ဒီစကားကို လူမှန်းသိတတ်စတည်းက စတင်ရင်းနှီးခဲ့ရသည်။ ဒီတုန်းက ဆင်းရဲသား ရပ်ကွက်ကလေးတစ်ခုမှာ ကျွန်တော်တို့ မိသားစု နေကြသည်။ အိမ်ရှေ့အိမ်က ဦးလေးကြီးက စက်ရုံတစ်ခုမှာ အလုပ်လုပ်တာ။ အောက်ဆိုဒ်တွေ အများကြီး ရပါသည်တဲ့။ ဒီတုန်းက မဆလခေတ်။ သူမိန်းမက ရပ်ကွက်ကလေးထဲမှာ ပြိုးပြိုးပျက်ပျက်။ အဝတ်အစားတွေလျှော်ပြီး လှန်းရင်တောင် အိမ်ရှေ့လမ်းမမှာ ထုတ်လှန်းတတ်သည်။ အဝတ်အစား ကောင်းများ ပေါပေသကိုး။
ဒီတုန်းက မေမေက ကျောင်းဆရာမ ။ ဖေဖေက အလုပ်ထွက်ချင်တယ်လို့ မကြာခဏ မေမေ့ကို ပြောသည်။ ဖေဖေက သမဝါယမ ဝန်းကြီးဌာနမှာ။ အလုပ်က စာရင်းစစ်။ ရပ်ကွက်တွေထဲက သမဝါယမဆိုင်တွေ လိုက်စစ်ရသည်။ စာရင်းစစ် နှစ်ယောက်သွားရင် ဖေဖေ့ အဖော်က ယူချင်သည်။ ဖေဖေက မယူချင်။ ဒီတော့ လုပ်ဖော်ကိုင်ဖက်နှင့် သိပ်အဆင်မပြေ။မေမေ ပြန်ပြောပြတာ ကျွန်တော် ငယ်ငယ်က နို့မှုန့်ဘူးကို သူစစ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ထုတ်ဈေးနဲ့ဝယ်ခဲ့ပေးဖို့ (တောင်းရန်မဟုတ်) မှာသည်။ ဖေဖေက မပြောပေး။ကိုယ်က တစ်ခါ အကူအညီတောင်းပြီးရင် ကိုယ့်ကို နောက်ထပ် သူတို့က အများကြီး အကူအညီ တောင်းပါလိမ့်မည်တဲ့။ မေမေကလည်း ပါရမီဖြည့်ဖက် ကောင်းပီသစွာ ဘာမှ ထပ်မပြောတော့ပါ။ ကျွန်တော်လေးတန်း ကျောင်းသားဘဝက အတန်းပိုင်ဆရာမက မေးဖူးသည်။ မင်းအဖေ ဘာလုပ်လဲဆိုတော့ သမဝါယမက စာရင်းစစ်ပါ ဆိုတော့ ဒါဆို “စစ်တောင်း”ပေါ့တဲ့။ နားမလည်လို့ မေမေ့ကိုပြန်မေးတော့ မေမေက မင်းဆရာမကို အိမ်ကိုသာ ခေါ်ခဲ့ပါကွယ် စစ်တောင်း ဟုတ်မဟုတ် သိအောင်လို့ ပြန်ပြောသည်။နယ်က မေမေ အမျိုးတွေဆီ သွားလည်တော့ သူတို့ကပြောသည်။ ညည်းယောက်ျားနှယ် အလိုက်တာဟယ်။ ဟိုမှာ ရွှေမိယောက်ျားလည်း စာရင်းစစ်။ ရွှေမိမှာ ရွှေနဲ့ငွေနဲ့ ဟုပြောသည်။
ကျွန်တော် အလုပ်လုပ်တော့လည်း ကုမ္မဏီတစ်ခုမှာ။ကျွန်တော်က အင်ဂျင်နီယာပေါက်စ။ မန်နေဂျာက မီးစက်သမားကို စိတ်မချလို့ ဆီကို ကျွန်တော့်လက်မှတ်နှင့်မှ ထုတ်ပေးဖို့စတိုမှူးကို မှာသည်။ ကျွန်တော်လည်း သေချာတော့ အတတ်နိုင်ဆုံး စာရင်းလေးနဲ့ မီးပျက်ချိန် မီးလာချိန် တွက်ပြီး ထုတ်ပေးသည်။ အရင်ထက်တော့ ဆီကုန် လျှော့သွားသည်။ နောက် မီးအဆင်ပြေတဲ့ အခါကျတော့ မီးစက်သမားကို ပြင်ထိန်း လုပ်ခိုင်းတော့ အစ်ကို ကျွန်တော် အလုပ်ထွက်တော့မယ်တဲ့။ နောက်တစ်ခါ မီးစက် ပြန်မောင်းဖို့ လိုလာတာ သူသိတော့ သူ အလုပ် လာလျှောက်ပြန်သည်။ သူက မီးစက်မှာပဲ လုပ်ချင်တာကိုး။
ဒီနေ့လည်း အလုပ်လာရှာလို့ အိမ်ကိုရောက်နေသည့် ညီငယ်တစ်ယောက်ကို မြန်မာပြည်မှာ ဘာလုပ်လဲလို့ မေးကြည့်တော့ သူပြောပြတာ ဆောက်လုပ်ရေး ကုမ္မဏီကြီးကြီးတစ်ခုမှာ။ကျွန်တော့်တို့အလုပ်က အစိုးရ အလုပ်လိုပဲ “ရ”တယ်အစ်ကို။ PE(Project Engineer)လောက်ဖြစ်ရင် “ခိုင်”နေပြီ။ လစာရင်း ကတော့ သိပ်မရှိဘူး။ အောက်ဆိုဒ်နဲ့ စားနေကြတာ။ကျွန်တော်လည်း နာဂစ်ပြီးတော့ ကွမ်းခြံကုန်း ကို အရွေ့ခံရလို့ ဆက်မလုပ်ဘဲ ထွက်လာတာ ဟုဆိုသည်။ ကျွန်တော့်သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက် ကလည်း ဆောက်လုပ်ရေးက စီမံကိန်းတွေမှာ လုပ်လာသူ။ သူက ပြောသည်။ ကျွန်တော် အခု စလုံးမှာ တစ်နှစ်လုံးလုပ်မှ သိန်းတစ်ရာ စုမိရင် ကံကောင်း။ ကျွန်တော့်သူငယ်ချင်းက အခုဆို သိန်းသုံးရာလောက် စုမိနေပြီ ဟုဆိုသည်။
ကျွန်တော့်တို့ ဗုဒ္ဓဘာသာမှာ ကံ ကံ၏အကျိုး ဆိုတာရှိသည်။ခရစ်ယာန်နှင့် တခြားဘာသာတွေ ကလည်း ဒီလို အမှုကို လက်မခံပါ။ ဗုဒ္ဓဘာသာမှာတော့ ကောင်းတာလုပ်ရင် ကောင်းသည့်ကံ အကျိုးပေးမည်။ မကောင်းတာ လုပ်ရင်လည်း မကောင်းသည့်ကံ အကျိုးပေးမည်။ ချက်ချင်း လက်ငင်း အကျိုးမပေးလို့ လူတွေ မယုံကြတာလားတော့ မသိ။ တစ်ဘဝစာ စံစားရုံ ။တကယ်သေချာ တွေးကြည့်ပါက တစ်ဘဝသည် ဘယ်လောက်မှ မကြာပါ။ အခုပင် ကျွန်တော် သက်တမ်း၏ တစ်ဝက်ကျိုးတော့မည်။ ဘာလို့ အကုသိုလ်တွေကို အထုတ်ကြီး အထုတ်ငယ် သယ်ချင်နေကြတာလဲ မသိပါ။ပစ္စည်းဥစ္စာတွေ ဂုဏ်တွေ အကုန်လုံးက သေတဲ့အခါထားခဲ့ရမှာပါ။ ပါသွားမှာက ပြုခဲ့သမျှ ကံတွေပဲလေ။မသေခင်မှာလည်း လိပ်ပြာသန့်သန့်ကလေး ကိုယ့်ကိုကိုယ် လေးစားချင်ပါသည်။ အပြန်ခရီးကိုလည်း စိတ်လက်ပေါ့ပါးစွာ ပြန်သွားချင်ပါသည်။ အောက်ဆိုဒ်ဆိုတာ အောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားမည့် အရာတစ်ခုလို့သာ အားလုံး တွေးမိကြမည် ဆိုလျှင်..။
ခင်မင်စွာ
လင်းဒီပ
၁၉.၃.၀၉
Thursday, March 19, 2009
Subscribe to:
Post Comments (Atom)
13 comments:
ရိုးသားမှူနှင့်ရပ်တည်သည်။
မှတ်ချက်
အောက်ဆိုဒ် အပေါ်ဆိုဒ် ဘယ်ဆိုဒ် ညာဆိုဒ် ဘာာဆိုဒ်မှလဲမရှိပါ။
side view, back view. front view..
လေးစားတယ်ဗျာ
မှတ်သွားတယ်ဗျာ ....
အောက်ဆိုဒ်ဆိုတဲ့ စကားလုံး ဝေါဟာရပျောက်တဲ့နေ့က
မြန်မာပြည်တပြည်လုံး ချမ်းသာမယ့်နေ့ပဲ...
ရယူတာနည်းနည်း.ပြန်ပေးဆပ်ရမှာ များများကို လူတွေ မသိမမြင်ကြပါဘူး...
နာကျင်စွာပြုံးမိတယ်
ခုတော့လည်း လူတွေက အဲဒီဝေါဟာရကို
ရှက်စရာကောင်းတဲ့ဝေါဟာရလို့မထင်ကြတော့ဘူး
အဲဒါကပိုဆိုးသလိုပဲ
လူငယ်တွေကအစ အောက်ဆိုဒ်ဘယ်လောက်ရလဲ
ဆိုတဲ့ နေရာမျိုးကိုရွေးချယ်လာကြတာတွေ့နေရတယ်။
အောက်ဆိုဒ်ဆိုတာ အောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားမည့် အရာတစ်ခုလို့သာ အားလုံး တွေးမိကြမည် ဆိုလျှင်...
အဲဒီလိုမတွေးမိကြလို့ ဒီဝေါဟာရက ခေတ်စားနေတာပေါ့ ညီလေးရာ..သူတို့ကတော့ ဒီဝေါဟာရကို ဘာမှမဖြစ်သလို ပေါ့ပေါ့ပါးပါးသုံးနေကြတာ..ဒါခေတ်က သင်ကြားပေးနေတဲ့ ခေတ်ပညာပေါ့...ဒီလိုအတွေးအခေါ်တွေနဲ့ အပြူအမူတွေပပျောက်အောင် အကိုတို့နိုင်ငံမှာ အချိန်တွေအများကြီးကိုယူရဦးမှာ..
ခင်မင်လျှက်..
အစ်ကို ပြောသလိုပါပဲ
လိပ်ပြာသန့်ဖို့က အရေးအကြီးဆုံးပါ
လေးစားပါတယ်
း)
တစ်လလုံးလုပ်မှ ၁၀ ရက်စာသာ လုံလောက်တဲ့
ဝန်ထမ်းတစ်ယောက်ရဲ့ လစာကို စာနာစေချင်တယ် အောက်ဆိုက်ကကျန် ၂၀ ရက်စာကိုကာစေတာပါ။
မကောင်းမှန်း သိနေပေမယ့်လည်း
အူမတောင့်မှ သီလစောင့်နိုင်မှာမို့ လုပ်နေတာဖြစ်မှာပါ။
လူတိုင်းကို ရိုးသားစေချင်ရင်တော့ ပြည့်စုံ
လုံလောက်တဲ့ facility တော့ရသင့်တာပေါ့။
နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြည့်စုံနေသူတွေ အတွက်တော့ အသံကောင်းဟစ် နေလို့တော့ ကူညီရာ ရောက်မယ်မထင်ပါဘူး။
(အမြင်မတူတာရှိရင် ပြန်လာအော်ပါနော်)
ဝင်းဇော်
အမ လဲ ကိုဝင်းဇော်နဲ့ တချို့နေရာတွေမှာ သဘောတူတယ် မောင်လေး
မြန်ဝန်ထမ်းတွေရဲ့ လစာရင်းက နည်းလွန်းလှပါတယ်
အပြင်ဝင်ငွေ နည်းတဲ့ ဌာနတွေ က ၀န်ထမ်းတွေ ရုပ်မပေါက်ကြဘူးလေ
အရမ်းသနားစရာကောင်းတယ်
မိဘက ကျောင်ဆရာ ဆရာမ ပေမဲ့ ကျူရှင်သင်နေရတာနဲ့ ကိုယ့်ကလေး ပညာရေး က ဘယ်လိုလဲ လို့ မကြည့်နိုင်တဲ့ ဘ၀တွေ ရှိတယ်
အင်း
အင်ဂျင်နီယာတွေ ဆိုတာ ကတော့..
မြန်မာပြည်မှာ
ကြားဖူးသလောက်.. ခောတ်အဆက်ဆက်မှာ ကောင်းစားကြတယ် ဆိုပဲ
အဲလို မဖြစ်ဖြစ်အောင် တမင်ဖန်တီးထားပြီး အောက်ဆိုဒ်ဆိုတဲ့ ကျုံးထဲ မောင်းသွင်းခံရတာလို့ ပြောမယ်ဗျာ .... ငတ်မရှက် ဆိုတာမျိုး ဖြစ်ကုန်လို့နေမယ်၊ ကိုယ်တစ်ယောက်ထဲအတွက် ဘာဖြစ်ဖြစ်ရပ်တည်နိုင်ပေမယ့် သားသမီး၊ ဇနီးအတွက် ကျတော့ စုံမှိတ်ပြီး ဆက်နှစ်နေကြတာလို့ ယူဆမိကြောင်းပါ ဆရာ ...
ကိုဒီပရေလေးစားပါတယ်၊၊ နည်းနည်း ဆွေးနေွး မယ်နော်၊၊ကျွန်တော်လည်း မြန်မာပြည်မှာတုန်းက ဌာနကြီး တစ်ခုက အင်ဂျင်နီယာတစ်ယောက်ပါ၊၊ အဲဒီတုန်းက Feeling လေးပေါ.၊၊ ထိုက်သင်.လို.ရတယ်လို.ထင်တယ် ဗျာ ၊၊ ကျွန်တော်ဘာ နဲ.ဘာယှဉ် လဲဆိုတော. ကျွန်တော် အင်ဂျင်နီယာ ဘ၀ကို အုံဖွ ဆိုပြီး ရခဲ.တာ မဟုတ်ဘူးဗျာ၊၊ ဘယ်ညာလုပ်ပြီး ၃ နှစ် ၄ နှစ် ဝေလေလေ လုပ်ရင်တောင် တစ်လ -------- ရရင် ကျွန်တော်တို. အင်၈ျင်နီယာတွေ ဆရာဝန်တွေ မရသင်.ဘူးလား၊၊ ဟိုတုန်းက အမြင်ပေါ.နော်.........
ပြောချင်တာ အများကြီးကျန်သေးတယ်..........
လုံးဝထောက်ခံတယ်အစ်ကိုရေ။ အောက်ဆိုဒ်ဆိုတာ တကယ်တမ်းတော့ နောက်ဘ၀အထိတောင်မဟုတ်ပါဘူး။ ဒီဘ၀မှာပါ ကိုယ့်မျက်နှာကိုယ်မော့မော့မနေရဲတဲ့ လူမျိုးတွေဖြစ်ကုန်တာပါပဲ။
Post a Comment