Sunday, March 13, 2011

သမာဓိပိုး

ရုံးမှာချိတ်ထားတဲ့ နာရီကြီးအမှတ်နဲ့

မသိသလိုတမျိုး သိသလိုတမျိုး ခိုး ခိုးကြည့်ရင်း


အမြန်လမ်းမကြီးပေါ် လမ်းဖြတ်မကူးရဲသလို

လေယာဉ်ပြေးလမ်းပေါ် တက်မရပ်ရဲသလို

ယောက်ျားရင့်မကြီးရဲ့ အားငယ်စိတ်ကလေး…။


မြေအောက်ဘူတာရုံကလေးထဲ ပြင်ပရာသီဥတုနဲ့ ဝေးသလို

မိန်းမတစ်ယောက် စိတ်အထူအပါးဂီတနဲ့ ဝေးချင်သလို ဝေးနေခဲ့ပြီး

အခုမှ တနင်္ဂနွေကြောက်တဲ့ရောဂါ ရလို့ ။


ကော်ဖီနံ့ဟာ အဲကွန်းဖွင့်ထားတဲ့ အခန်းထဲ မွှေးမြလွန်းတယ်

ရေမွှေးနံ့က နှစ်ယောက်တည်းရှိတဲ့ ဓာတ်လှေကားထဲ ပြင်းရှလွန်းတယ်

အသက်ရှုရပ်မသွားဖို့ သက်မသက်ပြင်း တွေ တဒိုင်းဒိုင်း ပစ်ခတ်သံ ကြားရ

ဝင်သက် ထွက်သက်ကို အူယားဖားယား မှတ်လို့ ။


ဒိုင်ယာလောခ့် အဟောင်းအမြင်းတွေ ဝတ်ထားတဲ့ ရှေးဟောင်းမင်းသားကြီးလေ

နှလုံးသားဓာတ်ကြိုးတန်းပေါ်က လူသားရနံ့နဲ့ ပန်းကလေးကို ပစ်ချဖို့

ချာတိတ်တွေဆီက လူငယ်စိတ်လေး ခဏငှားချင်နေမိတယ် ။


လင်းဒီပ

၁၃.၀၃.၁၁

Friday, March 11, 2011

လင်္ကာချောချော

Wild Life ဆိုသည့် စာတန်းပါသော အဖြူရောင်တီရှပ်ကလေးကို တောလမ်းကလေးမှာ ခရီးကြမ်းစက်ဘီးစီးတဲ့နေ့က ဝတ်မိသည် ။ မိုးရွာထားပြီး လမ်းက ညစ်ပတ်နေတော့ ငှားစီးသည့် Mountain Bike လေး၏ နောက်ဘီးမှ ယက်တင်သမျှ ရွံ့တွေ အင်္ကျီမှာ ပေကုန်သည် ။ ပြန်လျှော်တော့လည်း မဖြူတော့ ။ အပျောက်ပျောက်ကလေးတွေ အစွန်းအကွက်လေးတွေ ကျန်ခဲ့သည် ။

အဖြူရောင်ကို ငယ်ငယ်ကတည်းက ကြိုက်သည်။ ကျောင်းသားဘဝက ကိုယ့်အဝတ်အစား ကိုယ်လျှော်ဆိုပြီး မေမေက ခိုင်းတော့ အင်္ကျီတွေက မဖြူ ။ မဲနယ်ထည့်ဆိုးရတယ်ဆိုတော့ ထည့်လိုက်တာ အင်္ကျီမှာ အပြာရောင် အကွက်တွေ မညီမညာ စွန်းကုန်သည် ။ နောက်တော့လည်း လျှော်တတ်သွားသည် ။ အဖြူရောင်ကို အမြဲဝတ်ရသော ကျောင်းသားဘဝမှ စလို့ အလုပ်ထဲရောက်တော့လည်း အဖြူရောင်ကို ဆက်လက်ပြီး ခုံမင်စွာ ဝတ်မိပါသည် ။ အစွန်းအထင်းရှိတဲ့အခါ မပြောင်မချင်း ကြိုးကြိုးစားစား လျှော်နေမိသည် ။ အစွန်းချွတ်ဆေးလေးတွေ ဆောင်ထားသည် ။ အတတ်နိုင်ဆုံး ဖြူအောင် လျှော်မိသည် ။

စွန်းထင်းနေသော အင်္ကျီကို ဝတ်ထားပါက မေမေက ဆူပါသည် ။ ဖေဖေက ရုံးဝတ်သည့် ရှပ်အင်္ကျီ အိတ်ကပ်ထဲကို အမြဲတမ်း ဘောလ်ပင် ထည့်သည့် အကျင့်ရှိသည် ။အဖုံးက မကြာခဏပျောက်သည် ။ ပျောက်လည်း ဆက်ထိုးထည့်တော့ အိပ်ကပ်ထဲမှာ အမြဲတမ်း မှင်တွေ စွန်းနေတတ်သည် ။မေမေနဲ့ တကျက်ကျက် ။

Site အလုပ်ချင်းအတူတူ ဆိုပေမယ့် အရင်ကိုယ့်နိုင်ငံမှာတုန်းက အလုပ်ကို လက်ကြောတင်းအောင် မလုပ်တာလား လုပ်ရတဲ့ လုပ်ငန်းခွင်ကပဲ သန့်ရှင်းလို့ပဲလား မပြောတတ် ။ အဝတ်အစားတွေ အစွန်းအထင်း နည်းသည် ။ အခုနောက်ပိုင်း site ထဲဝတ်ဖို့ ဆို ခွဲထားသည် ဘောင်းဘီတွေ အင်္ကျီတွေက တစ်ခုမဟုတ် တစ်ခု အမြဲတမ်း အစွန်းအထင်းတွေ ရှိနေတတ်သည် ။ ဘယ်က ဘယ်လို ပေလာစွန်းလာ မှန်းပင် မသိတော့ ။ site ဆိုတော့ အဖြူရောင် မဝတ်သည့်တိုင်အောင် ပေမိစွန်းမိ စမြဲ ။ အသက်အရွယ်ကြောင့်ပေလား မသိ။ အစွန်းအထင်းတွေ အပေါ် ခံစားမှု သိပ် မပြင်းထန်တော့ ။ ပေနေ စွန်းနေလည်း လူအများကြားထဲ ဝတ်ပြီး ခပ်တည်တည်ပင် သွားလာနေထိုင်သည် ။ အရင်လို ပေနေစွန်းနေလည်း ဆူမယ့် မေမေ အနားမှာ မရှိ ။ အစွန်းအထင်းဆိုတာ ဘယ်သူ ကင်းလို့လဲ လို့ပင် ကိုယ့်ဘာသာ ဖြေတတ်နေပြီ ။

ငယ်ငယ်က ဖတ်ဖူးသော မောင်စိန်ဝင်းကဗျာလေးတစ်ပုဒ် မှတ်မိသည် ။ စာသားတွေ သေချာ အလွတ်မရတော့ ။ ဆိုလိုရင်းက သည်တစ်ပွင့်သာ ပန်းဟု မြင်တတ်သော သည်တစ်ပင်သာ ပန်းပင်ဟု ထင်တတ်သော ပျိုရွယ်စဉ်က ဆိုလျှင် ပွင့်ဖတ်လေးတစ်ဖတ် ပွင့်လွှာလေးတစ်လွှာ ကြွေလွင့်သွားလျှင်ပင် နင့်နင့်သည်းသည်း ခံစားကြေကွဲ တတ်သည် ။ပန်းဆိုတာ တစ်ပွင့်တည်းမဟုတ် ပန်းပင်ဆိုတာ တစ်ပင်တည်းမဟုတ်ဟု နားလည်လာသော အရွယ်မှာတော့ ပန်းတစ်ပွင့် ကြွေသွားတာမျိုးတောင် အဆန်းလုပ်ပြီး မငိုတတ်တော့ဘူး ဆိုသည် ။ “အလေ့ကျပန်း ညှိုးခွေနွမ်းလျှင် အဆန်းလုပ်၍ မငိုချင်” ဆိုပြီး အဆုံးမှာ ရေးထားသည် ။ခုလည်း ဒီလိုပါပဲ ။ အစွန်းအထင်းတွေ များနေတဲ့ ဘဝမှာ နောက်ထပ် အစွန်းအထင်းလေးတစ်ခုကို ထူးပြီး မခံစားတတ်တော့တာလည်း ဖြစ်နိုင်ပါသည် ။ Wild Life ဆိုသည် အစွန်းအထင်းတွေ ရှိသည့် တီရှပ်ကလေး ဆက်ဝတ်လို့ ရပါသေးသည် ။

လင်းဒီပ

၂၅.၁၁.၁၀


Wednesday, March 9, 2011

ရေစီးထဲမှာ

(၁)

ကျောင်းထိုင်ဆရာတော်နှင့် ဖွားဖွားက ဆွမ်းစားဆောင် ပြန်ဆောက်ရာက စတင်သိကျွမ်းခြင်းဖြစ်သည် ။ ဖွားဖွားကလည်း များများစားစား လှူနိုင်ခဲ့ခြင်း မဟုတ်။ သူက ဈေးဦးပေါက် စလှူရာမှ နောက်မှာ ငွေကြေးတတ်နိုင်သူများက ထိုကျောင်းမှာ လာလှူကြရင်း ဆွမ်းစားဆောင်ကို အဆင်ပြေပြေ ဆောက်နိုင်ခဲ့သည် ။ထိုကစလို့ ဖွားဖွားကို ကျောင်းထိုင်ဆရာတော်က မယ်တော်လို သဘောထားသည် ။ ဘယ်လိုအလှူအတန်းပဲ လုပ်လုပ် ဖွားဖွားကိုဖိတ် ၊ ဖွားဖွားကလည်း နိုင်စွမ်းသလောက်လှူနှင့် ဒီဘုန်းကြီးကျောင်းနှင့် အဆက် မပြတ်တော့ ။ အဲဒီတုန်းက ကျွန်တော်တို့က ငါးနှစ်ခြောက်နှစ်အရွယ် ။

ကျွန်တော်ရယ် မေမေ့အစ်ကိုနှစ်ယောက်က မွေးသည် ဝမ်းကွဲညီအစ်ကိုသုံးယောက်ရယ်ကို ဖွားဖွားက ရှင်ပြုပေးတော့လည်း ဒီဘုန်းကြီးကျောင်းထဲမှာ ။ ကျောင်းဝန်းကြီးက ကျယ်ကျယ် ကျောင်းရှေ့မှာ ခရေပင် ခပ်ကြီးကြီး နှစ်ပင်ရှိသည်။ နောက် တတိုင်းမွှေးပင်ကလေးတွေက ဘုန်းကြီးကျောင်းအဝင်လမ်းကလေးမှာ ရုံကလေးဖြစ်နေသည် ။ (ဦးပုည၏ လေးမောင့်စံကျောင်းကဗျာလေးကို ထိုတုန်းက မသင်ဖူးသေးပါ။)ဘုန်းကြီးကျောင်း နောက်ဖက်မှာ ဥသျှစ်ပင် နှင့် မန်ကျည်းပင်တွေ ရှိသေးသည် ။ ရေတွင်းကြီးကလည်း ကျောင်းအနောက်မှာ ။ ကျောင်းဝန်းကျယ်ကျယ်ကြီးထဲ ငါးနှစ်ခြောက်နှစ်အရွယ် ကျွန်တော်တို့ ညီအစ်ကို ကိုရင်ကလေးတွေ ဆော့လို့ကောင်း ပြေးလို့ကောင်း ။ ကျောင်းထိုင်ဘုန်းကြီးနှင့် ပိုင်တဲ့ အဖွားကြောင့် ဘယ်သူမှ ဆူမယ့် ပြောမယ့်လူမရှိ ။

နောက်ဖက်က သစ်သားကျောင်းထဲမှာ အသက်ကြီးကြီး ဘုန်းကြီးပိန်ပိန်တစ်ပါး သီတင်းသုံးပြီး ကိုကိုက ဘုန်းကြီးအာနိုးလို့ ကျွန်တော်ကို နောက်ပြောသည် ။ ကိုကိုက မေမေ့အစ်ကို အငယ်ကမွေးသော လအနည်းငယ်ခန့်သာ ကြီးသည့် ဝမ်းကွဲ အစ်ကိုပေမယ့် သူ့ကို ကျွန်တော် အတော်ချစ်သည် ။ကိုကိုက ထိုအရွယ်ကတည်းက ပေါက်တတ်ကရ အလွန်ပြောသည် ။

(၂)

နောက်တစ်ခါ ရှင်ပြုတော့ ဆယ့်နှစ်နှစ်သားလောက် ထင်သည် ။ ဒီတစ်ခါတော့ အမျိုးတွေ အတော်စုံသည် ။ တူမလေးတွေပါ နားသသည် ။ ဦးလေးတွေပါ ပဇင်းခံတော့ အရင်လို ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ်ဆော့လို့ မရတော့ ။ တရားစာတွေ ကျက်ခိုင်းတော့ ကြောက်ကြောက်နှင့် ကျက်ကြ ။ စာပြန်ကြရသည် ။ ညဘက် အနားမှာရှိသည့် ဘုရားပေါ်တက်ပြီး ပုတီးစိတ်ကြသည် ။ အသက်လေးတွေလည်း ကြီးလာသလို ဦးလေးဦးဇင်းတွေကိုလည်း ကြောက်တော့ ဘုရားတွေ ရှိခိုးနေကြသည် ။

ဒီဘုန်းကြီးကျောင်းမှာပဲ ဦးလေးတွေ အဒေါ်တွေက နှစ်တိုင်း စုပေါင်းပြီး ကထိန်တွေခင်းကြတော့ တစ်နှစ်တစ်ခါ ညီအစ်ကိုတွေ အဒေါ်တွေဖက်က တူတွေ တူမတွေ ဆုံကြသည် ။ အရွယ်စုံကလေးတွေ ဆော့ကြ ရန်ဖြစ်ကြသည် ။ ဦးလေးလုပ်သူက အပေါ်စက်အောင်စက် ကို ဆင်ပေးပြီးသောအခါ ညီအစ်ကိုများ တူ၊တူမများ ညလုံးပေါက် ဗွီဒီယိုကြည့်ကြသည် ။ အမေတွေက နောက်မှာ ဆွမ်းကပ်ဖို့ ချက်လို့ ပြုတ်လို့ စကားတွေပြောလို့ ။ တစ်နှစ်မှ တစ်ခါ ဒီလို ဆုံကြသည် မဟုတ်လား ။

ဘုန်းကြီးကျောင်းဝန်းထဲမှာ သိုက်ရှိသည် ။ ဥစ္စာစောင့်တွေ ရှိသည်လို့ မေမေတို့ ပြောသံကြားရသည် ။ အရာရာ စပ်စပ် စပ်စပ် နိုင်သော ကိုကိုနဲ့ ကျွန်တော်က ဥစ္စာစောင့်ကို မြင်ဖူးချင်သည် ။ ညဖက် ညီအစ်ကို နှစ်ယောက် ကျောင်းနောက်ဖက်မှာ အိမ်သာသွားတိုင်း ကြောက်ကြောက်နှင့် ရှာသည် ။ ကာတွန်းစာအုပ်တွေ ထဲကလို နန်းဝတ်နန်းစားနှင့် ကိုယ့်ဖက်လှည်လာသောအခါ မျက်နှာပြောင်ကြီးနှင့် ဖြစ်နိုင်သည်လို့ ပြောမိကြသော်လည်း ကိုရင်ဘဝနှင့် နေသော အချိန်များကော ကထိန်ခင်းသည့် ရက်များတွင်ပါ တစ်ခါမှ မတွေ့ခဲ့ရချေ ။

ကျောင်းထိုင်ဘုန်းကြီးက အညာသားဖြစ်ပြီး အသံထွက်က ထွန်း ဆိုလျှင် ထွင်း လို့ထွက်သည် ။ အရုပ်များရေးခြစ်ထားသည့် ပိတ်စကြီးခင်းပြီး လူကြီးတွေကို ရုပ်စုံဗေဒင်ဟောပေးတတ်သည် ။ ဘုန်းဘုန်းက ဆေးလည်းကုသည် ။စုတ်တံနှင့် ထိုးပြီး ကုခြင်းဖြစ်ပြီး သွေးတော့ မထွက်ပါ ။ အဲဒီတုန်းက အေအိုင်ဒီအက်စ်ရောဂါလည်း သိပ် ခေတ်မစားသေး ။

(၃)

ဖွားဖွား လေဖြတ်တော့ အိမ်ကို ဘုန်းဘုန်း ခဏ ခဏ ကြွသည် ။ အိမ်နှင့် ဘုန်းကြီးကျောင်းက မဝေးဘူး ဆိုတောင် ဘတ်စ်ကား ဆယ်မှတ်တိုင်စာတော့ ရှိသည် ။ ဘုန်းဘုန်းက ဆိုက်ကားနှင့် ကြွရင်ကြွ မဟုတ်လျှင် တခါတလေ ဂါလီကြီးနှင့်ပင် ကြွလာတတ်သည် ။ ဖွားဖွားကို စုတ်တွေနှင့်ထိုးလိုက် လိမ်းဆေးတွေ လိမ်းပေးလိုက်နှင့် ။

ဖွားဖွား လမ်းပြန်လျှောက်နိုင် နေပြန်ကောင်းပြီး နှစ်နှစ်လောက် နေတော့ ၊ တစ်ခါ လေ ထပ်ဖြတ်သည် ။ ဒီတစ်ခါတော့ အရင်လို လမ်းပြန်မလျှောက်နိုင်တော့ ။ အိမ်မှာပဲ တွဲထူပေး ။ အိမ်ထဲမှာပဲ လျှောက်ရသည် ။ ဖွားဖွားက မြေးတွေကို ပဇင်းတက်ပေးချင်သည် ။ ဒီတော့လည်း ထုံးစံအတိုင်း လူပျိုပေါက် ညီအစ်ကိုလေးယောက် တစ်ခါ ပြန်ဆုံကြပေါ့ ။ ဖွားဖွားက ဘုန်းကြီးကျောင်း မလာနိုင်တော့ ပဇင်းတက်ပြီး ကိုယ်တော်တွေက အိမ်ကို ကြွကြရမည် ။ ညီအစ်ကိုလေးယောက် အာဃာဏု ကိုယ်တော် လေးပါး မနက် အရုဏ်တက် မနိုး ။ ဘုန်းဘုန်းက ကိုယ်တော်တို့ ထကြတော့ ဆိုပြီး ကိုယ်တိုင်လာနှိုး ယူရသည် ။ ကဲ ကြည်ညိုဖွယ်ဖြစ်အောင် သင်္ကန်းကို ရုံကြ ။ ဒါမှ ဒကာမကြီးလည်း ကြည်နူးပြီး ကုသိုလ်ရမှာလို့ အိမ်ကို မကြွခင် မှာသည် ။

ဖွားဖွားဆုံးတော့ အိမ်ကို ချက်ချင်းကြွလာပြီး ကိုယ်လည်း လုပ်နိုင်သလောက် အကုန်လုံးလုပ်ပေးခဲ့ပြီးပြီ ။ ကျေနပ်တော့ သမီး ဟု ငိုနေသော မေမေ့ကို မိန့်သည် ။ ဖွားဖွားဆုံးပြီး နောက်ပိုင်းလည်း အဆက်တော့ မပြတ်ခဲ့ ။ ဖွားဖွားရှိတုန်းကလောက်တော့ အမေတွေ အဒေါ်တွေက အဝင်အထွက် မများတော့ ။ ဘုန်းဘုန်းမှာလည်း အပွင့်တွေ အခက်တွေ နှင့် ဒကာ ဒကာမတွေ အတော်များလာသည် ။

(၄)

ဘုန်းဘုန်းပျံလွန်တော်မူတော့ ကျန်ရစ်တဲ့ ရုပ်ကလပ်ကို နောက်ဆုံး ဝတ်ပြုဖို့ ကျောင်းဝန်းထဲကို မေမေနှင့် ကျွန်တော်ရောက်သည် ။ ခရေပင်ကြီးတွေ ဥသျှစ်ပင်ကြီးတွေ မကျည်းပင်ကြီးတွေနှင့် တတိုင်းမွှေးပင်ရုံကလေးက ငယ်ငယ်က ပြေးဆော့ခဲ့သော ကိုရင်ဘဝကို ပြန်ပြောပြနေသယောင် ။ အခုဆို ကျွန်တော်တို့ညီအစ်ကိုတွေ မပြောနှင့် တူတွေ တူမတွေပင် ကျောင်းပြီး ဘွဲရလို့ အလုပ်တွေလုပ်နေကြပြီ ။ ဖွားဖွားလည်း မရှိတော့ ။ ဘုန်းဘုန်းလည်း မရှိတော့ ။ တူတွေသားတွေ ကြည့်ဖို့ အပေါ်စက်အောက်စက် ဆင်ပေးသော ဦးလေးလည်း မရှိတော့ ။ ငယ်ငယ်တုန်းက ရှာဖွေဖူးသော ဥစ္စာစောင့်တွေလည်း အခုအသက်အရွယ်ထိ မတွေ့ခဲ့ရချေ ။

ကျောင်းထဲက ပြန်ထွက်ပြီး လမ်းပေါ်ရောက်တော့ အလှူဆို ကထိန်ဆို တက်ကြွစွာ ချက်ပြုတ်လေ့ရှိသော မေမေကို “တက်စီနဲ့ပဲ ပြန်ရအောင်နော် ။ မေမေလည်း ဒူးနာနေတယ် မဟုတ်လား ” ဆိုပြီး ပြောရသည် ။ ဇာတိ ဇရာ ဗျာတိ မရဏကို လမ်းလျှောက်နေရင်း ဆင်ခြင်မိလေသည် ။

လင်းဒီပ

၀၉.၀၃.၁၁

Thursday, March 3, 2011

ဖုန်းခေါ်သံလေးတစ်ခု

Just sing me this song….and you won’t be alone…

လူထူထပ်သောနေရာတစ်ခုမှာဖြစ်ဖြစ် ရထားတွဲတစ်ခုထဲမှာဖြစ်ဖြစ် ထိုသီချင်းစာသားနှင့် ringing tone သံကြားတိုင်း ကျွန်တော် ဖြတ်ကနဲ လှည့်ကြည့်မိတတ်သည် ။ တခါတရံ ကိုယ့်ဖုန်းအမှတ်နှင့်ပင် ဘောင်းဘီအိတ်ကပ်ကို ယောင်ယမ်း စမ်းမိတတ်သည် ။ ပြီးမှ တစ်ယောက်တည်း ပြုံးနေတတ်သည် ။ထို ringing tone လေးသည် Nokia 1200 လက်ကိုင်ဖုန်းကလေးမှ ဖြစ်ပါသည် ။

လွန်ခဲ့တဲ့လေးနှစ်လောက်က ကျွန်တော်ပထမဆုံး ပိုင်ဆိုင်ခဲ့ဖူးသော ထိုကာလက မြန်မာငွေ ငါးသောင်းလောက်သာ တန်သော ဖုန်းကလေးဖြစ်ပါသည် ။ PVC ဘော်ဒီလေးနှင့် ကင်မရာလည်းမပါ သီချင်းလည်းဖွင့်မရ ဘာဂိမ်းမှလည်း ထည့်မထားသော ရိုးစင်းလွန်းသည့် ဖုန်းကလေးဖြစ်ပါသည် ။ ကျွန်တော်ပထမဆုံး စတင်ထိတွေ့ဖူးသော မိုဘိုင်းဖုန်းလေးဖြစ်ပြီး ကျွန်တော့်ခက်ခဲသော နေ့များစွာ ညများစွာ ကို အတူတူ ဖြတ်သန်းခဲ့သော ဖုန်းကလေးဖြစ်သည် ။ ဖုန်းကလေးထိပ်တွင် LED မီးလုံးကလေးတပ်ထားသောကြောင့် ဓာတ်မီးအနေဖြင့်လည်း အသုံးပြုနိုင်လေသည် ။

ထိုဖုန်းကလေးနှင့် ငွေရှား ရေရှား ခက်ခဲသောနေ့များစွာကို လူမျိုးခြားတွေရှိရာ နေရာဒေသတစ်ခုမှာ မျှော်လင့်ချက် အင်္ကျီပါးပါးကလေး ဝတ်ကာ ကျင်လည်ဖြတ်သန်းနေခဲ့ဖူးသည် ။ ထိုဖုန်းကလေးသည် စိတ်မပျက်ပါနဲ့ ဘဝဆိုတာဒီလိုပါပဲ လို့ တိုးတိုး အားပေးတတ်သည် ။ ကျွန်တော် အလုပ်တစ်ခုရဖို့ ခြေတိုအောင်လျှောက်နေရချိန် တယ်လီဖုန်းခေါ်သံများကို မလွတ်အောင် စောင့်နေရချိန်တိုင်းမှာ အရိပ်တကြည့်ကြည့်နဲ့ ငေးကြည့်နေရသော ဖုန်းကလေးဖြစ်ပါသည် ။ ကျွန်တော့်မျှော်လင့်အားငယ်နေသော မျက်လုံးများကို ဖုန်းကလေးက လှောင်ရယ် မနေခဲ့ပါ ။ တစ်ယောက်ယောက်ဆီ ဖုန်းဆက်ချင်ရက်နဲ့ ဒုတိယနတ်ဘုရားရဲ့ ခြေဖဝါးကြမ်းကြီး ဖိနင်းမှုအောက်မှာ တိုးတိတ်နေရချိန်များ ….မေမေ နေကောင်းလား မေမေ…ဟု သီချင်းလေးဖွဖွ ညည်းနေမိသော ညများ ဖုန်းနံပါတ်တစ်ခုခုကို အခါခါနှိပ်လိုက် ပြန်ချထားလိုက် လုပ်နေရချိန်များတွင် ကျွန်တော့်အဖော်ကောင်းလေးဖြစ်ခဲ့သည် ။

အခုအခါ ကျွန်တော်လက်ထဲတွင် သူသူငါငါတွေနည်းတူ touch screen လက်ကိုင်ဖုန်းကလေးတစ်လုံးရှိနေပြီ ဖြစ်သောလည်း ထို ring သံလေးကြားတိုင်း စိတ်လှုပ်ရှားမြဲ ဖြစ်ပါသည် ။ အိပ်ခြေရာခြေအတည်တကျ မရှိသေးပေမယ့် အိမ်ပြန်ချိန် အတိအကျမရှိသေးပေမယ့် အရင်ထက်တော့ နေသာပါတယ်လို့ လူတွေကို ပြန်ပြောနိုင်ပြီ ဖြစ်ပါသည် ။သို့ပေမယ့် touch screen လေးကို လက်ဖျားလေးနဲ့ ဖိသပ်နေတုန်း ထို ring သံလေးကြားလျှင် အသည်းအသန် လိုက်ကြည့်မိတတ်သည် ။ ထိုအခါ လက်ထဲမှ touch screen ဖုန်းကလေးက “အချစ်ဟောင်းကို မမေ့နိုင်သေးဘူးလား” လို့ပင် နောက်ပြောင်ချင်လေမလားမသိ ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှင်များကို အမှတ်ရနေတတ်သည့်နည်းတူ ဆိုးတူကောင်းဖက် နေ့ညများစွာ ဖြတ်သန်းခဲ့ဖူးသော တယ်လီဖုန်းသံလေးကြားရင်တော့ အရင်လို ခေါင်းထောင်ကြည့်တတ်တုန်းပင်ဖြစ်ပါသည် ။

လင်းဒီပ

၀၂.၀၃.၁၁