Sunday, August 30, 2009

နှင်းဆီဝင်္ကပါ


ကျွန်တော် လျှောက်လာတဲ့ လမ်းကပဲ နှင်းဆီတွေ ပေါ်နေတာလား နှင်းဆီတွေ ပေါ်တဲ့လမ်းကိုပဲ ကျွန်တော် ရွေးလျှောက်ခဲ့မိပါသလား မတွေးမိပါ ။ သေချာတာကတော့ မြေလမ်းလေး ဘေး တစ်ဖက်တစ်ချက်ဆီတွင် နှင်းဆီရောင်စုံတွေကို အစီအရီနှင့် သေချာစိုက်ထားတာ ကြုံရသည်။ နှင်းဆီနှင့် ပတ်သက်သော စာတွေ ကဗျာတွေကလည်း စုံလွန်းသည် ။ ဦးသန်းဖေလေးရဲ့ ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်က စလို့…လေးဖြူရဲ့ ရိုစီ ငါ့ကို ကြင်နာနေတာ မဖြစ်နိုင်ဘူး ထိပေါ့ …။ကဗျာတွေဆိုလည်း ခေတ်အဆက်ဆက် နှင်းဆီဖွဲ့တွေ…။ ကျွန်တော် လျှောက်ရင်း လျှောက်ရင်း သီချင်းလေးတွေ အမျိုးမျိုး ပြောင်းပြီး နှင်းဆီပန်းလေးတွေကို စောင်းမြောင်း ဆိုနေမိသည် ။ နှင်းဆီတွေကလည်း မသိသလို သိသလို ကပို ရှက်သလိုနှင့် ပွင့်ဖတ်ကလေးတွေက တဆင့် နားစွင့် နေကြပါသည် ။ နှင်းဆီခင်းကြီးက ငေးလိုက်ရင် မဆုံး..။ နှင်းဆီခင်းရှင်ကို မတွေ့ရ။

ကျွန်တော် ဆက်လျှောက်လာခဲ့ပါသည် ။ နံနက်ခင်း နှင်းဆီရနံ့တွေက လေပြေမှာ သင်းသင်းကလေး ။ ကျွန်တော် ပန်းတွေ သစ်ပင်တွေကို တကယ် တန်ဖိုးထားတတ် ပါသလား။ မသိပါ ။ အခုချိန်ထိ သစ်ပင်တစ်ပင်ကို ဘယ်လို စိုက်ပျိုးမလဲ မသိပါ ။ ဘာပဲဖြစ်ဖြစ် ပန်းတွေတွေ့တော့ ပျော်စရာ ။ ခေတ်အဆက်ဆက် တော်ဝင် မင်းသမီးလေးတွေ နှင်းဆီရောင်စုံတွေ…။ ဘယ်သူမဆို ဒီလို နှင်းဆီတွေ တွေ့တဲ့အခါ ခူးဆွတ်ချင်မှာပါပဲ ။ ကျွန်တော် ကိုယ်တိုင်လည်း ခူးဆွတ်ချင် လာတာပါပဲ ။ ကျွန်တော် ခူးလိုက်ရင် ကောင်းမလားလို့ ပန်းနုရောင် နှင်းဆီပွင့်လေးနားမှာ ရပ်ရင်း စဉ်းစားမိသည် ။ ပန်းနုရောင် နှင်းဆီလေးက ကျွန်တော့်ကို ငေးကြည့်နေသည် ။ တဘက်ကို ထပ်ကြည့်လိုက်တော့ အနီရဲရဲ စိုစိုလေး ။ အင်း ဒါလေးလည်း လှတာပဲ ။ သူ လှတာလေးက ပိုပြီးတော့ ဆွဲဆွဲဆောင်ဆောင် ။ ကျွန်မက ပို မွှေးပါတယ်ရှင် လို့ပင် ပြောနေသယောင် ။ ခူးမယ် လုပ်နေရင်းက အင်းလေ ထပ်ကြည့်သေးတာပေါ့ လို့တွေးရင်း ဆက်လျှောက်လာမိသည် ။

ခဏနေတော့ အဖြူရောင် နှင်းဆီလေးကို ထပ်တွေ့ပြန်သည် ။ ခင်ဝမ်း၏ နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက် သီချင်းပင် အမှတ်ရမိသည် ။ ဒီဘက် လှည့်လိုက်တော့ နှင်းဆီပြာ…။ ထပ် ငေးကြည့်မိပြန်တော့ ဒီဘက်က နှင်းဆီလေးက အငုံမှ ပွင့်လာကာစ အဝါရောင် နှင်းဆီလေး… အခုမှ သတိထားမိတာက နှင်းဆီတွေ ကြည့်ရင်း ငေးရင်း ကျွန်တော် ဝင်လာခဲ့တဲ့ မြေလမ်းကလေး မဟုတ်တော့ ။ နှင်းဆီတွေရဲ့ အလည်ကို ရောက်နေသည် ။ ပြန်ထွက်ရမယ့် လမ်းကို မတွေ့။

နှင်းဆီဝင်္ကပါလား…။ ကိုယ်ကိုယ်တိုင်က ကြည့်ရင်း ငေးရင်း နှင်းဆီတွေကြားမှာ တစ်စ တစ်စ လမ်းပျောက် သွားခဲ့တာလည်း ဖြစ်သည်။ တဖြည်းဖြည်း ကျွန်တော့်ခန္ဓာက နှင်းဆီပင်တွေ ထက်ပင် သေးငယ် သွားသလို..။ တစ်ပတ်လည်မှာ နှင်းဆီတွေ…. ရနံ့တွေ..လှိုက်မူးလာသည် ။ နှင်းဆီတောနက်ကြီးထဲမှာ….။ နှင်းဆီပင်လယ်ကြီးထဲမှာ…။

တစ်ပွင့်ဆို တစ်ပွင့် အမှန်တကယ် ခူးပြီး လှည့်ထွက် လာခဲ့သင့်သည် ။ အခုတော့ ကိုယ့်အပြစ်နဲ့ ကိုယ် နှင်းဆီရောင်စုံတွေကြားမှာ လမ်းပျောက်နေသည်။ ပန်းပင်လယ်ကြီးလား …ကူးခတ်ရင်း မောနေသည် ။ဘယ်လို ပြန်ထွက်ရမလဲ ။ တွေဝေ ငေးမောရင်း ပန်းတောမှာ လမ်းပျောက်ခဲ့သူကို ဘယ်သူက ကယ်နိုင်မလဲ။ ပန်းကလေးတွေ ကြားမှာ လမ်းပျောက်နေပြီ။ ကယ်ပါဦး အော်ရအောင်လည်း ပန်းကလေးတွေ ကြားရင် ရှက်စရာ။ ပန်းကလေးတွေ လှောင်ရယ်မှာ…ဘယ်လို လက်ခံရမှာပါလိမ့် ။

ဆက်လျှောက်လာရင်း ဦးထုပ်နွမ်းနွမ်း ဆောင်းထားတဲ့ လူတစ်ယောက်ကို တွေ့ရသည် ။ အကူအညီ ရလိုရညား လှမ်းခေါ်လိုက်တော့ ခင်ဗျား လမ်းပျောက်နေပြီ မဟုတ်လား ..အဲဒါပဲဗျ … ကိုယ် ဘယ်နှင်းဆီကို လိုချင်တာလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ။ ဒါမှ ပိုင်ပိုင်နိုင်နိုင် တစ်ပွင့် ခူးလိုက်ရုံပဲ …အခုလို လမ်းမပျောက်တော့ဘူး။ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက ကျွန်တော်လည်း ခင်ဗျားလိုပဲ ဒီခြံထဲကို ရည်ရွယ်ချက် တိတိပပ မရှိပါဘဲ ရောက်လာတယ် ။ နှင်းဆီတွေ ကြည့်ရင်း ဟိုတစ်ပွင့် ကောင်းနိုး ဒီတစ်ပွင့် ကောင်းနိုး စဉ်းစားရင်း နဲ့ နှင်းဆီတောထဲမှာ လမ်းပျောက်ရင်း ဥယျာဉ်မှူး ဖြစ်လာတာပဲ ။ ခင်ဗျားလည်း အခုအချိန်က စပြီး ဥယျာဉ်မှူး ဖြစ်ပြီ။ ပြန်ထွက်ဖို့ လမ်းကို ရှာမတွေ့မချင်း ပေါ့ ။ ခင်ဗျားကိုလည်း တစ်ခုတော့ ပြောချင်တယ် ..ဥယျာဉ်မှူး ဆိုတာ ပန်းခူးခွင့် မရှိဘူး.. ပန်းတွေ အများကြီးကို ငေးကြည့် နေခွင့်တော့ ရှိတယ်။နောက်တော့ ဥယျာဉ်မှူးက ဘာမှ ထပ်မပြောတော့ပဲ နှင်းဆီနှင့် ပတ်သက်သော သီချင်းလေးတစ်ပုဒ် ညည်းရင်း ထွက်သွားသည် ။

ကျွန်တော် ပန်းတွေကြားထဲမှာ ကျန်ခဲ့ပြန်သည် ။ နှင်းဆီရောင်စုံတွေ ကျွန်တော့်ကို ငေးကြည့်နေသလို ထင်သည် ။ နှင်းဆီတွေ ရယ်နေမလား။ နှင်းဆီဝင်္ကပါထဲက ကျွန်တော် တိုးထွက်မလား… ငြိမ်နေရမလား… နှင်းဆီရနံ့တွေက ပိုမို စူးရှလာသည် ။ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသလို ခံစားမိတော့ လှည့်ကြည့်လိုက်တော့ ဒဏ်ရာရထားသော အနက်ရောင် နှင်းဆီတစ်ပွင့်က ကျွန်တော့်ကို နာနာကျင်ကျင် ကြည့်နေတာနှင့် ဆုံသည် ။ နှင်းဆီတွေကြားမှာ ပိတ်မိနေသူတစ်ယောက်… နှင်းဆီဝင်္ကပါထဲ ရောက်နေတဲ့သူ တစ်ယောက် အနေဖြင့်… နှင်းဆီနှင့် တချို့သူတွေကြားမှာ ရန်ငြိုးရန်စ ရှိခဲ့ရင်တောင် ပေးဆက်ဖို့ သက်သက် ရောက်နှင့်ပြီးသားလေ။

……မင်းအတွက် ငါ လမ်းတွေ ပျောက်နေခဲ့… ဝင်္ကပါထဲက ပန်းကလေးရယ် ငါ မင်းရဲ့ အကျဉ်းသားပါကွယ်…။

ကျွန်တော် နှင်းဆီဝင်္ကပါ သီချင်းလေး ညည်းမိရက်သား ဖြစ်သွားသည် ။ နှင်းဆီရောင်စုံတွေ နှင်းဆီရနံ့တွေ ပိတ်ဆီးနေသည့် နှင်းဆီတောနက်ထဲတွင် ကျွန်တော်သည် ဥယျာဉ်မှူးတော့ မဖြစ်နိုင် ။ နှင်းဆီအကျဉ်းသားမျှသာ ဖြစ်နိုင်ပါသည် ။ ကျွန်တော် လွတ်လမ်းကို ရှာနေတုန်းမှာပဲ နှင်းဆီတချို့၏ ခပ်လှောင်လှောင်ရယ်သံကို ကြားလိုက်မိသေး သည် ။
လင်းဒီပ
၂၉.၀၈.၀၉

အောက်ခြေမှတ်စု(၁)(ကိုရွာသားက ကျွန်တော့်ကို ရင်ထဲက နှင်းဆီတစ်ပွင့် အကြောင်း တဂ်ပါတယ် …ကျွန်တော်ကတော့ နှင်းဆီခင်းကြီး အကြောင်း ရေးလိုက်မိပြီ..:P)

အောက်ခြေမှတ်စု(၂)(ဓာတ်ပုံလေးကလည်း ကိုရွာသား ဒါနပြုပါတယ်။)

အောက်ခြေမှတ်စု(၃)(“နှင်းဆီဝင်္ကပါ” ဆိုတဲ့သီချင်းလေးတစ်ပုဒ်ကို “အိပ်မက်ကဗျာ”အယ်ဘမ်မှာ ကိုလေးဖြူ ဆိုထားပါတယ်။ အခု ဒီပိုစ့်မှာ “နှင်းဆီဝင်္ကပါ” ဆိုတဲ့နာမည်လေးနဲ့ စာသားလေးတစ်ခုကို သုံးထားပါတယ်။ ကိုလေးဖြူနဲ့ တေးရေးသူ (ကိုကေအေတီ ထင်ပါတယ်) ကို Credit ပေးပါတယ်။ “နှင်းဆီဝင်္ကပါ” ဆိုတာ အသုံးကို သူတို့ဆီက ကျွန်တော် ယုသုံးလိုက်တာ ဖြစ်ကြောင်း ဝန်ခံပါတယ်။)

Tuesday, August 25, 2009

ဖြေဆေး

သံသရာဆိုတာကြီးက
မျှော်ငေးနိုင်တာ ထက် ပိုရှည်လျားတယ်..

သီထားတဲ့ ပန်းတွေလို ဘဝတွေများစွာ
တော်စပ်ပုံ အမျိုးမျိုး
နင်ရော ငါရော မမှတ်မိနိုင်ဘူး။

ဘဝကလေးတစ်ခု မနီးစပ်ရုံနဲ့
အပြီးသတ် အသဲမကွဲသေးဘူး
သုံးဆယ့်တစ်ဘုံ ရင်ခုန်ကြည့်စမ်း မိရွှေရည်..။

(ရယ်ရယ်မောမောနဲ့ အတည်ပြောရရင်)
နင်ရော ငါရော လူပြန်ဖြစ်ဖို့လိုသလို
ဆန့်ကျင်ဘက်လိင် လည်း ဖြစ်
ဆန့်ကျင်ဘက်ကို စိတ်ဝင်စားတတ်တဲ့ လူနှစ်ယောက်အဖြစ်
ဘဝကလေးတစ်ခုမှာ ထပ်တွေ့ခဲ့ကြရင်သာ
ငါ လာနှုတ်ဆက်မှ ရေးတေးတေးတော့ လုပ်မနေနဲ့ပေါ့ …။

ရွှေရည် ရေ
ငါ နင့်ကို
ထင်းခွေရင်းဖြစ်ဖြစ်
ရေခပ်ရင်းဖြစ်ဖြစ် နောက်ဘဝက စောင့်နေပါ့မယ်..။
လင်းဒီပ
၂၄.၈.၀၉

Monday, August 17, 2009

ကြောင်ကလေးနဲ့ချစ်သူ

သူမ…
လောကနှင့် ကျွန်တော်
လက်လွန်ခြေလွန် ဖြစ်မှာ စိုးရိမ်တတ်သော
မျက်လုံးဝိုင်းနှင့် လက်သည်းညှပ်ကလေး။

အသွားတွင် ထိုစကားများထည့်ထား၏။
လိမ်မာပါတယ်ကွယ်
ပြန်အိပ်တော့နော်
သူတို့နဲ့လျှောက်လျှောက်သောက်နေရင် ကို့ကျန်းမာရေးပဲ ထိခိုက်မှာပေါ့။

အဆင်မပြေတဲ့နေ့တွေကို
ထိုးစိုက်ချင်လို့ သွေးထားတဲ့ လက်သည်းတွေ
ညှပ်ညှပ်ပစ်တော့
ငါဘယ်လို ရန်ထွက်ဖြစ်ရမလဲ သူတော်ကောင်းမလေးရယ် ။

ငါ့ကို ဥပုသ်စောင့်ဖို့ မခေါ်ပါနဲ့ဦး…
ဟောဒီသံသရာ ပတ်လမ်းကြီးထဲ
လူမိုက်ကလေး လုပ်ပါရစေဦး ။

ငါ့လက်သည်းတွေ ရှည်နေတာလည်း
ငါသိပါတယ်။
ငါ့လက်သည်းတွေ ညှပ်မပစ်ချင်သေးဘူး ။

ငါ့မိုက်တွင်းလေး နည်းနည်း နက်ချင်သေးလို့ပါ..။
ငါ့ တမျှော်တခေါ်
ငါ ရင်ဖိုသလို
ကမ္ဘာကြီးကို ကုတ်ခြစ်ဆော့ကစားချင်သေးလို့။

မင်းနဲ့ချစ်တမ်းကစားတဲ့အခါမှာလည်း
မင်းကို မထိခိုက်အောင်
လက်သည်းတွေ ဖွက်ထားမယ့်လို့လည်း
ငါ ကတိပေးပါရဲ့။

သူတော်ကောင်းမလေးရေ
ငါ့လက်သည်းတွေ
နောက်လေးငါးနှစ်တော့ အရှည်ထားခွင့်ပြုပါဦး
မင်းကိုလည်း (ငါ) မပျက်မကွက် ချစ်နေရင်းပေါ့..။
လင်းဒီပ
၁၇.၈.၀၉

Friday, August 14, 2009

မြက်ရိုင်းပြတိုက်

သရဲ

လတစ်စင်းနဲ့ မျောနေ။

ငါ့ကို
ဆေးလိပ်တစ်ဖွာလောက် တိုက်ပါကွာ
လမင်း ပြန်ရင် ငါ ဝင်အိပ်ရတော့မယ်။
တိန်းတောင်

အင်းစိန်ဂျီတီအိုင်မှာ တွဲဖြစ်တဲ့ သူငယ်ချင်း တိန်းတောင် ရေးထားတဲ့ ကဗျာလေးပါ ။ အဲဒီတုန်းက လုပ်တဲ့ မြက်ရိုင်းပြတိုက် ဆိုတဲ့ စာအုပ်မှာ ထည့်ဖြစ်ရင်း နောက်ပိုင်းကျတော့ ကန်တင်းရောက်ရင် သူ့ကဗျာက ပြောစမှတ်တစ်ခု ဖြစ်သွားတယ် ။ ငါ့ကို ဆေးလိပ်တစ်ဖွာလောက်တိုက်ပါကွာ လမင်းပြန်ရင် ငါ ဝင်အိပ်ရတော့မယ် ဆိုပြီး…။

လူရိုင်းစကား

မြင်းစီးနေတုန်း
ဆင်ရံလာရင်တော့
ငါ့ဘဝပျက်ဖို့ တစ်ဝက်သေချာသွားပြီ ။
တိန်းတောင်

ဒီကဗျာလေးကလည်း လူငယ်တစ်ယောက်ရဲ့ လွတ်လပ်ရုန်းကြွနေတဲ့စိတ်ကို ရေးထားလို့ ကျွန်တော် မကြာခဏ သတိရမိတဲ့ကဗျာလေး ။

သူငယ်ချင်းရယ်
ချစ်တတ်တဲ့စိတ် သိုသိပ်ဝှက်ကွယ်
သူငယ်ချင်းမို့ ဖွင့်ပြောဖို့လည်း
ကိုယ်မရဲတော့
ကြေကွဲတိတ်တိတ် လရိပ်မှာ

ရင်ခုန်သံများ သူ,မကြားအောင်
ဟန်ဆောင်ရယ်မော ရင်မောသက်ပြင်း
စိုးကြောက်ရင်းနဲ့
ငိုချင်းညည ကာလကြာ…။

သံယောဇဉ်ဖွဲ့ ရင်ခုန်တဲ့အချစ်
ရစ်ဖွဲ့နာကျင် မြင်မြင်သမျှ
ကိုယ်ရေးချတော့
ကဗျာတွေပဲ ဖြစ်ဖြစ်လာ…။

ဒီကဗျာလေးကတော့ ကျွန်တော့် လေးလုံးစပ် ကဗျာလေးပါ။ ဂျီတီအိုင်ကျောင်းသားဘဝ ညလေးတွေ အမှတ်ရရင်း တွဲတင်လိုက်တာပါ ။သုံးပုဒ်လုံးက ကျွန်တော်တို့ မြက်ရိုင်းပြတိုက်ကလေး ထဲကပါပဲ ။
မနေ့က ကဗျာက မီးတွေ တောက်နေလို့ ဒီနေ့ ဒါလေးတွေနဲ့ ပြန်ဖြေလိုက်ပါတယ်… :P
လင်းဒီပ
၁၄.၈.၀၉

Thursday, August 13, 2009

မီးတောက်ကဗျာဆရာ(၂)

ကဗျာဆိုတာ လမ်းဘေးက လေထိုးကျွတ်ဖာဆိုင် မဟုတ်ဘူး။
မင်းဘဝကြီး လေလျော့နေလို့ပဲ ဖြစ်ဖြစ်
မင်းဘဝကြီး ကျွတ်ပေါက်သွားလို့ပဲ ဖြစ်ဖြစ်
ငါ့ဆီ ရောက်မလာနဲ့ ငါဘာမှ မတတ်နိုင်ဘူး ။

ကဗျာဆိုတာ ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်မှု မဟုတ်ဘူး ။
ဖက်ရှင်တစ်ခုအနေနဲ့တော့ ကဗျာတွေ ဖတ်မပြနဲ့
ကဗျာစာအုပ်လေး ကိုင်ရင်း လမ်းလျှောက်မနေနဲ့။
ကဗျာတွေ အဖတ်လွန်ပြီး အစာမကြေတဲ့အခါ ဘယ်ဆေးဝါးမှ မင်းကို မကုနိုင်ဘူး ။

ကဗျာဆိုတာ ပစ္စည်းမဲ့တွေရဲ့ လက်ငုတ်လက်ရင်း မဟုတ်ဘူး ။
မင်းက BMW စီးနေတဲ့
သဌေးလူမိုက်တစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ် ။
မင်းက စာအုပ်အဟောင်းတန်းမှာ
ငုတ်တုတ်ကလေး ထိုင်ဖတ်ရတဲ့
ကဗျာငတ်မပြေတဲ့ လူတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။
အရေးတော့ မကြီးဘူး
မင်းကြိုက်ရင် မင်းဖတ်
မင်းသွေးတွေ ယားလာရင် မင်းရေး…

ကဗျာဆန်အောင်ဆိုပြီး ရှပ်အင်္ကျ င်္ီအဟောင်းကြီး
တမင် မီးဖောက် ဝတ်မနေစမ်းနဲ့…
အဲဒီခေတ် မဟုတ်တော့ဘူး။

သူဟာ အနုပညာရဲ့ ကိုင်းကြီးကြီးတစ်ခု…
မင်းကြိုက်ရင် မင်းနား မင်း မကြိုက်ရင် မင်း ထွက်သွား

မင်းသွေးကြောတွေထဲ ကဗျာသွေးတွေ မစီးဆင်းသေးခင်…
မင်းခန္ဓာထဲ ကဗျာဝိညာဉ်လေးတွေ ပူးကပ်မလာခင်…
မင်းစကားလုံးတွေ မင်းစိတ်သစ်ပင်က ကြွေကျမလာခင်တော့…
သူ့ဘာသာလှနေတဲ့ အနုပညာတစ်ခုကို အိုင်တွေ့တိုင်း ခြေဝင်မဆေးစမ်းနဲ့။

ဟန်ကြီးပန်ကြီးနဲ့တော့ ကပြမနေစမ်းနဲ့ ငါ့ကောင်..။
ဟောသမှာ
ကဗျာကို ကြိုက်လို့ ခံစားနေကြသူတွေ ချည့်
(ဘယ်သူမှ ပြဇာတ်မင်းသား မဟုတ်ဘူး)
ချစ်ချင်ယောင်ဆောင် မနေစမ်းနဲ့
မင်း တကယ်မချစ်ရင် သူ့ဆီက (မင်း) ဘာမှ ရမှာ မဟုတ်ဘူး။
လင်းဒီပ
၁၃.၈.၀၉

Tuesday, August 11, 2009

ဂျူလိုင်အလွန်

သမိုင်း တစ်ဆစ်ချိုး
ခေတ်ဆိုးကို ပျိုးယူဖို့ ရွာလိုက်တဲမိစ္ဆာမိုး ။

ငါးခုံးမတစ်ကောင်ကြောင့်
တစ်ခေတ်လုံး ပုပ်ခဲ့ …။

ရေပုပ်တွေ ခပ်ခပ်ထုတ်နေရ
ကုန်,မကုန်နိုင်သေးတော့…..

ခေတ်ကြီးကတော့
သူ့အကြွေး သူဆပ်ချင်လို့
သူ့တာဝန် သူယူထားတယ်
(ဒီနေ့ထိ)
သူရဲကောင်းတွေ လှိုင်လှိုင် မွေးထုတ်ပေးဆဲ။
လင်းဒီပ
၁၄.၇.၀၉

ပြီးခဲ့တဲ့ (၆၂) နှစ်မြောက် အာဇာနည်နေ့အတွက်ရေးထားပေမယ့် မတင်ဖြစ်ခဲ့ပါဘူး ။ အခုတော့ တင်ချင်လို့ တင်လိုက်ပါတယ် ။

Friday, August 7, 2009

သောကြာနေ့

မနက်ဖြန် ရုံးပိတ်တယ်
ဒါနဲ့တင် ဒီနေ့မှာ ကြိုကြိုတင်တင် ပျော်နေမိ။

လုပ်စရာတွေတော့ ရှိသေးတာပေါ့
အလုပ်ဆိုတာ မထွက်မချင်း ဘယ်တော့မှ မပြီးဘူး။
အကြောင်းပြန်စရာရှိတဲ့
Email တွေလည်း ခဏ ထားထား ပါတယ်။
နောက်တစ်ပတ်မှာ တက်ရမယ့်
ရန်ဖြစ်စရာ ညှိစရာ နှိုင်းစရာ အစည်းအဝေးတွေလည်း
ခဏတော့ မေ့ထားတယ် ။

ဟိုးရှေးရှေးတုန်းကတော့ ကျွန်တော်ဟာ ရုံးပျော်လေး....
Site ထဲမှာ မုန့်တွေစားရင်း အလုပ်တွေများရင်း
မောင်နှမတွေကြားထဲမှာ
ပိတ်ရက်ကလေးတွေ မျှော်လေ့မရှိတဲ့
လူငယ်ခြေတက်ကလေးလည်း ဖြစ်တယ် ။
သင်္ကြန်လို ရက်ရှည်ပိတ်ရက်မျိုးတောင်
Site မှာ အဖွဲ့ကျပြီး အိမ်ပြန်လေ့ပြန်ထမရှိတဲ့ ကောင်ပေါ့။

အခုတော့
အားလပ်ရက်ကို မျှော်တတ်ပြီ။
အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ပြီ ။
ကိုယ့်ကိုကိုယ် Software ထည့် Run ထားတဲ့
စက်ရုပ်ကလေးလည်း ဖြစ်ခဲ့ပြီ ။
(Timer တွေဟာ တိကျပြတ်သားလို့။)

မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့
ပိတ်ရက်ကလေးမှာ တွေ့မယ်။
ဖတ်မယ်ဆို တေးထားတဲ့ ကဗျာလေးတွေ
ကော်ဖီ ခါးခါးမွှေးမွှေးလေး သောက်ရင်း ဖတ်မယ်။
မရောက်တာ ကြာတဲ့ Shopping Mall တွေလည်း
ဖက်ရှင်ရှိုးကြည့်ဖို့ သွားရဦးမယ်။

ရန်ကုန်က ရဲမေလေးကလည်း
ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
(အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
အခုတော့လည်း “အချစ်ထောင်”သီချင်းကို
ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။

ကဗျာဆိုတာ ခံစားမှုကို
ကူးစက်မြန်စေတဲ့ ရောဂါပိုးမွှားလည်း ဖြစ်ရဲ့
ဒီတော့ မိတ်ဆွေ
ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
ခင်ဗျားလည်း ကျွန်တော့်လို
မနက်ဖြန်စိတ်ကူးလေးနဲ့
အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
အသေအချာ မြင်မိလိုက်ပါတယ်။
လင်းဒီပ
၇.၈.၀၉
(ဒီတစ်ပတ် ရုံးသုံးရက်ပိတ်တာလေးကို ဆက်တွေးရင်း ရေးဖြစ်သွားတာပါ။)

Thursday, August 6, 2009

လူဆန်တဲ့သီချင်း

ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…
ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။

ကိုယ့်ကိုကိုယ် ဖြူတယ်လို့တော့ မဆိုလိုပါဘူး
ရှင်သန်ခြင်းမှာ တို့တွေဟာ ကိုယ်ပိုင်အရောင်တွေနဲ့ကွဲလွဲလို့။

နံပါတ်တစ် မဖြစ်ချင်ခဲ့ဘူး
ဒါပေမယ့် ကိုယ့်ဖြတ်သန်းမှုထဲမှာ ဘယ်လိုဂုဏ်သတ္တိတွေ ပါမလဲ…
ထည့်သွင်းစဉ်းစားရင်း
ဖြည့်စွက်ပြင်ဆင်ရင်း
ကိုယ့်ကိလေသာယန္တရားကြီးက သူများတွေထက် သွားနှုန်း နှေးနေတာ ။

ချင်ခြင်းတွေကို “ချဉ်”လို့ မရသေးတဲ့ မြေခွေး
ဆေးရောင်စုံ စပျစ်သီးလေးတွေ တွေ့တိုင်း
ထထ ခုန်တတ်တဲ့အကျင့် ပြင်မရသေးဘူး။

တခါတလေ အလွမ်းတွေ လမ်းကူးမှားတဲ့အခါ
ကိုယ့်လမ်းဟာ အဆွေးရောင်သန်းချင်လည်း သန်းမှာပေါ့။

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။

အလွဲကြီးလွဲခဲ့တဲ့ ကိုယ့်အိပ်မက်တွေကို ခေါင်းအုံးအိပ်
နောင်တတန်းလန်းနဲ့ လက်ကျန်ဘဝကြီးကို ဆုတ်ကိုင်ထားရင်း
အနေအထိုင်မတတ်တဲ့ စိတ်ကလေး ရှိနေသေးတာကိုပဲ
ကိုယ့်ကိလေသာယန္တရားကြီး လူဆန်နေတုန်းလို့
ရိုးရိုးလေး တွေးမိပါတယ် ။
၂၆.၇.၀၉

ကိုတာရာမင်းဝေ နှစ်နှစ်ပြည့်(၅.၈.၀၉) အထိမ်းအမှတ် အစ်မ မနော် ရဲ့ ကျွန်မချစ်သောကဗျာများ ဘလောဂ့်က “အရှေ့မြို့ရိုးပေါ်က နံနက်ခင်း…ကဗျာပြပွဲ”ပိုစ့်မှာ ပြသတဲ့ကဗျာလေးပါ။ အမှတ်တရ ပြန်တင်တာပါ ။

တခြား ကဗျာဆရာတွေဖြစ်တဲ့ ပန်းချီထိန်လင်း ၊ အိန္ဒြာ ၊ အမရာ ၊ သစ်ကောင်းအိမ် ၊ Zephyr ၊ ကမာပုလဲ၊ လင်းဆက် ၊ တင်မင်းထက် ၊ နေဆူးသစ် ၊ လူဇော်သစ် ၊ အိုင်လွယ်ပန် ၊ သျှင်နွေခ ၊ Xanthos တို့ရဲ့ကဗျာလေးတွေကို နှင်းဆီရောင်စုံတွေကြားမှာ မြိုင်မြိုင်ဆိုင်ဆိုင် ပြသထားပါတယ်။
လင်းဒီပ
၆.၈.၀၉

Wednesday, August 5, 2009

ခုတလော ကျွန်တော်

(၁)
အသက်ရှုခြင်းရဲ့ ဒုတိယအဓိပ္ပာယ် (တွေးနေမိတာက)

(၂)
လူ့ဘဝမှာ နေလာတာ တစ်ဝက်ကျိုးတော့မယ် ။
အဓိပ္ပာယ်ရှိရှိ နေဖြစ် သေဖြစ်ဖို့ သတိရတိုင်း ဆင်ခြင်မိတယ်။(ဆင်ခြင်နေမိတာ)

(၃)
စိတ်တွေက အမြဲလိုလို အလျားလိုက် လွင့်မျောလိုက်
ဒေါင်လိုက် လွင့်မြောလိုက်
ပြန်ဖမ်းစုလို့ မရတာရယ်
အတင်းအဓမ္မပြန်စုချင်နေတာရယ်က လက်ရှိဖြစ်နေတဲ့ရောဂါ(ကျန်းမာရေး)

(၄)
ဆေးလေးဝါးလေးဖြစ်နိုး ဆိုပြီး
တွတ်ပီလေးဖတ်လိုက် သမိန်ပေါသွပ်လေး ဖတ်လိုက်ပေါ့
ကြာလာတော့ စောတင်မောင်ရုပ် ပေါက်လာတယ်။(ဖတ်ဖြစ်တဲ့စာအုပ်တွေက)

(၅)
စိတ်လည်းပြေ လက်လည်းပျောက်ချင်လို့
စိမ်းလန်းခြင်းတွေကို
သတ်သတ်စုထားတဲ့ နေရာလေးတွေ
နှလုံးသားသက်သက်နဲ့ မကြာခဏ လျှောက်ကြည့်ဖြစ်ပါတယ် ။(ရောက်ဖြစ်နေတာ)

(၆)
ပြောမရတဲ့ စကားတွေအတွက် သိပ်ပြောချင်လွန်းတဲ့အခါ
ကဗျာတွေပဲ အခါခါ အန်ထုတ်ဖြစ်ပါတယ်…
ဇီဝဇိုးငှက် မဟုတ်တော့လည်း ဆေးဖက်တော့ မဝင်ခဲ့ဘူး။(ရေးဖြစ်နေတာက)

(၇)
လောကဓမ္မတွေ ပြည့်နှက်လွန်းတဲ့
ဆရာစိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းတွေ နားထောင်ရင်း
ဖြေရတယ်…ကိုယ့်ကိုကိုယ် (နားထောင်ဖြစ်နေတာက)

(၈)
“ထိုမိန်းမ”
“အချစ်မဟုတ်တော့ဘူး”
“ငါအရက်သောက်တာ မင်းမကြိုက်ဘူး” လို
သီချင်းမျိုးလေးတွေကို ကဗျာလုပ်ပြီး ရွတ်နေရတဲ့အခါလည်း ရွတ်ရင်း။(ရွတ်နေမိတယ်)

(၉)
ခွန်းသာရဲ့ကဗျာလေးအတိုင်း
“ငါသေရင် ငါ့ရင်ဘတ်မှာ
ပညာတတ်ကြီးဆိုတဲ့ စာတန်း ရေးပေးစမ်းကွယ်” (ဖြစ်ချင်နေတာက)

(၁၀)
ပစ္စည်းကောင်းတွေချပေးပြီး
ဒီဇိုင်းကောင်းကောင်းထုတ်ပေးထားတာတောင်
မဆောက်တတ်တဲ့ အင်ဂျင်နီယာလိုပဲ
မီးဖိုခန်းထဲမှာ ညံ့ညံ့ဖျင်းဖျင်း ဟင်းတွေ ထုတ်လုပ်လို့။(စားနေရတာ)

(၁၁)
ကိုယ့်ကိုကိုယ်တောင် မကယ်တင်နိုင်သေးခင်
လောကကို ကယ်တင်မယ် တကဲကဲ
စိတ်ကြီးဝင်နေတဲ့ ခါချဉ်ကောင်တွေကို သနားနေမိတယ်။

(၁၂)
ဂျီတီအိုင်ကျောင်းသားဘဝက
ချိုတဲ့ ချို့တဲ့ညလေးတွေ လွမ်းတယ်...လူငယ်ဆန်လွန်းလို့(လွမ်းနေမိတာက)

(၁၃)
ဘယ်လောက်ကြာကြာ
အိမ်ကလေးတွေနဲ့ ဝေးနေရဦးမယ်ဆိုတာတော့ မေ့ထားပါတယ်။

(၁၄)
တံခါးတွေပိတ်
လေအေးစက်တွေ တတ်ထားတဲ့
နို့ဆီဘူးခွက်လေးတွေ ထဲက ထွက်ပြေးလို့ မရသေးဘူး မေမေ။
(ခါးသက်နေမိတာက)


(၁၅)
လယ်ကွင်းပြင်တွေ ရိုးပြတ်တွေကြားထဲမှာ
ရွာသားတစ်ယောက်လို ကျင်လည်ဖြတ်သန်းခဲ့ဖူးတဲ့
လွန်ခဲ့တဲ့ နေ့ရက်တွေ တမ်းတတယ်။(တမ်းတနေမိတာက)


(၁၆)
ကျွန်တော့်လိမ်ညာမှုတွေကို
သိသိကြီးနဲ့ ယုံချင်ယောင်ဆောင်ပေးတဲ့
မိန်းမတစ်ယောက်ကို ကြိတ်ပြီး ချီးကျူးနေမိတယ်။

(၁၇)
အချစ်ကို လုံးစေ့ပတ်စေ့ မသိဘဲ
ချစ်တယ်လို့ပြောတတ်တဲ့ ကိုယ့်ကိုကိုယ် ကြိတ်ပြီး အထင်သေးနေမိတယ်။

(၁၈)
ရုပ်ရှင်ရုံ (အမှောင်ထဲမှာ လူတွေကို စု
တစ်နေရာတည်းကို အာရုံစိုက်ထားခိုင်းပြိး
ရယ်ခိုင်း ငိုခိုင်း စိတ်တွေကို ကျွန်ခံခိုင်းလို့) (ဆန္ဒမရှိတဲ့နေရာ)

(၁၉)
မြန်မာပြည်အနှံ့
မရောက်ဖူးသေးတဲ့နေရာတွေမှာ
တခါမှ မတွေ့ဖူးသေးတဲ့လူတွေနဲ့
ရင်ခုန်သံချင်း ဖလှယ်ချင်တယ် ။
စိတ်တွေ ဆာဗေးဆင်းကြည့်ချင်လို့ပါ။(ဆန္ဒရှိနေတဲ့ကိစ္စ)

(၂၀)
လူ့ဂဏန်းတွေ
(မင်းတို့ကို အင်္ဂါဂြိုလ်က သဲသောင်ပြင်ပေါ်ပို့ပစ်မယ်။)
(မုန်းတီးနေမိတာက)


(၂၁)
ဘယ့်သူမှ ပြန်မပြောပါနဲ့
အခုထိ အဲဒီအပြုံးလေး လွမ်းနေတုန်းပဲ..။(ချစ်နေတာက)

(၂၂)
လက်ရှိအလုပ်(စိတ်ပျက်နေမိတာက)

(၂၃)
သူမနဲ့ကျွန်တော် တစ်ယောက်တစ်ဝက် ရေးဖူးတဲ့
ဒိုင်ယာရီဟောင်းလေး(စွဲလန်းနေမိတာက)

(၂၄)
လုပ်ချင်တာတွေ လျှောက်လုပ်ချင်လို့
“အချိန်” ချမ်းသာချင်တယ်။(လိုအပ်နေတာက)

(၂၅)
မဖြစ်နိုင်ပေမယ့် တောင်းနေတုန်းပဲ
“ကမ္ဘာမြေ ငြိမ်းချမ်းပါစေ။”(တောင်းနေမိတဲ့ဆု)

(၂၆)
အိမ်ပြန်ချင်တယ် ။(ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက)

(၂၇)
မလိမ်မိုးမလိမ်မာလေးကနေ
မလိမ်မိုးမလိမ်မာကြီး ဖြစ်လာတာကလွဲလို့ ဘာမှ ထူးမလာသေးတာ။ (ဝန်ခံချင်တာက)

အစ်မ မနော် တဂ်ထားတဲ့ ခုတလောဆိုတဲ့ ပိုစ့်လေးပါ။ အစ်မ မနော် ကျေနပ်မယ် ထင်ပါတယ်။
နောက်ထပ် ထပ်တဂ်ချင်တာက ကျွန်တော့်ညီမလေး မေ့သမီးကိုပါ ။

ခင်မင်လေးစားစွာ
လင်းဒီပ
၅.၈.၀၉

Saturday, August 1, 2009

Virus

Online ရေကြည်နောက်နောက်မှာ
ခြေရာတွေ လိုက်ကောက်နေမိ..။

Facebook မှာ Friendster မှာ
Hi5 မှာ Zopia မှာ
Chat Room တစ်ခုခုမှာ
Online လမ်းသရဲမလေးရယ်
မင်း ဘယ်site မှာ အထိုင်များနေမလဲ….

တစ် site ဝင် တစ်site ထွက်
Online ရွာရိုးကိုးပေါက်
အလွမ်းတွေနဲ့ လျှောက်နေရတဲ့
Online အသည်းကွဲလေလွင့်သမားကြီး ငါပါ။

တွေ့ရင်ပြောကြပါ…
သူမဟာ Nick မျက်နှာဖုံးများစွာ
ပိုင်ဆိုင်ထားတဲ့ Online ပန်းစားဘီလူးမလေး…။

မင်းဘယ်မှာလဲ
လမ်းသရဲမလေးရယ်
ဘယ်လို Nick ကို သုံးပြီး
ဘယ် site မှာ (မင်း) ပြုံးပျော်နေပြန်ပြီလဲ…။

ကမ္ဘာကြီးက ရွာကြီးတစ်ရွာ ဖြစ်သွားပြီ ဆို
ဒါဆို ရွာသူကြီးကို ပြောပေးပါ
ဒီရွာကြီးထဲ ငါ့ လမ်းသရဲမလေး ပျောက်နေလို့။

အခုတော့လည်း
ခေါင်းစုတ်ဖွား လူတစ်ယောက်
မျက်မှန်ထူထူ တပ်ထားပြီး
ကီးဘုတ်ကို တစ်ဒေါက်ဒေါက် ရိုက်နေ….။

သူ့လမ်းသရဲမလေးပြန်ရဖို့
ညအမှောင်ထဲ
သွေးရူးသွေးတမ်း
Search Engine တွေ တဒိုင်းဒိုင်းမောင်းနေပေါ့…။

(ဒီကဗျာလေးမှာ လိုအပ်ချက်အရ ဘိုစာလုံးတွေ မျက်စိနောက်အောင် ထည့်ထားတာတော့ စိတ်မရှိပါနဲ့နော်…:P..ပေါ့ပေါ့ပါးပါးလေး ဖတ်စေချင်လို့ ပါးပါးပေါ့ပေါ့လေး ရေးထားတာပါ။)
လင်းဒီပ
၁.၈.၀၉