Monday, March 16, 2009

ကဗျာသည်လေးတွေ

၁၉၉၇ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တွေက ချက်ချင်း မဖွင့်ဖြစ်တော့ ၊၁၉၉၈ အင်းစိန် ဂျီတီအိုင်မှာ ညကျောင်း သွားတက်ဖြစ်သည်။ အဲဒီတုန်းက အခေါ် Evening GTI(EGTI)ပေါ့။ စက်မှုတက္ကသိုလ် လျှောက်ထားပေမယ့် 2D နှင့် အမှတ်က သိပ်မများတော့ YTU မရမှာလည်းကြောက် အင်ဂျင်နီယာ မဖြစ်မှာလည်း စိုးသည်။ အသက်က ၁၈ ဝန်းကျင်။ ကျောင်းတက်ရတာ အရမ်းပျော်သည် ။အနှစ်တစ်ရာ သက်တမ်းရှိပြီဖြစ်သည့် အုတ်နီရောင် ကျောင်းအိုကြီး။ အပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်း ။Lab မှာ စမ်းသပ်စရာ ပစ္စည်းတွေက အစုံအလင်။ ကျောင်းအဝင်မှာ တစ်ခုတည်းသော ကန်တင်း။ အနောက်ဖက် အပေါက်နားမှာ ဓနိမိုး လက်ဖက်ရည်တဲ ဆိုင်လေးက ထပ် ရှိသေးသည်။


ကျောင်းတက်လို့ လေးလလောက်ရှိပြီး လူရည်လည်လာတော့ ကဗျာစာအုပ် ထုတ်မည် ဆိုပြီး ကျွန်တော်က ဦးဆောင်ပြီး ကဗျာတွေ လိုက်စုသည်။ ကဗျာတွေ စုနေတုန်း ဌာနမှူးက ဘယ်လို သိသွားသည်မသိ။ ကျောင်းနာမည် မတတ်ဖို့။ ကိုယ့်ဘာသာ ထုတ်ဖို့။ ဖြစ်လာရင် ကိုယ့်ဘာသာ ရှင်းဖို့ ပြောသည်။ကျွန်တော်တို့အဖွဲ့လည်း ကိုယ့်ဘာသာ ဆက်လုပ်ကြသည်။ ကဗျာစာအုပ်လေးက သပ်သပ်ရပ်ရပ်လေးတော့ ထွက်လာသည်။ မှတ်မိသေးသည်။ စာအုပ်နာမည်လေးက မြက်ရိုင်းပြတိုက်။ ကျွန်တော် ရည်ရွယ်ထားတဲ့ တစ်ယောက် အတွက်တောင် ဥပက္ခာတစ္ဆေ ဆိုတဲ့ ကဗျာလေး ထည့်ဖြစ်သည်။ စာအုပ်လေးတွေ လိုက်ရောင်းရတာ ပျော်စရာ။ ကန်တင်းမှာ ကောင်မလေးတွေ သုံးလေးယောက် ခပ်အေးအေးပုံစံလေးတွေ ထိုင်နေတာမြင်ရင် ဝင်ထိုင်ပြီး ရောင်းသည်။ ဝယ်ကြသည်..ကြောက်လို့ ထင်သည်။လမ်းမှာတွေ့သမျှ လိုက်ရောင်းသည်။တချို့ကို အလကား လိုက်ပေးသည်။ စာအုပ်ကလေး နှစ်ရာက လူလေးရာလောက် ရှိတဲ့ကျောင်းလေးမှာ တစ်ပတ်လောက်နှင့် ကုန်သွားတော့ အားလုံး ပျော်နေကြသည်။ဒုတိယနှစ် တတိယနှစ်ကျတော့ Mechanical ကလူတွေကို ရှေ့ကလုပ်ခိုင်းပြီး ဝင်ပဲရေးတော့သည်။ သူတို့က အဖွဲ့ ပိုတောင့်သည်။

ဟိုရက်ကမှ စကားစပ်မိတော့ စိတ်၏ စေရာနာခံတဲ့ ကိုမိုးမြင့်တိမ်ကြီးကလည်း EGTI မှာ တစ်Batch ထဲတက်လာတာ။ အခု ဘလောဂ့်ရေးတော့မှ သိကြသည်။ ကျောင်းမှာတုန်းက တစ်ယောက်ကို တစ်ယောက်မသိ။ ယောက်ျားချင်းမို့ ခပ်ပါးပါး ဖြစ်လိမ့်မည်..:P ။YTU မှာလည်း Evening Diploma ဖွင့်တော့ အထက်ကျောင်းတုန်းက သူငယ်ချင်းတွေက အဲဒီမှာ။ ကြို့ကုန်းနှင့် ပြည်တော်သာက နီးနီးလေး။ သူတို့တွေက Valentine’s ဆို ပုံမှန် အချစ်ကဗျာလေးတွေ စုထုတ်ကြသည်။ ကဗျာ လာတောင်းကြသည်။ စာအုပ်ထွက်ရင် လက်ဆောင် လာပေးသည်။


နောက်တော့ ဆယ်တန်းအမှတ်နှင့် ဖြတ်သည့် YTU ကျောင်းတော်ကြီးက တက်ဖို့ အခွင့်အရေးရလာသည်။ ဆရာမောင်စိန်ဝင်းတို့ ဆရာနွမ်ဂျာသိုင်းတို့ရဲ့ စာတွေ ဖတ်ထားပြီး စိတ်ကူးယဉ်ထားသည့်ကျောင်းကြီး။ မေတ္တာပေါင်းကူးတို့ နွေးအေးတို့မှာ သွားသွားထိုင်ကြည့်ဖူးသည်။ ငယ်ငယ်ထဲက ရူးခဲ့ရသည့် ကျောင်းကြီးထဲမှာ တက်ခွင့်ရပြီ ဆိုပြီး အလွန်ပျော်နေမိသည်။ တကယ်ကတော့ မဟုတ်။ ခင်လို့နောက်တာ ဆိုသလို။ တက်တော့ တက်ရသည်.။ ၂၀၀၀ခုနှစ် မှော်ဘီ GTC မှာ။မှော်ဘီကျောင်းရောက်တော့ ပထမနှစ်မှာပင် ကိုမင်းခက်ရဲ(အခုနောက်ပိုင်း သူ့စာပေဆောင်းပါတွေ စံပယ်ဖြူမှာ အတွေ့များသည်။) ကိုမင်းတစေ (အခုဘလောဂ့်ဂါ)တို့က စာကြည့်တိုက်ကလေး လုပ်ကြသည်။ ကိုယ့်အင်ကိုယ့်အား လုပ်ကြတော့ Engineering စာအုပ်တွေ သိပ်မထားနိုင်။ သုတ ရသစာအုပ်လေးတွေ များသည်။ စာခြောက်ရုပ် ပေးစာ(၁) ဆိုပြီး ကဗျာစာအုပ်လေးလုပ်တော့ ဝင်ရေးဖြစ်သည်။သူတို့က ဘုတ်ကလေးတစ်ခု ထောင်ပေးထားသည်။ နံရံကပ်စာစောင်လေးတွေ လုပ်ကြသည်။ မှော်ဘီကျောင်းမှာ လုံးဝမပျော်။ တစ်ယောက်ကို တစ်ယောက် ပျော်အောင် ထားကြရင်း နှစ်နှစ် နေခဲ့ရသည်။နောက်တော့ ၂၀၀၁ မှာ လှိုင်သာယာကျောင်းကို တတိယနှစ်မှ စတက်ရသည်။မြို့ပြင် လယ်ကွင်းထဲက နှစ်ထပ်ကျောင်းဆောင် ယဉ်ကျေးမှုသက်သက်။ဒါပေမယ့် ကိုမင်းခက်ရဲတို့ကတော့ အနုပညာအပင်လေးတွေကို လေပြင်းနေပြင်းတွေအောက်မှာ နွမ်းမသွားအောင် အတတ်နိုင်ဆုံး ပြုစုသည်။ ကဗျာလေးတွေ ဆောင်းပါးလေးတွေ စုပြီး ထုတ်ဖြစ်ကြသည်။ ဒဂုံတက္ကသိုလ်နှင့် လှိုင်သာယာ YTU က တစ်နေရာစီ။ ဒါပေမယ့် ရောက်အောင်သွား လှည်းတန်းလိုနေရာမျိုးလေးတွေမှာ ဆုံပြီး စာအကြောင်းတွေ ပြောကြ..ကဗျာစာအုပ်တွေ ထုတ်ကြ။ ကိုယ့်နှင့်ဘာမှမဆိုင်သည့် မိန်းထဲမှာ သွားထိုင်ကြနှင့်။ ရသေ့လေးတွေ စိတ်ဖြေကြသည်။Valentine’s ဆိုလည်း ထုံးစံအတိုင်းစာအုပ်လေးတွေ လုပ်ကြ။ရွာသာကြီးက စီးပွားရေးတက္ကသိုလ်၊သန်လျင် GTC ထိ စာအုပ်တွေလိုက် ရောင်းကြသည်။အားလုံးက ခင်ခင်မင်မင် နွေးနွေးထွေးထွေး ဆက်ဆံကြသည်။ မမောနိုင် မပန်းနိုင်ကြ။တစ်နေရာဆီ ရောက်နေကြပေမယ့် ကဗျာသည်လေးတွေက စုစုစည်းစည်း။ မုန့်ဖိုးလေးတွေ စု ကဗျာကလေးတွေစု ရှုံးတဲ့အခါရှုံး မြတ်တဲ့အခါမြတ်နှင့် ကဗျာစာအုပ်ကလေးတွေထုတ် ရောင်းကြသည်။ ပိုက်ဆံမရပေမယ့် ပျော်ကြသည်။


ကျောင်းတွေထဲမှာ ကဗျာသည်လေးတွေက ကျွန်တော့်တိုက မမွေးခင်ထဲက ရှိပေမည်။ ကျွန်တော်တို့လည်း ကဗျာသည်လေးတွေ လုပ်ခဲ့သည်။ နောက်ထပ် ညီငယ်ညီမငယ်လေးတွေလည်း ကဗျာသည်လေးတွေ လုပ်ကြဦးမည်။ကဗျာသည်လေးတွေကတော့ ကျောင်းတွေထဲမှာ ခေတ်အဆက်ဆက် စိမ်းလန်းစွာ ရှင်သန်ပေါက်ရောက်နေပါလိမ့်ဦးမည် ဟု ကျွန်တော် ယုံပါသည်။

လင်းဒီပ

၁၆.၃.၀၉

17 comments:

အိန္ဒြာ said...

ဟေး.........လွမ်းအောင်လာလုပ်တယ်...

ရေခဲ့ ထုတ်ခဲ့ကြတာပေါ့...။
အမတို့တုန်းကလက်ရေးကိုဖယောင်းနဲ့လှိမ့်ထုတ်တာ.။
လက်ရေးသိပ်လှတဲ့သူတွေကရေးကြတယ်...
မှတ်မိသေးတယ်..
ပထမနှစ်ပထမဆုံး..ကိုယ့်ကဗျာကို..
စာအုပ်ကလေးနဲ့မြင်လိုက်ရတဲ့အချိန်
စာသင်ခန်းထဲ ထိုင်ငိုဖြစ်ခဲ့တာလေး...


ကဗျာသည်ဆိုတာလေးက လှလိုက်တာလင်းဒီပရယ်..

အိုင်လွယ်ပန် said...

ခေါင်းစဉ်လေး လှတယ် ...

ကျောင်းကိုတောင်ပြန်လွမ်းလာပြီဗျာ ....

khin oo may said...

ဒီကဗျာသည် လေးအတော်ကောင်းတယ။်

မသက်ဇင် said...

ဖတ်နေရင်းအတိတ်ကို မြင်ယောင်လာတယ်--
မှတ်မှတ်ရရ နောက်ဆုံးနှစ်---
အင်းယားကန်ဘောင်ပေါ်သူငယ်ချင်းတွေ
ထိုင်စကားပြောနေစဉ်----
လူငယ်နှစ်ယောက် စာအုပ်လေးတွေကိုင်ပြီး
အစ်မတို့--အားပေးပါအုံးတဲ့--
ယူကြည့်လိုက်တော့--ကဗျာလေးတွေ--
ချစ်စရာ--အားပေးလိုက်တယ်--
သူတို့ ပျော်သွားတယ်--
အင်းးးးးးးးးးးးးးလင်းဒီပ တို့လို--
အနုပညာ ချစ်သူတွေ ပါပဲ---

MANORHARY said...

ဒီလိုဖတ်လိုက်ရတော့..ကိုယ်တွေကအများကြီးအခွင့်သာ
ခဲ့ပါလာလို့တွေးမိတယ်။ကဗျာစာအုပ်တွေဖန်တီးကြ
ရောင်းကြ..ဒါ ခေတ်အဆက်ဆက်ကပုံရိပ်ပါပဲ..

ရွာသားလေးဝိုင်တီယူ said...

စာခြောက်ရုပ် ကဗျာစာအုပ်လေးက အခုထိအမှတ်တရရှိနေဆဲပါ။ အဲဒီ စာကြည့်တိုက်လေး ဖြစ်ဖို့ မမောမပန်းပဲ အလှူခံ စာအုပ်တွေဝေ စာရင်းတွေပြုစု။ နောက်တော့ စာကြည့်တိုက်လေးမရှိတော့။ ကိုမင်းခက်ရဲက စံပယ်ဖြူမှာပဲ မဟုတ်ဘူးဗျ။ အစုံမှာပါတယ်။ ပြီးတော့ သူ့မဟေသီကလည်း beauty မှာစာတွေရေးသဗျ။ သမီးလေးလား မသိဘူးမွေးတယ်ပြောတယ်။ ဆံပင်လေးတဖက်ခွဲနဲ့ လွယ်အိပ်လေးလွယ် အမြဲပြုံးနေတဲ့ ကိုမင်းခက်ရဲကို သတိရသွားပြီ။ ကိုမင်းတစေကတော့ အသားညိုညိုဗျ။
သဘောကောင်းကောင်း။ စာရေးလည်း သိပ်ကောင်းသဗျ။
အင်ဂျင်နီယာ မဖြစ်မှာကြောက်တဲ့သူက ကျောင်းမတက်တာတော့ ထူးဆန်းသလိုပဲ...
အင်

ဆောင်းယွန်းလ said...

ဘယ်တော့မှ ပြောင်းလဲမသွားမယ့် စီးဆင်းမှုစစ်စစ်တွေပေါ့ ညီလေးရာ...အစဉ်မပျက် စီးဆင်းနေဦးမယ့် ရပ်တန့်မသွားနိုင်တဲ့ စီးဆင်းမှုမျိုးပေါ့.....ကျောင်းသားဘဝကို ပြန်ပြီးသတိရ လွမ်းဆွတ်သွားမိတယ်

Welcome said...

ပြန်မရနိုင်တော့တဲ့
လွတ်လပ်ပျော်ရွှင်ခဲ့တဲ့
ကျောင်းသားဘ၀လေးကို
ပြန်အမှတ်စေတဲ့အတွက် ကျေးဇူး

လုလင်ငယ်သွေး said...

ပို့ စ်ခေါင်းစဉ်လေးကို ခိုက်သွားပြီ။ ကျွန်တော်တို့ ကျောင်းမှာကတော့ တစ်နှစ်ကို သုံးအုပ်လောက်ထုတ်ကြပေမယ့် ကျွန်တော်ကတော့ တစ်ခါပဲ ပါဖူးတယ်။ ကဗျာသည်တွေက အနုပညာကို တခုတ်တရ ရောင်းတန်းတင်ကြသူတွေမို့  အများကြီးသာတယ်ဗျာ။ အဲဒီ့ကာလတွေကိုတောင် လွမ်းလာတယ်။ ကျေးဇူး အထူး။

မောင်မျိုး said...

လွန်ခဲ့တဲ့ ၄ နှစ်လောက်တုန်းက အဲ့ကဗျာသည်လေးတွေကို အလကား အားနေတဲ့ကောင်တွေလို့ မှတ်ချက်ချပစ်လိုက်တာ ခုနေ အဲ့စာအုပ်လေးလိုချင်လို့ပြန်ရှာမိတော့မတွေ့တော့ဘူး။
တစ်ယောက်တစ်အုပ် မ၀ယ်မနေရ အတင်းဇွတ်ရောင်းနေတော့ မတတ်သာနဲ့အဆုံး မေတ္တာလည်းပို့ ၀ယ်လိုက်ရတာ ကဗျာကို ချစ်တတ်မှပဲ ကဗျာရဲ့ တန်ဖိုးကိုသိမှ သေချာသိမ်းမထားမိတာကိုနောင်တရတယ်။ ကဗျာသည်လေးတွေကတော့ အမြဲကို ဆက်ရှိနေမှာပါပဲ ။ အဲ့တုန်းကရေးခဲ့တဲ့ကဗျာ တင်အုံးလေ ဘာတဲ့ ...“ကျွန်တော် ရည်ရွယ်ထားတဲ့ တစ်ယောက် အတွက်တောင် ဥပက္ခာတစ္ဆေ ဆိုတဲ့ ကဗျာလေး ” အဲ့တာ အဲ့တာ ဖတ်ချင်တယ် တင်ပေးပါ။

မင်းအိမ်ဖြူ said...

လွမ်းတယ်ဗျာ ဘယ်တော.မှ ပြန်မရနိုင်တော.တဲ. ဘ၀လေးတွေကို .............
ခေါင်းစဉ်လေး အရမ်း လှတယ်..............

မမသီရိ said...

ကဗျာသည်လေးရေ...
ခုတော့လဲ .. လည် ပြီး လိုက်ရောင်းစရာ မလိုတော့ တဲ့ အပြင်..
ကဗျာကြိုက်တဲ့ အမ တို့ .. ပြေးပြေးလွှားလွှား လာနေရပြီပေါ့..း)..
ဒါနဲ့ စကား မစပ်.. သန္တာအေး ဆိုတဲ့ ရခိုင်မလေး တယာက်ကို သိလား... မောင်လေးထက် စီနီယာများ ဖြစ်နေမလားတော့ မသိ..

sait phay yar said...

အော်သိပီ... အမ ကိုကောသိလားဟင်
အဟီ

မေ့သမီး said...

ဂုဏ်ထူးတန်းပထမနှစ်ကျောင်းသူဘ၀က ကဗျာစာအုပ်ကလေးအမှတ်တရ စုထုတ်ဖူးပါတယ်။ ညီမလဲ ကဗျာသည်လေးပေါ့နော်။ တကယ်ပြန်လွမ်းရတဲ့ ဘ၀တွေပါ။

ငြိမ်သက် said...

ဥပက္ခာတစေ လေးပေးမြည်းလေဗျာ။

လင်းဒီပ said...

မအိန္ဒြာရေ...ကိုယ့်ကဗျာကို ပုံနှိပ်စာလုံးနဲ့ မြင်ရတာလောက် ပျော်စရာကောင်းတာ မရှိပါဘူးဗျာ..

ကိုအိုင်...လွမ်းအောင် စလိုက်တာဗျ..:P

မခင်ဦးမေ..ကျေးဇူးပါနော်

အစ်မ မသက်ဇင်...ကျွန်တော်တို့လည်း ဒီလိုပဲ လည်ရောင်းကြတာ အစ်မ..ပျော်စရာလေ..

အစ်မ မနော်...ကျွန်တော်တို့က လူဖြစ်နောက်ကျတာကိုး အစ်မရေ..:P
ကဗျာသည်လေးတွေကတော့ ခေတ်အဆက်ဆက်ရှိနေဦးမှာပါ..

ကိုရွာသားရေ..ကိုမင်းခက်ရဲတို့ ကိုမင်းတစေတို့ အကြောင်း ပြောပြသွားတာ ကျေးဇူး..
အင်ဂျင်နီယာမဖြစ်မှာ ကြောက်သလို ကျောင်းတက်မှန်ရမှာလည်း
ကျွန်တော်က ကြောက်တယ်ဗျ..:P

ကိုဆောင်းယွန်းလ...ကျောင်းသားဘဝ အမှတ်ရအောင် ဆွပေးလိုက်တာပါ..

ကိုဝင်းဇော်...လွတ်လပ်ပျော်ရွှင်ခဲ့ရတယ်ဗျာ

ကိုလုလင်..လွမ်းစေသတည်း။

ညီလေးမောင်မျိုး..ကဗျာတွေ ချစ်တတ်လာပြီဆိုလို့ ဝမ်းသာတယ်..ဥပက္ခာတစ္ဆေကတော့ အခု လာလာ မခြောက်တော့ မတွေ့တော့ဘူးညီလေးရေ..

ကိုမင်းအိမ်ဖြူ..ကျေးဇူး

မမသီရိ...အပြေးအလွှား လာလာဖတ်လို့ ကျေးဇူးပါ အစ်မ..မသန္တာအေး ကိုတော့ မသိပါအစ်မ..စီနီယာကျမယ်ထင်တယ်..။

မမေ...မမေကိုတော့ သိတယ်ဗျ...သူက ကျောင်းတည်းက နည်းနည်းဆိုးလို့..:P

မေ့သမီး..ငါ့ညီမကတော့ ကမ္ဘာကျော်..ကဗျာစာအုပ်ထုတ် လည်းပါတာပဲနော်...:P

ကိုငြိမ်သက်...အဲဒီ ကဗျာလေးက အိမ်မှာ ကျန်ခဲ့လို့ပါဗျာ...

Moe Myint Tane said...

ဆိတ်၏ပြေးရာလျှောက်လိုက်နေသော ကိုလင်းဒီပ

ကိုယ့်ဆရာ လုပ်တာနဲ့ ဂျီတီအိုင်မှာကျောင်းတက်တုန်း
က အချိန်တွေကို သတိရသွားတယ်ဗျာ။ ဂျီတီအိုင်မှာ မိုးမြင့်တိမ်တို့အုပ်စုကို မသိသူ ခပ်ရှားရှားဘဲ။ ဗရုတ်ကျလွန်းလို့လေ။ ကိုယ့်ဆရာက ကောင်မလေးတွေ နားဘဲ ကပ်နေတော့ ဘယ်သိမှာလဲဗျ။ :)

ကျောင်းက ကန်တင်းလေးကို လွမ်းသွားတယ်ဗျာ။ ကိုစိုးတို့ ဆိုင်က ပိုထိုင်လို့ကောင်းတယ်ဗျ။ ဓနိမိုးလေးနဲ့ ၀ါးထရံကာလေးဆိုတော့ ပိုကဗျာဆန်တယ်ဗျ။ အေးဗျာ ကျောင်းသားဘ၀ကို လွမ်းတယ်ဗျာ။အတန်းလစ်ရင်လည်း ကိုစိုးတို့ဆိုင်မှာ ၀င်ခွေပြီး ချက်စ်ထိုင်ထိုးခဲ့တာလေးတွေလည်း လွမ်းတယ်ဗျာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်