Saturday, January 30, 2010

သစ်တစ်ပင်ရဲ့ရင်(ကိုချို)


လွမ်းတယ်…အမေ
ဒါဟာ…
(အဖေ ရွေ့လျားသွားတုန်းကလို ရင်မျိုးနဲ့)
အမေ့သားအငယ်ကောင်ရဲ့
ရင်ထဲတောက်လောင်တဲ့မီးပေါ့ ။

(မှတ်မိနေသေးရဲ့…)
အမေနဲ့
ရေမြေခြားတဲ့ခရီး
တောင်ပံခတ်ခါနီးမှာ
အမေ့နဖူးပြာပြာကို
ကဗျာတစ်ပုဒ်နဲ့ ဦးချဖို့
အမေ့ မေးဖျားချမ်းချမ်းထိပ်ကလေးကို
ခပ်ဖွဖွ ဆွဲအဆိတ်
ဟိတ်…
ကြည့်ကြစမ်း
အမေ့မျက်ဝန်းတွေ
အရည်ပျော်ဖိတ်ကျလာပုံက
မြိုသိပ်ထားသမျှတွေ….။

အမြင့်ဆုံးအိပ်မက်အတွက်
အနိမ့်ဆုံး အိပ်စက်ရ

ဘဝပြဌာန်းချက်တွေထဲ
စာမျက်နှာမည်းတွေ များလွန်းလှ
အဝင်ခက်…
အထွက်ခက်…
ဟောသည် တွင်းနက်ကြီးထဲ
ငါ့ကို ဘယ်သူ တွန်းချခဲ့တာလဲ
ကိုယ့်ဘာသာ ကျိန်ဆဲရင်း
သည်တွင်းကြီးကိုပဲ
ပိုနက်အောင် တူးတူးနေခဲ့
သည်လိုနဲ့..
သုံးဆယ့်သုံးလမ်းက
အမေ့တိုက်ခန်းလေးနဲ့
ဘယ်လောက်ကြာကြာ ဝေးနေခဲ့ပြီလဲ
ဘယ်လောက်ကြာကြာ ဝေးနေရဦးမှာလဲ
အလွမ်းမျက်တဲ့အထဲ
ဂဏန်းမတွက်ရဲတာလည်း ပါရဲ့ ။

အဲသလိုနဲ့…
အမေ့အိမ်က စိတ်နဲ့ဆို
အရိပ်နဲ့တောင် ရန်ဖြစ်ခဲ့တဲ့ကောင်ဟာ
အခုခါမှာတော့
ရင်ဗလာဟင်းလင်းနဲ့
မမြင်ချင်ယောင်လည်း ဆောင်တတ်
မကြားချင်ယောင်လည်း ဆောင်တတ်
နားမလည်ချင်ယောင်လည်း ဆောင်တတ်

(အစာမကြေသမျှတွေ
ဇွတ်အတင်း…
ချေဖျက်ရင်း မေ့ဖျောက်ရင်း)
အမေ့သား
မှတ်ဥာဏ်တွေလည်း နည်းပါးခဲ့ရပြီ ။

အမေက
“သား…
မင်းဟာ
အမျိုး ၊ ဘာသာ ၊ သာသနာကို
စောင့်ရှောက်တဲ့ သစ်ပင်တစ်ပင် ဖြစ်ပါစေ”တဲ့ ။


တမ်းတတယ် အမေ
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
အမေ့ရင်ခွင် တစ်ခါ ခိုဝင်ချင်လှရဲ့။

(အမေ့ ၆၄ နှစ်ပြည့်အမှတ်တရ)
ကိုချို
(April 12 1995)

ရန်ကုန်တက္ကသိုလ်စိန်ရတုအမှတ်တရ ထုတ်တဲ့ “အိပ်မက်တွေကိုချည်တဲ့ကြိုး” ကဗျာစာအုပ်ထဲကပါ ။ ရန်ကုန်တက္ကသိုလ်စိန်ရတုမှာ ကျွန်တော်ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ် ။ တက္ကသိုလ်ဆိုတာ ဘာမှန်းမသိခင် စာကြည့်စားပွဲပေါ် သူငယ်ချင်းတစ်ယောက် ယူလာခဲ့ပေးတဲ့ ကဗျာစာအုပ်လေးပါ ။ ဒီစာအုပ်လေးအကြောင်း ဆရာမမေငြိမ်းလည်း ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ် ။ ဘယ်အချိန်ဖတ်ဖတ် ကြိုက်နေတဲ့ကဗျာလေးမို့ ဘလောဂ့်မှာ တင်လိုက်တာ ပါ ။ (high light လုပ်ထားတဲ့ စာကြောင်းလေးတွေကတော့ သိပ်ကြိုက်လို့ပါ။)

လင်းဒီပ
၃၀.၀၁.၁၀

Thursday, January 28, 2010

ဆယ်ကျော်သက်

(က)
ကမ်းခြေ မမြင်ဖူးတဲ့ ပင်လယ်
သင်ရိုးထဲ မပါတဲ့ ကျွန်တော့် ဆယ်တန်းဖတ်စာ
သနပ်ခါးရေမွှေးနံ့သင်းတဲ့ ညနေငါးနာရီ

ကချင်လွယ်အိတ်ထဲ “ခိုး”ပွင့်နေတဲ့ နှင်းဆီ
စာလာလာပြပေးတဲ့ အဖြူရောင် စီးကရက်လေး
(ကျွန်တော့် နှလုံးသားတစ်ထည်လုံး မီးပေါက်ခဲ့)

ပထမဆုံး ဝင်ဖြေဖူးတဲ့ အလုပ်အင်တာဗျူး
လမ်းဖြတ်ကူးခွင့်မရှိတဲ့ ပါးပေါ်က မျဉ်းဝါလေးတွေ
ရိုးသားစွာ ဖားဥစွဲသွားတဲ့ သက်ရှိ ကဗျာစာရွက်ကလေး

(ခ)
အခု
ရီရီ နဲ့မောမော ပြန်စဉ်းစားမိ…
အဲဒီတုန်းက
မမတို့နှစ်ယောက်ကြား
အထူအပါးမသိတဲ့ ဆေးရိုးသည်ကလေးက ကျွန်တော်။
လင်းဒီပ
၂၈.၀၁.၁၀

(ကဗျာထဲ ကိုယ့်ဘာသာ ပြန်“ငယ်” ပစ်လိုက်တယ်..:P)

Tuesday, January 19, 2010

အလွမ်းည

တစ်နေ့တာ
လုပ်စရာတွေ ပြီးသွားလို့
ခန္ဓာတစ်ခုလုံး စက်သတ်ပြီး
အခန်းလေးထဲ တိတ်ဆိတ်နေလိုက်တုန်း ။

ဝင်လာတဲ့အလွမ်းဟာ
တစ္ဆေလို သရဲလို အရိပ်အယောင်ကင်းမဲ့
ပြီးတော့
ငြိမ်သက် ငါ့ကိုယ်ပေါ် ဆော့ကစားလို့ ။

လေလေးတချက်အဝှေ့မှာ
နင့်ကိုယ်ငွေ့လေး ပါလာမလား
ပြတင်းပေါက်ကလေးကို ခြေဆုံးခေါင်းဆုံး ငေးနေမိ ။

အိပ်မရလို့လွမ်းတာလား…
လွမ်းလို့ အိပ်မရတာလား…
စဉ်းစားရင်း တစ်ည
ဖြေဆိုချိန်ဟာ ကုန်သွားခဲ့ပြန်ပြီ..။

ငါ့ကို မတွေ့ဘူး ဆိုပြီး
ငါမမြင်နိုင်တဲ့နေရာက ချောင်းချောင်းကြည့်ပြီး ရီ(ရယ်)မနေစမ်းနဲ့
အချစ်ဆိုတာ ငါ့နှလုံးသားတစ်ခုလုံး ရင်းလိုက်ရတဲ့ ပျက်လုံး ။

တကယ်ဆို
နင့်နှလုံးသားဟာ ငါ့နှလုံးသားရဲ့တစ်ခုတည်းသော ဖုန်းနံပါတ်
နှလုံးသား to နှလုံးသား ခေါ်ဆိုမရသေးတဲ့ ရက်စွဲတွေမှာ
အမှောင်မှာ တစ်ယောက်တည်း
အလွမ်းတွေနဲ့ ယင်းထ နေခဲ့ရပါတယ် ။

လင်းဒီပ
၎.၁၀.၀၉

(ဒီကဗျာလေးက ကိုသက်တန့်ချိုလုပ်တဲ့ ပန်းပျိုးသူတို့ရဲ့ အလင်္ကာ ကဗျာစာအုပ်အတွက် ပေးဖူးပါတယ် ။
ဘလောဂ်မှာတော့ မတင်ဖူးပါဘူး။ပိုစ့် အတင်ကျဲနေလို့ ရှာဖွေတင်လိုက်ပါတယ်။)

Wednesday, January 13, 2010

ချစ်သူ့ဖတ်စာ(၅)

တစ်ခြမ်းက တစ်ခြမ်းကို အရမ်းလွမ်းပြီး
ဒီအတိုင်း ဆက်သွားလို့ မဖြစ်တော့တဲ့ အနေအထား။
တစ်ယောက်ကို တစ်ယောက်က တိုးဖက်ပြီး
တစ်ယောက်ရင်ထဲ တစ်ယောက် ခေါင်းဝှက်ထားတာတောင်
စိတ်ထဲ တခါတလေ ပျောက်ပျောက်သွား…။
ဘယ်လို လုပ်မှာလဲ
ဘယ်လို လုပ်ရမလဲ
သူ့ပါးပြင်နွေးလေးဟာ
ကျွန်တော် ဘယ်နှစ်ခေါက်သွားသွား ရိုးအီမသွားတဲ့ ပန်းနုရောင်ကျွန်းကလေး
ဟုတ်မှာပါ
အချစ်ဆိုတာ “ထူး”ခတ်မထားမပါဘဲ နည်းနည်းကလေးမှ ရွေ့လို့ မရတာ
အဲဒီလိုနဲ့
စိတ်ကူးထဲ ဆယ့်နှစ်လလုံးကို ဒီဇင်ဘာတွေချည်း ပြောင်းပစ်လိုက်တယ် ။
ကြေကွဲစရာ ခေတ်ရဲ့ ဇာတ်ဝင်ခန်းထဲ
ကျွန်တော်ကလည်း ရွက်လွင့်နေရဦးမှာ
သူကလည်း ယောင်နောက် ဆံထုံးမပါနိုင်သေး ။
စိတ်ချချနေပါကွယ်
နှမလေး မယ့်ထက်ဖြူကိုလည်း မယူပါဘူး ။
နှမလေး မယ့်ထက်လှကိုလည်း မရပါဘူး ။
နောက်တခါ
အလွမ်းတွေ ကုန်တင်ကုန်ချ လုပ်ဖို့ရာ
ဒီဇင်ဘာဆိပ်ကမ်းကလေးကပဲ ဆက်ဆက်စောင့်နေပါ..။
လင်းဒီပ
၁၃.၀၁.၁၀

Monday, January 11, 2010

ကျောက်ခေတ်ဂီတ

ငါ့စိတ်ထဲက တိမ်တွေ
နင့်စိတ်ထဲက တိမ်တွေ
အရောင်အသွေး တူနေမလား ။
ငါ့စိတ်ထဲက ပုစ္ဆာ
နင့်စိတ်ထဲက ပုစ္ဆာ
ဒွိဟဖြစ်ရတာခြင်း တူနေမလား ။

ငါ့စိတ်ရဲ့ လရိပ်အလင်းနဲ့
နင့်စိတ်ရဲ့ ပျိုးခင်းကို ထွန်းလင်းပေးချင်တယ် ။
နင့်စိတ်ရဲ့ နေရောင်ခြည်နဲ့
ငါ့စိတ်ရဲ့ ဥယျာဉ်ကို ဖူးပွင့်စေ့ချင်တယ် ။

ငါ့သီချင်း
နင့်သီချင်း
သံစဉ်တူမယ့်နေ့
ငါ့မနက်ခင်း
နင့်မနက်ခင်း
အပြာရောင်တွေ လင်းမယ့်နေ့

ဘာပဲဖြစ်ဖြစ်ပေါ့ ညီမလေးရယ်
ငါဖန်ဆင်းခွင့်ရမယ့်
အရုဏ်အသစ်တစ်ခုမှာ
နင်နဲ့အတူတူ မျက်နှာသစ်ချင်တယ် ။
လင်းဒီပ
၁.၅.၂၀၀၅
(သိပ်ရိုးစင်းလွန်းတဲ့ အချစ်ကဗျာအဟောင်းလေးတစ်ပုဒ်ပါ ။ ဘလောဂ်မှာတော့ မတင်ဖူးပါဘူး ။ အသစ်မရေးနိုင်သေးလို့ပါ။)

Sunday, January 10, 2010

ဝင်စို့

ဘလောဂ့်ကနေ သုံးပတ်လောက် ကျွန်တော် ခွင့်မတိုင်ဘဲ ပျောက်သွားမိလို့ အခု ခွင့်ပြန်တိုင်တာပါ ။ အားလုံးသော အစ်ကို အစ်မ ညီ ညီမ များနှင့် သူငယ်ချင်းများအားလုံး Happy New Year နဲ့ Merry X’mas ပါဗျာ ။

ရန်ကုန် ခဏ ပြန်သွားလို့ပါ ။(ရန်ကုန်မှာ ညီမ မေရာ နန်းညီ တို့နဲ့ ဆုံဖြစ်ခဲ့ပါသေးတယ် ။ )

ကျွန်တော်မရှိတဲ့ ရက်မှာ ခရစ္စမတ်နဲ့ နှစ်ကူးဆုတောင်းတွေကို Comments, Email , Cbox မှ လာတောင်းပေးသွားတဲ့ အစ်ကို အစ်မ ညီ ညီမများအားလုံးကို အထူး ကျေးဇူးတင်ပါကြောင်း လှိုက်လှိုက်လှဲလှဲ ပြောခွင့်ပြုပါ ။ ကျွန်တော် ဒီပိုစ့်နဲ့ပဲ အားလုံးကို ပျော်စရာကောင်းသော နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းခွင့် ပြုပါ ။ နောက်ရက်တွေမှာတော့ ရက်အတော်ကြာ ကျွန်တော် မရောက်ဖြစ်တဲ့ အိမ်တွေကို ကျွန်တော် ပြန်လာလည်ပါမယ် ။

ဒီစာလေးက ငယ်ငယ်က ကစားသလိုဆို “ဝင်စို့” ပြန်လုပ်တာပါ ။

နှစ်ဟောင်းက အညစ်အကြေးတွေ အတွေးအဟောင်းအညစ်တွေ ပစ်ပြီး လောကကို ဖြူသောစိတ်နဲ့ ချစ်နိုင်ကြပါစေလို့ နှစ်ဦးဆုတောင်းမိပါတယ် ။ နောက်ရက်တွေမှပဲ သွားနေကျ နေရာတွေကို သွားပြီး ရေးနေကျ စာမျိုးလေးတွေ ပြန်ရေးပါမယ် ။ နှစ်ထောင့်တစ်ဆယ်မှာ အားလုံးပဲ ချစ်ခြင်းတွေနဲ့ ဘလောဂ့်ဂင်း နိုင်ကြပါစေဗျား ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၁၀.၀၁.၁၀