Saturday, January 30, 2010

သစ်တစ်ပင်ရဲ့ရင်(ကိုချို)


လွမ်းတယ်…အမေ
ဒါဟာ…
(အဖေ ရွေ့လျားသွားတုန်းကလို ရင်မျိုးနဲ့)
အမေ့သားအငယ်ကောင်ရဲ့
ရင်ထဲတောက်လောင်တဲ့မီးပေါ့ ။

(မှတ်မိနေသေးရဲ့…)
အမေနဲ့
ရေမြေခြားတဲ့ခရီး
တောင်ပံခတ်ခါနီးမှာ
အမေ့နဖူးပြာပြာကို
ကဗျာတစ်ပုဒ်နဲ့ ဦးချဖို့
အမေ့ မေးဖျားချမ်းချမ်းထိပ်ကလေးကို
ခပ်ဖွဖွ ဆွဲအဆိတ်
ဟိတ်…
ကြည့်ကြစမ်း
အမေ့မျက်ဝန်းတွေ
အရည်ပျော်ဖိတ်ကျလာပုံက
မြိုသိပ်ထားသမျှတွေ….။

အမြင့်ဆုံးအိပ်မက်အတွက်
အနိမ့်ဆုံး အိပ်စက်ရ

ဘဝပြဌာန်းချက်တွေထဲ
စာမျက်နှာမည်းတွေ များလွန်းလှ
အဝင်ခက်…
အထွက်ခက်…
ဟောသည် တွင်းနက်ကြီးထဲ
ငါ့ကို ဘယ်သူ တွန်းချခဲ့တာလဲ
ကိုယ့်ဘာသာ ကျိန်ဆဲရင်း
သည်တွင်းကြီးကိုပဲ
ပိုနက်အောင် တူးတူးနေခဲ့
သည်လိုနဲ့..
သုံးဆယ့်သုံးလမ်းက
အမေ့တိုက်ခန်းလေးနဲ့
ဘယ်လောက်ကြာကြာ ဝေးနေခဲ့ပြီလဲ
ဘယ်လောက်ကြာကြာ ဝေးနေရဦးမှာလဲ
အလွမ်းမျက်တဲ့အထဲ
ဂဏန်းမတွက်ရဲတာလည်း ပါရဲ့ ။

အဲသလိုနဲ့…
အမေ့အိမ်က စိတ်နဲ့ဆို
အရိပ်နဲ့တောင် ရန်ဖြစ်ခဲ့တဲ့ကောင်ဟာ
အခုခါမှာတော့
ရင်ဗလာဟင်းလင်းနဲ့
မမြင်ချင်ယောင်လည်း ဆောင်တတ်
မကြားချင်ယောင်လည်း ဆောင်တတ်
နားမလည်ချင်ယောင်လည်း ဆောင်တတ်

(အစာမကြေသမျှတွေ
ဇွတ်အတင်း…
ချေဖျက်ရင်း မေ့ဖျောက်ရင်း)
အမေ့သား
မှတ်ဥာဏ်တွေလည်း နည်းပါးခဲ့ရပြီ ။

အမေက
“သား…
မင်းဟာ
အမျိုး ၊ ဘာသာ ၊ သာသနာကို
စောင့်ရှောက်တဲ့ သစ်ပင်တစ်ပင် ဖြစ်ပါစေ”တဲ့ ။


တမ်းတတယ် အမေ
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
အမေ့ရင်ခွင် တစ်ခါ ခိုဝင်ချင်လှရဲ့။

(အမေ့ ၆၄ နှစ်ပြည့်အမှတ်တရ)
ကိုချို
(April 12 1995)

ရန်ကုန်တက္ကသိုလ်စိန်ရတုအမှတ်တရ ထုတ်တဲ့ “အိပ်မက်တွေကိုချည်တဲ့ကြိုး” ကဗျာစာအုပ်ထဲကပါ ။ ရန်ကုန်တက္ကသိုလ်စိန်ရတုမှာ ကျွန်တော်ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ် ။ တက္ကသိုလ်ဆိုတာ ဘာမှန်းမသိခင် စာကြည့်စားပွဲပေါ် သူငယ်ချင်းတစ်ယောက် ယူလာခဲ့ပေးတဲ့ ကဗျာစာအုပ်လေးပါ ။ ဒီစာအုပ်လေးအကြောင်း ဆရာမမေငြိမ်းလည်း ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ် ။ ဘယ်အချိန်ဖတ်ဖတ် ကြိုက်နေတဲ့ကဗျာလေးမို့ ဘလောဂ့်မှာ တင်လိုက်တာ ပါ ။ (high light လုပ်ထားတဲ့ စာကြောင်းလေးတွေကတော့ သိပ်ကြိုက်လို့ပါ။)

လင်းဒီပ
၃၀.၀၁.၁၀

9 comments:

မယ်၇ာ said...

ငိုမိတော့မယ်...

khin oo may said...

ကောင်းတယ်.။

MANORHARY said...

အဲဒီစာအုပ်လေးကို ခုပဲပြန်ရှာလိုက်တယ်။

သက်ထွန်းညိမ်း said...

လွမ်းမိသည်

မေ့သမီး said...

လွမ်းနေတဲ့အခံနဲ့ ကဗျာနဲ့တော့တွေ့နေပါပြီ။ ဘလော့ကို မရောက်တာကြာလို့လားမသိဘူး။ နောက်ဆုံးခံတပ်ကို အခုမှဖတ်ရတယ်။ အရမ်းကြိုက်တာပဲ။

jr.လွင်ဦး said...

အမေ့ကို သတိရတယ်။

P.S. ကိုဖိုးစိန်အရင်သေသွားရင်လား?? အင်း .. အဲထဲက မိန်းမပုံစံအရတော့ တစ်ယောက်တည်း နေသွားမယ်ထင်တယ်။း))

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ လင်းဒီပ ရေ..

ဝေမျှဖော်ပြပေးတာ ဖတ်ခွင့်ရလို့ ကျေးဇူးပါ။ ဖတ်ရင်းနဲ့ အမေ့ကို မြင်ယောင်မိပါရဲ့။

ခင်မင်စွာဖြင့်
ကိုမျိုး

ရွှေပြည်သူ said...

ရင်ဘတ်ထဲမှာ ကျပ်ကျန်ခဲ့တယ်... ဒါပေမယ့် ဖတ်ရတဲ့အတွက် ကျေးဇူးကမ္ဘာပါ ကိုလင်းဒီပ...

鐵板豆腐Fay said...
This comment has been removed by a blog administrator.