကျွန်တော် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံချင်း တူချင်မှ တူပါမည် ။
ကျွန်တော် ခေါင်းငြိမ့်လိုက်ပြီးမှ
“မပိုင်ဆိုင်ချင်တဲ့စိတ်ရယ် ဆုံးရှုံးမှာ ကြောက်တဲ့စိတ်ရယ် နှစ်ခုယှဉ်ပြီးတော့ ချစ်တယ်”
ပွင့်ဖတ်ကလေးတွေ လှုပ်ခတ်သွားရုံ ရွှေရည် ရယ်ပါသည် ။
“နင်က သိပ် ကဗျာဆန်ချင်တဲ့ကောင်”
ထိုနောက်ရွှေရည် ဘာမှ ထပ်မပြောပါ ။
ထိုညနေ နေဝင်ချိန်ကို အတူတကွ ကြည့်ရင်း ကျွန်တော်တို့ နှစ်ယောက် ခိုစာကျွေးဖြစ်ကြပါသည် ။

(ဇ)
တကယ်တော့ ရွှေရည်သည် တိမ်စိုင်ပြာလေးဖြစ်ပါသည် ။
ကျွန်တော် ငေးမော ကြည့်ရှုနေခဲ့ပါသည် ။
ကျွန်တော် ငေးမော ကြည့်ရှုနေပါသည် ။
ကျွန်တော် ငေးမော ကြည့်ရှုနေပါဦးမည် ။
ကျွန်တော် မြင်တွေ့နိုင်သော အတိုင်းအတာထိ တိမ်စိုင်ပြာပြာလေးကို ငေးမောကြည့်ရှုနေပါဦးမည် ။အကယ်၍ တိမ်စိုင်ပြာလေးကို မတွေ့နိုင်တော့သော အခါ ကျွန်တော် ငိုနေမည်လား…..
ရွှေရည်ရယ် လွမ်းလိုက်တာလို့ တိုးတိုးလေး ညည်းနေမိမလား…
ဘီယာတွေ ဖိသောက်နေမိမလား…
သိပ်မသေချာပါ ။
သေချာတာ တစ်ခုတော့ ရှိပါသည် ။
ရွှေရည်နှင့်ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည် ။
(၂၀၀၁ လောက်က ရေးထားတာလေးပါ ။)
လင်းဒီပ
၆.၉.၀၁

Sunday, April 19, 2009

ပိတောက်လည်ပြန်

အလွမ်းတွေ ဝေ့နေတော့
အကြည့်တွေက မသဲကွဲဘူး။
ကိုယ်က လှမ်းအော်လိုက်တယ်
ဘယ်သူမှ မကြားကြပါဘူး...။

နွေ
အပူငွေ့နဲ့ ကျီစယ်ချိန်
ကောင်းကင်က လက်ဆေးမိုးလေးပါ ဆိုပြီး ငိုရှာ
စိတ်မထိန်းနိုင်တဲ့ ပိတောက်တွေ ထိန်ထိန်သာအောင် ပွင့်နေမယ် ။

အုန်းလက်မဏ္ဍပ်ကလေးမှာ
ခွက်စုတ်ကလေးနဲ့ ကစားရတာဖြစ်ဖြစ်
ပိုက်ရောင်စုံ လူရောင်စုံတွေနဲ့
ဆေးရောင်စုံဏ္ဍပ်တွေမှာ ကစားရတာဖြစ်ဖြစ်
ပျော်ခဲ့ဖူးတာပဲ ဧပရယ်...။

ရေတစ်ခွက် လောင်းလိုက်တိုင်းမှာ
ဆံနွယ်တွေ သပ်ဖယ် မူနွဲ့ရင်း
ငုံ့ကိုင်းလိုက်တဲ့ လည်တိုင်ဖြူလေး
ဘယ်မဏ္ဍာပ်မှာ ထည်ဝါ ပွင့်ဖူးနေပါပြီလဲ
မုန့်လုံးရေပေါ်လေးရယ်…။

နေညိုသွားတဲ့အထိ
စိုတဲ့အဝတ်တွေ ခြောက်ကပ်သွားတဲ့အထိ
လူစုတွေခွဲပြီး အသားတွေနီရဲ မောပန်းသွားတဲ့အထိ
မြို့တော်ရဲ့လမ်းတွေမှာ ငါတို့ပျော်ခဲ့ဖူးတာ...။

ရင်ထဲက ရွှေဝါမြေလေးဆီ
ချစ်စရာ သင်္ကြန်လေးဆီ
(ဟိုးအဝေးက)
ကြည့် ငေး လည်ပြန်
ပိတောက်တစ္ဆေတွေ ခြောက်ရင်
ယောင်ကိုင်း အိပ်မက်လမ်းလေးအတိုင်း
(စိတ်တွေ) ခဏခဏ အိမ်ပြန်ဖြစ်ခဲ့တာပေါ့။

ဒီကဗျာလေးက ကိုအောင်သာငယ်တို့ လုပ်တဲ့ “ပြိုင်တူလင်းတဲ့ ကောင်းကင်” သင်္ကြန်အမှတ်တရ ကဗျာစာအုပ်(E book)မှာ ပါဝင်တဲ့ ကဗျာလေးပါ ။ ပြိုင်တူလင်းတဲ့ကောင်းကင် တစ်အုပ်လုံးကို ဒီမှာ ယူလို့ ရပါတယ်ခင်ဗျာ ။ နှစ်သစ်မှာ အစစရာရာ အဆင်ပြေပြီး ပျော်ရွှင် ငြိမ်းချမ်းကြပါစေလို့။ ရင်ထဲက ရွှေဝါမြေလေးမှာလည်း ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်ရဲ့ အရောင်စုံပန်းတွေ ပွင့်လန်းပါစေလို့ ဆုတောင်းပါတယ်ဗျာ။
လင်းဒီပ
၁၉.၄.၀၉

Saturday, April 18, 2009

လမ်းခွဲတေး

တိမ်တွေ ခရီးစပြီလား
ကိုယ်လည်း လိုက်ခဲ့ချင်ပါရဲ့ ။

တိုးတိတ် ဆွံ့အ, လွန်းသူ
ရိုးအနုံနဲ့လွန်းသူ
အရာရာတိုင်းမှာ လေးကွေးအေးစက်
အိပ်မက်ရယ်၊ ပင့်သက်ရယ်ကလွဲလို့
ညီမလေးအတွက် ဘယ်လိုနှင်းဆီမှ ခူးယူမပေးနိုင်ခဲ့သူ
တောင်တွေအကွယ်မှာပဲ ထားခဲ့

လရောင်ဝှက်လို့ ပင့်သက်ငင်ပြီး ကြွေလွင့်ခဲ့ရတဲ့
ကျောင်းတံခါးဝက ညနေလေးတွေလည်း
နေပါစေတော့လေ။

ဂစ်တာတီးတတ်စ ကြိုးလေး ပြတ်သွားတုန်းကလိုမျိုး
လွမ်းလား..လွမ်းရဲ့

တကယ်ဆို အားလုံးကို ဇာတ်ကွက်ချပြီးမှ
ကိုယ်က တရေးနိုးထလာခဲ့သူ
ကိုယ်က ပင်လယ်ခုနစ်ထပ်နဲ့
ကျောက်ခေတ်မှာ အိပ်စက်နေခဲ့မိသူ

ဘယ်သူမဆို ကိုယ်ရှုံးနိမ့်ခဲ့တဲ့ တိုက်ပွဲကိုတော့
သမိုင်းမှာ ဘယ်ဖတ်ကြည့်ချင်ပါ့မလဲ

အိမ်အိုလမ်းဆွေး
ဘယ်ရထားမှ မရပ်တဲ့ ဘူတာရုံလေးမှာ ငါကျန်ခဲ့မယ်
ညီမလေးရေ
မင်းကတော့ တိမ်ရထားနဲ့လိုက်သွားပေါ့။

ဒီကဗျာလေးက ၂၀၀၈ လောက်က ကျွန်တော် ကိုယ်ပိုင်ဘလောဂ့်လေး မလုပ်ခင် ချင်းတွင်းမှာ ကလောင်နာမည် “ဒီပ” နဲ့ ဖော်ပြခဲ့ဖူးတဲ့ကဗျာလေးပါ။ ထားသွားတဲ့ ချစ်သူကို ဘာ အာဃာတမှ မပါဘဲ ရိုးရိုးလေး လွမ်းထားတဲ့ ကဗျာလေးပါ။ တခါတုန်းက ဒီကဗျာလေးလိုမျိုး ကျွန်တော် နောက်ကျစွာ နိုးထ လာခဲ့ဖူးပါတယ်။(အမှတ်တရ တစ်ခုပေါ့ဗျာ။) အခုည ပြန်ဖတ်ကြည့်ရင်း တင်ချင်စိတ် ပေါက်လို့ ပြန်တင်လိုက်တာပါ ။
လင်းဒီပ
၁၇.၄.၀၉

Thursday, April 16, 2009

သော့

တခါရောက်လာတိုင်းမှာ
သူတို့က သော့တံတစ်ချောင်း ပေးတတ်တယ် ။
နောက်တခါ ရောက်ရှိသွားတော့
ပထမပေးထားတဲ့ သော့တံက သုံးမရတော့ပြန်ဘူး။
နောက်ထပ် သော့တံတစ်ချောင်းထပ်ပေး
သော့အသစ်နဲ့ တံခါးကို ဖွင့်ရတယ်။
ထပ်ရောက်တော့
ထပ်လဲသွား
အသစ်တစ်ချောင်း ထပ်ပေးပြန်တယ် ။

ကြာလာတော့ ကိုယ့်လက်ထဲမှာ သော့တံတွေ များများလာ
(ဒါပေမယ့်)
ဒီအခန်းကို ဝင်လို့မရတဲ့ သော့တံ အဟောင်းသက်သက်တွေသာ ဖြစ်တယ်။

နောက်တစ်ခေါက် ကိုယ်ထပ်သွားရင်
သော့တံအသစ် ထပ်ပေးလိမ့်ဦးမယ်။
ဒီအခန်းကို ဒီသော့နဲ့ ဖွင့်ဝင်မယ်
ပြီးရင်
တခါ
အစွဲကြီးစွာ
ကိုယ် သိမ်းထားမိဦးမယ် (နောက်တစ်ခါ ထပ်ဖွင့်ဖို့ မျှော်လင့်ရင်း)

အဲဒီလိုပါ…
ဘဝဆိုတာ သော့တံတစ်ခုတည်းနဲ့ ခဏခဏ ဝင်လို့ရတဲ့အခန်းလို့
မှားယွင်း ယူဆမိသူမှာ
ဖွင့်မရတဲ့ သော့တံများစွာနဲ့ အခန်းတံခါးဝမှာ မျှော်လင့်ရင်း ရပ်နေ ။
လင်းဒီပ
၁၆.၄.၀၉

Tuesday, April 14, 2009

စာအုပ်ကလေး

ဖတ်မယ်ဆိုပြီး ဝယ်ထားခဲ့တာပါ
မဖတ်ဖြစ်ဘဲ သိမ်းထားခဲ့တာ နှစ်များစွာ ကြာခဲ့
စာအုပ်စင်ထောင့်ချိုးလေးမှာ..။

ဆေးရောင်စုံစုံ ကြွေဖုံးစိုစိုလေး နဲ့ သေသပ်မနေလို့လား
ဆရာတစ်ယောက်ယောက်က အဖွင့်စာကောင်းကောင်း ရေးမထားလို့လား
သုံးထားတဲ့ စက္ကူအသားအနားက ညံ့ဖျင်းညိုရီနေလို့လား
ရုပ်ပုံလှလှလေးတွေ ချိုချိုအီအီ သုံးပြီး မစွဲဆောင်တတ်လို့လား
ဒီစာအုပ်လေး မဖတ်ဖြစ်ခဲ့တာ..။

ဒီလိုနဲ့
စာအုပ်စင်လေး ရှင်းရင်း
မဖတ်ရသေးတဲ့စာအုပ်လေး
တိတ်ဆိတ်သိမ်ငယ်စွာ
ရှက်ရွံ့တိုးတိတ်စွာ ကိုယ့်ကိုပြုံးပြ…။

ဟောဒီအားလပ်ရက်မှာ
(မင်းကို)
စိတ်ရှည်လက်ရှည် ကိုယ်ဖတ်တော့မယ်
မင်း ဘာတွေရေးထားခဲ့ဖူးလဲ
ကိုယ် တွေ့ရှိသွားတဲ့အခါသာ
မင်း ရှက်မနေပါနဲ့ကွယ်..။
လင်းဒီပ
၁၄.၄.၀၉

Monday, April 13, 2009

သင်္ကြန်စာ

ဒီနေ့ သင်္ကြန်အကြိုနေ့ပါ ။ သင်္ကြန် မတိုင်ခင် ဧပရယ် အစောပိုင်းတည်းက ဘလောဂ့်တွေမှာ သင်္ကြန်အကြောင်း ပိတောက်အကြောင်း ရေးကြ ပြောကြနဲ့ ဝါဝါဝင်းဝင်း လင်းလက် နေကြပါတယ်။ ဟိုဘက်အိမ်သွားလည်း ပိတောက်နဲ့သင်္ကြန် ဒီဘက်အိမ်ကူးလည်း သင်္ကြန်နဲ့ပိတောက်တွေ ချည်းပါပဲ ။ ဒီမှာ Good Friday ကနေ သုံးရက် ဆက်တိုက် ပိတ်တော့ စာများများရေးမယ် ဖတ်မယ်လို့ အားခဲထားတာပါ ။ တကယ်ကျတော့ (၃)ရက် x (၂၄)နာရီ= ၇၂ နာရီက ဘယ်လို ကုန်သွားတယ် မသိဘူး ။ တနင်္လာ မနက်ကျတော့ ရုံးသွားဖို့ နုန်းချိစွာ နိုးလာပါတယ် ။ (ကဲထားတာကိုး)


အချို့ဘလောဂ့်တွေကလည်း သင်္ကြန်နားမယ်ထင်ပါတယ်။ ခရီးထွက်တဲ့ ဘလောဂ့်ကလည်း ထွက်ပါတယ် ။ဘုန်းကြီးဝတ်တဲ့ဘလောဂ့်ကလည်း ဝတ်ပါတယ် ။ တရားဝင်တဲ့ ဘလောဂ့်ကလည်း ဝင်ပါတယ် ။ သင်္ကြန်လွမ်းလို့ဆိုပြီး အရက်ထိုင်သောက်တဲ့ ဘလောဂ့်ကလည်း သောက်ပါတယ် ။(ဘာမှတော့မဆိုင်..:P)မြန်မာပြည်ထဲက ဘလောဂ့် နေကြတဲ့ လူတွေတော့ သင်္ကြန်နားမယ် ထင်ပါရဲ့ ။ကိုဝင်းဇော်(welcome)ကြီးကတော့ လွန်ခဲ့တဲ့နှစ်ရက်ထိ ဘလောဂ့်ထားတာ တွေ့ပါတယ်။ ညီမမေရာကတော့ မွန်ပြည်နယ်သွားပါတယ်တဲ့ ။ ညီမနန်းညီကတော့ online တက်နေဆဲ ။တောင်ကြီးရောက်နေပြီး ပုလင်းဆို ခေါင်ရည်ပုလင်းပဲ သိတော့တယ် ခုချိန်မှာ လို့ cbox မှာ လာ အော်သွားပါတယ် ။ဒီအချိန်ဆို ဘန်ကောက်က မဆုမွန်တစ်ယောက် အထိကရုန်းတွေကြားမှာ ပုန်းနေ (အဲ) သတင်းလိုက်ယူနေပြီထင်ပါတယ် ။:P သူ့ရဲ့ ယိုးဒယားသင်္ကြန်လေးလည်း ဖတ်ရမယ် မျှော်နေတာပါ ။ ကိုအောင်သာငယ်ရဲ့ သင်္ကြန်ကဗျာစု E-book လေးလည်း ဖတ်ချင်လှပါပြီ..:P ။
စင်ကာပူ သင်္ကြန်ကတော့ ဒီစနေ တနင်္ဂနွေမှာ ချိမ့်ချိမ့်သဲသဲ မိုးရေရွှဲပါ ။ စနေနေ့ကတော့ အာရ်အိုင်တီ ကျောင်းသားဟောင်းများ သင်္ကြန်ကို ချိုင်းနားတောင်းက Kareta Ayer People Theater မှာလုပ်ပါတယ် ။ အစ်မကြီးတီတီဆွိ ဘလောဂ့်မှာ သွားဖတ်နိုင်ပါတယ်။ တနင်္ဂနွေမှာတော့ ကျွန်တော်သိသလောက် တိုပါးယိုးကျောင်း ဆန်ဘာဝမ်းကျောင်းနဲ့ ယူနွတ်က မင်္ဂလဝိဟာရကျောင်း city hall နားက Pandang ကွင်းတို့မှာ လုပ်ပါတယ် ။ ဆန်ဘာဝမ်းကျောင်း သွားတဲ့ သူငယ်ချင်းကတော့ စတုဒီသာတွေ မဟားဒယားစားပြီး (၂)နာရီမှ ပြန်လာတဲ့အကြောင်း အားရပါးရ ပြောပါရဲ့ ။ မင်္ဂလဝိဟာရကျောင်းတော့ မသွားဖြစ်လို့ မသိပါဘူး ။ ကျွန်တော်ကတော့ မနက်ပိုင်း တိုပါးယိုးသွား ရောက်တာ(၁၁) နာရီလောက် ။မုန့်လုံးရေပေါ်လေးစားပြီး City Hall က Pandang ကွင်း ဆက်ကူးပါတယ် ။
ကွင်းက ကျယ်တော့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ပါပဲ ။ ဦးဇော်ဝမ်း မျိုးကျော့မြိုင် ဆောင်းဦးလှိုင် စည်သူလွင် ရဲလေး ရှင်ဖုန်း နဲ့ ဖြူဖြူကျော်သိန်းတို့ ဆိုကြပါတယ် ။ ဦးဇော်ဝမ်းက “ပွဲဖျက်တဲ့မိုးလို့ပြောကြရအောင် သင်္ကြန်မိုးလေးတွေ စိုရုံ ဖြန်းပက်ဦး” လို့ သင်္ကြန်မိုးကို ဆိုလိုက်တည်းက မိုးရွာထားလို့ ဗွက်ထနေတဲ့ကွင်းထဲမှာ လူက အလိုလို မြူးလာပါတယ် ။ ပိတောက်တွေ သင်္ကြန်ရေတွေ စိတ်ထဲ ပြေးဝင်လာပါတယ် ။ နောက် နွေ ဘယ်ပန်းချီရေးလို့မမှီ စတဲ့ သီချင်း ကောင်းကောင်းကြီးတွေ ဆိုပါသေးတယ် ။ မျိုးကျော့မြိုင်ကတော့ သူ့ကိုမေ့နေမှာ စိုးလို့ဆိုပြီး ကျွန်တော့်နာမည် မျိုးကျော့မြိုင်ပါ ခုနစ်မိုင်မှာနေပါတယ် နဲ့ စဖွင့်ပါတယ် ။ ဆောင်းဦးလှိုင် နဲ့ စည်သူလွင်ကတော့ လွမ်းရယ်မပြေဆိုတဲ့ ကျောင်းသီချင်းလေးကို မှတ်မှတ်ရရ ဆိုသွားပါသေးတယ် ။ ရဲလေးက တော့ hiphop ကို ကြိုက်တယ်ဆို ယောကျာ်းလေးတွေ အကုန်လုံး ထခုန် hiphop ကို ကြိုက်တယ်ဆို မိန်းကလေးတွေ အကုန်လုံး ထခုန် တဲ့ ။ ကျွန်တော်ကတော့ ရဲလေးသီချင်းတွေကို မခံစားတတ်ပါဘူး ။(ပုဂ္ဂလိက ခံစားချက်ပါ) ရှင်ဖုန်းကတော့ ထုံးစံအတိုင်း တယ်လီဖုန်းလေးကို အပြစ်တင်ပါတယ် ။ ဖြူဖြူကတော့ အားလုံး အကြိုက်ပေါ့ ။ ကျွန်တော်လည်း ကြိုက်တယ် ။ Performance ကောင်းကောင်းနဲ့ အပြင်းလေးအော်လိုက် အပျော့လေးနဲ့ အမောဖြေလိုက်ပါ ။ မြန်မာအကလေးတွေ ကြားညှပ်တင်ဆက်သွားလို့ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်ပါတယ် ။ သင်္ကြန်ယိမ်းလေးတွေ တပင်တိုင် အကတွေနဲ့မှ သင်္ကြန်ဆိုတာ လှတာလို့ ထင်ပါတယ် ။
ကွင်းထဲမှာ အစားအသောက်တွေ အကုန်လုံး ရောင်းပါတယ် ။ ဒါပေမယ့် ဆိုင်တစ်ဆိုင်ကတော့ ဖာလူဒါ ကောင်းကောင်းလေး စတုဒီသာ ကျွေးပါတယ် ။ဒါမျိုးဆို လင်းဒီပတို့က တွေ့ဖြစ်အောင် တွေ့ပါတယ် ။ သူငယ်ချင်းတစ်ယောက်ကတော့ တိုပါးယိုးတို့ ဆန်ဘာဝမ်းတို့က စတုဒီသာတွေ ဒီလာကျွေးရင်ကောင်းမယ်နော် တဲ့ ။ ပန်နီဆူးလားပလာဇာထဲမှာ လည်း စတုဒီသာတွေ ကျွေးပေမယ့် မစားဖြစ်ပါဘူး ။ ကိုယ့်နိုင်ငံမဟုတ်တော့လည်း ထိန်းထိန်းသိမ်းသိမ်းလေး ကဲရပါတယ် ။ ဒါတောင် မြေကြီးပေါ်လူးလိမ့်နေတာတွေ မူးရင် ခွေ့တတ်တဲ့ချိုလိမ်တွေ တစ်ယောက်စ နှစ်ယောက်စ တွေ့တော့ စိတ်ပျက်မိပါသေးတယ် ။ နဂိုကမှ လက်ညှိုးထိုးစရာ များရတဲ့ကြားတဲ့ ဆိုးတဲ့ မောင်နှမတွေကြောင့် မြန်မာသိက္ခာ စင်ကာပူမှာ မကျချင်ပါဘူး ။(ရင်ထဲက စကားပါ ။)

နောက်နှစ်တွေမှာလည်း ဒီလိုစည်စည်ကားကား သိုက်သိုက်ဝန်းဝန်းလေး ပျော်နိုင်မယ်ဆိုရင် ကောင်းပါတယ် ။ စည်းကမ်းရှိရှိလေး ဆိုရင်တော့ သူတို့ကလည်း ခွင့်ပြုမယ်ထင်ပါတယ် ။ ဒီ weekend စင်ကာပူမှာ ကျွန်တော်တော့ သင်္ကြန် အဆာပြေခဲ့ပါတယ် ။

အားလုံးပဲ နှစ်သစ် (၁၃၇၁) မှာ ချစ်ချစ်ခင်ခင် ရွှင်ရွှင်လန်းလန်း နဲ့ အေးချမ်းပျော်ရွှင်နိုင်ကြပါစေ ။မြန်မာပြည်နဲ့ ကမ္ဘာတစ်လွှားမှာ ကောင်းသော ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ထွန်းပါစေ ။မေတ္တာတရားရဲ့ လရောင်ခြည်တွေ ခြုံလွှမ်းပြီး လက်နက်ဆန်းတွေ စစ်မက်တွေ အငြိုးအတေး ရောဂါဘယ သဘာဝ ဘေးဆိုးတွေလည်း ကင်းဝေးကြပါစေလို့ ..။

(ဓာတ်ပုံလေးတွေက ရွာသားလေး(ဝိုင်တီယူ)နဲ့ Jerry တို့ စင်နားမှာ အနီးကပ် ခက်ခက်ခဲခဲ လူတိုးခံပြီး ရိုက်ထားတာပါ ။ အသုံးပြုခွင့် ပေးလို့ ရွာသားလေး(ဝိုင်တီယူ)နဲ့ Jerryတို့ကို ကျေးဇူးတင်ပါတယ်။)
အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၁၃.၄.၀၉

Tuesday, April 7, 2009

God make me crazy

ပုလင်းတစ်လုံးက စခဲ့တာပါ ။

နတ်ဆိုးတစ်ပါးပါးရဲ့ ကျိန်စာထင်ပြီး
အရပ်ဆယ်မျက်နှာကို သွေးရူးသွေးတမ်း လွှင့်ပစ်
ဥစ္စာရင်း မှန်ခဲ့ပုံများ
နောက်ဆုံးကျ ပြန်ပြန်ရောက်လာခဲ့..။

မရယ်မောနိုင်ခဲ့ဘူး
ပြန်တွေ့လိုက်တိုင်း ထိတ်ထိတ်လန့်လန့်…။

အိပ်မက်တွေ ဆိုးတယ် ကောင်းတယ်ဆိုတာ
ကိုယ်ပိုင်အမြင်နဲ့များ ပတ်သက်နေမလား…။
ကိုယ်က သိပ်တုံးအခဲ့သလား…။
ပညတ်သက်သက်တွေ လား…။

ပုလင်းကလေးရေ
ဒီတခါတော့ လွှင့်မပစ်တော့ဘူး
အသက်တွေကြီးမှ အသည်းတွေလည်း
ပုလင်းကွဲထိ မခံနိုင်တော့ဘူး..။

(ငယ်ငယ်က ကြည့်ဖူးတဲ့ The Gods must be crazy ရုပ်ရှင် ခေါင်းထဲရောက်လာပြီး ဆက်တွေးဖြစ်သွားတာပါ ။)
လင်းဒီပ
၇.၄.၀၉

Sunday, April 5, 2009

အချစ်ဦးမှတ်စု

မိုးက သည်းသည်းမဲမဲ ရွာနေသည် ။ တချက်တချက် မိုးခြိမ်းသံ တွေ ကြားရသလို လျှပ်စီးတွေကလည်း လက်နေသေးသည် ။ အားလပ်ရက် အပြင်ထွက်ဖို့လည်း စိတ်ကူးမရှိတော့ စာအုပ်အဟောင်းတွေ ရှင်းရင်းက စာအဟောင်းလေးတွေ ထွက်လာသည် ။ ၁၉….နှင့်စသည့် ခုနှစ်များရဲ့ ရက်စွဲတွေ ။ စာလေးတွေက ဝါကျင့်ကျင့် ကျောင်းသုံး ဗလာစာရွက် လေးတွေနှင့် ရေးထားတာ ။ ဓာတ်ပုံလေး တစ်ပုံ ။ဓာတ်ပုံနောက်ကြောမှာ မိန်းကလေး လက်ရေးဝိုင်းလေးတွေရှိမှာ မကြည့်ဘဲ သိနေပြန်သည် ။ ဆံပင်ရှည်လေးတွေကို ကျစ်ဆံမြီးလေးတွေကျစ်ထားပြီး ပါးပေါ်မှာ ပါးကွက်ပါးပါးလေးနှင့် ပြုံးရယ်နေပုံ ။ကျောင်းစိမ်းဝတ်စုံလေးနှင့် ပုခုံးပေါ်မှာ ကချင်လွယ်အိတ်အနီရောင်လေး။ ကြည့်နေရင်းက သနပ်ခါး နံ့လေးတွေများ အပြင်ရောက်လာခဲ့သလား လို ယောင်ယမ်း ရှုရှိုက်မိနေသေး၏ ။ နောက်မှ ပြုံးမိပြန်သည် ။

ဝါကျင့်ကျင့် စာရွက်လေးတွေပေါ်က စာလုံးလေးတွေက ကလေးဆန်လွန်း လွတ်လပ်လွန်း နေသည် ။ စိမ်းလန်းလွန်း အပူအပင် အနှောင်အဖွဲ့တွေ ကင်းမဲ့လွန်းနေသည်။ နောက်နေ့ညမှာ လမ်းထိပ်က လာစောင့်ဖို့ အစ်ကိုလေးတို့အဖွဲ့ လက်ဖက်ရည်ဆိုင် မှာ ရှိရင် မသိသလို လှည့်ပြန်သွားဖို့..။နွေရာသီ ကျောင်းပိတ်ရက် ဓမ္မစကြာရွတ်တဲ့အဖွဲ့နဲ့ အတူရှိနေမယ့်အချိန် ဘုရားဘက်ကို လှည့်လာဖို့…။လူတွေ များနေရင် အနားကို မလာဖို့ ။ အခွင့်အရေးရရင် ဘူတာနားက မုန့်တီဆိုင်မှာ အတူတူ စားဖို့..။ ဆေးလိပ်တွေ မသောက်ဖို့..။နောက်တော့ ကဗျာ အတိုအစလေးတွေ ။

ငါကလည်း ပြိုင်ဘီးလေးကို အသာအယာ နင်တို့ အိမ်ရှေ့က ဖြေးဖြေးလေး နင်းရတာ ကိုယ့်ကိုကိုယ် ရိုမီယိုလေး ထင်နေခဲ့ဖူးတာပဲလေ..။ တခါတလေဆို ဂစ်တာတီးကောင်းတဲ့ ကိုစိုးကြီးကို ချော့မော့ခေါ်ပြီး နင်တို့အိမ်နားက အုတ်ခုံလေးမှာ သီချင်းလာဆိုဖြစ်တာ ။ မှတ်မိသလောက် ဖိုးချိုသီချင်းလေးတွေ ။ (ကြည့်စမ်း) ဟိုတုန်းက သိပ် ကြီးကျယ် ခမ်းနားသလို အချစ်ကို နွမ်းသွားမှာ စွန်းထင်းသွားမှာ စိုးတထိတ်ထိတ်နဲ့ တို့နှစ်ယောက် အတူတူ ညင်သာ ကိုင်တွယ် ခဲ့ကြပုံများ…။ အိပ်ကပ်ထဲမှာ ငွေလေးငါးဆယ်ရှိရင် ဖြစ်ပါတယ်လေ..ရုပ်ရှင်ကြည့်ဖို့ဖြစ်ဖြစ် မြို့ထဲ လမ်းတွေပေါ် လျှောက်လည်ဖို့ပဲ ဖြစ်ဖြစ် လရိပ်ချိုမှာ ကော်ဖီမွှေးမွှေး သောက်ဖို့ပဲဖြစ်ဖြစ် ။ငွေလေးငါးဆယ်က တစ်ကမ္ဘာလုံး ဝယ်လို့ ရတယ်လို့ ငါ ထင်ခဲ့ဖူးတာ..ဒီလို ချစ်ခြင်းနဲ့လောက ကို ပစ်ခွင်းလိုက်တယ်..။

လမိုက်တဲ့နွေညဆိုတာ သီချင်းထဲမှာ…မုန်တိုင်းနဲ့စစ်ကို အချစ်နဲ့ကျော်ဖြတ်တဲ့ သိုင်းကျမ်းတွေ ဖတ်ထားတာ။ ကိုလူပျို ထရံပေါက်က ခြေထောက်ကို ဆွဲမိတာ အခါခါ…။ငါ့ရှပ်အင်္ကျီလေးဟာ နွမ်းနေပေမယ့် ဖြူစင်ခဲ့ဖူးတာပေါ့ ။ ရွာနေတဲ့ မိုးတွေအောက်မှာ ထီးမလိုဘဲ ငါတို့လမ်းတွေ လျှောက်ခဲ့ဖူးတယ် ။ နွေရာသီဟာ သိပ် ပူလှတယ်လည်း မဟုတ်။ လူတွေကိုက အကဲဆတ်လွန်းတာ လို့လည်း တို့နှစ်ယောက် လှောင်ရယ်ခဲ့ဖူးတယ်။ အခုလို ဓားခုတ် ကျွမ်းတဲ့လက်တွေ မရှိသေးဘူး ။ အခုလို နောက်ကြောက မြားဒဏ်ရာကို ဖွက်ရင်း ပြုံးတဲ့ပညာ မတတ်သေးပါဘူး။ အခုလို မျက်စိမပိတ်ဘဲ မအိပ်တတ် သေးပါဘူး ။အခုလိုလည်း အရက်ထက်ပြင်းတဲ့ ဘဝကို အတိအကျ မခံစားမိသေးတဲ့အချိန်တွေပေါ့ ။

အခုကျတော့လည်း နင်လည်း တစ်နေရာ ငါလည်း တစ်နေရာ ။ဘယ်နေရာမှာ သာနေပါသလဲ ငါ့ ပထမလမင်းလေးရယ် ။ ငါကိုက အစွဲအလမ်း ကြီးလွန်းခဲ့လားတော့ မသိဘူး။ ဘယ်ကိုသွားသွား ဘယ်နေရာတွေ ရောက်ရောက် ဝါကျင့်ကျင့် စာအဟောင်းလေးတွေက ငါ့ခရီးဆောင်အိတ်ထဲမှာ အရေးကြီးစာရွက်စာတမ်းတွေလို ရှိနေတတ်မြဲ ။ နင်သိရင် ပြုံးနေမလားပဲ ။ နင်ကော ဘယ်တွေရောက်နေပါလိမ့် ။ နင် အိမ်ထောင်ကျသွားပြီလည်း ပြောသံကြားတယ် ။ ငါတို့ မတွေ့ဖြစ်တာလည်း ဘယ်လောက်ကြာခဲ့ပြီလဲလေ ။ ဟိုးနယ်မြို့လေးတစ်မြို့မှာ ပြိုင်ဘီးလေးတစ်စီးနဲ့ အတူတူ ရှင်သန် ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ကို နင်မှတ်မိဦးမလား။ အခုတော့ အိမ်ခြေယာခြေမရှိတဲ့ မိုးတိမ်တွေလို ငါလွင့်နေတုန်းပဲ ။ အခါအခွင့်သင့်ရင်တော့ ငါ ပြန်တွေ့ချင်ပါသေးတယ် ။ ကျန်းမာပျော်ရွှင်ပါစေဟာ ။
လင်းဒီပ
၅.၄.၀၉

Thursday, April 2, 2009

မြို့ပျက်ကလေး

ချစ်သူ စစ်ချီလာတည်းက
ရင်တံခါး ဖွင့်ထားခဲ့ပြီးသား..။

ရောင်စုံလက်နက်ဆန်းတွေလည်း မလိုပါဘူး
မာယာ ထရိုဂျင်မြင်းရုပ်ကြီးလည်း မလိုဘူး
အချစ်ဆိုတာ
ငါ့အတွက်တော့ လက်နက်ချခြင်းတစ်မျိုးပါပဲ..။

စိတ်အလိုကို လိုက်
မိုက်မိုက်မဲမဲ ပြန်မတိုက်ခိုက်ခဲ့ဘူး..
မင်းရာဇဝင်မှာ အရှုံးမရှိစေရပါဘူး
ချစ်သူဘုရင်မလေးရယ်..။

အငြိုးအတေးလည်း မွေးမထားပါဘူး
ပုန်ကန်ခြားနားဖို့လည်း
တစ်သက်တာလုံး အခွင့်ကောင်း စောင့်မနေဘူး…။

စစ်လျော်ကြေးအနေနဲ့တော့
ဝဲနေတဲ့ပုဝါလေး လေအလွင့်ကို
ငေးမောနေခွင့်မျိုးပဲဖြစ်ဖြစ်
ခပ်လှမ်းလှမ်းက ကိုယ်ရနံ့လေးတွေ
ခိုးနမ်းနေခွင့်မျိုးပဲဖြစ်ဖြစ်
အမိန့်တော်မြတ်ကလေး တေးမှတ်ပေးပါ…။

(ကျေနပ်ပြီဆို)
မခိုးမခန့်လေး ရယ်မော
မင်း ပြောပြလိုက်စမ်း…အားလုံးကို
ဒီပွဲမှာ မင်းနိုင်တယ်လို့..။
ချစ်လို့ အရှုံးပေးလိုက်တဲ့
မြို့ပျက်ကလေး ပြုံးရယ်နေလိုက်မယ်..။
လင်းဒီပ
၂.၄.၀၉