Wednesday, July 15, 2009

အချစ်ကဗျာ

သစ်သီးတစ်လုံးက စခဲ့တာလား။
နံရိုးတစ်ချောင်းက စခဲ့တာလား။
ကစားပွဲတစ်ခု ဆိုတာတော့
အသေအချာသိနေတယ်။

ဘယ်လို စတင်သီးပွင့်ခဲ့တာလဲ မသိ။
ဘယ်လို ခြောက်ကပ်သေဆုံးခဲ့တာလဲ မသိ။
ဖြတ်ကနဲ ငေးအကြည့်မှာ
အလင်းပျိုတွေ ရွှန်းလက်နေတတ်တာ…
ဘယ်လောက်ထိ လောင်းကြေးတွေ ပုံအောမိပြီလဲ မသိ။
ဘယ်လောက်ထိ ဆုလာဘ်တွေ ပြန်ရမှာလဲ မသိ။
နှင်းတွေ ပိတ်ဆီးနေတဲ့ မနက်စောစောလို
အာရုံခံစားမှုပြင်းပြင်းနဲ့ ခန့်မှန်းတွက်ချက်ကြည့်ရတာ…
လမ်းတွေ ဘယ်လောက်ပြီးမြောက်ခဲ့ပြီလဲ မသိ။
ပန်းတွေ ဘယ်လောက်နွမ်းကြေခဲ့ပြီလဲ မသိ။
ဘဝနဲ့ချီပြီး တွက်ကြည့်လိုက်တော့မှ
မီးတောင်သေတွေ ပွင့်သီးနေတဲ့ ငါ့အတ္တုပ္ပတ္တိလေးတွေ့လိုက်ရ ။

မထူးတော့ပါဘူး ဆိုတဲ့စိတ်နဲ့
ရွက်တိုင်အဟောင်းလေးကို ဆေးရောင်တွေ ပြောင်းသုတ်
ငါ့ ရင်က ဓားကိုပြန်နုတ်ဖို့
ပင်လယ်မှာ တံခါးပေါက် ရှိ မရှိ
ငါမသိချင်တော့ ။

တကယ်တော့
သစ်သီးတစ်လုံးက စခဲ့တာလည်း မဟုတ်
နံရိုးတစ်ချောင်းက စခဲ့တာလည်း မဟုတ်
သစ်ရွက်လှုပ်တာကြည့် ရယ်မိခဲ့တဲ့ နှုတ်ခမ်းတစ်စုံ
ကျိန်စာသင့်သွားခဲ့တာပါ ။
လင်းဒီပ
၁၉.၄.၂၀၀၁
(အဟောင်းလေးတစ်ပုဒ်ပါဘဲ…အသစ်မတင်နိုင်သေးလို့ပါ။စာအရမ်းရေးချင်နေပါတယ်။မကြိုက်လိုက် ထားထားလိုက်နဲ့ တပိုင်းတစတွေတော့ အတော်များနေပါတယ်။)

8 comments:

ရွာသားလေးဝိုင်တီယူ said...

ဒေ၀ကြီးတော်တော်ဆိုးတယ် ရင်ကဓါးကို ပြန်နှုတ်ချင်သေးသတဲ့
ပင်လယ်မှာ တံခါးပေါက်ရှိရင် အားလုံးတန်းစီခုန်ချနေမှာပေါ့။ မသိချင်နဲ့ မသိချင်နဲ့
အကြည့်ဆိုတဲ့ သီချင်းပဲထိုင်ဆိုနေတော့

MANORHARY said...

shake hand !! :)
အသစ်မတင်နိုင်သေးတာ
အပိုင်းအစတွေများနေတာ
အဟောင်းတွေတင်နေတာ
း)
တူတူပဲလို့
ဒါပေမယ့်
မဖတ်ရသေးသူအတွက်ကတော့
ကျိန်စာသင့်နှုတ်ခမ်းတွေကို
ဆွံ့အသွားစေပါတယ်။

အိုင်လွယ်ပန် said...

မဖတ်ရသေးရင် အသစ်ပဲပေါ့ :)

မထူးတော့ပါဘူး ဆိုတဲ့စိတ်နဲ့
ရွက်တိုင်အဟောင်းလေးကို ဆေးရောင်တွေ ပြောင်းသုတ်
ငါ့ ရင်က ဓားကိုပြန်နုတ်ဖို့
ပင်လယ်မှာ တံခါးပေါက် ရှိ မရှိ
ငါမသိချင်တော့ ။

လှတယ်ဗျ ။

khin oo may said...

နောက်ဆုံး နစ်ကြောင်းကြီုက်တယ်။

မယ်ကိုး said...

မဖတ်ရသေးတဲ့ အသစ်ပါ...

ငါ့ ရင်က ဓားကိုပြန်နုတ်ဖို့
ပင်လယ်မှာ တံခါးပေါက် ရှိ မရှိ
ငါမသိချင်တော့ ။

ဒီလို စကားလုံးတွေကို မှတ်မိနေတော့မှာ အသေအချာ။

မေ့သမီး said...

အဟောင်းလား။ သမီးလည်းမဖတ်ဖူးဘူး။ ကစားပွဲတခုတဲ့လား။ ပင်လယ်မှာထွက်ပေါက်တော့ရှိတယ်မလား။ ကိုလင်းကဗျာတွေကတော့ ဟောင်းဟောင်းသစ်သစ်လှနေတာပဲ။

sait phay yar said...

ကိုလင်း... ကြိုက်တယ်ကွာ ကဗျာလေး..
လူကိုဟုတ်ပါဘူး......

ရွှေပြည်သူ said...

“မီးတောင်သေတွေ ပွင့်သီးနေတဲ့ ငါ့အတ္တုပ္ပတ္တိလေးတွေ့လိုက်ရ”

“သစ်ရွက်လှုပ်တာကြည့် ရယ်မိခဲ့တဲ့ နှုတ်ခမ်းတစ်စုံ
ကျိန်စာသင့်သွားခဲ့တာပါ”...

လှလိုက်တာ... တပုဒ်လုံးပဲ။ မောင်ဒေဝကလေးက တော်ကို တော်လွန်းပါတယ်။