Showing posts with label ဒေဝကဗျာ. Show all posts
Showing posts with label ဒေဝကဗျာ. Show all posts

Wednesday, July 28, 2010

အုံ့ပုန်း

သူ့အကြောင်း တွေးရင်

နွေးတတ်လာတဲ့ ရင်ဘတ်ကလေးကို ပွတ်ရင်း

ကြာတော့ ရှက်တတ်လာတယ် ။


သူက လှမ်းကြည့်တော့

တီကောင်လေးလို သိမ်ငယ်အသိနဲ့

ခေါင်းငုံ့ ဆွံ့အ နေမိတယ် ။


သူ့ရယ်သံ ခိုးခစ်မှာ

ဘယ်သွားရမှန်း မသိတဲ့ မြစ်ကျိုးအင်းကလေး ဖြစ်လို့ ။


ဘယ်လိုရနံ့တွေ

ဆွတ်ထားမယ်မှန်း မသိတဲ့ မြားဦးလေးကို

မုသားအဖြူထည်တွေ ချရေးမြူဆွယ်ရင်း

နာရီ မကြည့်တတ်တာ ကြာခဲ့ပြီ ။


လင်းဒီပ

(ကျောင်းသားဘဝလောက်က ရေးဖူးတာပါ ။ ၂၀၀၃ လောက်က ထင်ပါတယ် ။ ဘာရယ် မဟုတ် အမှတ်တရပေါ့ ။ )


Monday, January 11, 2010

ကျောက်ခေတ်ဂီတ

ငါ့စိတ်ထဲက တိမ်တွေ
နင့်စိတ်ထဲက တိမ်တွေ
အရောင်အသွေး တူနေမလား ။
ငါ့စိတ်ထဲက ပုစ္ဆာ
နင့်စိတ်ထဲက ပုစ္ဆာ
ဒွိဟဖြစ်ရတာခြင်း တူနေမလား ။

ငါ့စိတ်ရဲ့ လရိပ်အလင်းနဲ့
နင့်စိတ်ရဲ့ ပျိုးခင်းကို ထွန်းလင်းပေးချင်တယ် ။
နင့်စိတ်ရဲ့ နေရောင်ခြည်နဲ့
ငါ့စိတ်ရဲ့ ဥယျာဉ်ကို ဖူးပွင့်စေ့ချင်တယ် ။

ငါ့သီချင်း
နင့်သီချင်း
သံစဉ်တူမယ့်နေ့
ငါ့မနက်ခင်း
နင့်မနက်ခင်း
အပြာရောင်တွေ လင်းမယ့်နေ့

ဘာပဲဖြစ်ဖြစ်ပေါ့ ညီမလေးရယ်
ငါဖန်ဆင်းခွင့်ရမယ့်
အရုဏ်အသစ်တစ်ခုမှာ
နင်နဲ့အတူတူ မျက်နှာသစ်ချင်တယ် ။
လင်းဒီပ
၁.၅.၂၀၀၅
(သိပ်ရိုးစင်းလွန်းတဲ့ အချစ်ကဗျာအဟောင်းလေးတစ်ပုဒ်ပါ ။ ဘလောဂ်မှာတော့ မတင်ဖူးပါဘူး ။ အသစ်မရေးနိုင်သေးလို့ပါ။)

Thursday, December 17, 2009

ပျော်တော်ဆက်



မိုးဥတုကို ဖန်ဆင်းဖို့
မုတ်သုန်ရဲ့လေးနဲ့မြား
ငါ့မှာမှ မရှိတာ ။

မိတ်ဖက်ကြယ်တချို့ရဲ့ အပံ့အပိုးနဲ့
ပန်းကလေးကို
ညညမှ ရေခိုးလောင်းခွင့်ရတာ ။

ခြံစည်းရိုးလေးရယ်
မိုးလင်းတဲ့အထိတော့
ငါ့ကို
ရပ်ကြည့်ခွင့်ပေးပါ ။

လင်းဒီပ
(ကဗျာဟောင်းလေးပါ ။ ၂၀၀၄ လောက်က ရေးခဲ့တာလို့ထင်ပါတယ်။)
၁၇.၁၂.၀၉
Photo Source: http://www.angy1380.com/pics/misc/blog/night scene.jpg

Wednesday, December 9, 2009

သူငယ်ပြန်ခြင်း

ငါ့ခွန်ငါ့အားနဲ့
ထွန်ယက်ထားခဲ့ပေမယ့်
အလျားလိုက်သန်းတဲ့နွေ
နတ်ဆိုးဂီတလှိုင်းကြား
မျက်လှည့်အဖွဲ့များ တဝေဝေ..။

ပထမနာရီတွေဆီ
အဖန်ဖန်တမ်းတ
အိပ်မက်တွေ ပြာချလည်း
အရင်းပြန်မရတော့ ။

လင်းဒီပ
၂၆.၀၁.၂၀၀၀

Monday, July 27, 2009

နွေဘွဲ့

“ချစ်လို့ လွမ်းလို့”ဆိုပြီး
ပေါ့လျှံလျှံစကားတွေနဲ့လည်း
ငါ နင့်ကို မဖြားယောင်းချင်ဘူး ။
တကယ်ဆို
ဒါ
နေပူထဲ လမ်းအတူလျှောက်ရင်းနဲ့
ပေါက်ကွဲ ပွင့်ဖူးလာတဲ့ နှင်းဆီပွင့်ဖတ်ပေါ်က သီချင်းရိုင်း။
စွယ်တော်ရွက်ခူး ကံ့ကော်နဲ့ ရူးပိုင်ခွင့်လက်မှတ်
ဖိုးဖိုးတို့ ဖေဖေတို့ ငယ်မူပြန်အိတ်ကပ်ထဲမှာ
မမေ့မလျော့ ကျန်ခဲ့ကြပါပြီ။
ဆွေခန်းမျိုးခန်းတွေလည်း ပြတ်ခဲ့ကြ။
နွေရာသီ ဘယ်လို ခါးခါး ချစ်သူတွေက ချစ်သွားကြတာပါပဲ။
ဒါ … စကားလုံးတွေနဲ့ သီဖွဲ့ရမယ့် ဆောင်းဦးအိပ်မက် မဟုတ်ဘူး။
ဒါ … သဇင်ခက်လေး ပန်ပြီး နင်လည်း မဟာဆန်ချင်မှာ မဟုတ်ဘူး။
လှပါတယ် ကောင်မလေးရယ်
ပါးကွက်ထူထူနဲ့ ကျောင်းတော်သူလေးရယ်
ကျေးလက်ရနံ့တခြမ်း မြို့တော်ရနံ့တခြမ်းနဲ့
ပို့စ်မော်ဒန် ပန်းပုလက်ရာလေး တစ်ခုပါပဲ။
အိုဇုန်းလွှာအပေါက်ထဲမှာ
အချစ်ကို ပေါင်မုန့်နဲ့ ရောကင်ခဲ့တယ်။
သြဘာလမ်းလေးကို ပေးဖတ်ဖို့
ကျောက်စာတစ်ချပ်ရေးလိုက်တယ်။
ကောင်မလေးရေ
ကြေးနီရောင်ကောင်မလေးရေ
နေတော့ နည်းနည်းပူတယ်။
ငါတို့အရေပြားပေါ် လမ်းသလားနေတဲ့ လေပူတွေထဲမှာ
တစ်ယောက်နဖူးကချွေး တစ်ယောက်က သုတ်
မောင်သိန်းဇော်ကဗျာလေး ထုတ်ဖတ်ရင်း
ရေခဲမုန့်မပါလည်း အချစ်ကို သရုပ်ဖော်လို့ရတယ်ဆိုတာ
ငါ နင့်ကို
ရိုးရိုးသားသား လိမ်ညာခွင့်ပြုပါ။

ကဗျာလေး၏နောက်ခံရှုခင်း
ငယ်ငယ်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်ကျောင်းသားဖြစ်ရင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာနွမ်ဂျာသိုင်းတို့ ဝတ္တုတွေထဲက ဇာတ်ကောင်တွေလို စိတ်ကူးယဉ်ထားခဲ့တာပါ ။စာပေ အနုပညာတွေ ထုံမွှန်းနေတဲ့ ကျောင်းသားဘဝ… ပစ္စည်းမဲ့ဂိတ်တို့ သြဘာလမ်းတို့ မေတ္တာပေါင်းကူးတို့ပေါ့ ။ တကယ်တမ်း စတက်ရတော့ မှော်ဘီဂျီတီစီမှာ ကျွန်တော်တို့ ဝိုင်တီယူပထမနှစ်နဲ့ ဒုတိယနှစ်သွားတက်ရပါတယ် ။ တတိယနှစ်ကနေစပြီး ကျောင်းပြီးတဲ့အထိ နည်းပညာတက္ကသိုလ်ကို လှိုင်သာယာမှာ တက်ရပါတယ် ။

ဒီကဗျာလေးကတော့ ကျောင်းမှာ မြင်တွေ့ဖြစ်တဲ့ ချစ်သူစုံတွဲတွေ နေပူပူမှာ အချစ်ကို ဘယ်လို ဖွဲ့သီကြပါသလဲလို့ ကန်တင်းလေးတစ်ခုမှာ ထိုင်ကြည့်ရင်း ရေးဖြစ်တဲ့ကဗျာလေးပါ ။ ဒဂုံတက္ကသိုလ်က အဖွဲ့တွေ ထုတ်ဖြစ်တဲ့ “ဧည့်ဟောင်းဧည့်သစ် ၂၄” ဆိုတဲ့ စာအုပ်လေးထဲမှာ ထည့်ခဲ့တဲ့ ကဗျာလေးပါ ။
လင်းဒီပ
၂၇.၇.၀၉

Wednesday, July 15, 2009

အချစ်ကဗျာ

သစ်သီးတစ်လုံးက စခဲ့တာလား။
နံရိုးတစ်ချောင်းက စခဲ့တာလား။
ကစားပွဲတစ်ခု ဆိုတာတော့
အသေအချာသိနေတယ်။

ဘယ်လို စတင်သီးပွင့်ခဲ့တာလဲ မသိ။
ဘယ်လို ခြောက်ကပ်သေဆုံးခဲ့တာလဲ မသိ။
ဖြတ်ကနဲ ငေးအကြည့်မှာ
အလင်းပျိုတွေ ရွှန်းလက်နေတတ်တာ…
ဘယ်လောက်ထိ လောင်းကြေးတွေ ပုံအောမိပြီလဲ မသိ။
ဘယ်လောက်ထိ ဆုလာဘ်တွေ ပြန်ရမှာလဲ မသိ။
နှင်းတွေ ပိတ်ဆီးနေတဲ့ မနက်စောစောလို
အာရုံခံစားမှုပြင်းပြင်းနဲ့ ခန့်မှန်းတွက်ချက်ကြည့်ရတာ…
လမ်းတွေ ဘယ်လောက်ပြီးမြောက်ခဲ့ပြီလဲ မသိ။
ပန်းတွေ ဘယ်လောက်နွမ်းကြေခဲ့ပြီလဲ မသိ။
ဘဝနဲ့ချီပြီး တွက်ကြည့်လိုက်တော့မှ
မီးတောင်သေတွေ ပွင့်သီးနေတဲ့ ငါ့အတ္တုပ္ပတ္တိလေးတွေ့လိုက်ရ ။

မထူးတော့ပါဘူး ဆိုတဲ့စိတ်နဲ့
ရွက်တိုင်အဟောင်းလေးကို ဆေးရောင်တွေ ပြောင်းသုတ်
ငါ့ ရင်က ဓားကိုပြန်နုတ်ဖို့
ပင်လယ်မှာ တံခါးပေါက် ရှိ မရှိ
ငါမသိချင်တော့ ။

တကယ်တော့
သစ်သီးတစ်လုံးက စခဲ့တာလည်း မဟုတ်
နံရိုးတစ်ချောင်းက စခဲ့တာလည်း မဟုတ်
သစ်ရွက်လှုပ်တာကြည့် ရယ်မိခဲ့တဲ့ နှုတ်ခမ်းတစ်စုံ
ကျိန်စာသင့်သွားခဲ့တာပါ ။
လင်းဒီပ
၁၉.၄.၂၀၀၁
(အဟောင်းလေးတစ်ပုဒ်ပါဘဲ…အသစ်မတင်နိုင်သေးလို့ပါ။စာအရမ်းရေးချင်နေပါတယ်။မကြိုက်လိုက် ထားထားလိုက်နဲ့ တပိုင်းတစတွေတော့ အတော်များနေပါတယ်။)

Wednesday, June 17, 2009

သန်းခေါင်ယံမျက်လှည့်

သူမရဲ့ဆံပင်တွေ ခိုးနမ်းဖို့ပေါ့
လရောင်ကို လာဘ်ထိုး
အိပ်ရာဖြူဖြူလေးဆီ တိုးတိုးလေး လာခဲ့။

အိပ်ရာပေါ် တိတ်တိတ်ဆိတ်ဆိတ်
ဝံပုလွေမလေး အိပ်နေရဲ့။

ရင်နာနာနဲ့ ပြန်အထွက်
ငါ့ရင်ဘတ် အတွင်းသားတွေတော့
သူမ အခန်းထဲ ကျန်ခဲ့ပေါ့။
လင်းဒီပ
၁၂.၄.၂၀၀၀
(သူငယ်ချင်းသုံးယောက် စုထုတ်ဖူးတဲ့ သုံးမျက်နှာဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။)

Tuesday, June 9, 2009

ပန်းရိုင်းအလင်္ကာ

ပန်းအလင်္ကာ

“ပန်းမခူးရ”တဲ့။

ငါက
လှည့်ပြန်မယ် ကြံတော့
ပန်းကလေးက
ငါ့နာမည် သီချင်းလုပ်ဆိုနေတယ်။

ဧဝ ဘယ်လိုမူခဲ့သလဲ
အာဒံကို ပြန်မေးကြည့်ချင်တယ် ။



အရိုင်းတေး

တခါမှ သူ့ကို
စွယ်တော်ရွက်ကလေးလည်း ခူးမပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
နှင်းဆီပန်းလေးလည်း ဆူးသင်မပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
ပုံတော်ဖိနပ်ကလေးလည်း ဝယ်မပေးခဲ့ဖူးဘူး။

ဆုံလိုက်တိုင်းမှာ
တွေ့ကရာတစ်ခုခုနဲ့ သူက ပစ်ပေါက်တတ်သလို…
ဆုံလိုက်တိုင်းမှာ
ရန်စကားတစ်ခုခုနဲ့ နှုတ်ဆက်ဖြစ်သလို….
ဆုံလိုက်တိုင်းမှာ
ပြဿနာမိုးပြေးလေးရွာမှ ကျေနပ်သွားကြတာမျိုး…

အဲဒိ မိုးလေဝသကို
ဘယ်သူမှ သတိမထားမိတာလား
နှစ်ယောက်တည်းသတိမထားမိတာလား
ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်လွင်ပြင်မှာ
အတေးအမှတ်မရှိတဲ့ အမာရွတ်ကလေးတွေ စိမ်းစိမ်းစို
အရိုင်းတေးတွေ ပွင့်နေ ဝေနေပေါ့။


လတ်တလောကျွန်တော်…..
ဒီကဗျာလေးနှစ်ပုဒ် က ၂၀၀၀ ပတ်ဝန်းကျင်လောက်က ရေးထားတာလေးပါ။( “ပန်းအလင်္ကာ” ကတော့ သက်တန့်ရောင်စဉ်ဂျာနယ်မှာ ပါခဲ့ဖူးပါတယ် ။ ဒေဝ နာမည်နဲ့ပါ) ။ ကျွန်တော်ကဗျာမရေးရင် လာလာအော်တတ်တဲ့ ကိုမင်းအိမ်ဖြူ ကိုဆိုးသွမ်း ညီမမယ်ကိုး ညီမဝတ်လုံတော်ရမင်းတို့ကို ကြောက်လို့ ရှာကြံပြီး တင်လိုက်ရတာပါ။ ဒီရက်တွေမှာ အလုပ်များနေတော့ ဘလောဂ့်ကို ပစ်ထားသလို ဖြစ်နေပါတယ် ။ တခြား ဘာမှမဟုတ်ပါဘူး။ ဘယ်လက်ခုပ်ထဲမှလည်း မရောက်ပါဘူးဗျာ ။ အစ်မ မနော် ပြောသလို ငါးက ကျွန်တော်မဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ပုံမှန် စာပြန်ရေးဖြစ်အောင် ကြိုးစားနေပါတယ် ။ အခုတော့ ဒီကဗျာဟောင်းလေးတွေနဲ့ပဲ ပိုစ့်လေးတစ်ပုဒ်ဖြစ်အောင်တင်ခွင့်ပြုပါ။

မှတ်မှတ်ရရ ဒီပိုစ့်လေးက ပိုစ့်တစ်ရာမြောက်ပါ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၉.၆.၀၉

Wednesday, May 6, 2009

ဥစ္စာစောင့်ရဲ့ဂီတ

ချစ်သူရေ ကြည့်
တောမဟုတ် မြို့မဟုတ်တဲ့ နေရာလေးမှာ
ဥပက္ခာတရားတွေနဲ့ ပစ်ချထားတာ ခံရတဲ့ကောင်လေး။

လွမ်းတယ်ချစ်သူ
မိုးစိုနေတဲ့ နှလုံးသားက
ဝဿန်အကျိုးအပဲ့လေးတွေ ပြန်လွမ်းတယ်။

လွမ်းတယ်ချစ်သူ
မိုးစိုနေတဲ့ ကွက်တိကွက်ကြား ပါးကွက်လေးထဲက
မိတ်ကပ်နံ့လေး ပြန်လွမ်းတယ်။

လွမ်းတယ် ချစ်သူ
မိုးသက်လေ အပံ့အပိုးနဲ့
ငါခိုးခိုး နမ်းခဲ့ရတဲ့ ဆံညိုညိုလေးတွေ ပြန်လွမ်းတယ်။

လွမ်းတယ်ချစ်သူ
လျှပ်ရောင်လက်ရင် ငါ့ဘက် တိုးကပ်လာတတ်တဲ့
လက်မောင်းအိုး ဖြူဖြူလေးတွေ ပြန်လွမ်းတယ်။

လွမ်းတယ်ချစ်သူ
ရယ်စရာမဟုတ်တာ ရယ်စရာလုပ် ရယ်တတ်တဲ့
မိုးစို ရယ်သံလေးတွေ ပြန်လွမ်းတယ်။

လွမ်းတယ်ချစ်သူ
ကဲ့ရဲ့တတ်သူတွေ နှုတ်ခမ်းက
မိုးရေစို အညှော်ခံ ငါ့ဘဝ ငါပြန်လွမ်းတယ်။

လွမ်းတယ်ချစ်သူ
တို့နှစ်ယောက်က ဘာလဲလို့ မရဲတရဲ မေးမိရင်
သူငယ်ချင်းတွေပေါ့ဆိုတဲ့
ထူပိန်းပိန်း နီရဲရဲ နှုတ်ခမ်းလေး ငါပြန်လွမ်းတယ်။

လွမ်းတယ်ချစ်သူ
မိုးနဲ့ ရောငိုထားတဲ့ ငါ့မျက်ရည်တွေ ခင်းတဲ့လမ်း
နင် နင်းသွားတာ ပြန်လွမ်းတယ် ။

(ချစ်သူရေ)
မြင်ကြည့်
ကမ္ဘာမှာ နယူတန်ကို ပထမဆုံးဆန့်ကျင်သူဟာ
မင်း..
ဒါမှ မဟုတ်
ငါ ဖြစ်နေလိမ့်မယ်ကွယ်..။
၂.၆.၁၉၉၈

ဒီကဗျာလေးက ဆယ်တန်းအောင်ကာစ က ရေးထားတာလေးပါ ။အခုလောလောဆယ် စာမရေးဖြစ်တာနဲ့ ကဗျာ အဟောင်းလေးတွေနဲ့ ဆက်တိုက်ကို ဆားချက်နေတာပါ ။ ခွင့်လွှတ်ပေးကြပါဗျာ။
လင်းဒီပ
၆.၅.၀၉

Sunday, May 3, 2009

ဝဋ်နာကံနာ

ရင်းနှီး ခုံမင် သွားမှာ စိုးလို့
ဖြတ်သွား ဖြတ်လာတောင် မရှိအောင်နေခဲ့တယ်။

အိပ်မက်တွေက အစ
နှင်းဆီရနံ့ မရချင်လို့
ပြတင်းတံခါးတွေ ပိတ်
တိတ်
ဆိတ်
အိပ်နေခဲ့တာ။

ပျော့ညံ့ညံ့ကောင်လေ
ကောင်းကင်ပြာပြာကို နှုတ်မဆက်ချင်လို့
ခေါင်းငုံ့လမ်းလျှောက်ခဲ့တာ
ဒီမှာ
အလွမ်းတွေနဲ့ခလုတ်တိုက်မိ။

ဒီကဗျာလေးက ၂၀၀၁ လာက်က ရေးခဲ့ဖူးတာပါ။ကဗျာစာအုပ်နာမည်တော့ မေ့နေပါပြီ..Valentine’s အမှတ်တရ စာအုပ်လေးတစ်အုပ်မှာပါ။
လင်းဒီပ
၃.၅.၀၉

Thursday, April 30, 2009

နတ်သမီးဖတ်စာ

စိတ်မှာရေးထားတဲ့ ကဗျာလေး ဆိုတော့
ဘယ်သူမှ ပေးမဖတ်ဖြစ်ခဲ့ဘူး ။

အပျော်တမ်း
တောပန်းခူး ထွက်လာတဲ့ မင်းသမီးလေးကို
တောမုဆိုးလေး စိတ်ကူးယဉ်မိသလို…
အမှတ်မဲ့
ဖြတ်ဆင်းကျီစယ်တဲ့ လရောင်လေးကြောင့်
အလေ့ကျကန်စွန်းခင်းလေး ဘဝမေ့သွားသလို…

သိပါတယ်
လမ်းဘေး အုတ်ခုံလေးမို့
နှင်းဆီရဲ့ပင့်သက်လေးတောင်
ခိုးယူပေါင်းသင်းခွင့် မရှိဘူးဆိုတာ။

သခင်မလေးရယ်
သင့်ရဲ့ဆောင်းရာသီ ရှုမျှော်ခင်းလေးမှာ
နှင်းလို
မြူလို
ဝိုးတဝါးနှင့်
ရိုးသားစွာ အမှုတော်ထမ်းခွင့်ပြုပါ။
လင်းဒီပ
(တံခါး(၁) ကဗျာစု , Oct 2001)

Tuesday, April 28, 2009

ဆောင်းရစ်သမ်

ဆောင်းလို့ဆိုသာရုံလေး
ဂီတလို့ ဆိုသာရုံလေး
လေညင်းလို့လည်း ဆိုသာရုံလေး

မနက်မနက်ဆို ငါ့မှာ
နေခြည်ထက်နွေးတဲ့
နှင်းပန်းပုရုပ်လေး စီးဆင်းမယ့်လမ်းကို
ကြိုကြိုတင်တင် ရောက်နေရ။

ဆွတ်ဖြူပါးမို့လေး အေးဆေးနေလိုက်တာ
ညည်းကလေးရယ်
တစ်နေ့လုံးမှာ မင်း ဘယ်နှစ်ခါပြုံးလဲ ။

အိနြေ္ဒရင့်ရင့် နှုတ်ခမ်းလေးကို
ငေးကြည့် တွေးမောနေရတာနဲ့တင်
သင်ခန်းစာတွေ စိတ်နဲ့ အစေးမကပ်ဘူး။

ခေါင်းလောင်းသံလေးတွေနဲ့ ညနေခင်း
အိမ်ပြန်သီချင်းလေးတွေ ဆိုကြတော့
အိနြေ္ဒရင့်ရင့်နှုတ်ခမ်းလေးက
အပြုံးလို့ ဆိုသာရုံလေးနှင့် ငါ့ကို…။
၁၈.၁.၂၀၀၃

ကျွန်တော် ကျောင်းသားဘဝက ဒေဝ ဆိုတဲ့ နာမည်နဲ့ ကဗျာလေးတွေ ဟိုတစ်စ ဒီတစ ရေးဖူးပါတယ် ။ အခု ဘလောဂ့်လေး လုပ်ပြီးတဲ့နောက်ပိုင်း အဲဒီ ဒေဝနာမည်နဲ့ ရေးထားတဲ့ ကဗျာလေးတွေထဲက ကောင်းနိုးရာရာလေးတွေကို ဘလောဂ့်မှာ အမှတ်တရ ပြန်တင်ချင်ပါတယ်။ ဒီ “ဆောင်းရစ်သမ်” ကတော့ ပထမဆုံး ပြန်တင်တာပေါ့ ။ ကျောင်းသားဘဝက ကျွန်တော့် ရင်ထဲက ခေါင်းလောင်းသံလေးတွေကို အမှတ်တရ ပြန်ခံစားကြည့်ချင်စိတ်ရယ် ပြန်မျှဝေချင်စိတ်ရယ်နဲ့ ပြန်တင်မှာပါ ။ နောက်တစ်ခုက ဒေဝ နှင့် လင်းဒီပ နဲ့ တစ်ယောက်တည်းပါပဲ လို့။

ဒီကဗျာလေးကလည်း ကျောင်းတုန်းက အခန်းထဲမှာ သိပ် အေးဆေးတည်ငြိမ်လွန်းတဲ့ ကောင်မလေးတစ်ယောက်ကို ထောင့်တစ်ထောင့်က ထိုင်ကြည့်ရင်း ရေးဖြစ်သွားတာပါ ။ ဒီပ ဆိုတဲ့ကောင် သူ့ကိုကြည့်ပြီး ဒီကဗျာလေး ရေးလိုက်တယ် ဆိုတာတော့ အဲဒီကောင်မလေး သိမသွားပါဘူး..:P ။
လင်းဒီပ(ဒေဝ)
၂၈.၄.၀၉