(က)
ရွှေရည်ဆိုသော ကောင်မလေးတစ်ယောက် ရှိပါသည်။သူမျက်လုံးများသည် ကြောင်ပေါက်စလေးတစ်ကောင်၏ မျက်လုံးများလို ဖြူစင်ရွှန်းလက်နေတတ်ပါသည် ။သူရယ်လိုက်သော အသံသည် အနှောင်အဖွဲ့ဟူသော စကားလုံးနှင့် လုံးဝမသက်ဆိုင်ပါ ။ ကမ္ဘာကြီး၏ အချို့ဘာသာ စကားများကို သင်ကြားတတ်မြောက်ထားချင်းမရှိပါ။“ဘဝ”ဆိုသော ဘာသာရပ်ကို သူနားစိမ်းပါသည် ။သူ့မိခင်နှင့် အဆင်မပြေအောင်နေသော ဘာသာရပ်ကို သူ တတ်ကျွမ်းပါသည်။ (သူ့မိခင်မှာလည်း အပြစ်များကို လွယ်ကူပိုင်နိုင်စွာ ရှာတတ်သော ရှေ့နေတစ်ယောက်လည်း ဖြစ်ပါသည် ။) သူငယ်ချင်းများနှင့် ခဏခဏ စိတ်ကောက်တတ်သော ဘာသာရပ်ကို သူတတ်ကျွမ်းပါသည် ။ သူ့အပေါ် အလိုက်တသိ သည်းခံတတ်သော သူငယ်ချင်းများ အပေါ် နွဲ့ဆိုး ဆိုးသော ဘာသာရပ်ကို သူတတ်ကျွမ်းပါသည် ။ (အထူးသဖြင့် ကျွန်တော်) ။ ယောက်ျားလေးများကို မတော်တဆကော တမင်တကာပါ စိတ်လှုပ်ရှားအောင် လုပ်တတ်သော ဘာသာရပ်ကို သူတတ်ကျွမ်းပါသည် ။
(ခ)
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် ကျူရှင်မှ အပြန် သူ့အိမ်မှ လာမကြိုသောရက်များတွင် ကျွန်တော် လိုက်ပို့ပေးရပါသည် ။ ထိုနေ့များတွင် အင်းစိန်လမ်းမကြီးတွင် ဘယ်သူ စိုက်ခဲ့မှန်း မသိသော ပန်းများ ပွင့်လာတတ်ပါသည်။
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်သောက်သော စီးကရက်များကို သူ လုတတ်ပါသည် ။ ကျွန်တော် ပြန်လုသောအခါ သူ့လက်ခုံ ဖွေးဖွေးလေးကြောင့် နွေးထွေး သွားတတ်ပါသည် ။
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် စိတ်ခံစားမှုများ ချရေးဖို့ တစ်ယောက်တစ်ဝက် ရေးသည့် ဒိုင်ယာရီလေး တစ်အုပ်ရှိပါသည် ။
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်။
ထို့ကြောင့် သူ ငိုသောအခါ ကျွန်တော် ချော့ရပါသည် ။
ထို့ကြောင့် သူ အော်သောအခါ ကျွန်တော် တိုးတိတ်နေရပါသည် ။
ထို့ကြောင့် သူ ပေးသောလက်ဆောင်များကို ကျွန်တော် သိမ်းထားရပါသည် ။
ထို့ကြောင့် သူ့ဖုန်းနံပါတ်ကလေးကို ကျွန်တော် သိမ်းထားရပါသည် ။
ထို့ကြောင့် သူနေမကောင်းသောအခါ ကျွန်တော် စိတ်ပူရပါသည် ။
ထို့ကြောင့် သူ့အင်္ကျီ လည်ပင်းပေါက်ကျယ်သော အခါ ကျွန်တော် ဆူရပါသည် ။
ထို့ကြောင့် သူနားမလည်သော စာများ ကျွန်တော် ရှင်းပြရပါသည် ။
….
….
….
(ဂ)
ရွှေရည့်ကို ကျွန်တော်ချစ်သလားဟု အပေါင်းအသင်းများက မေးပါသည် ။ ရွှေရည်သည် ပြုံးရွှင်ချိုလဲ့စွာ စိုက်ကြည့် နေတတ်သောကြောင့် ကျွန်တော် ချစ်ပါသည် ။ ရွှေရည် သည် တခြားသူများထက် ကျွန်တော့်ကို ပို၍ အရေးပေးသောကြောင့် ကျွန်တော်ချစ်ပါသည် ။ ရွှေရည်တက်သော အထက်တန်းကျောင်းသို့ သွားကြိုသောအခါ မုန့်တွေ ဝေစားရင်း ပျော်စရာကောင်းသောကြောင့် ကျွန်တော်ချစ်ပါသည် ။ ရွှေရည်သည် နှုတ်ခမ်းနီဆိုးတာက အစ ကျွန်တော့်ခွင့်ပြုချက် ယူတတ်သောကြောင့် ကျွန်တော်ချစ်ပါသည် ။(မှတ်ချက် စိတ်ကောက်နေသော အချိန်များ အကျုံးမဝင်ပါ။)
ရွှေရည့်ကို ကျွန်တော်ချစ်သလားဟု အပေါင်းအသင်းများကမေးပါသည် ။အမေနှင့် ခဏခဏ ရန်ဖြစ်တတ်သောကြောင့် ကျွန်တော်မချစ်ပါ ။ ဘာကို မှ အလေးအနက် မထားသောကြောင့် ကျွန်တော် မချစ်ပါ ။ အညံ့စားအတ္တများကြောင့် ကျွန်တော် မချစ်ပါ ။ ဘာတွေ လုပ်လုပ်နေမှန်း နားမလည်၍ ကျွန်တော်မချစ်ပါ ။
ခေါင်းနှင့်ပန်းကို ခွဲမရသောအခါ ခေါင်းတခါ ပန်းတလှည့်နှင့် ကျွန်တော် ညနက်နေတတ်ပါသည် ။သံယောဇဉ်သည် စိတ်၏ မည်သည့်အပိုင်းကို ချည်နှောင်ထားမှန်း မသိသော်လည်း ရုန်းထွက် မရမှန်းတော့ ကျွန်တော်သိပါသည်။
ထို့ကြောင့် ကျွန်တော်နှင့် ရွှေရည်သည် သူငယ်ချင်းများဖြစ်ပါသည် ။
(ဃ)
ရွှေရည် ဟိုဖက်ကျူရှင်က ကောင်လေးနှင့် ရည်းစားဖြစ်နေသည် ဟု ကြားပါသည် ။ထိုအခါ ရွှေရည် မျက်နှာကို ပင့်သက်နွေးတွေနှင့် နွမ်းလျသွားသည် အထိ နမ်းရှိုက်လိုက်ချင်သလို ရှိုက်သံပြင်းပြင်းတွေ ကျလာသည် အထိ စကားလုံးခါးခါးတွေနှင့် ပစ်ပေါက်ချင်စိတ်ကို ထိန်းထားရပါသည် ။သိပ်တော့မဆန်းပါ ။ ကျွန်တော် ရွှေရည့်ကို ချစ်ပါသည် ။ ကျွန်တော် ရွှေရည့်ကို မုန်းပါသည် ။ အချစ်နှင့် အမုန်းသည် အဓိပ္ပာယ် ကွဲလွဲသော်လည်း စိတ်ကို မောပန်းစေသော ခံစားမှုဖြစ်ပါသည် ။ အချစ်နှင့်အမုန်းကို ရောယှက် ခံစားမိသော အခါ ရွှေရည့်အနားမှာ ထိုင်နေရင်း ကျွန်တော် မောပန်းနေရပါသည် ။
“ရွှေရည် ၊ နင်က သိပ်ချစ်စရာကောင်းတယ် ။
နောက် ၊ သိပ်ကြောက်စရာလည်းကောင်းတယ်။”
မြက်ပင်နုနုလေးတွေပေါ် လေညင်း ဖြတ်ပြေးသလိုမျိုး ရွှေရည် ရယ်ပါသည် ။
ထိုအခါ ပြောလက်စ စကားလေးတွေ မေ့သွားပြီး ရွှေရည့် နှုတ်ခမ်းရဲလေးကို ကျွန်တော် ငေးကြည့် နေမိပါသည် ။
(င)
တစ်နေ့ ရွှေရည်သည် သူ့ကောင်ဆိုးလေး အကြောင်း ပြောရင်း မျက်ရည်တွေ ကျလာပါသည် ။ မျက်ရည် စီးကြောင်းလေးတွေ ရပ်တန့်သွားအောင် အကောင်းဆုံးနည်း အဖြစ် ရွှေရည့် ညာဖက်ပါးလေးကို ကျွန်တော် နမ်းမိပါသည် ။ ရွှေရည် ကျွန်တော့်ကို တွေတွေလေး ကြည့်နေပါသည် ။ ကျွန်တော့်လက်ခုံပေါ် ရွှေရည် မျက်ရည်တစ်ပေါက် ကျလာပါသည် ။ နွေးထွေးစွာ အေးစက်နေပါသည် ။
ကျွန်တော်တို့နှစ်ယောက်၏ စမ်းချောင်းလေးမှာ အဖြူရောင် ရေတွေ စီးဆင်းနေဆဲ ဖြစ်ပါသည် ။
(စ)
အရိုးသားဆုံး..ဒီလမ်းကလေးလျှောက်ရင်းနဲ့ ….မင်းရှိရာ…လာနေချင်သူပါကွယ်…
ထွက်မသွားနဲ့တော့….ဒီလောကကြီးထဲ မင်းတစ်ယောက်အတွက်…
အန္တရာယ် သိပ်များလွန်းတယ်…
(ဆောင်းဦးလှိုင်)
(ဆ)
တကယ်တော့ ရွှေရည်သည် ဦးတည်ရာမဲ့ လွင့်မျောနေတတ်သော တိမ်စိုင်ပြာပြာလေးဖြစ်ပါသည် ။ ဘယ်သူ့ ပယောဂနှင့်မှ ညိုမဲ မသွားသင့်ပါ ။ အတောင်ပံတွေ ရှိပါရက် ပျံမရသည့် ငှက်ကလေးသည် ကျွန်တော်ဖြစ်ပါသည်။ ထို့ကြောင့် တိမ်စိုင်လေးပြာနေဖို့ ကျွန်တော် သီချင်းတွေသာ ဆက်ဆိုနေခဲ့ပါသည် ။
ဒီလို နေထိုင်ကြရင်း ရွှေရည်နှင့် ကျွန်တော် သက္ကရာဇ် တချို့ပေါ်ဖြတ်လျှောက်လာခဲ့မိပါသည် ။
“နင် ငါ့ကို ချစ်နေသလား”
ကျွန်တော် မသိပါ ။ ရွှေရည်နှင့် ကျွန်တော် အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုပုံချင်း တူချင်မှ တူပါမည် ။
ကျွန်တော် ခေါင်းငြိမ့်လိုက်ပြီးမှ
“မပိုင်ဆိုင်ချင်တဲ့စိတ်ရယ် ဆုံးရှုံးမှာ ကြောက်တဲ့စိတ်ရယ် နှစ်ခုယှဉ်ပြီးတော့ ချစ်တယ်”
ပွင့်ဖတ်ကလေးတွေ လှုပ်ခတ်သွားရုံ ရွှေရည် ရယ်ပါသည် ။
“နင်က သိပ် ကဗျာဆန်ချင်တဲ့ကောင်”
ထိုနောက်ရွှေရည် ဘာမှ ထပ်မပြောပါ ။
ထိုညနေ နေဝင်ချိန်ကို အတူတကွ ကြည့်ရင်း ကျွန်တော်တို့ နှစ်ယောက် ခိုစာကျွေးဖြစ်ကြပါသည် ။
(ဇ)
တကယ်တော့ ရွှေရည်သည် တိမ်စိုင်ပြာလေးဖြစ်ပါသည် ။
ကျွန်တော် ငေးမော ကြည့်ရှုနေခဲ့ပါသည် ။
ကျွန်တော် ငေးမော ကြည့်ရှုနေပါသည် ။
ကျွန်တော် ငေးမော ကြည့်ရှုနေပါဦးမည် ။
ကျွန်တော် မြင်တွေ့နိုင်သော အတိုင်းအတာထိ တိမ်စိုင်ပြာပြာလေးကို ငေးမောကြည့်ရှုနေပါဦးမည် ။အကယ်၍ တိမ်စိုင်ပြာလေးကို မတွေ့နိုင်တော့သော အခါ ကျွန်တော် ငိုနေမည်လား…..
ရွှေရည်ရယ် လွမ်းလိုက်တာလို့ တိုးတိုးလေး ညည်းနေမိမလား…
ဘီယာတွေ ဖိသောက်နေမိမလား…
သိပ်မသေချာပါ ။
သေချာတာ တစ်ခုတော့ ရှိပါသည် ။
ရွှေရည်နှင့်ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည် ။
(၂၀၀၁ လောက်က ရေးထားတာလေးပါ ။)
လင်းဒီပ
၆.၉.၀၁
Tuesday, April 21, 2009
Subscribe to:
Post Comments (Atom)
21 comments:
ရိုးရိုးသားသားလေး..လှပတဲ့
အရေးအသားအဖွဲ့အနွဲ့လေးပါပဲ...
စကားပြေအရေးအသားကလဲ
ညက်ညောပါပေတယ်...
ပထမတိမ်စိုင်နဲ့အတူ မျောပါသွားပါတယ်... တကယ့်ကို မပီဝိုးတဝါး တိမ်ပေါ်က ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ... တချို့လူတွေဟာ တသက်လုံး သူငယ်ချင်းပဲ ဖြစ်ရမယ်ဆိုပြီး မွေးဖွားလာကြတယ် ထင်ပါရဲ့...
ဒုတိယတိမ်စိုင်အကြောင်းရော လာဦးမှာလား ကိုလင်းဒီပ...။ :).. ဖတ်လို့တကယ်ကောင်းပါတယ်...
လက်နဲ့ဆုပ်ကိုင် ပိုင်ပိုင် မရှိခဲ့တဲ့ တိမ်စိုင်လေး ထင်ပါရဲ့။ ရွှေရည်က အသက်ဝင်လွန်းလို့ သူ့ တခစ်ခစ် ရယ်သံကို တောင်ကြားပြီး ရင်မောနေမိတယ်။
သူ့အင်္ကျီ လည်ပင်းပေါက်ကျယ်သော အခါ ကျွန်တော် ဆူရပါသည် ကို ဖတ်ပြီး ပြုံးချင်တိုင်း ပြုံးမိတယ်။
ရွှေရည်ရေ.....ဒီမှာလွမ်းနေတယ်တဲ့.....
ရွှေရည်ကြားပါစေ............
(ဖတ်ရင်းနဲ့ဈန်ဝင်သွားလို့)
ရွှေရည်သည်ကျတော့်သူငယ်ချင်းဖြစ်ပါသည် :)
သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် (စိုင်းစိုင်း)
ကိုလင်းဒီပရေ စာလာဖတ်တယ် ကောင်းသောနေ့ပါ :)
ခေါင်းနှင့်ပန်းကို ခွဲမရသောအခါ ခေါင်းတခါ ပန်းတလှည့်နှင့် ကျွန်တော် ညနက်နေတတ်ပါသည် ။သံဃောဇဉ်သည် စိတ်၏ မည်သည့်အပိုင်းကို ချည်နှောင်ထားမှန်း မသိသော်လည်း ရုန်းထွက် မရမှန်းတော့ ကျွန်တော်သိပါသည်။
တွေဝေနေတတ်သော စိတ်ကြောင့် အချို့
နောက်ကျသွားတတ်သည်။
“ကျွန်တော် ရွှေရည့်ကို ချစ်ပါသည် ။ ကျွန်တော် ရွှေရည့်ကို မုန်းပါသည် ။ အချစ်နှင့် အမုန်းသည် အဓိပ္ပာယ် ကွဲလွဲသော်လည်း စိတ်ကို မောပန်းစေသော ခံစားမှုဖြစ်ပါသည် ။”
ဒီလို အရေးအသားမျိုးကို ဘယ်အခါပဲဖတ်ဖတ်နှစ်သက်မိတယ်။
ဒုတိယတိမ်စိုင်ကော ရှိသေးလား...
ရွှေရည်က အနားမှာ ရောက်လာသလို၊ ရွှေရည်ကအဝေးမှာ ရှိနေပြန်သည်။ ရွှေရည်နှင့်ကျွန်တော်သည် သူငယ်ချင်းများဖြစ်ပါသည်.....
ခံစားလို့ကောင်းတဲ့ ၀တ္ထုတိုလေး လာဖတ်တယ်။
ပျော်ရွှင်ပါစေ
ကောင်းပါတယ် အဖွဲ.လေးတွေ ၊၊
ရွှေရည့် ညာဖက်ပါးလေးကို ကျွန်တော် နမ်းမိပါသည်
တော်တော် ဆိုးတဲ့ ကျွန်တော်ပဲ သူငယ်ချင်းချင်း နမ်းစရာလား kwi kwi ....
အဲ့ဒီ့နှစ်ပိုင်းတွေက သူငယ်ချင်းချစ်သူ လေးတွေ နောက် အဖြူရောင် သူငယ်ချင်းသီချင်းလေးတွေ သိပ်ခေတ်စားတာ မှတ်မိတယ် ကိုလင်းဒီပကလဲ သူငယ်ချင်းချစ်သူလေး ရှိသကိုး..
အင်းစိန်လမ်းမကြီးပေါ်က အပင်တွေက အမစိုက်ထား
တာလေး) အဲဒိနေ့က ပျော်ပါစေဆိုပြီးပွင့်ခိုင်းလိုက်
တာ..ကဲပေး..ပန်းတွေပွင့်ခိုင်းပေးခ...း)
တစ်မျိုးလေး ဇတ်လမ်းထက် သည် သည် သည် နဲ့ဆုံးသွားတဲ့ စာကြောင်းတွေကို ပိုစိတ်ဝင်တစားဖတ်သွားတယ်း) တော်လိုက်တာ။
"အနှစ်ချုပ်"
ရွှေရည် နှင့် ကျွန်တော်သည် သူငယ်ချင်းများဖြစ်ကြသည်။ ထို့ကြောင် ရွှေရည်သည်
ကျွန်တော်ရဲ့  သူငယ်ချင်းမလေးဖြစ်ပြီး ကျနော်က ရွှေရည်ရဲ့  သူငယ်ချင်းကောင်းလေး ဖြစ်နေခဲ့ရပါသည်။
ယောက်ျားလေးများကို မတော်တဆကော တမင်တကာပါ စိတ်လှုပ်ရှားအောင် သူ့အင်္ကျီ လည်ပင်းပေါက်ကျယ်သော အခါ ကျွန်တော် ဆူရပြီး၊
သူ အော်သောအခါ ပြောလက်စ စကားလေးတွေ မေ့သွားပြီး ရွှေရည့် နှုတ်ခမ်းရဲလေးကို ကျွန်တော် ငေးကြည့် နေမိတတ်ပါသည်။ရွှေရည့်ကို ကျွန်တော်ချစ်သလားဟု အပေါင်းအသင်းများက မေးပါသည် “နင် ငါ့ကို ချစ်နေသလား”ဟုရွှေရည် ကလည်းမေးဘူးပါသည်။
ကျနော့် ကိုကျနော်ဒီ မေးခွန်း
ကိုပြန်မေးခဲ့ ဖူးသလားဆိုတာတော့...
သိပ်မသေချာပါ ။
သေချာတာ တစ်ခုတော့ ရှိပါသည် ။
ဒါကြောင့်ပဲထင်ပါသည်...
ရွှေရည် ဟိုဖက်ကျူရှင်က ကောင်လေးနှင့် ရည်းစားဖြစ်သွားပြီး....ရွှေရည့် ညာဖက်ပါးလေးကို ကျွန်တော် နမ်းခွင့်ရခဲ့တာတောင်မှ
ယနေ့တိုင်...ရွှေရည်နှင့်ကျွန်တော်သည် သူငယ်ချင်းများပင်ဖြစ်နေကြပါသေးသည်။
စကားပြေအရေးအသားတွေ ပီပြင်လှပပြီး ဖတ်လို့သိပ်ကောင်းပါတယ် ညီလေးရေ...
အဲဒီ အရေးအသားလေးကို သဘောကျတယ်
နောက်ကျမှ မန့် ရေးရလို့ ခွင့်လွှတ်ဗျ။ အလုပ်ရှုပ်နေလို့ ။ ချီးကျုးစရာတွေက အထက်ကလူတွေ ပြောတာတွေအားလုံးပဲ။ ကောင်းတယ်။ အဲလိုသူငယ်ချင်းမျိုးလေး ရချင်သား။ ဆက်သာ Do ဗျာ။
ရွှေရည်နှင့်ကျွန်တော်သည် သူငယ်ချင်းများဖြစ်ကြပါသည် နဲ့
လှလှပပလေး ခေါ်ဆောင်သွားတာပါလား။
၂၀၀၁ ကရေးထားတာဆိုပေမယ့် အနုပညာက တကယ်ကောင်းပါတယ်။ ကြိုက်တယ်။
=) အရမ်းကြိုက်တယ်။ ကျွန်မရေးချင်တာနဲ့ ကွက်တိပဲ အကိုရေးထားတာ။
ကျွန်တော်နှင့် ရွှေရည်တော်တော်တူပါသည်။
ကျွန်တော်တို့ နှစ်ယောက်လုံး ခံစားမှုတွေ စုပြီး ဘာရယ်မဟုတ် ဥ ထားတတ်ကြသည်။
း)
Post a Comment