အလွမ်းတွေ ဝေ့နေတော့
အကြည့်တွေက မသဲကွဲဘူး။
ကိုယ်က လှမ်းအော်လိုက်တယ်
ဘယ်သူမှ မကြားကြပါဘူး...။
နွေ
အပူငွေ့နဲ့ ကျီစယ်ချိန်
ကောင်းကင်က လက်ဆေးမိုးလေးပါ ဆိုပြီး ငိုရှာ
စိတ်မထိန်းနိုင်တဲ့ ပိတောက်တွေ ထိန်ထိန်သာအောင် ပွင့်နေမယ် ။
အုန်းလက်မဏ္ဍပ်ကလေးမှာ
ခွက်စုတ်ကလေးနဲ့ ကစားရတာဖြစ်ဖြစ်
ပိုက်ရောင်စုံ လူရောင်စုံတွေနဲ့
ဆေးရောင်စုံဏ္ဍပ်တွေမှာ ကစားရတာဖြစ်ဖြစ်
ပျော်ခဲ့ဖူးတာပဲ ဧပရယ်...။
ရေတစ်ခွက် လောင်းလိုက်တိုင်းမှာ
ဆံနွယ်တွေ သပ်ဖယ် မူနွဲ့ရင်း
ငုံ့ကိုင်းလိုက်တဲ့ လည်တိုင်ဖြူလေး
ဘယ်မဏ္ဍာပ်မှာ ထည်ဝါ ပွင့်ဖူးနေပါပြီလဲ
မုန့်လုံးရေပေါ်လေးရယ်…။
နေညိုသွားတဲ့အထိ
စိုတဲ့အဝတ်တွေ ခြောက်ကပ်သွားတဲ့အထိ
လူစုတွေခွဲပြီး အသားတွေနီရဲ မောပန်းသွားတဲ့အထိ
မြို့တော်ရဲ့လမ်းတွေမှာ ငါတို့ပျော်ခဲ့ဖူးတာ...။
ရင်ထဲက ရွှေဝါမြေလေးဆီ
ချစ်စရာ သင်္ကြန်လေးဆီ
(ဟိုးအဝေးက)
ကြည့် ငေး လည်ပြန်
ပိတောက်တစ္ဆေတွေ ခြောက်ရင်
ယောင်ကိုင်း အိပ်မက်လမ်းလေးအတိုင်း
(စိတ်တွေ) ခဏခဏ အိမ်ပြန်ဖြစ်ခဲ့တာပေါ့။
ဒီကဗျာလေးက ကိုအောင်သာငယ်တို့ လုပ်တဲ့ “ပြိုင်တူလင်းတဲ့ ကောင်းကင်” သင်္ကြန်အမှတ်တရ ကဗျာစာအုပ်(E book)မှာ ပါဝင်တဲ့ ကဗျာလေးပါ ။ ပြိုင်တူလင်းတဲ့ကောင်းကင် တစ်အုပ်လုံးကို ဒီမှာ ယူလို့ ရပါတယ်ခင်ဗျာ ။ နှစ်သစ်မှာ အစစရာရာ အဆင်ပြေပြီး ပျော်ရွှင် ငြိမ်းချမ်းကြပါစေလို့။ ရင်ထဲက ရွှေဝါမြေလေးမှာလည်း ပျော်ရွှင်ငြိမ်းချမ်းသော နှစ်သစ်ရဲ့ အရောင်စုံပန်းတွေ ပွင့်လန်းပါစေလို့ ဆုတောင်းပါတယ်ဗျာ။
လင်းဒီပ
၁၉.၄.၀၉
Sunday, April 19, 2009
Subscribe to:
Post Comments (Atom)
9 comments:
လင်းဒီပရေ..
လည်ပြန်ငေးသွားတယ်
အိန္ဒြာ
“အလွမ်းတွေ ဝေ့နေတော့
အကြည့်တွေက မသဲကွဲဘူး။”
“ယောင်ကိုင်း အိပ်မက်လမ်းလေးအတိုင်း
(စိတ်တွေ) ခဏခဏ အိမ်ပြန်ဖြစ်ခဲ့တာပေါ့။”
အစနဲ့  အဆုံး ကို နှစ်ခြိုက်ရင်း
(အစ အဆုံး)ပြန်လည်ဖတ်မိတယ်။
ခုချိန်ဖတ်တော့ လွင့်သွားတာသိပ်မကြာသေးတဲ့ သင်္ကြန်ရနံ့လေးတောင် ပြန်ရလိုက်သလိုပဲ... “မုန့်လုံးရေပေါ်လေး” လို့ဖွဲ့သွားတာ ထူးခြားပြီး လှတယ်။ ကောင်မလေးရဲ့ ချစ်စရာကောင်းပုံကို အများကြီး မြင်လိုက်ရသလိုပဲ... နောင်နှစ် နောင်နှစ် သင်္ကြန်တွေမှာ ချစ်သူနဲ့အတူ ပျော်နိုင်ပါစေ ကိုလင်းဒီပရေ...
အိပ်မက်လမ်းလေးအတိုင်း
ညတိုင်းအိမ်ပြန်ဖြစ်နေတယ်
နိုးထလာတော့ နွမ်းလျလို့..
ဟုတ်တယ်အကိုေ၇...ကဗျာထဲကအတိုင်းပဲ
စိတ်တွေကပဲအိမ်ပြန်ဖြစ်နေတော့တာ.......
ဘယ်တော့များမှ....................
အိပ်မက်လမ်းကလေးကို လည်ပြန်ငေးသွားတယ်
လွမ်းမောဆွတ်ပျံဖွယ်ရာ ရနံ့တွေနဲ့ ကဗျာလေးတပုဒ်ပေါ့
ဖတ်ရင်းနဲ့ ကျောပါချမ်းသွားတယ်ဗျာ။ ကဗျာလေးက သင်္ကြန်ရေလေးလို အေးနေတာပဲ။ ရေးတတ်ပါပေ့ဗျာ။
ရေတစ်ခွက် လောင်းလိုက်တိုင်းမှာ
ဆံနွယ်တွေ သပ်ဖယ် မူနွဲ့ရင်း
ငုံ့ကိုင်းလိုက်တဲ့ လည်တိုင်ဖြူလေး
ဘယ်မဏ္ဍာပ်မှာ ထည်ဝါ ပွင့်ဖူးနေပါပြီလဲ
မုန့်လုံးရေပေါ်လေးရယ်…။
မုန့်လုံးရေပေါ်လေးကိုပြောတာကိုး
လှပတဲ့ ကဗျာလေးပါ
ပိတောက်မြေကိုလည်ပြန်ငေးကြည့်မိတယ်
ကောင်းသောနေ့ပါ ကိုလင်းဒီပရေ :)
Post a Comment