Showing posts with label ရောက်တတ်ရာရာ. Show all posts
Showing posts with label ရောက်တတ်ရာရာ. Show all posts

Sunday, July 31, 2011

လူပျော်လေးချစ်သူ

(က)

ဒီမြို့လေးကို ရောက်တော့မှ ကျွန်တော်သိထားတာထက် ကမ္ဘာရဲ့ လည်နှုန်းက ပို မြန်နေတဲ့အကြောင်း မေမေ့ကို ဖုန်းထဲမှာ ပြောမိတော့ မဟုတ်ဘူးသားရဲ့ မင်းရောက်နေတဲ့ မြို့လေးက မေမေတို့မြို့မှာထက် ကမ္ဘာရဲ့လည်နှုန်းက ပိုမြန်တာ ။ တကယ်လို့ နောက်ထပ်မြို့ကြီးတစ်ခုကို မင်းရောက်သွားတဲ့အခါ အဲဒိမြို့လေးမှာထက် ပိုမြန်တဲ့ လည်နှုန်းတစ်ခုကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့ မေမေက ပြန်ဖြေတယ် ။ ဆက်ပြီးတော့ … သား ကမ္ဘာရဲ့လည်နှုန်းကို သတိထားမိဖို့ထက် ကိုယ့်စိတ်ရဲ့ အရွေ့အသွားကို သတိချပ်နေဖို့က ပို အရေးကြီးတယ်နော် လို့ ဖုန်းထဲကနေ တခုတ်တရ မှာပါတယ် ။

(ခ)

မနေ့ညက ဖြူနဲ့ ဖုန်းပြောတော့ ကိုအလုပ်အကိုင် အဆင်မပြေဘူးလို့ ဟိုတစ်ခါ ပြောတာနဲ့ မမကြီးကို ပြောမိတယ် ။ မမကြီးက သူ့သူငယ်ချင်းတွေရှိတဲ့ နောက် တစ်နိုင်ငံကို ထပ်ကူးမလားလို့ မေးတယ် ။ ကို ဘယ်လို သဘောရလဲ ။ ကြိုးစားကြည့်ချင်လား ။ ကျွန်တော်လည်း အံသြသွားပါရဲ့ ။ တချိန်လုံး သူနဲ့အတူတူ ပြန်နေဖို့ချည့် နားပူနားဆာလုပ်နေတဲ့ ဖြူ့ပါးစပ်က စကားအဆန်းတွေ ကြားရလို့ပါ ။

မကူးချင်ပါဘူး ဖြူရဲ့ ။ ထပ်ကူးရင် ဖြူနဲ့ ပိုဝေးသွားမှာပေါ့ ။ အခုအတိုင်းက လေယာဉ်တစ်ဆင့်ပဲ စီးရတယ်လေ ။ ကိုက ဖြူနဲ့ အဝေးကြီးမှာ မနေချင်ဘူး ။ နီးနီးလေးမှာလည်း မနေချင်ဘူး ။ နားငြီးလို့ ။

ကျွန်တော့်ကို ပြောလို့မရတဲ့ ဖြူကတော့ ထုံးစံအတိုင်း ရယ်လို့ပေါ့ ။ ပြီးမှ ထပ်ပြောတယ် ။

ကိုက ဖြူကို ရည်းစားထားတာလား ။ insurance ထားတာလား တဲ့ ။

ဘာလို့လဲ ။

ဟုတ်တယ်လေ ။ ကို ဘဝမှာ တချိန်ကျ အထီးမကျန်အောင် မိန်းကလေးတစ်ယောက်တော့ ရှိသေးတယ် ဆိုပြီး လုပ်ထားတာ မဟုတ်လား ။ တကယ်တမ်းကျတော့ ကို့ ဘဝ၊ ကို့အချိန်အတော်များများကို သူငယ်ချင်းတွေ အလုပ်တွေ နောက် ကိုဝါသနာပါတာတွေ ကို့ဘဝတိုးတက်ဖို့ ဆက်လုပ်ရမှာတွေ အတွက်ပဲ သုံးနေတာ မဟုတ်လား ။

ခပ်တုံးတုံး ကောင်မလေးတစ်ယောက်လို့ နားလည်ထားတဲ့ ချစ်သူဆီက စကားအဆန်းတွေ ကြားလိုက်ရတော့ အတော်လန့်သွားတယ် ။ တကယ်ပဲ သူ့ကို insurance ထားသလို တွဲနေမိပြီလား ။

တခါတလေဆို ဖြူ.. ကို့ချစ်သူ မဖြစ်ချင်ဘူး ။ ကို့သူငယ်ချင်းတစ်ယောက်ယောက်ပဲ ဖြစ်ချင်တယ် ။ ကိုသူ့ငယ်ချင်းတစ်ယောက်ယောက်က လှမ်းခေါ်လိုက်တာနဲ့ ဖြူနဲ့ အွန်လိုင်းမှာ ချိန်းထားလည်း မစောင့်တော့ဘူး ။ ကို လစ်ပြီ ။ သူငယ်ချင်းတွေနဲ့ သာ သွားနေ စားနေ သောက်နေရမယ် ဆို ဘယ်လောက် အချိန်တွေ ကုန်ကုန် ။

အာ… သူငယ်ချင်းတွေက ဖြူလို ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ မရှိပါဘူး ။ ကျွန်တော် ပြန်ငြင်း ကြည့်သေးတယ် ။

ကို မှတ်မိလား ။ ဖြူလာလည်တုန်းကလည်း ကို့အရင်အလုပ်က သူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်မှာ ချက်ပြုတ်စားသောက်ပြီး ဖြူတစ်ခုမှ မသိတဲ့ engineering အကြောင်းတွေ ငြင်းကြခုန်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရယ်ကြနဲ့လေ ။ ဖြူမှာတော့ ငုတ်တုပ် ။ ဟာ … ဖြူသူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ မုန့်သွားစားတော့လည်း ကိုမသိတဲ့လူတွေနဲ့ လိုက်ထိုင် ဝင်ရော ဒီလိုပဲ ရင်းနှီးသွားတာပဲဟာ ။ ဖြူကိုက လူမှုရေးညံ့တာ ။

ကဲ…ထားတော့ဖြူ ။ အခုကော ဘာလို့ ကို့ကို ပြန်လာဖို့ မတိုက်တွန်းဘဲ ပိုဝေးတဲ့ နေရာဆီ သွားခိုင်းနေတာလဲ ။ ရန်ကုန်မှာ နောက်တစ်ယောက် တွေ့နေပြီလား ။

တော်ပါပြီ ။ ကို့တစ်ယောက်နဲ့တင် အတော်လန့်နေပြီ ။

ကိုက လူဆိုး မဟုတ်ပါဘူး ။ မကောင်းတာပဲ ရှိတာ ။

ဟုတ်တယ်လေ ကိုလုပ်တဲ့ မကောင်းတာတွေက ထုတ်ပြလို့ မရတဲ့ ဟာတွေ ။ ကိုက လူလည် … အပြစ်ရှာမရအောင် လုပ်ထားတယ် ။

ဒီတစ်ပတ်ကော အိမ်မှာ နေမှာလား ။

နေမှာပေါ့ ဘယ်မှ မသွားဘူး ။

ပြောတာပဲ ။ pfingo နဲ့ခေါ်လိုက်ရင် လမ်းပေါ်က ပြန်မလာသေးဘူး ။

အဲလောက်ဖြစ်နေလည်း ကိုနဲ့ လာနေပါလား ။ ရွှေပြည်ကြီးကို အတော်ချစ်တာပဲလား ။

တော်ပါ လာနေဖို့ မဖြစ်တဲ့လူကို အတင်းခေါ်နေ ။ ကို့ဘာသာ ပျော်သလောက်သာနေ ။ ပျော်တာတွေသာ လျှောက်လုပ် ။

မေမေကို သွားတိုင်မနေနဲ့ဦး ။

မတိုင်ပါဘူး တိုင်လည်း ရှင့်အမေက ရယ်နေတာ ။ သူ့သား ဘာမှ ပြောတာ မဟုတ်ဘူး ။

ချစ်တာကိုး ကလေးမရဲ့ ။

နောက်တော့လည်း ဖုန်းချသွားပါတယ် ။ မဟုတ်ပါဘူး ဖုန်းကျသွားတာပါ ။ ဖုန်းကဒ် ကုန်သွားလို့ ။စကားကတော့ ဖုန်းကဒ် ဆယ်ကဒ်ပေါင်း ဆက်တောင် ကုန်မှာ မဟုတ်ပါဘူး ။

(ဂ)

ဖြူနဲ့ ဖုန်းပြောပြီးမှ ပြီးခဲ့တဲ့အခေါက် ရန်ကုန်ပြန်တဲ့နေ့က အဖြစ်လေးကို အမှတ်ရပါတယ် ။ လေယာဉ်ပေါ်မှာ မတွေ့တာ အတော်ကြာတဲ့ သူငယ်ချင်းအင်ဂျင်နီယာမတစ်ယောက်နဲ့ မထင်မှတ်ဘဲ flight တစ်ခုတည်းတွေ့ပြီး တလမ်းလုံး စကားများလာပါတယ် ။ ရန်ကုန် ရောက် luggage ရွေးတဲ့ နေရာမှာ သူ့ luggage က အတော်နဲ့ ထွက်မလာတာ ကူစောင့်ပေးနေ စကားတွေ ပြောနေ ရယ်နေတာကို လာကြိုတဲ့ ဖြူက အပြင်ကနေ အစအဆုံး မြင်ပေရဲ့ ။ တလမ်းလုံး စကားမပြောဘဲ အိမ်ကျတော့ မေမေ့ကို သွားတိုင်တော့ မေမေက ပါးစပ်ပါတော့လည်း စကားပြောမှာပေါ့ သမီးရယ် ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ အဲဒီကတည်းက တိုင်လည်း သိပ်မထူးဘူးဆိုတာ ဖြူသိသွားပုံရတယ် ။

မေမေကတော့ ကိစ္စအထွေအထူးမဟုတ်ရင် ဘာမှ ပြောလေ့မရှိဘူး ။ ဖေဖေကလည်း ငယ်ငယ်က နောက်နောက်ပြောင်ပြောင်နေတတ်ပေမယ့် အသက်ကြီးတော့ အေးအေးဆေးဆေး ပဲ ။ ကျွန်တော်ကတော့ အခုထိ ပျော်ပျော်နေတတ်တုန်း ဆိုတော့ ဖြူမှာ ကျွန်တော့် မကျေနပ်ရင် ဘယ်တိုင်လို့ တိုင်ရမှန်းမသိ။ တကယ်ဆို ကျွန်တော်လည်း ဖြူကို ချစ်ပါတယ် ။ ဆရာမဂျူးစကား ငှားသုံးရရင် အချစ်ဆိုတာ ကြိုးနဲ့ သီထားဖို့မလိုတဲ့ ပန်းကလေးတွေလို့ ကျွန်တော်က မြင်တယ် ။ မသီဘဲထားတာ နည်းနည်း များနေပြီလားတော့ မသိဘူး ။

တခါတလေတော့ အဲဒီ insurance လေးကို တအားလွမ်းတယ်ဗျ ။ ဒါပေမယ့်လည်း ကမ္ဘာကြီး အလည်မရပ်သရွေ့ သူ့လည်ပတ်နှုန်းကို စဉ်းစားရင်း ကျွန်တော်ကလည်း တယ် အလုပ်များသကိုး ။

လင်းဒီပ

၁၅.၁၀.၁၀

Sunday, May 29, 2011

ဘဝရဲ့ကော်ဖီ

ရုံးသွားခါနီး ကမန်းကတန်းနှင့် တိုက်ချလိုက်သောကြောင့် တစ်ကိုယ်စာ သူ့အခန်းလေး၏ ကြမ်းခင်းပေါ် ကော်ဖီတွေ ဖိတ်ကုန်သည် ။ ကြမ်းခင်းပေါ် ကြုံသလိုချထားသည့် စာရွက်စာတမ်းတချို့ပါ စိုကုန်ပြီး ကြိုက်လှပါသည် ဆိုသော ကော်ဖီနံ့ကို စိတ်ညစ်ညူးစွာ ခံစားမိလိုက်သည်။ ချစ်လှပါပြီဆိုပြီး မြတ်နိုးစွာ နမ်းရှိုက်မိသော ဆံနွယ်စများ ဟင်းထဲတွင် ပါလာသောအခါ ညစ်ပတ်လိုက်တာဟု လူတွေ ပြောတတ်ကြပြန်သည် ။သူမနှင့် စိတ်ထဲ အဆင်မပြေသည့်အခိုက် “ချစ်”လို့ ခေါ်ရတာ မုသာဝါဒအမှုကို အသေအချာ ကျူးလွန်မိသလို ခံစားရသည် ။

လက်ထပ်ခြင်းက ကြိုးတစ်ချောင်းထင်သည် ။ ယောက်ျားစိတ်က မြင်းရိုင်းတစ်ကောင်လို လွင်ပြင်ရှိသလောက် ကဆုန်ပေါက်ပြေးချင်သည်။ သူဖတ်မိသော relationship နှင့်ပတ်သက်သည့် စာအုပ်များထဲတွင် အနီးဆုံးရှိသော သူတွေကြားထဲတွင်ပင် gap(နေရာလွတ်) တော့ ချန်ထားရမည်ဟု ဆိုသည်။ သူ့မျက်နှာ သူ့အတွေးတွေကို အတိအကျလိုက်ဖတ်ချင်လွန်းသော မိန်းကလေးကို တခါတလေကျ နားမလည်ချင် ။ လူနှစ်ယောက်က တစ်နေ့လုံး အတူတူရှိပြီးသောအခါ ညဖက်မှာ တယ်လီဖုန်းအကြာကြီးပြောဖို့ လိုပါသလား ။ မင်းကလွဲရင် တခြားအရာတွေ မမြင်တော့ဘူး မရှိတော့ဘူး ဆိုတာမျိုးကို သူက ကဗျာများထဲတွင်သာ ရေးလေ့ရှိပြီး ချစ်သူမလေးကတော့ ကဗျာတစ်လုံးတစ်ပါဒမှ မရေးပါဘဲ အပြင်မှာ လက်တွေ့လုပ်ဆောင်တတ်သူဖြစ်ပါသည် ။ချစ်သူမလေးသည် ယုန်ကလေးလား ကြောင်ကလေးလား သူအသေအချာမသိ ။ အခါမလပ် ပွတ်သပ်ထွေးပွေ့ထားစေလိုတာလား ။ ဘဝမှာ တခြားသောအရာတွေအတွက်လည်း အချိန်ပေးရဦးမှာ မဟုတ်လား ။

သွက်လက်နှုတ်စကား ဖြေစရာမရှိ…

လင်းတဲ့အတွေးများ အမှောင်နယ်အထိ…

ကိုယ့်ရဲ့သီချင်းလည်း ကိုယ် မဖြတ်ဘူး…

ကိုယ့်ရဲ့ချစ်သူလည်း ကိုယ် မဖြတ်ဘူး…

(စိုင်းခမ်းလိတ်)

အဆင်မပြေမှုတွေရှိလာတိုင်း ကောင်မလေးစကားလုံးတွေက မီးသတ်ကားတွေလို သူ့ရင်ဘတ်ထဲက လောကဓံမီးတောက်တွေကို ငြိမ်းသတ်ပေးလေ့ရှိသည် ။ ထိုအခါ ကျေးဇူးတင်မိပြန်သည် ။ ငါးပေတစ်လက်မသာရှိသော လူမသေးသေးလေးသည် သူ့အတွက် မိခင်နှင့်တူသော မိန်းမလည်း ဖြစ်သည် ။ အကြောင်းတစ်စုံတရာအတွက် ပန်းရောင်အရှက်မျက်နှာလေးကို တွေ့ရသောအခါ နှမနှင့်တူသော မိန်းမအဖြစ် တန်ဖိုးထားမြတ်နိုးစွာ ချစ်မိပြန်သည် ။ တစ်ယောက်တည်းပင် စိတ်နှင့်ကိုယ်အဆင်မပြေတတ်လွန်းသော သူသည် ထို ချစ်သူမလေးကို ငေါက်ငမ်းမိသည့် အခါများတွင် အားနာမိပြန်သည် ။ တခါတလေ သူမက ရေဗက္ကာဝင်း၏ မင်းနှိုးတော့ နိုးလား မင်းသွားတဲ့ဖက်သွားပါ မင်းကွေ့တဲ့ဖက်ကွေ့လိုက်ပါ မင်းစိတ်ကြိုက်ငါ့ဘဝ သော့တတ်ထားတဲ့ မင်းရဲ့ အနီရောင်ကားလေးတစ်စီးတော့ မဟုတ်ခဲ့ပြီ…. ဟု ဆိုညည်းတတ်ပြန်သေးသည် ။

ယောက်ျားနှင့်မိန်းမ အချစ်က ဘာလို့ မတူတာပါလိမ့် ။ ဆက်စဉ်းစားလျှင် Men are from Mars Women are from Venus ဆိုသည့် စာအုပ် နောက်တစ်ခါ ပြန်ဖတ်ဖို့ လိုလိမ့်မည် ။ အချစ်ကတော့ သူ့ဟာသူ ရှိနေပါလိမ့်မည် ။ ခွက်ထဲက ကော်ဖီတွေ မှောက်မကျဖို့သာ လိုပါသည် ။ ခေါင်းပေါ်က ဆံနွယ်ကလေးတွေ ဟင်းထဲ ပါမလာဖို့သာလိုပါသည် ။ တကယ်ကတော့ ချစ်သူမလေးကို သူတကယ်ချစ်သည့်အကြောင်း သူကိုယ်တိုင်လည်း အသိဆုံးဖြစ်ပါသည် ။

လင်းဒီပ

၂၉.၀၅.၁၁

Thursday, August 26, 2010

ရ ရထားကြီး ပျော်ပျော်စီး

Circle Line ကနေတဆင့် အနီလိုင်းကို Bishan Interchange MRT ကနေ change ဖြစ်ပါတယ် ။ နေ့လည် 1:25 လောက်ပါ ။ Newton MRT ကတဆင့် အစည်းအဝေး သွားရမှာ မို့ပါ ။ circle line ကနေ ကူးတော့ interchange ထဲမှာ လမ်းနည်းနည်း လျှောက်ပြီး to marina bay ဆိုတဲ့ လှေကားလေးအတိုင်း တက်လိုက်ကတည်းက ဘူတာထဲမှာ မှောင်နေတာ သတိထားမိတယ် ။ မီးလုံးလေးတွေ ကွက်ကြားပဲ လင်းနေတော့ တစ်ခုခုတော့ တစ်ခုခုပဲလို့ ထင်မိပါတယ် ။


ပလက်ဖောင်းကလည်း အလင်းရောင်ကောင်းကောင်း မရပါဘူး ။ ခဏနေတော့ ရထားဝင်လာပါတယ် ။ ပြဿနာက အဲဒီမှာ စပါတယ် ။ ရထားက တံခါးတွေဖွင့်လို့ရပြီး ဘူတာဘက်ကpassenger access door(PSD)တွေ ကလုံးဝ မပွင့်ပါဘူး ။ ရထားက တံခါးတွေ ပြန်ပိတ်ပါတယ် ။ဘူတာထဲမှာ နှစ်ယောက်ထဲပဲ ရှိတဲ့ station stuff တွေ ဟိုဒီပြေးပါတယ် ။PSD တွေကို auto ပြန်ဖွင့်လို့ရအောင် သူတို့လုပ်ကြည့်နေပုံရပါတယ် ။ မိနစ်နှစ်ဆယ်လောက် ကြာသွားပါတယ် ။ ရထားထဲကလူတွေက အပြင်ကို ကြည့် အပြင်ကလူတွေက အထဲကို ကြည့်နဲ့ပေါ့ ။ PSD တံခါးတွေကတော့ ခပ်တည်တည်ပါပဲ ။ လုံးဝ မပွင့်ပါဘူး ။


နောက်ဆုံးမှာ ရထားရဲ့တံခါးတွေကို ဖွင့်လိုက်ပါတယ် ။ ပြီးမှ PSD တံခါးတွေရဲ့ ရထားဘက်အခြမ်းမှာ ရှိတဲ့ emergency release တွေကို ခရီးသည်တွေက ဖွင့်ပြီး ဘူတာထဲ ဆင်းလာရပါတယ် ။ ဘူတာထဲက ခရီးသည်တွေကိုလည်း ဒီရထားနဲ့ လိုက်ခွင့် မပေးပါဘူး ။ ရထားပျက်နေပြီ ဆိုပြီး ဒီအတိုင်းကြီး မောင်းထွက်သွားပါတယ် ။ (ရထားမထွက်ခင်မှာ ခုန လူတွေ ကိုယ်ထူကိုယ်ထ ဖွင့်ထားတဲ့ PSD တံခါး ၂၄ ခုကို ဘူတာထဲကနေ station stuff တွေက တစ်ခုချင်း ပြန်ပိတ်ကြရပါတယ်။ တံခါးက လုံးဝ auto မပိတ်တော့ပါဘူး ။) ရထားပျက်တာ မဟုတ်ဘဲ ဘူတာရဲ့ PSD တံခါးတွေ ပျက်တာ ဖြစ်မယ်လို့ တွေးမိပါတယ် ။


ဘူတာထဲမှာ ကျွန်တော်တို့လို marina bay ဘက် သွားမယ့် ခရီးသည်တွေကော ရထားပေါ်က ဆင်းလိုက်ရတဲ့ ခရီးသည်တွေကော အတော်ပြည့်နေပါပြီ ။ ဖြူရော်ရော် ရဲသားလေး လေးယောက်လည်း တွေ့ပါတယ် ။ နှစ်မိနစ်လောက်နေတော့ ဒုတိယရထား ဝင်လာပါတယ် ။ အားလုံးက မျှော်လင့်ချက် အပြည့်နဲ့ပါ ။ ဒီရထားကိုတော့ လိုက်ကြမယ်ပေါ့ ။ ရထားက ထုံးစံအတိုင်း တံခါးတွေ ပွင့်ပါတယ်။ ဘူတာဘက်က PSD တံခါးတွေက မပွင့်ပါဘူး ။ ဒီတော့ ဒုတိယရထားက စိမ်းစိမ်းကားကားပါပဲ ။ ခရီးသည်တွေ တင်တာ ချတာ မလုပ်တော့ဘဲ ဆက်ထွက်သွားပါတယ် ။ ကျွန်တော်တို့ ဘူတာထဲက အဖွဲ့တွေကတော့ …..မျှော်လင့်ချက်သာ မထားခဲ့ရင် ငါ ဒီလို ခံစားရမယ် မထင်ဘူးပေါ့….။


တချို့လူတွေကလည်း ဖုန်းနဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေ မသိမသာလေး ရိုက်နေပါတယ် ။ တချို့ကလည်း တနည်းနည်း စီစဉ်ပေးသင့်တယ်ဆိုပြီး သူတို့လူမျိုးထုံးစံအတိုင်း ကွန်ပလိန်းတွေ စနေပါပြီ ။ နာရီဝက်လောက်လည်း ကြာနေပြီကိုး ။ ခဏနေတော့ လူတစ်ယောက်(မြန်မာထင်ပါတယ်)က သူ့ဖုန်းနဲ့ လက်ကြီးရမ်းပြီး ဗွီဒီယို ရိုက်ပါတယ် ။ ဒါကို ရဲက တွေ့တော့ သွားတားပါတယ် ။ သူက why တွေဘာ တွေ လုပ်နေပါသေးတယ် ။ ။ ဘုရားစူး …ဒီမိုကရေစီကျွန်းကလေးက ဒီလို အနာအဆာတွေ မှတ်တမ်းတင်တာ မကြိုက်ဘူး ဆိုတာ သူမသိလို့ဖြစ်ပါလိမ့်မယ် ။


နောက်နှစ်မိနစ်လောက်နေတော့ တတိယရထားဆိုက်လာပါတယ် ။ ထုံးစံအတိုင်းပါပဲ ။ ရထားတံခါးတွေ ပွင့်ပြီး PSD တံခါးတွေ မပွင့်ပါဘူး ။ ရထားထဲကခရီးသည်တွေကို emergency release တွေ နှိပ်ပြီး ထွက်လာဖို့ လှမ်းပြော ခရီးသည်တွေ တံခါးကို ကိုယ်ထူကိုယ်ထ ဖွင့်ပြီး ဆင်းလာကြပါတယ် ။ ဘူတာထဲက ခရီးသည်တွေကလည်း ရထားပေါ်တက်ကြပေါ့ ။ကျွန်တော်လည်း လိုက်တက်ပါတယ် ။ ပြီးတော့ ရထားက door closing လုပ် ။ ရထားက ထွက်သွားပေမယ့် ဘူတာရဲ့ ၂၄ ခုသော PSD တံခါးတွေကတော့ ပွင့်လျှက်သားပဲ ကျန်ခဲ့ပါတယ် ။ ဘယ်လို ဆက်ဖြေရှင်းတယ်တော့ မသိပါဘူး ။


Circle line မှာလည်း မကြာခဏ Power trip ဖြစ်ပြီး ရထားရပ်ပါတယ် ။ အစိမ်းလိုင်းလည်း west ဘက်မှာ မကြာခဏဖြစ်တယ်လို့ ရေးတာ ဖတ်ရပါတယ်။ အခုအနီလိုင်းမှာကတော့ နေလည်က ကိုယ်တွေ့ပါ။ ရ ရထားကြီး ပျော်ပျော်စီး မိတဲ့ နေ့တစ်နေ့ပါပဲ ။


လင်းဒီပ

၂၆.၀၈.၁၀

Sunday, August 22, 2010

စနေဒိုင်ယာရီ

မနက်ပိုင်းမှာ မတွေ့တာ ကြာပြီဖြစ်သည့် ကဗျာဆရာမကြီးနဲ့ တွေ့ဖို့ ချိန်းပြီးမှ ပျက်သွားသည် ။ လမ်းပေါ် ရောက်နေပြီ ဆိုတော့ တစ်နေရာရာတော့ ဆက်သွားချင်သည် ။weekend တွေမှာ ငေါင်ထီးထီး ဖြစ်နေတတ်တဲ့ အချိန်တွေကို အရွဲ့တိုက်ပြီး ဘယ်သွားရင် ကောင်းမလဲလို့ လျှပ်စစ်ရထားပေါ်မှာ စဉ်းစားသည် ။ နောက်တော့ သူငယ်ချင်းအတွဲကို ဒုက္ခပေးရန် အမှတ်ရပြီး sms နှင့် လှမ်းမေးလိုက်သည် ။ ဒီနေ့ ဘယ်သွားဖို့ အစီအစဉ်ရှိလဲဆိုတော့ လိုက်မလား Haw Par Villa တဲ့ ။ ရောက်ဖူးပြီးသား နေရာတစ်ခုပေမယ့် လမ်းပေါ် အကြောင်းမဲ့ လျှောက်မနေချင်သည့် အတူတူ လိုက်ရှုပ်မိသည် ။


ဟိုရောက်တော့ ပထမအခေါက်တုန်းက မဝင်ခဲ့သည့် ငရဲကြီးဆယ်ခန်းကို ဦးစွာ ဝင်မိသည် ။ ကျွန်တော်သိထားတာ ငရဲကြီးရှစ်ထပ်ပေမယ့် ဒီမှာ သူတို့ကတော့ ငရဲကို ဆယ်ခန်းခွဲထားသည်။ မင်းခိုက်စိုးစန်က ငရဲကြီးရှစ်ထပ်မှာ ချစ်တတ်တဲ့လူတွေအတွက် မြေတစ်ကွက်စာတော့ရှိကောင်းရဲ့လို့ ဖတ်ဖူးတာ တွေးမိသည် ။ လုပ်သည့် အပြစ်ပေါ်မူတည်ပြီး ခံရသည့် ငရဲ မတူတာတွေကို ပြထားသည် ။ ငရဲဆိုသည့်အတိုင်း အနိဌာရုံတွေပေါ့ ။


မကောင်းမှု မပြုမိအောင် ပြုလက်စရှိရင်လည်း ရှေ့မဆက်အောင် ဆုံးမ သွန်သင်လမ်းပြလိုသည့် သဘောစေတနာဖြင့် အသေအချာလေး လုပ်ပြထားတာတွေ့ရသည် ။နောက်ဆုံး ဆယ်ခန်းမြောက် ငရဲကိုလွန်သောအခါ(အပြစ်တွေကို ဆေးကြောလို့ပြီးပြီဖြစ်လို့) magic tea ကို ပြန်သောက်လိုက်သောအခါ အရာအားလုံးကို မေ့လျော့သွားသည် လို့ရေးထားသည်။ ပြီးတော့မှ wheel of reincarnation မှတဆင့် လမ်းခြောက်သွယ်ဖြင့် လူ ဒါမှမဟုတ် တိရစ္ဆာန်ဘဝ ပြန်ရောက်ပုံကို ရှင်းထားသည် ။ ကျွန်တော်သိထားသော သုံးဆယ့်တစ်ဘုံဖြစ်စဉ်များ နှင့် ကွဲလွဲနေသောလည်း လေ့လာမိသည် ။မဟာယန နဲ့ ထေရဝါဒ ကွာလို့ ထင်သည် ။


ဟောပါဗွီလာက ထွက်လာတော့ ဘတ်စ်ကားစီးပြီး ဟားဗားဖရန့် ။ ထိုမှတဆင့် လျှပ်စစ်ရထား စီးပြီး နားထဲမှာ မကြာခဏ ကြို့ပင်ကောက်အင်တာချိန်းလို့ ကြားကြားမိတတ်သည့် ဒိုဘီဂေါက်ကို သုံးယောက်သားရောက်သွားသည် ။ သူငယ်ချင်းမက အိုင်ဖုန်းဖိုး ကြည့်ချင်သည် ။ ပလာဇာစင်ကပူရ ထဲ ရောက်သွားသည် ။ အမ်ဝမ်းက ချစ်စဖွယ်စကားဆိုသည် ။ 300 min plan ကို contract fee $210 ကျသည် ။ ဒါကို Spass holder တွေဆို $480 (100min plan က နှုန်းနှင့်) contract လုပ်ရမည်တဲ့ ။ မနက်က ဂျူရောင်းပွိုင့် အမ်ဝမ်းမှာ မေးခဲ့တုန်းက ဒီအတိုင်းပဲ ပြောသည် ။ ဒါနဲ့ စတားဟတ် ဆက်သွားကြတော့ ပစ္စည်းကုန်နေသည် ။ စင်းတဲလ် က ဈေးနည်းနည်း မြင့်နေသည် ဆိုပြီး မဝင်ဖြစ်တော့ ။


ရှော့ပင်းမောလ်ထဲမှာတော့ ထုံးစံအတိုင်း လူတွေကိုငေး ဆိုင်တွေကိုငေး နဲ့ အချိန်တွေကုန်သွားသည် ။ ရည်ရွယ်ချက် မယ်မယ်ရရ မရှိ ။ နောက်တော့ G2000 မှာ discount ဆိုပြီး ဝယ်မိကြပြန်ရော ။ ဈေးဝယ်တာကလည်း တခါတလေကျတော့ အပန်းဖြေနည်း တစ်ခုလို ။ ဒီရောက်မှ မကောင်းတဲ့အကျင့်က ဈေးသင့်တယ်ဆို လိုလို မလိုလို ဝယ်မိတတ်တာ ။ ပြီးတော့ သုံးယောက်လုံး အကြိုက်တူသည့် ကော်ဖီခါးခါးလေးတွေ သောက်ရင်း ရှေ့ရေး နောက်ရေး အလည်ရေး တွေ ပြောရင်း မောနေ မိပြန်သည် ။


ဒိုဘီဂေါက်ကနေ သူတို့နှင့် လမ်းခွဲပြီး နေတဲ့အခန်းလေးဆီ ပြန်လာတော့မှ ညစာ ဘာမှ မရှိ ။ ထမင်းကို ချက်ပြီးမှ မနေ့က ဝယ်ပြီး မစားရသေးသည့် ပဲပြုတ်ကို ကြက်သွန်နီနှင့်ကြော် ထမင်းနဲ့နယ် စားမိသည် ။ ထမင်းစားနေရင်း မျိုးကျော့မြိုင်၏ …တစ်ယောက်ထဲ စားတဲ့ညစာ ဒီအခန်းထဲ… ဆိုတဲ့ သီချင်းကို အမှတ်ရသည် ။


အွန်လိုင်းတက်တော့ သူငယ်ချင်းမက လှမ်းပြောသည် HTC ပဲ ဝယ်လိုက်တယ် ။ $198 တဲ့ ။ သူ့ကို စချင်တာနဲ့ smart phone ချင်းတူပေမယ့် အိုင်ဖုန်းဖီလင်က တခြားဟာတွေနဲ့ မတူဘူးလို့  နောက်ဖြစ်သည် ။ မျက်နှာစာအုပ်မှာ သူငယ်ချင်းတစ်ယောက်က စနေညပါတီဆိုပြီး အမြည်းပုံတွေ တင်လိုက်သည်။ သောက်ချင်တယ် ဆိုတော့ လာခဲ့လေတဲ့ ။ မနက်ကလည်း ငရဲပြည် မှာ magic tea မသောက်ခဲ့ရလို့လားမသိ ။ လူက အရမ်းပင်ပန်းနေပြီ ။ ထပ်မထွက်ချင်တော့ ။


လင်းဒီပ

၂၂.၀၈.၁၀

Friday, August 6, 2010

Happy Friday for All

ဒီကဗျာကလေးကို ညီမ မယ်လိုဒီဖြိုးက ပြန်တင်ပါလား ။ အပျော်ပေါ့ဆိုတာနဲ့ ပြန်ကြည့်မိတော့ မနှစ်က ဒီအ ချိန် ဒီနိုင်ငံလေးရဲ့ အမျိုးသားနေ့ ပိတ်ရက်အတွက် ပျော်ပြီး ရေးမိတာလေး ဖြစ်နေတယ် ။ ဒီနှစ်လည်း ဒီလို သုံးရက်တွဲပိတ်ရက်လေးနဲ့ ပြန်တိုက်နေတော့ အပျော်အဖြစ် ပြန်တင်ပါတယ် ။ (ဒီလိုရက်မျိုးဆို ဟို ထီးဂေါက်ကြီးနဲ့ ကဗျာဆရာသရော်စာရေးသူကြီးလည်း သူ့ချစ်သူလေးလုံခြုံရေးအတွက် ထီးဂေါက်ကြီးနဲ့ အလုပ်များနေမှာ မြင်ယောင်မိပါတယ်။) တခြားနိုင်ငံက သူတွေလည်း စလုံးက လူတွေရဲ့ သုံးရက်ဆက် ပိတ်ရက်ကလေးကို ဝင် ကြည်နူးပေးကြပါဦး နော…။ :)

သောကြာနေ့

မနက်ဖြန် ရုံးပိတ်တယ်
ဒါနဲ့တင် ဒီနေ့မှာ ကြိုကြိုတင်တင် ပျော်နေမိ။

လုပ်စရာတွေတော့ ရှိသေးတာပေါ့
အလုပ်ဆိုတာ မထွက်မချင်း ဘယ်တော့မှ မပြီးဘူး။
အကြောင်းပြန်စရာရှိတဲ့
Email တွေလည်း ခဏ ထားထား ပါတယ်။
နောက်တစ်ပတ်မှာ တက်ရမယ့်
ရန်ဖြစ်စရာ ညှိစရာ နှိုင်းစရာ အစည်းအဝေးတွေလည်း
ခဏတော့ မေ့ထားတယ် ။

ဟိုးရှေးရှေးတုန်းကတော့ ကျွန်တော်ဟာ ရုံးပျော်လေး....
Site ထဲမှာ မုန့်တွေစားရင်း အလုပ်တွေများရင်း
မောင်နှမတွေကြားထဲမှာ
ပိတ်ရက်ကလေးတွေ မျှော်လေ့မရှိတဲ့
လူငယ်ခြေတက်ကလေးလည်း ဖြစ်တယ် ။
သင်္ကြန်လို ရက်ရှည်ပိတ်ရက်မျိုးတောင်
Site မှာ အဖွဲ့ကျပြီး အိမ်ပြန်လေ့ပြန်ထမရှိတဲ့ ကောင်ပေါ့။

အခုတော့
အားလပ်ရက်ကို မျှော်တတ်ပြီ။
အလုပ်နဲ့အချိန်နဲ့ကို တွက်ချက်လုပ်တတ်ပြီ ။
ကိုယ့်ကိုကိုယ် Software ထည့် Run ထားတဲ့
စက်ရုပ်ကလေးလည်း ဖြစ်ခဲ့ပြီ ။
(Timer တွေဟာ တိကျပြတ်သားလို့။)

မတွေ့ဖြစ်တာကြာတဲ့ သူငယ်ချင်းတွေနဲ့
ပိတ်ရက်ကလေးမှာ တွေ့မယ်။
ဖတ်မယ်ဆို တေးထားတဲ့ ကဗျာလေးတွေ
ကော်ဖီ ခါးခါးမွှေးမွှေးလေး သောက်ရင်း ဖတ်မယ်။
မရောက်တာ ကြာတဲ့ Shopping Mall တွေလည်း
ဖက်ရှင်ရှိုးကြည့်ဖို့ သွားရဦးမယ်။

ရန်ကုန်က ရဲမေလေးကလည်း
ကျွန်တော့်ကို ဖမ်းမလို့ online မှာ စောင့်နေပါလိမ့်မယ်။
(အလျှောက် ကောင်းရင်တော့ သုံးလေးနာရီနဲ့ ပြန်လွတ်နိုင်ရဲ့)
အခုတော့လည်း “အချစ်ထောင်”သီချင်းကို
ငိုသံလေးနဲ့ ရဲမေလေး မကြားအောင် ညည်းတတ်ပြီ။

ကဗျာဆိုတာ ခံစားမှုကို
ကူးစက်မြန်စေတဲ့ ရောဂါပိုးမွှားလည်း ဖြစ်ရဲ့
ဒီတော့ မိတ်ဆွေ
ဒီကဗျာလေးကို ဖတ်မိတဲ့အခါ
ခင်ဗျားလည်း ကျွန်တော့်လို
မနက်ဖြန်စိတ်ကူးလေးနဲ့
အပျော်တွေ ကူးစက်သွားတယ်ဆိုတာ
အသေအချာ မြင်မိလိုက်ပါတယ်။

အားလုံးကို ခင်မင်လေးစားစွာ

လင်းဒီပ

Saturday, March 28, 2009

စိတ်ထဲမှာ သင်္ကြန်ကျနေပြီ

မတ်လက မကုန်သေးပါဘူး။ စိတ်ထဲမှာ အခုတည်းက သင်္ကြန်ကျနေတာ ။ရုံးပိတ်ရက်ဆိုတော့ အိမ်က သူငယ်ချင်းတွေကလည်း ကာရာအိုကေ သင်္ကြန်သီချင်းတွေ ဆိုနေလို့။ မနက်က သူငယ်ချင်းဆီ ဖုန်းဆက်လိုက်တော့ သင်္ကြန်သီချင်းတွေ online ကနေ နားထောင်ပြီး ငြိမ့်နေတယ်တဲ့။ ကျွန်တော့်ဆီ link တောင် ပို့လိုက်ပါတယ် ။ဒီမှာ သွားနားထောင်လို့ရပါတယ် ။လောလောဆယ်တော့ ကျွန်တော် “Alpine သင်္ကြန်” ဆိုတာလေး နားထောင်နေပါတယ် ။ သီချင်းကောင်းကောင်းလေးတွေနဲ့ လူစုံ ပါလို့ပါ ။
ဒီအခွေက ၂၀၀၇ သင်္ကြန်က ထွက်တာထင်ပါတယ်။ အောက်က သီချင်းလေးက အဲဒီ အခွေထဲကပါ ။

အမေပြောတယ် အမောပြေလေးရေ..
ကောင်မလေး ကေမလောင်းကြေး..
နေမယ့်လမ်း နာမည်လေး မေး
ရင်ခုန် ရုံခင် တယ်လေ..ကောင်မလေးရေ..
သကြားခံ သင်္ကြန်ကားတွေ..
မြင်နေတုန်း မြုံနေတဲ့ရင်..
ရင်တုန်လို့ ရုံတင်ပြချင်..
ကြည်ပါဗျာ ကြာပါပြီလေ..ကောင်မလေးရေ..
(နှလုံးသားကို အလစ်သုတ်တယ် အလုပ်သစ်နဲ့မိန်းကလေး
ငြိမ်းသတ်ကာ သိမ်းပေးပါ ရင်ထဲက မီးတွေ..
အတုံးအရုန်း ငါ အဆုံးအရှုံးတွေ အရေးပေါ် အလျှော်ပေး..
ဟေ့ ကောင်မလေး…..သင်္ကြန်မလေး..အဖြေပြန်ပေး..)
(မောင်မောင်ဇော်လတ်)


ရန်ကုန်မှာလည်း သင်္ကြန်သီချင်း VCD တွေ ပလူပျံနေလောက်ပြီ ။ဒီအချိန်ဆို ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ မဏ္ဍာပ်တွေ ထိုးနေလောက်ပြီ ထင်ပါတယ် ။ စီးပွားရေးတွေ မကောင်းကြဘူး ဆိုပေမယ့် အနည်းနဲ့အများတော့ လုပ်ကြမှာပါပဲ။ မန္တလေးက သူငယ်ချင်းကတော့ မလာနိုင်မှန်း သိရက်နဲ့ မန္တလေးသင်္ကြန် မလည်ဖူးဘူး မဟုတ်လား လာခဲ့ လိုက်ပို့ပေးမယ် လျှောက်လည်ကြမယ် ဆိုပြီး email ပို့ပါတယ် ။ ငယ်ငယ်ကတော့ လည်ရတာ ကားပေါ်မှာ အော်ရတာ သဘောကျပေမယ့် နောက်ပိုင်းကျတော့ သူများလည်တာ ပျော်တာပဲ ထိုင်ကြည့်နေချင်တော့တယ် ။ ရေတွေ စိုစို ရွှဲရွှဲ ကနေ ခုန်နေကြတာ ကြည့်နေရင်းနဲ့ကို ပျော်စရာ ကောင်းနေတော့တာ ။ အိမ်ထဲမှာ နေ နေရင်းနဲ့ပဲ သင်္ကြန်သီချင်းလေးတွေ နားထောင်နေရတာ သင်္ကြန်ရုပ်ရှင်တွေ ကြည့်ရတာ အိမ်ရှေ့က ဖြတ်သွားတဲ့ သင်္ကြန်ကားတွေပေါ်က အော်ဟစ်သွားတာ နားထောင်ရတာ အနားအိမ်တွေက လာပို့တဲ့ သင်္ကြန်စာလေးတွေ စားရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ နောက် နှစ်ဆန်းတစ်ရက်နေ့ဆို လမ်းထဲက အတာအိုးတွေ စု ဘုန်းကြီးတွေ ပင့် ပြီးတော့ ပရိတ်ရွတ်ကြတာ တစ်မျိုးကြည်နူးစရာ ကောင်းပါတယ် ။

ဘာရယ် မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း သီချင်းတွေနားထောင်နေရင်း Share လုပ်ချင်လို့တင်လိုက်တာပါ။
ကျွန်တော့် စိတ်ထဲမှာတော့ အခုတည်းက သင်္ကြန်ကျနေတော့တာလေ။
ခင်မင်စွာ
လင်းဒီပ
၂၈.၃.၀၉

Thursday, March 19, 2009

အောက်ဆိုဒ်

ဒီစကားကို လူမှန်းသိတတ်စတည်းက စတင်ရင်းနှီးခဲ့ရသည်။ ဒီတုန်းက ဆင်းရဲသား ရပ်ကွက်ကလေးတစ်ခုမှာ ကျွန်တော်တို့ မိသားစု နေကြသည်။ အိမ်ရှေ့အိမ်က ဦးလေးကြီးက စက်ရုံတစ်ခုမှာ အလုပ်လုပ်တာ။ အောက်ဆိုဒ်တွေ အများကြီး ရပါသည်တဲ့။ ဒီတုန်းက မဆလခေတ်။ သူမိန်းမက ရပ်ကွက်ကလေးထဲမှာ ပြိုးပြိုးပျက်ပျက်။ အဝတ်အစားတွေလျှော်ပြီး လှန်းရင်တောင် အိမ်ရှေ့လမ်းမမှာ ထုတ်လှန်းတတ်သည်။ အဝတ်အစား ကောင်းများ ပေါပေသကိုး။

ဒီတုန်းက မေမေက ကျောင်းဆရာမ ။ ဖေဖေက အလုပ်ထွက်ချင်တယ်လို့ မကြာခဏ မေမေ့ကို ပြောသည်။ ဖေဖေက သမဝါယမ ဝန်းကြီးဌာနမှာ။ အလုပ်က စာရင်းစစ်။ ရပ်ကွက်တွေထဲက သမဝါယမဆိုင်တွေ လိုက်စစ်ရသည်။ စာရင်းစစ် နှစ်ယောက်သွားရင် ဖေဖေ့ အဖော်က ယူချင်သည်။ ဖေဖေက မယူချင်။ ဒီတော့ လုပ်ဖော်ကိုင်ဖက်နှင့် သိပ်အဆင်မပြေ။မေမေ ပြန်ပြောပြတာ ကျွန်တော် ငယ်ငယ်က နို့မှုန့်ဘူးကို သူစစ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ထုတ်ဈေးနဲ့ဝယ်ခဲ့ပေးဖို့ (တောင်းရန်မဟုတ်) မှာသည်။ ဖေဖေက မပြောပေး။ကိုယ်က တစ်ခါ အကူအညီတောင်းပြီးရင် ကိုယ့်ကို နောက်ထပ် သူတို့က အများကြီး အကူအညီ တောင်းပါလိမ့်မည်တဲ့။ မေမေကလည်း ပါရမီဖြည့်ဖက် ကောင်းပီသစွာ ဘာမှ ထပ်မပြောတော့ပါ။ ကျွန်တော်လေးတန်း ကျောင်းသားဘဝက အတန်းပိုင်ဆရာမက မေးဖူးသည်။ မင်းအဖေ ဘာလုပ်လဲဆိုတော့ သမဝါယမက စာရင်းစစ်ပါ ဆိုတော့ ဒါဆို “စစ်တောင်း”ပေါ့တဲ့။ နားမလည်လို့ မေမေ့ကိုပြန်မေးတော့ မေမေက မင်းဆရာမကို အိမ်ကိုသာ ခေါ်ခဲ့ပါကွယ် စစ်တောင်း ဟုတ်မဟုတ် သိအောင်လို့ ပြန်ပြောသည်။နယ်က မေမေ အမျိုးတွေဆီ သွားလည်တော့ သူတို့ကပြောသည်။ ညည်းယောက်ျားနှယ် အလိုက်တာဟယ်။ ဟိုမှာ ရွှေမိယောက်ျားလည်း စာရင်းစစ်။ ရွှေမိမှာ ရွှေနဲ့ငွေနဲ့ ဟုပြောသည်။

ကျွန်တော် အလုပ်လုပ်တော့လည်း ကုမ္မဏီတစ်ခုမှာ။ကျွန်တော်က အင်ဂျင်နီယာပေါက်စ။ မန်နေဂျာက မီးစက်သမားကို စိတ်မချလို့ ဆီကို ကျွန်တော့်လက်မှတ်နှင့်မှ ထုတ်ပေးဖို့စတိုမှူးကို မှာသည်။ ကျွန်တော်လည်း သေချာတော့ အတတ်နိုင်ဆုံး စာရင်းလေးနဲ့ မီးပျက်ချိန် မီးလာချိန် တွက်ပြီး ထုတ်ပေးသည်။ အရင်ထက်တော့ ဆီကုန် လျှော့သွားသည်။ နောက် မီးအဆင်ပြေတဲ့ အခါကျတော့ မီးစက်သမားကို ပြင်ထိန်း လုပ်ခိုင်းတော့ အစ်ကို ကျွန်တော် အလုပ်ထွက်တော့မယ်တဲ့။ နောက်တစ်ခါ မီးစက် ပြန်မောင်းဖို့ လိုလာတာ သူသိတော့ သူ အလုပ် လာလျှောက်ပြန်သည်။ သူက မီးစက်မှာပဲ လုပ်ချင်တာကိုး။

ဒီနေ့လည်း အလုပ်လာရှာလို့ အိမ်ကိုရောက်နေသည့် ညီငယ်တစ်ယောက်ကို မြန်မာပြည်မှာ ဘာလုပ်လဲလို့ မေးကြည့်တော့ သူပြောပြတာ ဆောက်လုပ်ရေး ကုမ္မဏီကြီးကြီးတစ်ခုမှာ။ကျွန်တော့်တို့အလုပ်က အစိုးရ အလုပ်လိုပဲ “ရ”တယ်အစ်ကို။ PE(Project Engineer)လောက်ဖြစ်ရင် “ခိုင်”နေပြီ။ လစာရင်း ကတော့ သိပ်မရှိဘူး။ အောက်ဆိုဒ်နဲ့ စားနေကြတာ။ကျွန်တော်လည်း နာဂစ်ပြီးတော့ ကွမ်းခြံကုန်း ကို အရွေ့ခံရလို့ ဆက်မလုပ်ဘဲ ထွက်လာတာ ဟုဆိုသည်။ ကျွန်တော့်သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက် ကလည်း ဆောက်လုပ်ရေးက စီမံကိန်းတွေမှာ လုပ်လာသူ။ သူက ပြောသည်။ ကျွန်တော် အခု စလုံးမှာ တစ်နှစ်လုံးလုပ်မှ သိန်းတစ်ရာ စုမိရင် ကံကောင်း။ ကျွန်တော့်သူငယ်ချင်းက အခုဆို သိန်းသုံးရာလောက် စုမိနေပြီ ဟုဆိုသည်။

ကျွန်တော့်တို့ ဗုဒ္ဓဘာသာမှာ ကံ ကံ၏အကျိုး ဆိုတာရှိသည်။ခရစ်ယာန်နှင့် တခြားဘာသာတွေ ကလည်း ဒီလို အမှုကို လက်မခံပါ။ ဗုဒ္ဓဘာသာမှာတော့ ကောင်းတာလုပ်ရင် ကောင်းသည့်ကံ အကျိုးပေးမည်။ မကောင်းတာ လုပ်ရင်လည်း မကောင်းသည့်ကံ အကျိုးပေးမည်။ ချက်ချင်း လက်ငင်း အကျိုးမပေးလို့ လူတွေ မယုံကြတာလားတော့ မသိ။ တစ်ဘဝစာ စံစားရုံ ။တကယ်သေချာ တွေးကြည့်ပါက တစ်ဘဝသည် ဘယ်လောက်မှ မကြာပါ။ အခုပင် ကျွန်တော် သက်တမ်း၏ တစ်ဝက်ကျိုးတော့မည်။ ဘာလို့ အကုသိုလ်တွေကို အထုတ်ကြီး အထုတ်ငယ် သယ်ချင်နေကြတာလဲ မသိပါ။ပစ္စည်းဥစ္စာတွေ ဂုဏ်တွေ အကုန်လုံးက သေတဲ့အခါထားခဲ့ရမှာပါ။ ပါသွားမှာက ပြုခဲ့သမျှ ကံတွေပဲလေ။မသေခင်မှာလည်း လိပ်ပြာသန့်သန့်ကလေး ကိုယ့်ကိုကိုယ် လေးစားချင်ပါသည်။ အပြန်ခရီးကိုလည်း စိတ်လက်ပေါ့ပါးစွာ ပြန်သွားချင်ပါသည်။ အောက်ဆိုဒ်ဆိုတာ အောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားမည့် အရာတစ်ခုလို့သာ အားလုံး တွေးမိကြမည် ဆိုလျှင်..။
ခင်မင်စွာ
လင်းဒီပ
၁၉.၃.၀၉

Friday, March 6, 2009

ကုန်ပစ္စည်းသစ်မိတ်ဆက်

ကျွန်တော် တစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်ကလေးတစ်ခု လုပ်မလို့ပါ။တခြားတော့ မဟုတ်ပါဘူး..ကြေငြာပါ။ ဘလောဂ့် အသစ်ကလေးတစ်ခုကို ကြေငြာချင်လို့ပါ။ ကျွန်တော်ဘလောဂ့်လည်း လွန်ခဲ့တဲ့ ခုနစ်လလောက်ကတော့ ဘလောဂ့်အသစ်စက်စက်လေးပါ။ အခုတော့ ဆေးတောင် အတော်ကွာနေပြီ..(မောင်မျိုး လက်သည်းနဲ့ လာလာခြစ်လို့..:P) အဲဒီအချိန်တုန်းက ကျွန်တော့် အခန်းဖော်က ဘလောဂ့်ဂါတစ်ယောက်ပါ။ ဘယ်သူဆိုတာတော့ မပြောတော့ပါဘူး..တချို့တွေတော့သိတယ်။အဲဒီအချိန်တုန်းက တံငါနားနီး တံငါ ၊ဘလောဂ့်ဂါနားနီး ဘလောဂ့်ဂါဆိုပြီး..

ကျွန်တော်လည်း ဘလောဂ့်ရွာထဲ ရောက်လာပါတယ်။ အခုလို ခုနစ်လလောက် အတိုင်းအတာလေးအတွင်းမှာကို အစ်ကိုတွေ အစ်မတွေ ညီတွေ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း…ကျွန်တော် အရမ်းပျော်နေပါပြီ။ အွန်လိုင်း သူငယ်ချင်းတွေ တိုးလာ..အတွေ့အကြုံအမျိုးမျိုး အတွေးအခေါ် အမျိုးမျိုးကို ဖတ်ခွင့်ရတာ ကျွန်တော်တော့ အရမ်းပျော်နေပြီ။

အခုလည်း ဘလောဂ့်လောကထဲ ဝင်ဖို့လုပ်လာတဲ့ သူငယ်ချင်းအသစ်တစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ။ အဖြူရောင်အိမ်လေးတစ်လုံးဆိုတဲ့ ဘလောဂ့်လေးပါ။ အိမ်ရှင်ကတော့ မင်းအိမ်ဖြူပါ။ သူလည်း စာစုံလေးတွေ ရေးနေတာတော့ ကျွန်တော် သွားဖတ်လို့ တွေ့ရပါတယ်။ သူ့အိမ်ကလေး စိုစိုပြေပြေဖြစ်အောင် ကျွန်တော်တို့ သွားလည်ကြရအောင်ဗျာ။ သေချာပါတယ် သူငယ်ချင်းညီအစ်ကို မောင်နှမတွေ ပျော်မှာပါ။ ကျွန်တော့်ကို ခင်သလို သူ့ကိုလည်း ခင်ပေးကြပါလို့။

အားလုံးကိုလေးစားခင်မင်စွာ

လင်းဒီပ

၆.၃.၀၈

Wednesday, November 5, 2008

ဆိုင်ကယ်ရယ် မခိုင်ရယ်..


ကျွန်တော် ဒီမြို့လေးကို ရောက်ခါစက ဆိုင်ကယ်လုံးဝမစီးတတ်။site ထဲနေရတော့ ဆိုင်ကယ် မစီးတတ်ရင် ခြေထောက် ကျိုးနေသလို။နောက်ပြီးတော့ အားလုံးက ဆိုင်ကယ်တွေစီးနေ..နေကလည်းပူ..ကုန်းတက် ကုန်းဆင်းတွေ လည်းများတော့ စက်ဘီးနဲ့ကဘယ်လိုမှ အဆင်မပြေဘူး။ ရန်ကုန်မှာစက်ဘီးစီးတာ ဘာမှမဖြစ်ပေမယ့် site ထဲမှာဆိုင်ကယ်တွေ ရှိရက်နဲ့ စက်ဘီးပေါ် တက်ခွဖို့ကလည်း အလှောင်ခံရတယ်။ နောက်တော့ ကျွန်တော်လည်း ဆိုင်ကယ်စီးတတ်အောင် လုပ်ရပါတော့တယ်။ သင်ပေးတဲ့ ညီလေးတွေ ကလည်း အစ်ကိုဘာမှမကြောက်နဲ့ စက်ဘီးစီးတတ်ရင် ဆိုင်ကယ်စီးတတ်တယ် ။ အတူတူပဲ ရဲရဲသာစီးတဲ့။
စ စီးစီးချင်းမှာ speed က ဘယ်လိုမှမမှန် ရှည်ပြီး တစ်ယောက်တည်း residence site ဘက် စီးချသွားတာ..အို လေလေးက တဝှီးဝှီး ဟုတ်နေတာ။ ခဏလည်းနေရော..angle ကျဉ်းကျဉ်းကို အရှိန်မလျော့ဘဲ ကွေ့ချလိုက်တာ..ဘိုင်းကနဲကို ပစ်လဲ…ဆိုင်ကယ်တခြား လူတခြား ..ဘယ်သူမှ ထူမယ့်လူမရှိ။ တစ်ယောက်တည်း ထော့နဲ့ထော့နဲ့လေး လျှောက်လာ..ဆိုင်ကယ်ကို ဖြည်းဖြည်း ပြန်ထူပြီး ပြန်စီး လာရတယ်။ အဲလိုလေးနဲ့ဟိုနားဒီနား တောင်စီးမြောက်စီးပေါ့။

ကိုယ်ကသာမဟုတ်သေးတာ လူတော့ တင်စီးချင်တယ်။တစ်ညပေါ့ ..ကျွန်တော်တို့ Main Building Site ကနေ ဟိုဘက် Residence Site ကိုလိုက်ခဲ့ဆိုပြီး ကျွန်တော့်အထက်အင်ဂျင်နီယာက ကျွန်တော်နှင့် မခိုင်ကို လှမ်းခေါ်တယ်။ မခိုင်က ပျဉ်းမနားသူ..အင်ဂျင်နီယာ..ဆိုင်ကယ်ကို မွတ်နေအောင် စီးတတ်တာ။ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော်ကလည်း သူများကို အလွန်တင်ချင်တယ်။ မခိုင် နင်နောက်က စီးဆိုတော့ သူက မယုံသလို..ဒီပ နင်ဖြစ်လို့လားတဲ့။ သူ မယုံလည်း မယုံချင်စရာ…သူက မဘုတ်ဆုံလေး(ကြားရင် ကျွန်တော့်ကိုသတ်မှာ..:P)..ကျွန်တော်က ပိန်ပိန်ရှည်ရှည်..သူ့ weight ကို ကျွန်တော် နိုင်မယ်လို့ သူလုံးဝမယုံကြည်။ လာပါဟာ နင်ကလည်း…ကျွန်တော် အတင်းခေါ်တော့ သူ့ကိုယ်သူ ဖြစ်ချင်ရာဖြစ်လို့ ပိုင်းဖြတ် လိုက်ပုံရတယ်..အေးအေး..သေချာတော့စီးနော်.တဲ့..သူ့ကိုယ့်ကြီး တက်လိုက်တော့ ဆိုင်ကယ်က အိကနဲပဲ..ကျွန်တော်ကလည်း ဂီယာထိုး..ထွက်ချလာ..ဆိုင်ကယ်ကတောင်ယိမ်းလိုက်..မြောက်ယိမ်းလိုက်နဲ့ ..ကျွန်တော့်ဆိုင်ကယ်ကြည့်ပြီး နှုတ်ဆက်မယ် လုပ်နေတဲ့ လုံခြုံရေးအဖိုးကြီးက နှုတ်မဆက်ရဲဘဲ လမ်းဘေးပြေးကပ်တယ်။ ဟုတ်တယ်လေ အသက်နဲ့ရင်းပြီးတော့ ဘယ်သူက နှုတ်ဆက်ရဲမှာလည်း..နောက်ကနေ မခိုင်ကလည်း အသံပေါင်းစုံနဲ့အားပေးလာတာ..ဟဲ့ဟဲ့ ရပ်လိုက် အို လဲတော့မှာပဲ.. အမလေး.. အဲလိုနဲ့ယိုင်ထိုးယိုင်ထိုးနဲ့ Residence တော့ရောက်သွားတယ်။ အပြန်ကျတော့ မခိုင်က အမိန့်ထုတ်တယ်။တော်ပြီ နင်နောက်ကပဲ လိုက်တော့တဲ့။ဒါနဲ့ကျွန်တော်လည်း ငြိမ်ငြိမ်လေးပဲ အေးဆိုပြီး နောက်က ထိုင်မယ်လုပ်တော့ သူကမိန်းကလေးလေ။ ခွထိုင်ဖို့က လည်းမသင့်တော်။ ကျွန်တော်မှာ နောက်က မိန်းမထိုင်လေးထိုင်ပြီး ပြန်လိုက်လာရတယ်။ ဒါကို ခုနက နှုတ်ဆက်ခွင့်မရလိုက်တဲ့ လုံခြုံရေး အဖိုးကြီးကထွက်လာပြီး ဘာမှမပြောပဲ ပြုံးပြုံးကြီးလုပ်လို့။
လင်းဒီပ
၅.၁၁.၀၈
Photo Source: picture by koji1270

Wednesday, October 15, 2008

သူခိုးကြီးနဲ့ သူခိုးလေး


ကျွန်တော် နယ်က Project တစ်ခုမှာ အလုပ်လုပ်နေတော့ သင်္ကြန်တစ်ခုမှာ မပြန်ဖြစ်ဘူးဗျ ။ site duty ဆိုပြီး နေဖြစ်တယ် ။ site ထဲက ကျောက်ပြားတွေ.သံချောင်းတွေကစလို့ ကေဘယ်တွေ လျှပ်စစ်ပစ္စည်းတွေ အထိပေါ့ဗျာ ။မပျောက်အောင် ဝိုင်းဝန်းစောင့်ကြရတာပေါ့ ။အနီးအနားရွာတွေက လာလာခိုးတတ်တယ်ဗျ ။ ဖြစ်ချင်တော့နှစ်ဆန်းနှစ်ရက်နေ့မှာ ကျောက်ပြားတွေပျောက်ကော..။မြင်လိုက်တဲ့လူတွေ ပြောစကားအရ အနားကရွာတစ်ရွာက ဆိုင်ကယ်နဲ့လာသယ်သွားတာ တွေ့တယ်တဲ့။ ဒီတော့ မန်နေဂျာက Duty ကျတဲ့ လူတွေစုပြီး ရွာထဲကိုဝင်ဖို့ လုပ်တယ် ။ ရွာထဲကို ကျွန်တော်တို့ကားကြီး မီးထိုးပြီး ဝင်ချသွားတော နည်းနည်းတောင် မှောင်နေပြီ ။ ကားပေါ်မှာ မန်နေဂျာ ရယ် ၊ကျွန်တော်တို့ Duty စောင့်တဲ့ အင်ဂျင်နီယာတွေရယ် ရဲကင်းက ရဲနှစ်ယောက်ရယ်ပေါ့ ။ပထမဆုံး ရွာလူကြီး ဝင်ခေါ်တယ် ။နောက် သတင်းရထားတဲ့အိမ်ကို ဝင်ရှာတော့ ၊အိမ်ရှေ့က ကောက်ရိုးပုံထဲမှာ ဖွက်ထားတဲ့ ကျောက်ပြားတွေ တွေ့တယ်ဗျ။ ဒါနဲ့ ခိုးတဲ့ကောင်လေး ခေါ်ထုတ်တော့ ပထမတော့ငြင်းတယ် ။နောက်မြင်တဲ့လူတွေစကားအတိုင်း ထောက်စစ်တော့ ဝင်ခံပါတယ် ။ ကောင်လေးက လာသာခိုးသာ ခြေထောက်လေးတစ်ဖက်က ဆာနေတယ် ။ မန်နေဂျာလုပ်တဲ့သူပေါ့ဗျာ ..အဲဒီကောင်လေးကို လူတွေ ဝိုင်းကြည့်နေတဲ့ကြားထဲမှာ ပထမ ခြေထောက်နဲ့ကန်တယ်..နောက်ပါးတွေကို ရိုက်လိုက်တာဗျာ ..ဖြောင်းကနဲ။နောက်တော့ ကောင်လေးကို ရဲစခန်း ပို့လိုက်တယ်ပေါ့ဗျာ ။
…………….
နောက်လေးငါးလကြာတော့ siteကို ကျွန်တော့်တို့ ကုမ္ပဏီကပါပဲ စာရင်းစစ်ဝင်တယ်ဗျ။စာရင်းတွေက သိန်းရာနဲ့ချီပြီးကွာနေပါရော ။မန်နေဂျာရယ် စတိုတာဝန်ခံရယ်ကို ရုံးချုပ်ပြန်ခေါ်ပြီးစစ်တာပေါ့ဗျာ ။အားလုံးစစ်ဆေးပြီးတော့ မန်နေဂျာရယ် စတိုတာဝန်ခံရယ် အလွဲသုံးစား လုပ်ထားတာတွေ ပေါ်ပြီး ပြုတ်သွားတယ် ။ ထောင်တော့ မကျပါဘူး ။
…………….
ကျွန်တော် ပြန်ပြီး စဉ်းစားမိတာက ကျောက်ပြားခိုးတဲ့သူခိုးလေးကို လူတွေအများကြီးကြားမှာသူရိုက်နှက်လိုက်တာက ဒါလေးတောင် အသုံးကျအောင်မခိုးနိုင်ဘူးဆိုပြီး သူခိုးကြီးက သူခိုးလေးကို ဆုံးမလိုက်တာများလားလို့လေ။
လင်းဒီပ
၁၅.၁၀.၀၈
Photo Source:picture by kristy-anne
media.photobucket.com