Monday, July 27, 2009

နွေဘွဲ့

“ချစ်လို့ လွမ်းလို့”ဆိုပြီး
ပေါ့လျှံလျှံစကားတွေနဲ့လည်း
ငါ နင့်ကို မဖြားယောင်းချင်ဘူး ။
တကယ်ဆို
ဒါ
နေပူထဲ လမ်းအတူလျှောက်ရင်းနဲ့
ပေါက်ကွဲ ပွင့်ဖူးလာတဲ့ နှင်းဆီပွင့်ဖတ်ပေါ်က သီချင်းရိုင်း။
စွယ်တော်ရွက်ခူး ကံ့ကော်နဲ့ ရူးပိုင်ခွင့်လက်မှတ်
ဖိုးဖိုးတို့ ဖေဖေတို့ ငယ်မူပြန်အိတ်ကပ်ထဲမှာ
မမေ့မလျော့ ကျန်ခဲ့ကြပါပြီ။
ဆွေခန်းမျိုးခန်းတွေလည်း ပြတ်ခဲ့ကြ။
နွေရာသီ ဘယ်လို ခါးခါး ချစ်သူတွေက ချစ်သွားကြတာပါပဲ။
ဒါ … စကားလုံးတွေနဲ့ သီဖွဲ့ရမယ့် ဆောင်းဦးအိပ်မက် မဟုတ်ဘူး။
ဒါ … သဇင်ခက်လေး ပန်ပြီး နင်လည်း မဟာဆန်ချင်မှာ မဟုတ်ဘူး။
လှပါတယ် ကောင်မလေးရယ်
ပါးကွက်ထူထူနဲ့ ကျောင်းတော်သူလေးရယ်
ကျေးလက်ရနံ့တခြမ်း မြို့တော်ရနံ့တခြမ်းနဲ့
ပို့စ်မော်ဒန် ပန်းပုလက်ရာလေး တစ်ခုပါပဲ။
အိုဇုန်းလွှာအပေါက်ထဲမှာ
အချစ်ကို ပေါင်မုန့်နဲ့ ရောကင်ခဲ့တယ်။
သြဘာလမ်းလေးကို ပေးဖတ်ဖို့
ကျောက်စာတစ်ချပ်ရေးလိုက်တယ်။
ကောင်မလေးရေ
ကြေးနီရောင်ကောင်မလေးရေ
နေတော့ နည်းနည်းပူတယ်။
ငါတို့အရေပြားပေါ် လမ်းသလားနေတဲ့ လေပူတွေထဲမှာ
တစ်ယောက်နဖူးကချွေး တစ်ယောက်က သုတ်
မောင်သိန်းဇော်ကဗျာလေး ထုတ်ဖတ်ရင်း
ရေခဲမုန့်မပါလည်း အချစ်ကို သရုပ်ဖော်လို့ရတယ်ဆိုတာ
ငါ နင့်ကို
ရိုးရိုးသားသား လိမ်ညာခွင့်ပြုပါ။

ကဗျာလေး၏နောက်ခံရှုခင်း
ငယ်ငယ်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် တက္ကသိုလ်ကျောင်းသားဖြစ်ရင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့ ဆရာနွမ်ဂျာသိုင်းတို့ ဝတ္တုတွေထဲက ဇာတ်ကောင်တွေလို စိတ်ကူးယဉ်ထားခဲ့တာပါ ။စာပေ အနုပညာတွေ ထုံမွှန်းနေတဲ့ ကျောင်းသားဘဝ… ပစ္စည်းမဲ့ဂိတ်တို့ သြဘာလမ်းတို့ မေတ္တာပေါင်းကူးတို့ပေါ့ ။ တကယ်တမ်း စတက်ရတော့ မှော်ဘီဂျီတီစီမှာ ကျွန်တော်တို့ ဝိုင်တီယူပထမနှစ်နဲ့ ဒုတိယနှစ်သွားတက်ရပါတယ် ။ တတိယနှစ်ကနေစပြီး ကျောင်းပြီးတဲ့အထိ နည်းပညာတက္ကသိုလ်ကို လှိုင်သာယာမှာ တက်ရပါတယ် ။

ဒီကဗျာလေးကတော့ ကျောင်းမှာ မြင်တွေ့ဖြစ်တဲ့ ချစ်သူစုံတွဲတွေ နေပူပူမှာ အချစ်ကို ဘယ်လို ဖွဲ့သီကြပါသလဲလို့ ကန်တင်းလေးတစ်ခုမှာ ထိုင်ကြည့်ရင်း ရေးဖြစ်တဲ့ကဗျာလေးပါ ။ ဒဂုံတက္ကသိုလ်က အဖွဲ့တွေ ထုတ်ဖြစ်တဲ့ “ဧည့်ဟောင်းဧည့်သစ် ၂၄” ဆိုတဲ့ စာအုပ်လေးထဲမှာ ထည့်ခဲ့တဲ့ ကဗျာလေးပါ ။
လင်းဒီပ
၂၇.၇.၀၉

Friday, July 24, 2009

မောင်မူး

သစ်တောက်ငှက်မလေးရေ
ငါ့နှလုံးသားကို သစ်ခေါင်းတစ်ခုလို ဖောက်
ပြီးတော့ ဟောင်းလောင်းပဲ ထားခဲ့တော့။

တခြားငှက်မလေးတွေ ဝင်လာမှာ စိုးရွံ့စိတ်နဲ့
ညနေညနေဆို ငါ့မှာ
သူရာရည်တွေ ဖြည့်ဖြည့်ထားရတာ…

မလွမ်းကြေးလို့တော့ လာမပြောနဲ့ပေါ့
လှုပ်မရ ခွာမရ သစ်တစ်ပင်လို ကျန်နေရတဲ့ကောင်က
လောကကို ခဏလေး မေ့မေ့သွားဖို့….
နင့်အနားကို ခဏလေး ရောက်ရောက်လာဖို့….

အလွမ်းတွေ ငြိမ်းတယ်ဆိုရုံလေးပါ
တကယ်တော့ ငါက အလွမ်းမီးသတ်သမားကြီးပါဟယ် ။
လင်းဒီပ
၂၄.၇.၀၉

Tuesday, July 21, 2009

လေယာဉ်ပျံ

ပြတင်းပေါက်ကနေ လှမ်းငေးနေတော့ ညနေရီ အမှောင်ထဲမှာ လေယာဉ်ပျံတွေ တစ်စီးနှင့် တစ်စီး သိပ်မခြားဘဲ ပျံတက်သွားတာ တွေ့ရသည် ။ ဒီနိုင်ငံလေးက သေးသေးလေးနဲ့ လေယာဉ်အတက်အဆင်း အတော်များသည် ။ နေ့လည်ပိုင်းဆိုလည်း စစ်လေယာဉ်တွေက တချိန်လုံးကောင်းကင်မှာ ပျံဝဲနေလိုက် ထိုးဆင်းသွားလိုက်နှင့် ကြည့်ရတာ စွန်ငှက်တွေလိုပင် ။ ကျွန်တော် နေထိုင်ကျင်လည် အလုပ်လုပ်သည့် ကျွန်း၏ အရှေ့ပိုင်းက လေယာဉ်ကွင်းတွေနှင့် နီးလို့လည်းဖြစ်နိုင်သည် ။ လေယာဉ်ကွင်းတွေ တစ်ကွင်းမက တဲ့အကြောင်း သူ့နိုင်ငံသား Taxi ဆရာနှင့် တခါ စကား လက်ဆုံကျရင်း သိရသည် ။

လေယာဉ်တွေကို ငေးကြည့်ရင်း မြန်မာဗီဒီယိုဇာတ်လမ်း တစ်ခုထဲက စကားတစ်ခွန်းကို အမှတ်ရရင်း ပြုံးမိသည် ။ မိန်းမတွေက လေယာဉ်ပျံတွေနှင့် တူတယ်ကွ ။ ကွင်းမကောင်းရင် ဝဲရုံပဲ ဝဲတယ် …ဘယ်တော့မှ မဆင်းဘူး ။ ကိုယ့်ဘဝမှာကော ဝဲရုံပဲ ဝဲခဲ့သည့် လေယာဉ်ပျံတွေ ဘယ်လောက်များ များခဲ့ပါလိမ့်။ တချို့
လေယာဉ်ပျံလေးတွေ ကတော့ ကွင်းနှင့် ခင်မင်သွားပြီး မဆင်းပေမယ့် ခုထက်ထိ လက်ပြနှုတ်ဆက် နေတတ်သည် ။ အင်း ကိုယ့်လေယာဉ်ကွင်းကြီးကလည်း ဘယ်လောက်တောင် စုတ်ချာနေခဲ့လည်းမှ မသိတာ ။ အန္တရာယ်မကင်းတဲ့ကွင်းတွေ ဆိုရင်တော့ မဆင်းတာဘဲ ပိုကောင်းပါတယ် လေယာဉ်ပျံလေးတွေရယ် ။

ညမီးရောင်အောက်တွင် လေယာဉ်ပျံတွေ မီးရောင်လက်လက် နှင့် တက်လာတာကို ကောင်းကင် အမဲရောင် နောက်ခံထားပြီး ကြည့်ရတာ စိတ်ထဲ တစ်မျိုးကြည့်လို့ကောင်းနေသည်။ ဟိုတလောက ဖတ်လိုက်ရသည့် ဆရာသုခမိန်လှိုင် ကဗျာလေး အမှတ်ရမိပြန်သည် ။

ဘ၀ဆိုတာ
အရူးမောင်းလာတဲ့ လေယာဉ်ပျံကိုစီးလာရတာပဲ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှ့င်နေဖို့စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။
(သုခမိန်လှိုင်)
တကယ်ကို ဘဝဆိုတာကြီး အရူးမောင်းလာတဲ့လေယာဉ်ပျံကြီး စီးနေရသလို ။ ဘယ်တွေရောက်မယ် ဘာတွေဖြစ်မယ်မှန်းလည်းမသိ ။ ပြန်ဆင်းလို့ မရမယ့် အတူတူ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားနေရသည် ။

ငယ်ငယ်တုန်းက တိမ်တွေကို မြင်ဖူးချင်သည်။ လေယာဉ်ပျံဆိုတာ ဘယ်လိုမျိုးပါလိမ့်လို့ စီးကြည့်ချင်သည်။ သာမန်မိသားစုက မွေးဖွားလာသူ တစ်ယောက်အနေနဲ့ လေယာဉ်ပျံဆိုတာ စက္ကူနှင့် ချိုးလွတ်ရတဲ့ စက္ကူ လေယာဉ်ပျံလေးတွေပဲ အနားမှာရှိသည် ။ တိမ်တွေဆိုတာ ညနေစောင်း စွန်လွှတ်ရင်း ငေးမော ကြည့်ရတဲ့အရာပေါ့ ။ စွန်လွှတ်ရင်လည်း ကျွန်တော့်စွန် လေထဲရောက်အောင် အတော်လေးကို ခက်ခက်ခဲခဲ တင်ရသည် ။ ခက်ခက်ခဲခဲ လေထဲရောက်ပြန်တော့လည်း သူများစွန်နှင့် လေထဲတွင် မျှားရင်း များသောအားဖြင့် ကျွန်တော့်စွန်ပဲ ပြတ်ပြီး မျောလွင့်သွားလေ့ရှိသည် ။ ထိုအခါ နောက်ထပ် စွန်တစ်ကောင် ထပ်ဝယ် ခက်ခက်ခဲခဲ ထပ်တင် ထပ်ပြတ် ။ အိတ်ထဲက မုန့်ဖိုးတွေ ကုန်သွားတော့ ရစ်လုံးလေး အနားချ မြက်ခင်းပေါ် ထိုင်ရင်း တိမ်တွေ ကို ငေးမောကြည့် နေဖြစ်သည်။ လေယာဉ်ပျံတွေကို ငေးကြည့်နေမိသည် ။

စွန်ကို ကောင်းကောင်း မလွှတ်တတ် သူများနှင့် မျှားရင်လည်း နိုင်အောင် မဖြတ်တတ်သော ကောင်လေးသည် သူစီးဖူးချင်သည့် လေယာဉ်ပျံကို နှစ်ဆယ့်ခြောက်နှစ်သားမှ စီးဖူးသည် ။ကုမ္မဏီမှ စီစဉ်သော နိုင်ငံခြား ခရီးစဉ် တစ်ခုအတွက် ပထမဆုံး စီးဖူးသည့် ဖလိုက်က ညဘက် ရန်ကုန်မှ ဘန်ကောက်သို့ ပျံသန်းသောခရီး ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟု ရှည်လျားစွာ ရေးထိုးထားသော လေဆိပ် အသေးလေး၏ Departure Room ကို ပထမဆုံး ရောက်ဖူးသည် ။ နောက်တော့ Departure Room ကနေ လေယာဉ်ဆီကို ဘတ်စ်စကား နှင့် ခေါ်လာသည် ။ လေယာဉ်နားရောက်သွားတော့ လေယာဉ် အင်ဂျင်သံကြမ်းကြမ်းကြီးက သဘောင်္ အင်ဂျင်သံနှင့် မထူးပါဘူးကွာ ဆိုပြီး တွေးမိသည်။ (စိတ်ထဲမှာ လေယာဉ်ဆိုတာ အင်ဂျင်သံလေးက အစ သာယာနေမလားလို့ စိတ်ကူးယဉ်မိတာ) လေယာဉ်ပေါ်ရောက်တော့ ဆာဝါဒီခ ဆိုသော အသံလေး ကတော့ ချိုမြသည် ။ Rဇာနည်၏ သီချင်း လေးတောင် အမှတ်ရမိသည် ။
……နင်ခရီးသည် ဆီးကြိုပုံလေး
….ငါ ခိုးကာ ငမ်းနေချိန်လေး
…..အမှတ်တမဲ့တွေ့တဲ့ လက်စွပ်လေးရယ်….

နောက်တော့လည်း နေ့ပိုင်းစီးဖြစ်တော့ တိမ်တွေကို လေယာဉ် ပြတင်းမှတစ်ဆင့် ငေးကြည့်ခွင့်ရသည် ။ တိမ်တွေနှင့် ထိခိုက်မိပြီး လေယာဉ် တုန်ခါသွားတဲ့အခါ တိမ်တွေ ကျီစယ်တာလို့ ကြံဖန်တွေးပြီး ပျော်နေမိသေးသည် ။ တကယ်တမ်းကျတော့လည်း တိမ်တွေဆိုတာ ကိုယ်တိုင်ထိတွေ့ချင်ပေမယ့် မလွယ်ပဲလေ ။

ဘဝမှာ တခါတလေ တချို့စိတ်ကူးတွေက စိတ်ကူးတွေသက်သက်မျှ ။ တကယ့်လက်တွေ့နှင့် ထိစပ်ကြည့်လို့ မရပြန် ။ ထိစပ်ကြည့်မိပြန်တော့လည်း မျှော်လင့်ထားခဲ့သလို နှင့် မတူတော့ပြန် ။တခါတလေ ကြိုတွေး ပျော်ရွှင်မိတာတွေကို နှမျောနေမိပြန်သည်။ ထိစပ်မကြည့်မိဘဲ ဒီအတိုင်းလေးဆိုရင် တော့လည်း အမြဲတမ်း စိတ်ကူးလေးနှင့် ပျော်ရွှင်နေသွားနိုင်သည် ။သိပ်စိတ်ကူး မယဉ်တတ်တော့တဲ့ အရွယ် ရောက်နေပေမယ့် တိမ်တွေမြင် ငေးတတ် လေယာဉ်ပျံတွေ တွေ့ရင် ဘယ်လို ခရီးကိုသွားပြီး ဘယ်လိုကွင်းမှာ ဆင်းမှာပါလိမ့် လို့တော့ တွေးနေမိမြဲဖြစ်သည်။

ပြတင်းပေါက်ကို ကျောခိုင်းပြီး အိပ်ယာပေါ် လှဲချလိုက်တော့ စိတ်ကူးထဲမှာ လေယာဉ်ပျံတွေ ဝဲနေတုန်း ရှိသေးသည် ။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လိုလေယာဉ်ကွင်းမျိုးပါလိမ့်လို့ ဆက်စဉ်းစားမိနေသည် ။ လေယာဉ်နှင့် ခရီးသွားတိုင်း တိမ်တွေ မညီမညာ ရှိတတ်သည့် တိမ်ကြမ်းလမ်းတွေအကြောင်းလည်း ဆက်တွေးမိနေသေး၏ ။

(ဆရာသုခမိန်လှိုင်၏ အာကာသခရီးကဗျာလေးကို အစ်မ မနော်၏ အိုင်ဒီယာ မဂ္ဂဇင်း ဘလောဂ့်မှ ခဏ ငှားထားပါတယ်။)
လင်းဒီပ
၂၁.၇.၀၉

Friday, July 17, 2009

အိပ်မက်အိမ်အပြန်

ညက အိပ်မက်မှာ
ကျောပိုးအိတ်ပြာလေးလွယ်
ပြာလွင်လွင် ဂျင်းပန်လေးတစ်ထည်နဲ့ ငေးငေးမောမော လမ်းလျှောက်
လမ်းသွားလမ်းလာတွေလည်း ဝင်တိုက်မိလို့ပေါ့ ။

လက်ရွေးစင်ဆိုတဲ့ ဆိုင်ကျဉ်းကျဉ်းလေးမှာ
ကော်ဖီမွှေးမွှေးလေးကို ဇိမ်ခံသောက်နေရင်း
ပန်းဆိုးတန်းဖက် စာအုပ်အဟောင်းတွေ လှန်လှော ဖတ်နေရင်း….။
ရုပ်ရှင်ရုံတွေဖက်မှာ
အရင်လို တစ်ယောက်တည်း တစ်နေကုန်
တစ်ရုံပြီးတစ်ရုံ အချိန်တွေ ဖောဖောသီသီ ဖြုန်းလို့…။
မြို့တော်ခန်းမရှေ့နားမှာ
ဘတ်စ်စကား တစ်စီးစီးပေါ်တက် ဘယ်ရောက်ရောက် လျှောက်စီးနေတုန်း….။
အိပ်မက်ထဲမှာ
ကိုယ်ဟာ ဟိုတုန်းကလို ငယ်ရွယ်
ကော်ဖီတစ်ခွက်ကို ပင့်သက်မပါဘဲ သောက်တတ်တဲ့အရွယ်
စီးကရက်တစ်လိပ်ကို ဘာမှမတွေးဘဲ ဖွာတတ်တဲ့အရွယ်
အိပ်မက်ထဲမှာ
ကုန်သည်ကြီးများဟော်တယ်ကလည်း ထည်ဝါနေတုန်း
ဆူးလေးလမ်းမကြီးက ကိုယ့်ရင်ခုန်သံတွေ အငိုက်ဖမ်းတုန်း
စိတ်ကောက်ချင်ယောင်ဆောင်နေတဲ့
ပုံတော်ဖိနပ်ကလေးက J’donut ထဲမှာ စောင့်လို့။
အင်းယားကိုရောက်တော့
အရင်လို လူရောင်စုံတွေက အကြော်ဆိုင်တွေမှာ ပြည့်လို့
တချို့တလေက လေထဲမှာ စွန်တွေလွှတ်
တချို့တလေက ချစ်ခြင်းတွေ မြက်ခင်းပေါ် ချ လွှတ်လို့။

ညနေစောင်းတော့
တနေကုန်တွေ့လာသမျှတွေ ကျောပိုးအိတ်ကလေးထဲ ထည့်လွယ်
ကိုယ်နေတဲ့မြို့သစ်အိမ်အိုလေးဆီ ပြန်လာခဲ့တယ်…။
အိပ်မက်ထဲမှာ မေမေကလည်း ဟိုတုန်းကလို ငယ်ရွယ်…။
လင်းဒီပ
၁၇.၇.၀၉

Wednesday, July 15, 2009

အချစ်ကဗျာ

သစ်သီးတစ်လုံးက စခဲ့တာလား။
နံရိုးတစ်ချောင်းက စခဲ့တာလား။
ကစားပွဲတစ်ခု ဆိုတာတော့
အသေအချာသိနေတယ်။

ဘယ်လို စတင်သီးပွင့်ခဲ့တာလဲ မသိ။
ဘယ်လို ခြောက်ကပ်သေဆုံးခဲ့တာလဲ မသိ။
ဖြတ်ကနဲ ငေးအကြည့်မှာ
အလင်းပျိုတွေ ရွှန်းလက်နေတတ်တာ…
ဘယ်လောက်ထိ လောင်းကြေးတွေ ပုံအောမိပြီလဲ မသိ။
ဘယ်လောက်ထိ ဆုလာဘ်တွေ ပြန်ရမှာလဲ မသိ။
နှင်းတွေ ပိတ်ဆီးနေတဲ့ မနက်စောစောလို
အာရုံခံစားမှုပြင်းပြင်းနဲ့ ခန့်မှန်းတွက်ချက်ကြည့်ရတာ…
လမ်းတွေ ဘယ်လောက်ပြီးမြောက်ခဲ့ပြီလဲ မသိ။
ပန်းတွေ ဘယ်လောက်နွမ်းကြေခဲ့ပြီလဲ မသိ။
ဘဝနဲ့ချီပြီး တွက်ကြည့်လိုက်တော့မှ
မီးတောင်သေတွေ ပွင့်သီးနေတဲ့ ငါ့အတ္တုပ္ပတ္တိလေးတွေ့လိုက်ရ ။

မထူးတော့ပါဘူး ဆိုတဲ့စိတ်နဲ့
ရွက်တိုင်အဟောင်းလေးကို ဆေးရောင်တွေ ပြောင်းသုတ်
ငါ့ ရင်က ဓားကိုပြန်နုတ်ဖို့
ပင်လယ်မှာ တံခါးပေါက် ရှိ မရှိ
ငါမသိချင်တော့ ။

တကယ်တော့
သစ်သီးတစ်လုံးက စခဲ့တာလည်း မဟုတ်
နံရိုးတစ်ချောင်းက စခဲ့တာလည်း မဟုတ်
သစ်ရွက်လှုပ်တာကြည့် ရယ်မိခဲ့တဲ့ နှုတ်ခမ်းတစ်စုံ
ကျိန်စာသင့်သွားခဲ့တာပါ ။
လင်းဒီပ
၁၉.၄.၂၀၀၁
(အဟောင်းလေးတစ်ပုဒ်ပါဘဲ…အသစ်မတင်နိုင်သေးလို့ပါ။စာအရမ်းရေးချင်နေပါတယ်။မကြိုက်လိုက် ထားထားလိုက်နဲ့ တပိုင်းတစတွေတော့ အတော်များနေပါတယ်။)

Monday, July 6, 2009

မျက်ရည်သစ်ပင်

နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
အရုပ်တစ်ရုပ်လို ဆော့ချင်တာ…
နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
လူပျက်ကလေး တစ်ယောက်လို
ရယ်မောဖို့ အသုံးတော်ခံချင်တာ…
နင်က ငါ့ကို ချစ်တာမဟုတ်ဘူး ကောင်မလေး
ခရီးတစ်ခုအတွက် ယာဉ်တစ်စီးလို မောင်းနှင်ချင်တာ….

ငါက
နင့်ခရီး ဆောင်းအခါးတွေအတွက်
လူသားအနွေးထည်လေး
ငါက
နင့်ညတွေ မှောင်တုန်းမှာ
ရင်အလင်းနဲ့ လောင်ကျွမ်းတောက်ပနေရတဲ့
ကြယ်နုံကြယ်အ လေး

ဇာတ်လမ်းအဆုံးမှာ
မင်းငြီးငွေ့သွားလို့
အခန်းထောင့်မှာ ကျန်ခဲ့တဲ့ အရုပ်တစ်ရုပ်
ပျက်လုံးအသစ်တွေ မရှိတော့လို့
မင်းပျင်းရိသွားတဲ့ လူပျက်ကလေး
(ဒါမှမဟုတ်)
လမ်းပေါ်မှာ စက်သေကျန်နေရစ်ခဲ့တဲ့
အင်ဂျင်အနာနဲ့ ယာဉ်ပျက်ကလေး

ငါက ဆယ်နှစ်ရာသီ ကဗျာတွေ ပွင့်နေတဲ့ သစ်ပင်တစ်ပင်ပါ
မင်းကြောင့် ချစ်ခြင်းထုံပျံ့နေတဲ့
ကဗျာပွင့်တွေ ပွင့်ပွင့်လာတော့မယ် ငါအောက်မေ့ခဲ့တာ…
မင်းကြောင့်
ကြေကွဲခြင်းတွေ မွှန်းတဲ့ မျက်ရည်အပွင့်တွေပဲ ပွင့်ပွင့်လာခဲ့ရတယ်

ဇာတ်လမ်းအဆုံးမှာ
မျက်ရည်တွေ ပွင့်ပြ ကြွေပြနေရတဲ့
မျက်ရည် သစ်ပင်တစ်ပင်ပဲ ဖြစ်လာခဲ့တယ်..
လင်းဒီပ
၆.၇.၀၉