Monday, March 30, 2009

သစ်ရွက်မှော်ဆရာ

ဖန်ဆင်းလိုက်တယ်
သစ်ရွက်ကလေးကို စကားပြောတတ်အောင်
ပန်းယောင် ဆောင်တတ်အောင်
ယစ်မူးစေတဲ့ ရနံ့တစ်မျိုးစီ ရှိအောင်..။
ပြီးတော့ ကျဲချလိုက်တယ်
အမိုက်အမဲ လူသားတွေဆီ
သစ်ရွက်တွေရဲ့မာယာမှာ
သာယာပျော်ဝင်
ဂီတသီချင်းသီ
ဘဝတွေ တစစီ ချွေဖို့..။

ဖန်ဆင်းထားတဲ့ သစ်ရွက်ကလေးတွေက
မြို့တွေဆီ ရွာတွေဆီ အိမ်ရာတွေဆီရောက်သွား
မာယာစကားဆိုကြ အလိမ္မာတေးကို ဟစ်ကြ
လူတစ်ချို့ဟာ ကခုန်ကြ
လူတစ်ချို့ဟာ ယစ်မူးကြ
ပန်းယောင်ဆောင်ထားတဲ့ သစ်ရွက်တွေကို
ယုံယုံကြည်ကြည် ပေါင်းသင်းကြ…။

အဲဒီလိုနဲ့
မှော်ဆရာဟာ သူ့သစ်ရွက်တွေကို
ကာလတစ်ခုထိ လူတွေနဲ့ပျော်ပါးစေပြီးတဲ့နောက်
စကားတွေ ဆွံ့အ
ပန်းယောင်ဆောင်ထားတာတွေ ခွာချပြီး
ရနံ့တွေ ပြန်ဖျောက်လိုက်တဲ့အခါ
လူတွေက သစ်ရွက်တွေကို တောင်းပန်တိုးရှိုး
ပန်းတွေ တဖန် ပြန်ဖြစ်လာနိုး..။

ခေတ်တွေ အမျိုးမျိုး ကမ္ဘာ့ခေါင်မိုးပေါ်က ဖြတ်သွား
မှော်ဆရာလည်း သေဆုံးသွား
သစ်ရွက်တွေလည်း ပန်းပြန်ဖြစ်မသွား..။

ဒါ
သမိုင်းကဖွက်ထားတဲ့ ပုံပြင်တစ်ပုဒ်
မှော်ဆရာကို ဘယ်သူမှ မသိ မှီ လိုက်ပေမယ့်
သစ်ရွက်တွေ ပန်းပြန်ဖြစ်နိုး
လူတွေ
ခုထိ အလုပ်ရှုပ် ဆုတောင်းမှားနေဆဲ..။
လင်းဒီပ
၃၀.၃.၀၉

Saturday, March 28, 2009

စိတ်ထဲမှာ သင်္ကြန်ကျနေပြီ

မတ်လက မကုန်သေးပါဘူး။ စိတ်ထဲမှာ အခုတည်းက သင်္ကြန်ကျနေတာ ။ရုံးပိတ်ရက်ဆိုတော့ အိမ်က သူငယ်ချင်းတွေကလည်း ကာရာအိုကေ သင်္ကြန်သီချင်းတွေ ဆိုနေလို့။ မနက်က သူငယ်ချင်းဆီ ဖုန်းဆက်လိုက်တော့ သင်္ကြန်သီချင်းတွေ online ကနေ နားထောင်ပြီး ငြိမ့်နေတယ်တဲ့။ ကျွန်တော့်ဆီ link တောင် ပို့လိုက်ပါတယ် ။ဒီမှာ သွားနားထောင်လို့ရပါတယ် ။လောလောဆယ်တော့ ကျွန်တော် “Alpine သင်္ကြန်” ဆိုတာလေး နားထောင်နေပါတယ် ။ သီချင်းကောင်းကောင်းလေးတွေနဲ့ လူစုံ ပါလို့ပါ ။
ဒီအခွေက ၂၀၀၇ သင်္ကြန်က ထွက်တာထင်ပါတယ်။ အောက်က သီချင်းလေးက အဲဒီ အခွေထဲကပါ ။

အမေပြောတယ် အမောပြေလေးရေ..
ကောင်မလေး ကေမလောင်းကြေး..
နေမယ့်လမ်း နာမည်လေး မေး
ရင်ခုန် ရုံခင် တယ်လေ..ကောင်မလေးရေ..
သကြားခံ သင်္ကြန်ကားတွေ..
မြင်နေတုန်း မြုံနေတဲ့ရင်..
ရင်တုန်လို့ ရုံတင်ပြချင်..
ကြည်ပါဗျာ ကြာပါပြီလေ..ကောင်မလေးရေ..
(နှလုံးသားကို အလစ်သုတ်တယ် အလုပ်သစ်နဲ့မိန်းကလေး
ငြိမ်းသတ်ကာ သိမ်းပေးပါ ရင်ထဲက မီးတွေ..
အတုံးအရုန်း ငါ အဆုံးအရှုံးတွေ အရေးပေါ် အလျှော်ပေး..
ဟေ့ ကောင်မလေး…..သင်္ကြန်မလေး..အဖြေပြန်ပေး..)
(မောင်မောင်ဇော်လတ်)


ရန်ကုန်မှာလည်း သင်္ကြန်သီချင်း VCD တွေ ပလူပျံနေလောက်ပြီ ။ဒီအချိန်ဆို ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေမှာ မဏ္ဍာပ်တွေ ထိုးနေလောက်ပြီ ထင်ပါတယ် ။ စီးပွားရေးတွေ မကောင်းကြဘူး ဆိုပေမယ့် အနည်းနဲ့အများတော့ လုပ်ကြမှာပါပဲ။ မန္တလေးက သူငယ်ချင်းကတော့ မလာနိုင်မှန်း သိရက်နဲ့ မန္တလေးသင်္ကြန် မလည်ဖူးဘူး မဟုတ်လား လာခဲ့ လိုက်ပို့ပေးမယ် လျှောက်လည်ကြမယ် ဆိုပြီး email ပို့ပါတယ် ။ ငယ်ငယ်ကတော့ လည်ရတာ ကားပေါ်မှာ အော်ရတာ သဘောကျပေမယ့် နောက်ပိုင်းကျတော့ သူများလည်တာ ပျော်တာပဲ ထိုင်ကြည့်နေချင်တော့တယ် ။ ရေတွေ စိုစို ရွှဲရွှဲ ကနေ ခုန်နေကြတာ ကြည့်နေရင်းနဲ့ကို ပျော်စရာ ကောင်းနေတော့တာ ။ အိမ်ထဲမှာ နေ နေရင်းနဲ့ပဲ သင်္ကြန်သီချင်းလေးတွေ နားထောင်နေရတာ သင်္ကြန်ရုပ်ရှင်တွေ ကြည့်ရတာ အိမ်ရှေ့က ဖြတ်သွားတဲ့ သင်္ကြန်ကားတွေပေါ်က အော်ဟစ်သွားတာ နားထောင်ရတာ အနားအိမ်တွေက လာပို့တဲ့ သင်္ကြန်စာလေးတွေ စားရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ နောက် နှစ်ဆန်းတစ်ရက်နေ့ဆို လမ်းထဲက အတာအိုးတွေ စု ဘုန်းကြီးတွေ ပင့် ပြီးတော့ ပရိတ်ရွတ်ကြတာ တစ်မျိုးကြည်နူးစရာ ကောင်းပါတယ် ။

ဘာရယ် မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း သီချင်းတွေနားထောင်နေရင်း Share လုပ်ချင်လို့တင်လိုက်တာပါ။
ကျွန်တော့် စိတ်ထဲမှာတော့ အခုတည်းက သင်္ကြန်ကျနေတော့တာလေ။
ခင်မင်စွာ
လင်းဒီပ
၂၈.၃.၀၉

Thursday, March 26, 2009

ပန်းတစ်ပွင့်ရဲ့ရင် ပန်းမပွင့်တဲ့ရင်(၂)

ကျွန်တော်က မျက်ကန်းမြစ်တစ်စင်း..
သီချင်းလေးနဲ့တော့ စီးချင်တယ်

(၅)
အဲဒီနေ့က နွေ့မျက်နှာ ပုပ်သိုးနေတာကို သိရက်နဲ့ ရဲရင့်က မသိဟန်ဆောင်နေသည်။ ရတီကတော့ ကလည်း အခုမှ လူချင်းတွေ့တဲ့ တစိမ်း ယောက်ျားလေးရှေ့မှာ ဆိုတော့ ငြိမ်ငြိမ်လေး။ ရဲရင့်ကတော့ စကားလေး တစ်ခွန်းနှစ်ခွန်း ပြောလိုက် ပုပ်နေတဲ့ နွေ့မျက်နှာ့ကို မကြည်သလို လှမ်းကြည့်လိုက်နှင့် အလုပ်တွေ ရှုပ်နေသည်။ ရတီက ပွဲကို အေးအေးဆေးဆေးလေး ထိန်းသွားပါသည်။ ရတီ့ စကားပြောဟန်လေးကို ရဲရင့် ငေးကြည့်နေတာ လုံးဝ မကျေနပ်..။

ရတီနှင့် တိုက်ရိုက် ဆက်သွယ်လို့ ရသွားတော့ နွေကို့ ရဲရင့်သိပ် ဂရုမစိုက်တော့သလို စိတ်ထဲမှာ ထင်မိသည်။ သူ ရန်ကုန် ပြန်ရောက်နေတဲ့ ရက်တွေမှာလည်း နွေ့ဆီ ရောက်မလာလျှင် ရတီ့ဆီ သွားနေတာ ဖြစ်လိမ့်မယ်ဟု စိတ်က ထင်နေတတ်သည်။ အရင်လောက် ဂရုတစိုက် ဖုန်းဆက်တာမျိုး မရှိလို့တောင် စိတ်ထဲမှာ ထင်မိသည်။ အရင်ဆို ပဲခူးလောက် သွားတာက အစ ဘာမှ မဟုတ် ငါးချင်တွေဝယ်ပြီး အိမ်ကို ရောက်ချင် ရောက်လာ တတ်သည်။ အစကတည်းက ဘာမှ မဟုတ်ပါ။ နွေ့ချစ်သူလည်း မဟုတ်ပါ။ သူငယ်ချင်း ဆိုပေမယ့် ရဲရင့်က နွေ့အနားမှာ အမြဲတမ်း အလိုလိုက် ဖြည့်စွက်တတ်တဲ့သူ ဆိုတော့ အခုလို သူ ဂရုသိပ်မစိုက်တော့ ဘယ်လိုမှ မနေတတ်။ သူငယ်ချင်းဆိုတော့ ငါ နင့်ကို ဘယ်ပုဒ်မနဲ့ အရေးယူရမလဲ ရဲရင့်ရယ်။

(၆)
တစ်ရက်တော့ ရဲရင် က နွေ့ကို လှမ်းခေါ်သည်။ ဘုရားသွားရအောင်တဲ့။ နှစ်ယောက်တည်း ဘုရားတက်ဖြစ်တော့မှ နွေ..ငါ ရတီကို propose လုပ်လိုက်ရင် ကောင်းမလား ဆိုပြီး တိုင်ပင်သလို မေးသည်။ နင် တကယ် သဘောကျရင်လုပ်လိုက်ပေါ့။ နောက်မှ အူကြောင်ကြောင်တွေ ထပ်မလုပ်နဲ့နော် …ရတီက ငါ့သူငယ်ချင်း။
“အေးဟာ..ငါ့ကိုငါလည်း နားမလည်ဘူး ငါ ဘယ်လို မိန်းမကို ချစ်ချင်နေတာလဲဆိုတာ။
အခုအထိ ရတီနဲ့ ရင်းရင်းနှီးနှီး နေကြည့်ပြီးတဲ့ အထိ ငါ ရတီ့ကိုလည်း တကယ် မစွဲလမ်းဘူး၊”
“ငါ ဆယ်တန်းတုန်းက မိန်းမတစ်ယောက်ကို အသည်းအသန် စွဲလမ်းဖူးတယ်။ ဒါပေမယ့် ဖွင့်မပြောဖြစ်လိုက်ဘူး။
စွဲလမ်းမှုနောက် လိုက်ချင်ပေမယ့် သူ့အတွေးအခေါ် သူလျှောက်ချင်တဲ့ လမ်းက ငါနဲ့ မတူဖူးလေ။”
ရဲရင့် ဘယ်သူ့ကို စွဲလမ်းဖူးတာလဲ။ အနားမှာ နွေမဟုတ်ရင် ခတ္တာပဲ အနားမှာ ရှိတာလေ။
“နောက်တက္ကသိုလ်မှာ ငါ ရည်းစားတစ်ယောက် ထားဖြစ်တယ်။
သိပ်မကြာဘူး..ပြတ်သွားတယ်။ ခဏလေးနဲ့ ငါ ငြီးငွေ့သွားတယ် ”
“ငါ့ဘဝမှာ မိန်းမတစ်ယောက်ကို မှ အကြာကြီးစွဲလမ်းလို့မရဘူး..”
တစ်ယောက်တည်းလည်း ငါ မဖြတ်သန်းချင်ဘူး မိနွေ”
“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်
ဘဝမှာ အတူတူနေထိုင်သွားကြတယ်ဆိုတာအချစ်လား။
ရင်ကို တဒိုင်းဒိုင်း လှုပ်လာစေတဲ့ အချစ်မျိုးကို ငါရှာဖွေနေတာ မိနွေ။
အခုထိ ရှာလို့မတွေ့သေးဘူး။”
နွေ ရဲရင့် မျက်နှာကို တချက်လှမ်းကြည့်မိသည်။ အသက် နှစ်ဆယ့်ငါးနှစ်ကျော် ယောက်ျားတစ်ယောက်က အချစ်နဲ့ပတ်သက်ပြီး အဲလောက် စိတ်ကူးယဉ်ဖို့ မကောင်းတော့ပါဘူး။ ဘဝကို ပြတ်ပြတ်သားသားဖြစ်သင့်ပြီ။
“နင် ဘာလို့ ရည်းစားမထားတာလဲ နွေ”
ရုတ်တရက် သူမေးလိုက်တော့ နွေဘာ ဖြေရမှန်းမသိ။
“ငါလည်း နင့်လိုပဲ အချစ်ကို ရှာဖွေနေတာ့ပေါ့။”
“တွေ့လား”
“တွေ့တယ်လေ။ အချစ်က ငါ့ကို မတွေ့တာ။”
ပြီးတော့ ဘာမှ မဟုတ်သလို နွေ ရယ်လိုက်မိသည်။ရဲရင် က ဘာကို ဆိုလိုမှန်းမသိ။ နင်တို့ ယောက်ျားတွေကလေ တခါတလေဆို တုံးလွန်းတယ်။ (အေးလေ တုံးချင်ယောင် ဆောင်တာလည်း ဖြစ်မှာပါ။)နွေ ဘာမှ ထပ်မပြောဖြစ်ပါ။ နွေနဲ့ ရဲရင့် တခြားအကြောင်း စကားတွေပဲ ပြောဖြစ်သည်။ နောက်တော့ သူတို့ ပြန်လာခဲ့ကြသည်။

(အဆုံး)
ဘာလို့များ နွေအနားမှာ အမြဲတမ်း ဂရုတစိုက် နေထိုင်တတ်ခဲ့တာ သူဘက်က နွေ့ကို ချစ်နေပါတယ်လို့ ရဲရင့် တခါမှ တွေးမကြည့် ဖူးဘူးလား..။ ငါနဲ့ ပတ်သက်ရင် အချစ်လို့ အဓိပ္ပာယ် ဖွင့်ဆိုဖို့ ငါဟာ မထိုက်တန်လောက်တဲ့ မိန်းမတစ်ယောက်လား ။ (နည်းနည်း ဝမ်းနည်းသလို ဖြစ်သွားသည်။)ငါ ဘာများမှားခဲ့ပါလိမ့် ရဲရင့်ရယ်..။

နွေကကော ရဲရင့် မဟုတ်တဲ့ တခြားတစ်ယောက်ကို ရွေးချယ်ပစ်လိုက်ဖို့ ဘာလို့ စိတ်မကူးခဲ့သေးတာလဲ။ နွေဘက်က ရဲရင့်ကို ဘယ်လောက်ကြာကြာ မျှော်လင့်နေမိဦးမှာလဲ။ နွေ မသိပါ ။တချိန်ချိန်မှာ ရဲရင့်ထက်ပိုပြီး သူ့အပေါ်ပိုကောင်းသည့်တစ်ယောက် ရှိလာခဲ့ရင် နွေ စိတ်ပြောင်းသွားမလား..ရဲရင့်ကကော နွေ့ကို ပြန်လှည့်ကြည့်မလား။ နွေ မသိပါ။ တခါတလေကျတော့လည်း သံယောဇဉ်လား အချစ်လား..။ အဓိပ္ပာယ် ဖွင့်ရခက်နေတဲ့အခါ နွေက အချစ်လို့ အဓိပ္ပာယ်ပြန်မိပြီး..ရဲရင့်ကတော့ သူငယ်ချင်း သံယောဇဉ်လို့ အဓိပ္ပာယ် ပြန်နေမိတာလို့ပဲ နွေ တွေးမိသည် ။

နွေတစ်ယောက်ထဲ ရင်ထဲမှာ မာနစကား ဆိုမိသည်… အေးပါ ရဲရင့်ရယ် အကောင်းဆုံးလို့ နင် မျှော်လင့်ထားတဲ့ တစ်ယောက်ကို တွေ့အောင် နင် ရှာကြည့်ပေါ့..နောက်မှ မျက်ရည်လေး ဝဲပြီး ငါ့ဆီ ရောက်မလာနဲ့။

နွေ တစ်ယောက်ထဲ နှစ်ယောက်စာ တွေးနေမိသည်။ ကုတင်ပေါ် လှဲချလိုက်တော့ မွေးနေ့တုန်းက ရဲရင့် လက်ဆောင်ပေးထားသည့် ဝက်ဝံရုပ်ကြီးပေါ် လှဲချမိပြီးသား ဖြစ်နေသည် ။ ဒီအချိန်လောက်ဆို ရဲရင့် ရတီနဲ့ ဖုန်းပြောနေမလား… propose လုပ်ပြီးပြီလား လို့တွေးမိသည် ။ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းမြည်သံ ကြားရသည် ။ ညဘက် ဖုန်းဆက်တတ်တာ ရဲရင့် မဟုတ်ရင် ရတီပါပဲ။ ထ မကိုင်ဖြစ် ။ ဝက်ဝံရုပ်ကြီးက သူ့ကို နားမလည်သလို ကြည့်နေသည် ။

နည်းနည်း အိုက်သလို ဖြစ်နေတာနဲ့ ဝရန်တာဘက် ထွက်ရပ်တော့ လရောင်သည် တိမ်တွေကြားမှာ ပုန်းသလို ကွယ်သလို လင်းနေသည် ။ နွေ ပြုံးရင်း လရောင်ကို ငေးနေမိသည် ။ ဘာမှ မရှိတာထက်စာရင်တော့ လရောင်လေး ရှိနေတာ ပိုကောင်းနေတယ်လို့ ခံစားလိုက်မိသည် ။
(ဆုံးတဲ့အထိ စိတ်ရှည်ရှည်ဖတ်ပေးလို့ ကျေးဇူးပါဗျာ။)
လင်းဒီပ
၂၆.၃.၀၉

Wednesday, March 25, 2009

ပန်းတစ်ပွင့်ရဲ့ရင် ပန်းမပွင့်တဲ့ရင်(၁)

သူ့သဘောနဲ့သူစီးဆင်းနေတဲ့မြစ်တစ်စင်းဟာ
ကွေ့ရင်းကောက်ရင်းနဲ့ နမော်နမဲ့နိုင်စွာနဲ့ကျန်ရစ်ခဲ့တဲ့မြစ်ကျိုးအင်း …
အဲဒီမြစ်ကျိုးအင်းကို ပဲ နွေ အသည်းအသန်မြတ်နိုးမိတာပေါ့


(အစ)

“မနက်ဖြန် ငါ ရတီသော် နဲ့တွေဖို့ချိန်းထားတယ် နင်လည်း လိုက်ခဲ့”
ဖုန်းထဲက ရဲရင့် အသံကြားတော့ နွေ စိတ်ပျက်သွားသည်။ ဒီလို ဖြစ်မလာအောင် ကြိုးစားခဲ့တာ။ အခြေအနေက ရှောင်နေတဲ့ကြားက ကိုယ့်ဆီကို တည့်တည့်ကို ရောက်လာသည်။ အမှန်ဆို နွေ လုံးဝ မသွားချင်။ ရဲရင့်ကို ရတီနဲ့ တွဲရက် မမြင်ချင်လို့ ခွဲထားခဲ့တာပဲလေ။

(၁)
ရဲရင့်နှင့် သူက ဆယ်တန်းတည်းက စသိသည့် သူငယ်ချင်းတွေ။ သူဝါသနာပါသည် သီချင်းတွေ စာအုပ်တွေနှင့်သာ အချိန်ကုန်နေတတ်ပြီး ဘာကိုမှ စိတ်မဝင်စားသူ။ ဆယ်ယောက်ထဲ ဖွဲ့ထားတဲ့ ဝိုင်းမှာ ယောက်ျားလေးက (၄)ယောက် ကောင်မလေးက (၆)ယောက်။ နွေ့သူငယ်ချင်း ခတ္တာချိုက အသွက်။ ဒီတော့ သိပ်မကြာခင်မှာ ခတ္တာကြောင့်ပဲ ရဲရင့်နောင် ၊ သူရ အာကာ နှင့် စိုးနိုင်ထွန်းတို့ အဖွဲ့ကျသွားတော့သည်။

အဲဒီတုန်းက ရဲရင့် ပုံစံလေးကို နွေ မှတ်မိသည်။ ဆံပင်တိုတို အသားဖြူဖြူ ဂျင်းပန် အရောင်လွင့်လွင့်လေးတွေနဲ့ တီရှပ်ပြောင်လေးတွေဝတ်ကာ လွယ်အိတ်ကလေး စလွယ်သိုင်းပြီး ရောက်ရောက် လာတတ်သူ။ ကျူရှင်က အားလပ်ချိန်တွေမှာ အနားက မုန့်တီဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့မှာ သူတို့ခြောက်ယောက် ထိုင်ဖြစ်သည်။ ခတ္တာ အိမ်က အချိန်အတိအကျ လာကြိုတတ်တော့ သိပ်ကြာကြာ ဆိုင်ထိုင်လို့မရ။ နွေပဲ သူတို့ လေးယောက်နှင့်အတူ ကျူရှင်ဆင်းရင် မုန့်ဆိုင် တစ်ခုခု ရောက်နေတတ်ပြီလေ။ အရင်တုန်းကတော့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ မပြောနှင့် ဆိုင်ရှေ့က ပင် ဖြတ်မလျှောက်တတ်ပေမယ့် သူတို့လေးယောက်နဲ့တော့ နွေကောင်းကောင်းထိုင်တတ်။ လက်ဖက်ရည် ကောင်းတယ် မကောင်းဘူး ခွဲတတ်နေပြီ။ လက်ဖက်ရည်ဆိုင်က သီချင်းသံကို နားထောင်တတ်နေပြီ။ သူတို့ကလည်း နွေကို မိန်းကလေးလို့တောင် ထင်ရဲ့လား မသိ။ တခါတလေ ယောက်ျားလေးချင်းသာ နောက်သင့်သော ဟာဿများ ပြောနေပြီး နွေ မျက်နှာလေးနီသွားမှ မိနွေ ဆော်ရီးနော် လို့ ရဲရင့်က တောင်းပန်တတ်သည်။

အဲဒီအချိန်တွေ တည်းက ရတီသော် ဆိုတဲ့သူငယ်ချင်း နွေ့မှာ ရှိနေခဲ့တာလေ။ နွေနဲ့ ရဲရင့်က ကျောင်းချင်းမတူ ကျူရှင်သာတူတော့ မတွေ့ဖူးခဲ့တာ။ ဆယ်တန်းအောင်ပြီးတော့ နွေက စီးပွားရေးတက္ကသိုလ် ရောက်သွားသည်။ သင်္ဘောလိုက်ချင်တဲ့ စိုးနိုင်ထွန်းက ရေကြောင်းသိပံ္ပ တက်ပြီး သဘောင်္လိုက်သွားသည်။ နိုင်ငံခြားမှာ သိပ် အလုပ်လုပ်ချင်သည့် အာကာကလည်း သူ့အစ်ကိုရှိရာ ပြည်ပနိုင်ငံ တစ်ခုကို ထွက်သွားသည်။ ရယ်စရာ ကောင်းတာက သိပ်ကို ထိန်းချုပ်လွန်း..အိမ်က ဂရုစိုက်လွန်းသည့် ခတ္တာက အဝေးသင်တက်နေရင်း သင်တန်းများစွာ မနားတမ်း တက်နေရင်း ဒုတိယနှစ်လောက်မှာ အိမ်ထောင်ကျသွားသည်။

ဒီတော့ အင်ဂျင်နီယာလိုင်းထဲ ရောက်နေသည့် ရဲရင့်ရယ် အဝေးသင်တက်ပြီး ရန်ကုန်မန္တလေးကူး လုပ်ငန်းရှင်လေး ဖြစ်ချင်နေတဲ့ သူရရယ်ပဲ အတွေ့များ တော့သည်။ သူရက စီးပွားရေးသမား ပေါက်စလေးဖြစ်ကာ သူ့အလုပ်က ပါတနာ မမတစ်ယောက်နှင့် အဖွဲ့ကျနေတတ်သည်။ နွေတို့ဆီလာရင် တခါတလေ သူ့မမ ကားနှင့်။ ဒါပေမယ့် သူရစိတ်ရင်းလေးက အရင်အတိုင်း။ အလုပ်ရှိ ငွေရွှင်တော့ သူငယ်ချင်းတွေ တွေ့လျှင် သူကပဲ ကျွေးချင်မွေးချင်သည်။ နွေနဲ့ ရဲရင့်က တော့ အစားသမားတွေပေါ့။ နှစ်ယောက်လုံးက ကျောင်းသားတွေ.. ငွေသိပ်မရွှင်ကြ။သူရက ရန်ကုန်မှာ သိပ်မရှိတတ်တော့ နွေရယ် ရဲရင့်ရယ်ပဲ အတွဲများသည်။

နွေကလှမ်းခေါ်ရင် ရောက်ရောက် လာတတ်ပေမယ့် နောက်ပိုင်းမှာ ရဲရင့် ပျောက်နေတတ်သည်။ တခါတော့ မေးဖြစ်သည်။ နင်က ငါ့ဆီတောင် ရောက်မလာဘူး.. ဘာလဲရည်းစာရှိနေလို့ မအားလို့လား ဆိုတော့ ရဲရင့်မျက်နှာ တချက်တည်သွားပြီး..အေးဟ..ငါ အဲဒီ အချစ်ဆိုတာကို သိချင်နေတာ… ငါရှာလို့ မတွေ့ဘူး.. ဘယ်လို အရာလည်း ငါနားမလည် ဖြစ်နေတယ်။ငါပြောပြမယ်ဟာ ခတ္တာ လက်ထပ်သွားတယ် အချစ်ကြောင့်လား.. သိပ်ချုပ်ချယ်လွန်းတဲ့ မိဘတွေဆီက ရုန်းထွက်ချင်တာလား..နောက် သူရ သူ့မမကြီးနဲ့ တွဲနေတာကကော အလုပ်အဆင်ပြေဖို့လား.. အချစ်ဆိုတာဘယ်လိုမျိုးလဲ။ ငါ ရည်းစားတစ်ယောက်လောက် ထားကြည့်မလို့တော့ စဉ်းစားနေတယ်… အချစ်ကို သိချင်လို့လေ..ပြောပြီး တစ်ယောက်တည်း ရှက်ရယ် ရယ်နေပြန်သည်။

ဒီတော့လည်း သူမျက်နှာလေးက ဆယ်တန်းတုန်းက အတိုင်းပါပဲ နည်းနည်းလေး ရင့်သွားတာက လွဲလို့ပေါ့။ (နွေကတော့ လူကြီးမျက်နှာလေး ဖြစ်လာတယ်လို့ မြင်တာပဲ)အဲဒီနေ့က သူတို့နှစ်ယောက် ဘုရားမှာ အတော်ကြာသည်။ ဘာရယ်မဟုတ် ဟိုပြော ဒီပြော နှင့်လေ။ ဒီလိုပဲ စိတ်အားတဲ့အခါ လူအားတဲ့အခါ စိတ်တွေ အညောင်းမိတဲ့အခါ နွေတို့ သူငယ်ချင်းတွေ ဘုရားပေါ်က ထောင့်တစ်ခုခုမှာ ထိုင်နေကျ။ တဖြည်းဖြည်း သူငယ်ချင်းတွေ လျော့သွားပေမယ့် ဒီအကျင့်ကတော့ မပြင်ဖြစ်။ အခုတော့ နွေအနားမှာ ရဲရင့် တစ်ယောက်ပဲ ရှိတော့သည်။

(၂)
ရဲရင့် ကျောင်းပြီးတော့ ဆည်စီမံကိန်းတစ်ခုမှာ အလုပ်ရသည်။ တခြားလူတွေဆို တောထဲ သွားနေရမှာ ခေါင်တယ် စိတ်ညစ်တယ် ရှိနေဦးမည်။ ရဲရင့် ကြည့်ရတာ ပျော်နေသည်။ သူ့အတွက်က ဒီလို တောထဲတောင်ထဲ သွားနေရတာ အတွေ့အကြုံသစ်တစ်ခုပါလို့ ဆိုနေပြန်သည်။ နောက် နယ်မပြောင်းခင် နွေ့ကို သွားတာ လာတာ နေတာထိုင်တာ ဆင်ခြင်ဖို့….ဘာဖြစ်ဖြစ် ဘာကိစ္စပဲရှိရှိ သူ့ကို ဆက်သွယ်ဖို့ မှာနေသည်။ တကယ် ဝေးလံ ခေါင်ဖျားတဲ့ အရပ်မှာ သွားလုပ်ရမှာက သူလေ။ နွေကတော့ လိုအပ်တဲ့ ဆေးဝါးတွေ ဝယ်ပေးလိုက်.. အထားခံမယ့် အစားအသောက်တွေ ကြော်လှော် ထည့်ပေးလိုက်သည်။ ငှက်ဖျားတွေ ဘာတွေ ဂရုစိုက်ဖို့ ..ငှက်ဖျား အကြောင်းပြပြီးလည်း အရက်တွေ သောက်မနေဖို့ အသေအချာ ပြောလိုက်ရသည်။ အဝေးပြေး ကားဂိတ်ကို လိုက်ပို့မယ် လုပ်တော့ လုံးဝလက်မခံ။ အလကား အပင်ပန်းမခံစမ်းနဲ့ မိနွေဆိုပြီး ထားခဲ့သည်။ သူရောက်ခါစက သူတို့စီမံကိန်းမှာ ဖုန်းက ဆက်ရ ခက်သည်။ အိတ်ချိန်းက တဆင့် ခေါ်ခိုင်းရတာ။ သူမြို့ ပေါ်တက်လာတဲ့ အချိန်မှ လှမ်းလှမ်း ဆက်တတ်သည်။ ရန်ကုန် မန္တလေးလမ်းပေါ်က မြို့လေးက တဆင့် သူတို့စီမံကိန်းကို သွားရတာ။ မြို့ကလေးက မန္တလေးနှင့် မဝေးတော့ ပြန်လာတိုင်း နွေကြိုက်တဲ့မန္တလေး ထိုးမုန့်ကစလို့ မန္တလေး ကတ္တီပါဖိနပ်ကလေးတွေထိ တခုတ်တရ ဝယ်လာတတ်သည်။

သူပြန်လာတဲ့ရက်နဲ့ သူရ ရန်ကုန်မှာ ရှိတဲ့ရက် ဆုံရင်တော့ နွေတို့သုံးယောက် လျှောက်သွား လျှောက်စားနှင့် ကလေးတွေလို ပျော်ကြသည်။ သူရကလည်း နောက်ပိုင်း မန္တလေး မှာ အနေများသည်။ နွေနဲ့ ရဲရင့် ဆက်ဆံရေးမှာ နွေဘက်ကသာ မျှော်လင့် နေတတ်ပေမယ့် ရဲရင်ကတော့ ဘာမှ မထူးခြားသလိုပင်။ အရင်တုန်းကအတိုင်း ထူးပြီး ဂရုစိုက်ပြနေတာမျိုး မရှိသလို.. အလေးဂရုမပြု တာလည်းမရှိခဲ့။ဒါပေမယ့် နွေမှာ ချစ်သူမရှိသလို ရဲရင်မှာလည်း သူ့ရဲ အူကြောင်ကြောင်အတွေးတွေနဲ့ အချစ်ကို ရှာဖွေနေတော့ ကျောင်းတုန်းက သူ့ကောင်မလေးနှင့်လည်း ရှစ်လလောက်နေတော့ ပြတ်သွားသည်။ သူ့တွေးထားတဲ့ အချစ်ဆိုတာက သိပ်စိတ်ကူးယဉ် ဆန်လွန်းနေတာ။ အင်း အချစ်နဲ့ပတ်သက်ရင်တော့ ရဲရင့်က နည်းနည်းလည်း စိတ်ကူးယဉ်တယ်လို့ နွေ ထင်တယ်လေ၊

(၃)
အဲလို ရန်ကုန်နဲ့ သူ့အလုပ် ကူးနေသန်းနေရင်းနဲ့ တိုက်ဆိုင်စွာ အမှတ်တမဲ့ ရတီနဲ့ ရဲရင့် ဆုံသွားတာ..အဲဒီနေ့က နွေ့မွေးနေ့ အထိမ်းအမှတ် ဘုန်းကြီးဆွမ်းကပ်ဖို့ စီစဉ်ထားသည်။ ရတီကတော့ အစောကြီးရောက်လာ အချိုပွဲတွေကားနှင့်  သွားသယ်ပေးသည်။ မနက် ကိုးနာရီလောက်ကျတော့ ရတီမှာ ကိစ္စရှိတော့ ပြန်ဖို့လုပ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ရတီကလည်း ကားဆီအသွား ရဲရင့် နှင့်သူရ ကလည်း ရောက်လာသည်။ တကယ့်ကို ခဏလေးပါ။ အဖြူရောင် မြန်မာဝတ်စုံလေးနှင့် ကားတံခါးကိုဖွင့် ကားပေါ်တက် စက်နှိုးနေသည့် ရတီ့ကို ကင်မရာတစ်လုံး၏ငြိမ်သက်မှုမျိုးနှင့် ရဲရင့်  ငေးကြည့်နေသည်။ ကားထွက်သွားတော့ မှ သူရက ဟေ့ကောင် အသက်ရှိသေးရဲ့လား လို့မေးသည်။နွေ့ကို တည့်တည့်ကြည့်ပြီး လှလိုက်တာဟာ လို့ ပြောသည်။ နွေဘယ်လောက် စိတ်တို လိုက်မလဲ။ အလှူဆိုတော့ လူတွေရှုပ်နေပြီး သူဘာမှ မေးလို့မရ။ နောက်နေ့ နွေ တက်သည့် စာရင်းကိုင်သင်တန်း လိုက်လာပြီး အတင်း မေးတော့သည်။ နွေ ဘယ်သူ့ဘက်က နှမျောနေတာလဲဟု ဝန်မခံနိုင်ပေမယ့် သူတို့နှစ်ယောက်ကို ပေးပြီး သူငယ်ချင်း မဖြစ်စေလို။ နာမည်တောင် ရတီဆိုတာလေးပဲ ပြောပြလိုက်သည်။ အပြည့်အစုံ မဟုတ်ပေ။ ရဲရင့်ကလည်း အလျော့မပေး ။ ခတ္တာကို သွားမေးသည်။ ခတ္တာကလည်း သေချာ ပြောမပြနိုင်။ စမ်းချောင်းမှာ နေတာ ထင်တယ် ဆိုတာလောက်ပဲ ပြောနိုင်သည်။အဲဒီရက်က သူ့အလုပ်ရှိရာ နယ်ပြန်တော့ အရင်လို ပြန်ခါနီး နွေ့နှင့် အကြာကြီး စကားမပြောဖြစ်။ နွေကလည်း နင် ရတီ အကြောင်း မေးမယ်ဆို ငါ့ဆီ ဖုန်းမဆက်နဲ့လို့ ပြောထားတာလေ။

(၄)

ဒီဇင်ဘာထဲမှာ နွေရယ် ရတီရယ် ပြင်ဦးလွင်ဘက် ခရီးထွက်တော့ မန္တလေးကို ဝင်ဖြစ်သည်။ သူရကလည်း မန္တလေးမှာ ရှိတော့ တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်ရင်း ရတီ့ဟမ်းဖုန်းနံပါတ်က သူရဆီမှာ ကျန်ခဲ့သည်။ ရဲရင့် လက်ထဲ ဖုန်းနံပါတ် ရောက်သွားလိမ့်မယ်လို့လည်းမထင်ခဲ့။ သိပ်မကြာလိုက် ရဲရင့်က နွေ့သူငယ်ချင်း ဖြစ်ပြီး နွေမွေးနေ့မှာ ဖြတ်ကနဲ့ အမှတ်တမဲ့ တွေ့ဖူးရုံနှင့် အရမ်းကိုခင်ချင်ပါတယ် ဆိုပြီး ရတီကို ဖုန်းထဲကနေ သူငယ်ချင်းဖွဲ့တော့သည်။ ရတီပြန်ပြောသလောက် လူချင်း မတွေ့ဖူးပေမယ့် ဖုန်းထဲမှာ သူတို့အတော် ရင်းနှီနေကြပြီ။သူ့စီမံကိန်းကလည်း အတော်ကြာလာတော့ ဆက်သွယ်ရေးကလည်း အဆင်ပြေလာ..တောထဲကနေ အားအားရှိ ရတီ့ကို ဖုန်းဆက်ပြီး မဲဇာတောင်ခြေ ဆိုပြနေပုံရသည်။အခုပဲ ရန်ကုန်ဆင်းလာရင် ရတီနှင့် ပထမဆုံးတွေ့ဖို့…နွေ့ကိုပါ လိုက်ခဲ့ဖို့ အတင်းခေါ်နေတော့သည်။
(ဆက်ပါဦးမည်)
လင်းဒီပ
၂၅.၃.၀၉

Sunday, March 22, 2009

ဝါသနာသစ်ပင်

ဝါသနာဆိုတာ ထပ်ထပ်ခါခါ လုပ်ချင်နေသော အကျင့်တစ်ခုဟုထင်ပါသည်။ ငယ်ငယ်က မိုနိုပိုလီကစားနည်းကို မသိခင်က ကျွန်တော့်မှာ ဝါသနာတစ်ခုရှိသည်။ စာရွက်တွေကို ဆက်ပြီး စက္ကူမြေပုံ အကြီးကြီး လုပ်သည်။ မြေပုံပေါ်မှာ စက္ကူနှင့် ပြုလုပ်ထားသည့် လူနေအိမ်တွေ စာသင်ကျောင်းတွေ ဆေးရုံတွေ ရဲဌာနတွေ ကားတွေ လူတွေ လုပ်ပြီး ထည့်သည်။ မြို့လေးတစ်မြို့ ဖြစ်လာသည်။ စက္ကူပေါ်ကမြို့ပေါ့ ။ Landscape တွေ ဘာတွေ သိလို့မဟုတ်။ ဒါပေမယ့် ကလေးတစ်ယောက် စိတ်ကူးနှင့် မြို့ကွက် ချကြည့်သည်။ နောက်တော့ မိုနိုပိုလီ ကစားနည်း ရှိမှန်းသိတော့ ကိုယ့်လုပ်တာတွေနှင့် နည်းနည်း ဆင်နေသည်။ အဲဒီ ကစားနည်းကို ပျော်သွားသည်။ ဟော်တယ်တွေ ဆောက်ရတာ အိမ်တွေဆောက်ရတာ လျှောက်လည်ရတာ.. အရင် ကစားဖူးသည့် မြွေကစားနည်းထက် ပျော်စရာ ပိုကောင်းသည်။ တခါတလေ ကိုယ်ဘာသာ စက္ကူမြေပုံပေါ်မှာ မြို့ကွက်ချပြီး ကစားဖြစ်သလို မိုနိုပိုလီကိုလည်း သူငယ်ချင်းတွေ အိမ်ခေါ်ပြီး ကစားဖြစ်သည်။ဒီတုန်းက မူလတန်း အလယ်တန်းအရွယ်။

နောက်တော့ တဖြည်းဖြည်း စာအုပ်လေးတွေ ဖတ်တတ်လာ စိတ်ကူးလေးတွေ ဟိုဒီ ပြေးတတ်သည့် အရွယ်ရောက်တော့ စဖတ်ဖြစ်တာ မောင်စိန်ဝင်း(ပုတီးကုန်း) စာအုပ်လေးတွေ ။ ပထမဆုံး စဖတ်ဖူးတာ မောင်စိန်ဝင်း၏ ခြွေရက်ပေ့ ပုလဲညှာရယ် ထင်သည်။ ချစ်သူကို အရမ်းချစ်ပေမယ့် စက်ရုံမှာ မတော်တဆ တစ်ခုဖြစ်ပြီး မျက်လုံးကွယ်သွားသည့် အင်ဂျင်နီယာလေးက သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်လို့ သူ့ချစ်သူ အထင်လွဲအောင်လုပ်ပြီး ဇာတ်သိမ်းထားသည့် ကြေကွဲဖွယ် ဇာတ်လမ်းလေး။မောင်စိန်ဝင်း၏ အဖွဲ့အနွဲ့လေးတွေ ကဗျာလေးတွေ ကို သဘောကျသွားသည်။
“တကယ်မဝေးပေမယ့်
စံပယ်လေးတွေ ခြောက်ပြီမေ..
မခေါ်သာ အတွေ့ခက်
နေ့ရက်တာရှည် ”ဆိုတဲ့ မောင်စိန်ဝင်းကဗျာလေးတွေ။
ကိုယ်တိုင်လည်း ရေးကြည့် သူငယ်ချင်းတွေကို ပြကြည့်သည်။ ကဗျာလေးတွေ သဘောကျတာ ရေးကြည့်ချင်တာ အဲဒီ ဝါသနာလေးက အထက်တန်း ကျောင်းသားဘဝတွင် စခဲ့သည်။ အလွမ်းရုပ်ရှင်တွေ အလွမ်းသီချင်းတွေကို သဘောကျခဲ့တာလည်း ဝါသနာလို့ပင် ပြောရမလားတော့ မသိ။ ဥပမာ “မျက်ဝန်းထဲမှာ မိုးတွေ ရွာနေပြီညို”လို ရုပ်ရှင်မျိုးကို အရမ်းကြိုက်ခဲ့သည်။စာပေအနုပညာကို စိတ်ဝင်စားတာ ဒုတိယ ဝါသနာလို့ထင်ပါသည်။

ဆယ်တန်း အောင်တော့ ငယ်ငယ်တည်းက စက္ကူမြို့လေးတွေ ဆောက်တဲ့ကောင်က အင်ဂျင်နီယာပဲ လုပ်ချင်သည်။ ဖေဖေက Electrical & Electronics လိုင်းကို သဘောကျသည်။ ကျွန်တော်က Civil ဖြစ်ချင်သည်။ နောက်တော့ Electronics ကို ရွေးဖြစ်သည်။ ဒါပေမယ့် ရင်ထဲက စက္ကူမြို့လေးတွေက ပျောက်မသွား။ ဆောက်လုပ်ရေး အလုပ်တွေကို သဘောကျသည်။ ကျောင်းတွေပြီးလို့ အလုပ်တွေ လုပ်ကြတော့ ကံကောင်းစွာ ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုမှာ အလုပ်ရသည် ။အဆောက်အဦးတွေရဲ့ Electrical အလုပ်တွေ လုပ်ဖို့ Electronics သမားကို ရွေးလိုက်သည် ။Interviewer (နောင်တွင် ကျွန်တော့်ဆရာဖြစ်လာသူ)က မင်းက Electronics ဖြစ်နေတယ်။နောက်ပြီး Experience မရှိဘူး ဆိုပေမယ့် မင်းကို သဘောကျတယ် လို့ဆိုပြီး ခန့်လိုက်သည်။ အလုပ်က နယ်မှာ လုပ်ရမှာ ။ ပျော်လိုက်သည် ဖြစ်ခြင်း..ပထမဆုံး Construction Drawing တွေ ကိုင်ရတာ ဖတ်ရတာ။ အဲဒီလိုနဲ့ Civil Engineer ဖြစ်မလာပေမယ့် Construction Industry မှာ ကျင်လည်ခွင့်ရတဲ့ Electrical Engineer ဖြစ်လာခဲ့သည်။ ငယ်ငယ်က စက္ကူမြို့လေးကို အခု ကိုယ်တိုင် ဆောက်ခွင့်တော့ မရ။ သူများ ဆောက်ထားတဲ့ မြို့လေးတွေမှာ လိုအပ်တဲ့ Mechanical & Electrical အလုပ်တွေ လုပ်ပေးရတာ ။ သို့ပေမယ့် ပျော်ပါသည်။ ဝါသနာ သစ်ပင်လေးကို ဆက်လက်ရှင်သန်ခွင့် ရသည်ကိုး။

နောက်ထပ် ဝါသနာတစ်ခုကတော့ နယ်မှာနေရင်း အလုပ်လုပ်နေရင်းကမှ ပေါ်လာတာ။ တခြား တနေရာ ရောက်တော့ ကိုယ်နေဖူးတဲ့မြို့ပြနဲ့ ပုံသဏ္ဍန်တွေ ကွာသွားတာ ခံစားမိသည်။ ခရီးသွားချင်တဲ့ ဝါသနာ။ ကိုယ့်မရောက်ဖူးတဲ့ ဒေသတွေ ကိုယ့်မသိသေးတာတွေ သွားကြည့်ချင် လေ့လာချင်လာသည်။အစက ခရီးသွားတာကို တန်ဖိုး တစ်ခုအနေနှင့် မသိ ။ နောက်မှ တန်ဖိုးရှိမှန်း သိလာသည်။ခရီးသွားရတာ စိတ်အပန်းဖြေရာလည်း ရောက်သည်။ မိတ်သင်္ဂဟလည်း တိုးသည်။ မြန်မာပြည့် အနှံက မရောက်ဖူးသေးတဲ့ နေရာတွေ သွားချင်သည်။ တတ်နိုင်ရင် တခြားနိုင်ငံတွေလည်း သွားကြည့်ချင်ပါသည်။ခရီးထွက်ချင်တာက တတိယ ဝါသနာ ဖြစ်သည်။

ဝါသနာပါတာလေးတွေ လုပ်နေရရင် လူသည် ပျော်သည်။ဘဝသည်လည်း အဓိပ္ပာယ် ရှိသည်။ ဘဝတွင် ဝါသနာဆိုလို့သိပ်များများမရှိပါ ။ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာ စာတွေကဗျာတွေ ရေးချင်ဖတ်ချင်တာ ခရီးထွက်ချင်တာ ..ဒီလောက်ပါပဲ။ ဝါသနာသစ်ပင်လေးတွေက ဒ်ီလောက်ပဲ ရှိသည်။ အခုလည်း ရှင်သန်ခွင့်ရတော့ ပျော်သည် ။အားလုံး ကိုယ်စီကိုယ်စီ ရင်ထဲတွင် ဝါသနာသစ်ပင်လေးတွေ ရှိပါလိမ့်မည် ။ ဝါသနာ သစ်ပင်လေးတွေကို မျှော်လင့်ချက် နေရောင်ခြည်အောက်မှာ ထားပြီး အထောက်အပံ့ရေမှန်မှန် လောင်းခွင့်ရမည် ဆိုပါလျှင်..။

(ညီလေး မောင်မျိုးရဲ့ ဝါသနာအကြောင်း Tag ပိုစ့်လေးပါ။ နောက်ထပ်တော့ ထပ်မTag တော့ပါ။ မောင်မျိုးလေး လည်း ကျေနပ်မည် ထင်ပါသည်။)
လင်းဒီပ
၂၂.၃.၀၉

Saturday, March 21, 2009

ဘဝက လွမ်းဖို့ပဲလားကွယ်

အလွမ်းတွေနဲ့ လမ်း မတူချင်တော့ပါဘူး
အနမ်းတွေ ဖွဲ့ ပန်းအတူကောက်ချင်ပြီ..

ဘဝက လွမ်းဖို့ပဲလားကွယ်
အချစ်လှေလေးကို ကွေ့ကွေ့ဝိုက်ဝိုက်နဲ့
ဘဝမြစ်ထဲ အလွမ်းတွေ သောင်ထွန်း လွန်းတယ်။

ဘဝက လွမ်းဖို့ပဲလားကွယ်
ငါလည်း စိတ်ကို ရွက်ကုန်လွှင့်ထားတယ်
နင်လည်း မျှော်လင့်ခြင်းပြတင်းပေါက်ကလေးက
သံသယခန်းစည်းလေး ဖြုတ်ထားလိုက်ကွယ်။

“နီးတကျက်ကျက် ဝေးတသက်သက်”ဆိုရိုးက
ငါတို့နှစ်ယောက် နောက်မှ မွေးလာခဲ့တာပ…
အခုတော့ တစ်နေ့တစ်ခါ စိတ်ကောက်တတ်တဲ့
ပျော်စရာ ရန်ဖြစ်ဖော်လေးကို လွမ်းနေရ

ဘဝက လွမ်းဖို့ပဲလားကွယ်
အရာရာမှာ တာထွက် နောက်ကျခဲ့တဲ့ကောင်က
ပန်းတိုင်ဆီပြန်ရောက်ဖို့လည်း ပန်းဝင် နောက်ကျကောင်းဆဲ…။
လင်းဒီပ
၂၁.၃.၀၉

Friday, March 20, 2009

ဆုတံဆိပ်များ

တချို့က သတ်တဲ့နေရာမှာ ထူးချွန်တယ်။
တချို့က ကယ်တင်တဲ့နေရာမှာ ထူးချွန်တယ်။

ကမ္ဘာကြီးကလည်း ထူးချွန်တဲ့လူတွေဆို
ဆုတံဆိပ်တွေ ပေးဖို့ ဝန်မလေးဘူး။

သတ်တဲ့လူတွေလည်း ဆုတံဆိပ်တွေ ရခဲ့
ကယ်တင်တဲ့လူတွေလည်း ဆုတံဆိပ်တွေ ရခဲ့

ခင်ဗျားလည်း ကြားဖူးမှာပေါ့
လူအများကြီး သတ်နိုင်ရင် သူရဲကောင်းဆိုတာ..။
လင်းဒီပ
၂၀.၃.၀၉

Thursday, March 19, 2009

အောက်ဆိုဒ်

ဒီစကားကို လူမှန်းသိတတ်စတည်းက စတင်ရင်းနှီးခဲ့ရသည်။ ဒီတုန်းက ဆင်းရဲသား ရပ်ကွက်ကလေးတစ်ခုမှာ ကျွန်တော်တို့ မိသားစု နေကြသည်။ အိမ်ရှေ့အိမ်က ဦးလေးကြီးက စက်ရုံတစ်ခုမှာ အလုပ်လုပ်တာ။ အောက်ဆိုဒ်တွေ အများကြီး ရပါသည်တဲ့။ ဒီတုန်းက မဆလခေတ်။ သူမိန်းမက ရပ်ကွက်ကလေးထဲမှာ ပြိုးပြိုးပျက်ပျက်။ အဝတ်အစားတွေလျှော်ပြီး လှန်းရင်တောင် အိမ်ရှေ့လမ်းမမှာ ထုတ်လှန်းတတ်သည်။ အဝတ်အစား ကောင်းများ ပေါပေသကိုး။

ဒီတုန်းက မေမေက ကျောင်းဆရာမ ။ ဖေဖေက အလုပ်ထွက်ချင်တယ်လို့ မကြာခဏ မေမေ့ကို ပြောသည်။ ဖေဖေက သမဝါယမ ဝန်းကြီးဌာနမှာ။ အလုပ်က စာရင်းစစ်။ ရပ်ကွက်တွေထဲက သမဝါယမဆိုင်တွေ လိုက်စစ်ရသည်။ စာရင်းစစ် နှစ်ယောက်သွားရင် ဖေဖေ့ အဖော်က ယူချင်သည်။ ဖေဖေက မယူချင်။ ဒီတော့ လုပ်ဖော်ကိုင်ဖက်နှင့် သိပ်အဆင်မပြေ။မေမေ ပြန်ပြောပြတာ ကျွန်တော် ငယ်ငယ်က နို့မှုန့်ဘူးကို သူစစ်တဲ့ ဆိုင်တစ်ဆိုင်ကနေ ထုတ်ဈေးနဲ့ဝယ်ခဲ့ပေးဖို့ (တောင်းရန်မဟုတ်) မှာသည်။ ဖေဖေက မပြောပေး။ကိုယ်က တစ်ခါ အကူအညီတောင်းပြီးရင် ကိုယ့်ကို နောက်ထပ် သူတို့က အများကြီး အကူအညီ တောင်းပါလိမ့်မည်တဲ့။ မေမေကလည်း ပါရမီဖြည့်ဖက် ကောင်းပီသစွာ ဘာမှ ထပ်မပြောတော့ပါ။ ကျွန်တော်လေးတန်း ကျောင်းသားဘဝက အတန်းပိုင်ဆရာမက မေးဖူးသည်။ မင်းအဖေ ဘာလုပ်လဲဆိုတော့ သမဝါယမက စာရင်းစစ်ပါ ဆိုတော့ ဒါဆို “စစ်တောင်း”ပေါ့တဲ့။ နားမလည်လို့ မေမေ့ကိုပြန်မေးတော့ မေမေက မင်းဆရာမကို အိမ်ကိုသာ ခေါ်ခဲ့ပါကွယ် စစ်တောင်း ဟုတ်မဟုတ် သိအောင်လို့ ပြန်ပြောသည်။နယ်က မေမေ အမျိုးတွေဆီ သွားလည်တော့ သူတို့ကပြောသည်။ ညည်းယောက်ျားနှယ် အလိုက်တာဟယ်။ ဟိုမှာ ရွှေမိယောက်ျားလည်း စာရင်းစစ်။ ရွှေမိမှာ ရွှေနဲ့ငွေနဲ့ ဟုပြောသည်။

ကျွန်တော် အလုပ်လုပ်တော့လည်း ကုမ္မဏီတစ်ခုမှာ။ကျွန်တော်က အင်ဂျင်နီယာပေါက်စ။ မန်နေဂျာက မီးစက်သမားကို စိတ်မချလို့ ဆီကို ကျွန်တော့်လက်မှတ်နှင့်မှ ထုတ်ပေးဖို့စတိုမှူးကို မှာသည်။ ကျွန်တော်လည်း သေချာတော့ အတတ်နိုင်ဆုံး စာရင်းလေးနဲ့ မီးပျက်ချိန် မီးလာချိန် တွက်ပြီး ထုတ်ပေးသည်။ အရင်ထက်တော့ ဆီကုန် လျှော့သွားသည်။ နောက် မီးအဆင်ပြေတဲ့ အခါကျတော့ မီးစက်သမားကို ပြင်ထိန်း လုပ်ခိုင်းတော့ အစ်ကို ကျွန်တော် အလုပ်ထွက်တော့မယ်တဲ့။ နောက်တစ်ခါ မီးစက် ပြန်မောင်းဖို့ လိုလာတာ သူသိတော့ သူ အလုပ် လာလျှောက်ပြန်သည်။ သူက မီးစက်မှာပဲ လုပ်ချင်တာကိုး။

ဒီနေ့လည်း အလုပ်လာရှာလို့ အိမ်ကိုရောက်နေသည့် ညီငယ်တစ်ယောက်ကို မြန်မာပြည်မှာ ဘာလုပ်လဲလို့ မေးကြည့်တော့ သူပြောပြတာ ဆောက်လုပ်ရေး ကုမ္မဏီကြီးကြီးတစ်ခုမှာ။ကျွန်တော့်တို့အလုပ်က အစိုးရ အလုပ်လိုပဲ “ရ”တယ်အစ်ကို။ PE(Project Engineer)လောက်ဖြစ်ရင် “ခိုင်”နေပြီ။ လစာရင်း ကတော့ သိပ်မရှိဘူး။ အောက်ဆိုဒ်နဲ့ စားနေကြတာ။ကျွန်တော်လည်း နာဂစ်ပြီးတော့ ကွမ်းခြံကုန်း ကို အရွေ့ခံရလို့ ဆက်မလုပ်ဘဲ ထွက်လာတာ ဟုဆိုသည်။ ကျွန်တော့်သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက် ကလည်း ဆောက်လုပ်ရေးက စီမံကိန်းတွေမှာ လုပ်လာသူ။ သူက ပြောသည်။ ကျွန်တော် အခု စလုံးမှာ တစ်နှစ်လုံးလုပ်မှ သိန်းတစ်ရာ စုမိရင် ကံကောင်း။ ကျွန်တော့်သူငယ်ချင်းက အခုဆို သိန်းသုံးရာလောက် စုမိနေပြီ ဟုဆိုသည်။

ကျွန်တော့်တို့ ဗုဒ္ဓဘာသာမှာ ကံ ကံ၏အကျိုး ဆိုတာရှိသည်။ခရစ်ယာန်နှင့် တခြားဘာသာတွေ ကလည်း ဒီလို အမှုကို လက်မခံပါ။ ဗုဒ္ဓဘာသာမှာတော့ ကောင်းတာလုပ်ရင် ကောင်းသည့်ကံ အကျိုးပေးမည်။ မကောင်းတာ လုပ်ရင်လည်း မကောင်းသည့်ကံ အကျိုးပေးမည်။ ချက်ချင်း လက်ငင်း အကျိုးမပေးလို့ လူတွေ မယုံကြတာလားတော့ မသိ။ တစ်ဘဝစာ စံစားရုံ ။တကယ်သေချာ တွေးကြည့်ပါက တစ်ဘဝသည် ဘယ်လောက်မှ မကြာပါ။ အခုပင် ကျွန်တော် သက်တမ်း၏ တစ်ဝက်ကျိုးတော့မည်။ ဘာလို့ အကုသိုလ်တွေကို အထုတ်ကြီး အထုတ်ငယ် သယ်ချင်နေကြတာလဲ မသိပါ။ပစ္စည်းဥစ္စာတွေ ဂုဏ်တွေ အကုန်လုံးက သေတဲ့အခါထားခဲ့ရမှာပါ။ ပါသွားမှာက ပြုခဲ့သမျှ ကံတွေပဲလေ။မသေခင်မှာလည်း လိပ်ပြာသန့်သန့်ကလေး ကိုယ့်ကိုကိုယ် လေးစားချင်ပါသည်။ အပြန်ခရီးကိုလည်း စိတ်လက်ပေါ့ပါးစွာ ပြန်သွားချင်ပါသည်။ အောက်ဆိုဒ်ဆိုတာ အောက်ကို ဒရွတ်တိုက်ဆွဲခေါ်သွားမည့် အရာတစ်ခုလို့သာ အားလုံး တွေးမိကြမည် ဆိုလျှင်..။
ခင်မင်စွာ
လင်းဒီပ
၁၉.၃.၀၉

အဖြေရတဲ့နေ့

အကြင်နာ အမွေ့မှာ

ယုန်ငယ်လေး ဟာ

ကျားရင်ခွင်ထဲ ခေါင်းဝှက်..။

အကြင်နာ အမွေ့မှာ

ကျားလိမ္မာလေး ဖြစ်သွား

ငါ အသားမစားတော့ဘူး…။

အဲဒီလိုနဲ့

ကျားလိမ္မာနဲ့ယုန်ကလေး

အဝေးခရီး အတူတူ စဖို့

လမ်းတွေကို စိန်ခေါ် ပစ်လိုက်တယ်။

လင်းဒီပ

၁၉.၃.၀၉

Wednesday, March 18, 2009

ရွာသူအလွမ်း(ခွန်းသာ)

မှော်ရွှင်မျက်လှည့်တောင်စွယ်
ကျွဲရေသောက် နွားရေသောက်
တောစံပယ်ရုံကလေး မွှေးပျံ့ဆဲလား
သားချော့တေးသံသာသာ
ရိုးအီ ရိုးရာ လှိုင်းအိ
ဖုန်ထူမြေဝါလမ်းမပေါ်
မျက်လုံးများ ကျိန်းစပ်ပေါ့။

ကောင်းကင်ဟာ ပြာတစ်လှည့် ဝါတစ်လှည့်
တကူးကူးရယ် ဥသြရယ်
အတိုင်အဖောက်ညီလွန်းတယ်။
လငပုပ်ဖမ်းတဲ့ညမှာ
မိုရိုင်ရာကယ်ရီ နားထောင်ကြည့်မလား
ပြာမှုန်ဖွဲ ဟိုတောင်စောင်းပေါ်
အမွှေးဖြတ်ပြီးစ သိုးကလေးများ ချမ်းရှာရော့မှာ
နင်ဝတ်ဖို့ ဆွယ်တာ တစ်ထည်စာပါ။

ဟိုးမှာ လည်ဆံမွှေးတခါခါ
တာလွှတ်သံစောင့် ပြိုင်မြင်းများ
နင့်လွမ်းတေးမှာ တဟီးဟီး မျောနေကြ
နင့်အပြုံးဟာ…
နန်းဆန်အောင်လှနေလိုက်ပုံများ
ငါ့စင်ကြယ်ဖိနပ် အဖြူရောင်
ရွံ့အလိမ်းလိမ်း ကပ်ခဲ့။

စာခြောက်ရုပ်ဟာ ရိုးပြတ်တောမှာ
စာမဲ့ပါ…။
တမာတွေပွင့်ရင် ရွာဦးကျောင်းမှာ
အမျှဝေပါ…။
ငါ့ကလည်း ငါ့ဥကျင်းထက်မှာသာ။
ပဲတွေပေါ်တဲ့အခါမှာ…
လွယ်အိတ်အကြီးတစ်လုံးဝယ်ပေးပါ
မပန်းဝါ…။
ခွန်းသာ
ဒီကဗျာလေးက ကြိုက်လို့သိမ်းထားတာပါ ။ ကိုလုလင်ငယ်သွေး ဘလောဂ့်မှာ ကိုခွန်းသာရဲ့ မက်မန်းဝိုင် ကို ဖတ်လိုက်ရတော့ မျှဝေချင်လို့ပါ။ ကျေးဇူးတင်ပါတယ်။
လင်းဒီပ
၁၈.၃.၀၉

Monday, March 16, 2009

ကဗျာသည်လေးတွေ

၁၉၉၇ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တွေက ချက်ချင်း မဖွင့်ဖြစ်တော့ ၊၁၉၉၈ အင်းစိန် ဂျီတီအိုင်မှာ ညကျောင်း သွားတက်ဖြစ်သည်။ အဲဒီတုန်းက အခေါ် Evening GTI(EGTI)ပေါ့။ စက်မှုတက္ကသိုလ် လျှောက်ထားပေမယ့် 2D နှင့် အမှတ်က သိပ်မများတော့ YTU မရမှာလည်းကြောက် အင်ဂျင်နီယာ မဖြစ်မှာလည်း စိုးသည်။ အသက်က ၁၈ ဝန်းကျင်။ ကျောင်းတက်ရတာ အရမ်းပျော်သည် ။အနှစ်တစ်ရာ သက်တမ်းရှိပြီဖြစ်သည့် အုတ်နီရောင် ကျောင်းအိုကြီး။ အပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်း ။Lab မှာ စမ်းသပ်စရာ ပစ္စည်းတွေက အစုံအလင်။ ကျောင်းအဝင်မှာ တစ်ခုတည်းသော ကန်တင်း။ အနောက်ဖက် အပေါက်နားမှာ ဓနိမိုး လက်ဖက်ရည်တဲ ဆိုင်လေးက ထပ် ရှိသေးသည်။


ကျောင်းတက်လို့ လေးလလောက်ရှိပြီး လူရည်လည်လာတော့ ကဗျာစာအုပ် ထုတ်မည် ဆိုပြီး ကျွန်တော်က ဦးဆောင်ပြီး ကဗျာတွေ လိုက်စုသည်။ ကဗျာတွေ စုနေတုန်း ဌာနမှူးက ဘယ်လို သိသွားသည်မသိ။ ကျောင်းနာမည် မတတ်ဖို့။ ကိုယ့်ဘာသာ ထုတ်ဖို့။ ဖြစ်လာရင် ကိုယ့်ဘာသာ ရှင်းဖို့ ပြောသည်။ကျွန်တော်တို့အဖွဲ့လည်း ကိုယ့်ဘာသာ ဆက်လုပ်ကြသည်။ ကဗျာစာအုပ်လေးက သပ်သပ်ရပ်ရပ်လေးတော့ ထွက်လာသည်။ မှတ်မိသေးသည်။ စာအုပ်နာမည်လေးက မြက်ရိုင်းပြတိုက်။ ကျွန်တော် ရည်ရွယ်ထားတဲ့ တစ်ယောက် အတွက်တောင် ဥပက္ခာတစ္ဆေ ဆိုတဲ့ ကဗျာလေး ထည့်ဖြစ်သည်။ စာအုပ်လေးတွေ လိုက်ရောင်းရတာ ပျော်စရာ။ ကန်တင်းမှာ ကောင်မလေးတွေ သုံးလေးယောက် ခပ်အေးအေးပုံစံလေးတွေ ထိုင်နေတာမြင်ရင် ဝင်ထိုင်ပြီး ရောင်းသည်။ ဝယ်ကြသည်..ကြောက်လို့ ထင်သည်။လမ်းမှာတွေ့သမျှ လိုက်ရောင်းသည်။တချို့ကို အလကား လိုက်ပေးသည်။ စာအုပ်ကလေး နှစ်ရာက လူလေးရာလောက် ရှိတဲ့ကျောင်းလေးမှာ တစ်ပတ်လောက်နှင့် ကုန်သွားတော့ အားလုံး ပျော်နေကြသည်။ဒုတိယနှစ် တတိယနှစ်ကျတော့ Mechanical ကလူတွေကို ရှေ့ကလုပ်ခိုင်းပြီး ဝင်ပဲရေးတော့သည်။ သူတို့က အဖွဲ့ ပိုတောင့်သည်။

ဟိုရက်ကမှ စကားစပ်မိတော့ စိတ်၏ စေရာနာခံတဲ့ ကိုမိုးမြင့်တိမ်ကြီးကလည်း EGTI မှာ တစ်Batch ထဲတက်လာတာ။ အခု ဘလောဂ့်ရေးတော့မှ သိကြသည်။ ကျောင်းမှာတုန်းက တစ်ယောက်ကို တစ်ယောက်မသိ။ ယောက်ျားချင်းမို့ ခပ်ပါးပါး ဖြစ်လိမ့်မည်..:P ။YTU မှာလည်း Evening Diploma ဖွင့်တော့ အထက်ကျောင်းတုန်းက သူငယ်ချင်းတွေက အဲဒီမှာ။ ကြို့ကုန်းနှင့် ပြည်တော်သာက နီးနီးလေး။ သူတို့တွေက Valentine’s ဆို ပုံမှန် အချစ်ကဗျာလေးတွေ စုထုတ်ကြသည်။ ကဗျာ လာတောင်းကြသည်။ စာအုပ်ထွက်ရင် လက်ဆောင် လာပေးသည်။


နောက်တော့ ဆယ်တန်းအမှတ်နှင့် ဖြတ်သည့် YTU ကျောင်းတော်ကြီးက တက်ဖို့ အခွင့်အရေးရလာသည်။ ဆရာမောင်စိန်ဝင်းတို့ ဆရာနွမ်ဂျာသိုင်းတို့ရဲ့ စာတွေ ဖတ်ထားပြီး စိတ်ကူးယဉ်ထားသည့်ကျောင်းကြီး။ မေတ္တာပေါင်းကူးတို့ နွေးအေးတို့မှာ သွားသွားထိုင်ကြည့်ဖူးသည်။ ငယ်ငယ်ထဲက ရူးခဲ့ရသည့် ကျောင်းကြီးထဲမှာ တက်ခွင့်ရပြီ ဆိုပြီး အလွန်ပျော်နေမိသည်။ တကယ်ကတော့ မဟုတ်။ ခင်လို့နောက်တာ ဆိုသလို။ တက်တော့ တက်ရသည်.။ ၂၀၀၀ခုနှစ် မှော်ဘီ GTC မှာ။မှော်ဘီကျောင်းရောက်တော့ ပထမနှစ်မှာပင် ကိုမင်းခက်ရဲ(အခုနောက်ပိုင်း သူ့စာပေဆောင်းပါတွေ စံပယ်ဖြူမှာ အတွေ့များသည်။) ကိုမင်းတစေ (အခုဘလောဂ့်ဂါ)တို့က စာကြည့်တိုက်ကလေး လုပ်ကြသည်။ ကိုယ့်အင်ကိုယ့်အား လုပ်ကြတော့ Engineering စာအုပ်တွေ သိပ်မထားနိုင်။ သုတ ရသစာအုပ်လေးတွေ များသည်။ စာခြောက်ရုပ် ပေးစာ(၁) ဆိုပြီး ကဗျာစာအုပ်လေးလုပ်တော့ ဝင်ရေးဖြစ်သည်။သူတို့က ဘုတ်ကလေးတစ်ခု ထောင်ပေးထားသည်။ နံရံကပ်စာစောင်လေးတွေ လုပ်ကြသည်။ မှော်ဘီကျောင်းမှာ လုံးဝမပျော်။ တစ်ယောက်ကို တစ်ယောက် ပျော်အောင် ထားကြရင်း နှစ်နှစ် နေခဲ့ရသည်။နောက်တော့ ၂၀၀၁ မှာ လှိုင်သာယာကျောင်းကို တတိယနှစ်မှ စတက်ရသည်။မြို့ပြင် လယ်ကွင်းထဲက နှစ်ထပ်ကျောင်းဆောင် ယဉ်ကျေးမှုသက်သက်။ဒါပေမယ့် ကိုမင်းခက်ရဲတို့ကတော့ အနုပညာအပင်လေးတွေကို လေပြင်းနေပြင်းတွေအောက်မှာ နွမ်းမသွားအောင် အတတ်နိုင်ဆုံး ပြုစုသည်။ ကဗျာလေးတွေ ဆောင်းပါးလေးတွေ စုပြီး ထုတ်ဖြစ်ကြသည်။ ဒဂုံတက္ကသိုလ်နှင့် လှိုင်သာယာ YTU က တစ်နေရာစီ။ ဒါပေမယ့် ရောက်အောင်သွား လှည်းတန်းလိုနေရာမျိုးလေးတွေမှာ ဆုံပြီး စာအကြောင်းတွေ ပြောကြ..ကဗျာစာအုပ်တွေ ထုတ်ကြ။ ကိုယ့်နှင့်ဘာမှမဆိုင်သည့် မိန်းထဲမှာ သွားထိုင်ကြနှင့်။ ရသေ့လေးတွေ စိတ်ဖြေကြသည်။Valentine’s ဆိုလည်း ထုံးစံအတိုင်းစာအုပ်လေးတွေ လုပ်ကြ။ရွာသာကြီးက စီးပွားရေးတက္ကသိုလ်၊သန်လျင် GTC ထိ စာအုပ်တွေလိုက် ရောင်းကြသည်။အားလုံးက ခင်ခင်မင်မင် နွေးနွေးထွေးထွေး ဆက်ဆံကြသည်။ မမောနိုင် မပန်းနိုင်ကြ။တစ်နေရာဆီ ရောက်နေကြပေမယ့် ကဗျာသည်လေးတွေက စုစုစည်းစည်း။ မုန့်ဖိုးလေးတွေ စု ကဗျာကလေးတွေစု ရှုံးတဲ့အခါရှုံး မြတ်တဲ့အခါမြတ်နှင့် ကဗျာစာအုပ်ကလေးတွေထုတ် ရောင်းကြသည်။ ပိုက်ဆံမရပေမယ့် ပျော်ကြသည်။


ကျောင်းတွေထဲမှာ ကဗျာသည်လေးတွေက ကျွန်တော့်တိုက မမွေးခင်ထဲက ရှိပေမည်။ ကျွန်တော်တို့လည်း ကဗျာသည်လေးတွေ လုပ်ခဲ့သည်။ နောက်ထပ် ညီငယ်ညီမငယ်လေးတွေလည်း ကဗျာသည်လေးတွေ လုပ်ကြဦးမည်။ကဗျာသည်လေးတွေကတော့ ကျောင်းတွေထဲမှာ ခေတ်အဆက်ဆက် စိမ်းလန်းစွာ ရှင်သန်ပေါက်ရောက်နေပါလိမ့်ဦးမည် ဟု ကျွန်တော် ယုံပါသည်။

လင်းဒီပ

၁၆.၃.၀၉

Saturday, March 14, 2009

လေလွင့်ကဗျာ

ချစ်တယ်ဆိုတဲ့ စကားကြားလိုက်ရတိုင်း
Password တစ်ခု ဒါမှမဟုတ် ငါ့ကိုဖွင့်တဲ့သော့…

အိပ်ရာအမျိုးမျိုးလည်း ပြောင်းအိပ်ခဲ့ပြီးပြီ
အကောင်းလို့ သူတို့ပြောတာရော
ဖြစ်သလို အိပ်စက်ခဲ့တာကော
ကြာလာတော့
တစ်လောကလုံးမှာ ငါ့အိပ်ရာတွေပါပဲ
ဘာများ “ထူးခြားအိပ်မက်” ရှိခဲ့လို့လဲ ။

စားခဲ့မိတယ်
သောက်ခဲ့မိတယ်
မထယ်မဝါ
ငယ့်ဘဝလမ်းဘေးဆိုင်လေးတွေထဲမှာ
အများကြိုက်
သာယာမိတဲ့ စားပွဲသောက်ပွဲ ခန်းမကျယ်တွေမှာ
“အကောင်းဆုံး“ဆိုတာ မစားဖူးသေးတာ အသေအချာ ။

အနမ်းတွေကလည်း အမျိုးစုံပေရဲ့
နှုတ်ခမ်းတွေက စကားအလင်္ကာ အစုံဖွဲ့
ရင်ခွင်တစ်သောင်း ခိုလှုံခဲ့ပြီးတဲ့နောက်
ငါလည်း ရင်ခွင်တွေ မမှတ်မိတော့ဘူး ။

ငါ ပါးပေါ်ဖြတ်တိုက်သွားတဲ့လေရဲ့ ရိုးသားမှုမျိုး
ငါဆင်းလို့ တံခါးကို ဒိုင်းကနဲ ဆောင့်ပိတ်လိုက်တဲ့ ကားပေါ်မှာလည်းမတွေ့ခဲ့ဘူး..
အမှောင်ထဲမှာ ခပ်ရဲရဲ လင်းပေးနေတတ်တဲ့ နှင်းကွဲမီးတွေရဲ့ ဘဝခံယူချက်က
ငါ့ထက် ပိုပြတ်သားသလားတော့
တခါတလေ ရှာရှာဖွေဖွေ တွေးဖူးတာလည်း ရှိတော့ရှိတယ် ။

ကန့်လန့် မနေတော့ဘူး ရေစီးအတိုင်း လိုက်ခဲ့တယ်
(အခု) ခေတ်ရဲ့ ကျောပိုးအိတ်ကလေး
(မနက်ဖြန်) အချိုကုန်သွားမယ့် chewing gun
နောက်တော့လည်း ချောင်တစ်ချောင်မှာ ငါလိမ္မာလိုက်မှာပေါ့ ။
ဘာတွေများပိုထူးလို့လဲကွယ်
လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။
လင်းဒီပ
၁၄.၃.၀၉

Tuesday, March 10, 2009

အိမ်ပြေးလေး

(၁)

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။

(တာရာမင်းဝေ)

(၂)

ကျွန်တော်သည် အဝေးကြီးကို ထွက်ပြေးသွားသည်။ အဝေးမှာ လယ်ကွင်းတွေရှိသည်။ တောင်တန်းတွေရှိသည်။ နောက် စပါးခင်းတွေ လှည်းတွေ ..ငယ်ငယ်က အကျွမ်းတဝင်နေခွင့်မရတဲ့ ရှုမျှော်ခင်းတွေ..။ ကျွန်တော် မြင်တွေ့နေကျ မြင်ကွင်းတွေနဲ့ ဝေးရာ။ ထန်းတောတွေ ကိုတွေ့သည်။ မြေနီလမ်းကလေးတွေ ကိုတွေ့သည်။ သနပ်ခါး ပါးကွက် ကျားကျားကြီးတွေနှင့် အညိုရောင်မျက်နှာတွေ၊ အသံဝါဝါတွေ.. ကွမ်းချိုးတွေနဲ့ သွားတွေကို မရှက်တမ်းပြပြီး အားရပါးရ ရယ်တတ်သူတွေ နှင့် တွေ့သည်။


အဝေးမှ မေမေက လှမ်း ဖုန်းဆက်သည်။ သား အဆင်ပြေရဲ့လား…ဟုတ်ကဲ့ သား ပျော်နေတယ်။ အင်းလေ မင်းတို့တွေက ကိုယ့်အိမ်မဟုတ်တဲ့ နေရာမှန်သမျှ ပျော်တာချည်းပါပဲ…နောက်မေမေ ဖုန်း ပြန်ချသွားသည်။ မေမေကို ဖုန်းလှမ်းဆက်တိုင်း ကျွန်တော်တွေ့တဲ့ လယ်ကွင်းတွေအကြောင်း သောက်ဖြစ်တဲ့ မလိုင်များများ နွားနို့ဖန်ခွက်တွေအကြောင်း နဲ့ ဒေသထွက် မုန့်တွေအကြောင်း ပြောဖြစ်သည်။ မြန်မာမုန့်တွေကို သား မက်မက်စက်စက် စားတတ်နေပြီမေမေ။ မေမေ ဖုန်းထဲက ရယ်သည်။ ငါ့သား ခုမှ တောသား ပြန်ဖြစ်သွားတာကိုး။ တောသူမလေးကော တွေ့နေပြီလားဟေ့။ မေမေ မေးခွန်းကို ပြန်မဖြေ။ မျက်စိထဲမှာ ညို့မျက်နှာလေး မြင်ယောင်သည်။ ပွဲတော်ရက်တွေ မှာ ဆီကြော်မုန့်တွေ ကောင်ညင်းပေါင်းတွေ ရေမုန့်တွေစားရင်း ကျွန်တော် ပျော်တတ်နေပြီမေမေ။ မြို့ကလေးရဲ့ ပြင်မှာ ဆုတောင်းပြည့်ဘုရားလေးရှိသည်။ လေကညင်းညင်း… ဆည်းလည်းသံလွင်လွင် အသား အနည်းငယ် ညိုသောညို… ရန်ကုန်ပြန်ရောက်ရင် ကိုယ် မေ့သွားမှာပါနော်။ ညို့ကို ကျွန်တော်ပြုံးကြည့်နေမိသည်။


မေမေက တခါတလေ ရယ်ရသည်။ သူဖုန်းခေါ်လို့ရရက်သားနဲ့မခေါ်။ သား မင်း စခေါ်ရမလား ငါ စခေါ်ရမလား လုပ်တတ်သည်။ တကယ်ကတော့ ဖုန်း,မလိုက်ရင် “ဟယ်လို” ဆိုတဲ့ ကျွန်တော် အသံလေးကို သူ စကြားချင်တာပါ။ အိမ်နဲ့အဝေးကို အမြဲထွက်ပြေးချင်တဲ့ အိမ်ပြေးလေး ကတော့ အိမ်မှာဘယ်တော့မှ မနေ။ နောက်တော့ ကျွန်တော် နောက်ထပ် တနေရာကို ထပ်သွားချင်လာသည်။ မေမေကို ပြောပြသည်။ ဒီတခါ ကျွန်တော်သွားမှာ ပိုဝေးတယ်မေမေ။


ဒါဆို အိမ်ကို တခေါက်ပြန်လာခဲ့ဦး။။ နောက်တော့ မေမေက ကျွန်တော့်ကို မြန်မာဆိုတာ ဘယ်တော့မှ မမေ့ဖို့ဆိုတဲ့ စကားကို တစ်ခွန်းတစ်ပါဒမှ မပြောပါဘဲ အမြဲစွဲမှတ်စေမည့် ခရီးတစ်ခုကို သူနှင့်အတူ သွားခိုင်းသည်။ မေမေက တော်လိုက်တာ။

နောက်မေမေ ဆုံးမစကား ဆိုသည်။ ပစ္စည်းဥစ္စာ အမွေပေးတာထက် ပညာအမွေပေးတာက ပိုမြတ်တယ်.။ ပညာအမွေပေးတာထက် တရားအမွေပေးတာက ပိုမြတ်တယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အသိအမြင်လေးတွေ စိတ်ကို ဘယ်လို ငြိမ်းချမ်းအောင်လုပ်ရမလဲ အမှားနည်းအောင် ဘယ်လိုနေထိုင်ရမလဲ မှားခဲ့ပြီးရင် ဘာဆက်လုပ်မလဲ မေမေ ကြုံရင်ကြုံသလို သူ့အနားရှိနေတုန်း အိမ်ပြေးလေးကို သေချာနားလည်လာအောင် ဂိုက်လိုင်းတွေ ချပေးသည်။


အဝေးကြီးကို ထွက်ခွာသွားမယ်ဆိုတဲ့နေ့က မေမေနဲ့ဖေဖေကိုကန့်တော့ပြီး မျက်နှာပြန် အမော့မှာ မေမေ ခေါင်းကိုငုံ့လိုက်သည်။ ခရီးထွက်ခါနီးသားတစ်ယောက်ရှေ့မှာ မေမေ မငိုပါ။ ဒါပေမယ့် ကျွန်တော်စိတ်ကလေး နည်းနည်း စိုစွတ်သွားသည်။ မေမေရွာလိုက်တဲ့ မေတ္တာမိုးရေပါ။ ခွင့်လွှတ်ပါမေမေ အိမ်ပြေးကလေး အဝေးကို ထပ်ပြေးပါဦးမယ်။ဒီတခါ လယ်ကွင်းတွေ..စပါးခင်းတွေ..မြေနီလမ်းတွေဆီမဟုတ်ပါ။ အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့ကောင်က လိုက်ယောင် လိုက်ပါဦးမည်။


မေမေ့ကို ဖုန်းခေါ်သည်။ မေမေ မတွေ့ဖူးတဲ့ အရာတွေ အကြောင်း ပြောပြသည်။ မေမေ မသိတဲ့ အေးစက်စက် မျက်နှာတွေ ကျွန်တော်နှင့် သိပ် သဟဇာတ မဖြစ်တဲ့ ယဉ်ကျေးမှု(ကျွန်တော်ကတော့ တခါတလေ ငကြောင်တွေပါကွာလို့ စိတ်လေလေ ရေရွတ်မိသည်။) တွေအကြောင်း ပြောမိသည်။ မေမေက တစ်ခွန်းပဲ မေးသည်။သား အဆင်ပြေရဲ့လား အဆင်မပြေရင် ပြန်လာခဲ့နော်။ ငွေထက် အရေးကြီးတာတွေ ဘဝမှာ အများကြီး ရှိသေးတယ်။


(၃)

ကျွန်တော်ကတော့ ရုပ်ခံစားချက်အမျိုးမျိုးနဲ့ ဘဝအဓိပ္ပာယ်ကိုလိုက်ရှာနေဆဲ ဖြစ်သည်။ မေမေလည်း ဘဝအဓိပ္ပာယ်ကို ရှာပါသည်။ ကျွန်တော့်လို ရုပ်ခံစားမှုတွေနဲ့တော့ မဟုတ်။မေမေမှာ ကျွန်တော်မသိသော နေထိုင်နည်းတွေ အများကြီး ရှိပါလိမ့်မည်။ ကျွန်တော် မေမေဆီပြန်လာခဲ့ရမလား..ညို့ဆီကိုကော အိမ်ပြန် နောက်ကျနေမလား..။ သိပ်မသိပါ။


ကျွန်တော်မသိတာ တစ်ခုရှိနေပါသည်။တချို့နေရာများတွင် ကျွန်တော့် တွေးပုံမှာ မေမေနှင့်တူပါသည်။ မေမေ

မက်မောသည် အရာတွေ ကျွန်တော် မက်မော နေတတ်သည်။ ထိုစိတ်ကလေးရှိနေကြောင်း တခါတလေ ကျွန်တော်ကိုယ်တိုင်ပင် မသိပါ။


(တပေါင်းလပြည့်နေ့ မေမေ(၅၈)နှစ်မြောက်မွေးနေ့အမှတ်တရ ရေးဖွဲ့ပါသည်။)


လင်းဒီပ

၁၀.၃.၀၉

Sunday, March 8, 2009

အဖေ

ဆရာ စောဘွဲ့မှူးရေးထားတဲ့ “တွန်းလှည်း” ဆိုတဲ့သီချင်းလေးကို စောဘွဲ့မှူးအမှတ်တရ အခွေတစ်ခွေမှာ စနားထောင်ဖူးပါတယ်။ မူရင်း ဘယ်သူ ဆိုမှန်း မသိပေမယ့် အဲဒီအခွေထဲမှာတော့ ကဗျာဘွဲ့မှူးက ပြန်ဆိုထားပါတယ်။ သီချင်းလေးအဓိပ္ပာယ်က ရေခဲချောင်းသည်ကြီးက သူ့သားလေး ငယ်ငယ်တည်းက ရေခဲချောင်းလှည်းလေးနှင့် သူ့သားငယ်လေးကို ခေါင်းလောင်းလေး တီးပြီး ကျောင်း လိုက်လိုက်ပို့ပါတယ်။ ကလေးလေးက အရွယ်ရောက်လာတော့ တွန်းလှည်းလေးနှင့် ကျောင်းလိုက်ပို့တာ ရှက်လာတယ်။ ဒီတော့ အဖေက ကျောင်းနား မရောက်ခင် လောက်ထိပဲ လိုက်ပို့ပြီး ခေါင်းလောင်းလေးတီးပြီး တွန်းလှည်းလေး တွန်း ပြန်သွားတာလေးကို ဖွဲ့ထားတာပဲဖြစ်တယ်။ သီချင်းလေး နားထောင်တိုင်း အဲဒီထဲက ဖခင်တစ်ယောက်ရဲ့ပုံရိပ်ကို မြင်ပြီး ကျွန်တော် နင့်ကနဲ ဖြစ်ဖြစ်သွားပါတယ်။

တကယ်က ဖခင်ဆိုတာ ရထားတစ်စင်းလုံးရဲ့ခေါင်းတွဲဖြစ်တယ်ပါတယ်။တစ်မိသားစုလုံး စည်းမှန်ကမ်းမှန် လမ်းမှန်ဆီ ခေါ်သွားဖို့ ၊ဒီမိသားစုလေး အေးချမ်းပြီး သာယာနေဖို့ အရှေ့ ထွက်တာဝန်ယူထားရတာပါ။ ဒီနေရာမှာ ဖခင်မပီသသော ဖခင်များကို မဆိုလိုပါဘူး။ငယ်ငယ်က အဖေ့အကြောင်း သိပ်မတွေးမိ။ အခြားသားတွေလိုပဲ ကျွန်တော်လည်း အမေ့ကိုပဲ ပိုချစ်ခဲ့ပါတယ်။ အမေ့အခန်းကိုပဲ တွေးမိတာများပါတယ်။ ဖခင်တွေရဲ့သဘောအတိုင်း မိခင်တွေကို တီတီတာတာ မနေတတ်တာကြောင့်လည်း စိမ်းတာဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတော့ အဖေနေရာ ဝင်တွေးကြည့်မိတော့ သိပ်မလွယ်လှပါဘူး။ ပိုနားလည်လာပါတယ်။ အခုလည်း အဖေနဲ့ ပတ်သက်တဲ့ကဗျာလေးတစ်ပုဒ်ကို ကျွန်တော် အမှတ်တရ ချပြလိုပါတယ်။

အဖေ…ကျွန်တော့်ရဲ့အဖေ..သူငယ်ချင်းတို့ရဲ့အဖေ အားလုံးရဲ့ဖခင်တွေအတွက် ရည်ရွယ်ပါတယ်။ထုံးစံအတိုင်း ကျွန်တော့် မှတ်စုစာအုပ်ထဲကပဲ ဖြစ်ပါတယ်။ ရေးတဲ့သူကတော့ လင်းလက်ဇော်(ဥက္ကံ) ပါ။

ဖိနပ်မဲ့ခြေဖဝါးရဲ့ အတ္ထုပွှတ္တိ
နားထောင်စမ်းဟေ့
ခွမ်းကနဲ..ခွမ်းကနဲ ဓားထစ်သံတွေ
ထန်းကနဲ..ထန်းကနဲ ဆောက်ရိုက်သံတွေ
ရွမ်းကနဲ..ရွမ်းကနဲ လွှတိုက်သံတွေ
အဖေဟာ အဖော်စုံတသိုက်နဲ့
လွှတိုက်သစ်ခွဲ
ဗုန်း မဲဇာ တောင်သရက်
လက်ပံနဲ့ ဒီဒူး
မနက်ဖြန်မနက် ခရီးဦးအမီ “ပို့ကုန်”
တုန်မတတ်တိုက်တဲ့ လေထဲ
ခုံဖိနပ်ရိုက်နေဆဲ..။

ခုတ်တဲ့ဓား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်တောင်
ထွင်းတဲ့ဆောက်ပြား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်ဆုပ်
ဓားကို အားကုန်မြောက်
ဆောက်ကို အားကုန်ထစ်
တောသစ်ရိုင်းတွေ
(မကြာခင်)
ခုံဖိနပ်ဖြစ်စေရော့..။

ကြည့်လိုက်စမ်းဟေ့
တစ်ဝမ်းတစ်ခါးအတွက်
ကြက်ခြမ်း ရှားဖြူ
ဖန်ခါး ငှက်ပျောအူ
တောအထူထူမှာ တိုးရှာ
တစ်နပ်စာ တလေလောက်တော့
ပဒတ်စာ အရေသောက်နဲ့ပဲ
အာသာဖြောက်ခဲ့တဲ့ အဖေတို့တတွေ..။

နင်းလိုက်စမ်းဟေ့
ပင်ပန်းဆင်းရဲမှုတွေ တဖြစ်လဲ
မိသားစုအလွမ်းတွေ တဖြစ်လဲ
ချွေးစက်တွေ တဖြစ်လဲ
ဆိုင်ထဲရောက်တော့ “ရောင်းကုန်”
လူစုံ အထပ်ထပ်
မြူမှုန် မကပ်ဖို့
ခြေစုံရပ်က
ရွှေခုံဖိနပ်ပေါ်မှာ..။

အဲဒီ ခုံဖိနပ်တွေပေါ့
ကျွန်တော့်အတွက် ကျောင်းတက်စာအုပ်လည်းဖြစ်သွားရဲ့
ထမင်းဟင်းလည်း ဖြစ်သွားရဲ့
ဒီဇိုင်းစုံ အဝတ်အစားလည်း ဖြစ်သွားရဲ့
ကတ္တီပါခုံမြင့်ဖိနပ်လည်း ဖြစ်သွားရဲ့
(နောက်ဆုံး)
ရုပ်ရှင်ရုံ အမှောင်ထဲမှာ
ကျွန်တော့်ကောင်မလေး အပျင်းပြေဝါးတဲ့
နေကြာစေ့တောင် ဖြစ်သွားသေး။

အဖေလား
လက်ဖဝါး အသားမာတက်
ခြေဖဝါး အသားမာတက်
သစ်သားရှာဖို့ တောင်ပေါ်တက်
ငှက်ဖျား တုန်တုန်တက်
တက်…တက်…တက်
တက်ချင်သလောက်တက်စမ်း
တုန်တက်မတတ် ချစ်တဲ့မိသားစုအတွက်
အသားမာကို ဖိနပ်လုပ်စီး
မေတ္တာခရီးဆက်…။
လင်းလက်ဇော်(ဥက္ကံ)

ပိုစ့်လေးက နည်းနည်း ရှည်သွားပါတယ်။ ဆုံးအောင်ဖတ်ပေးတာ ကျေးဇူးပါ။အဖေကို နောက်ကျမှ ချစ်တတ်လာတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲဖြစ်လာတဲ့ ပိုစ့်လေးပါ။
လင်းဒီပ
၈.၃.၀၉

Friday, March 6, 2009

ကုန်ပစ္စည်းသစ်မိတ်ဆက်

ကျွန်တော် တစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်ကလေးတစ်ခု လုပ်မလို့ပါ။တခြားတော့ မဟုတ်ပါဘူး..ကြေငြာပါ။ ဘလောဂ့် အသစ်ကလေးတစ်ခုကို ကြေငြာချင်လို့ပါ။ ကျွန်တော်ဘလောဂ့်လည်း လွန်ခဲ့တဲ့ ခုနစ်လလောက်ကတော့ ဘလောဂ့်အသစ်စက်စက်လေးပါ။ အခုတော့ ဆေးတောင် အတော်ကွာနေပြီ..(မောင်မျိုး လက်သည်းနဲ့ လာလာခြစ်လို့..:P) အဲဒီအချိန်တုန်းက ကျွန်တော့် အခန်းဖော်က ဘလောဂ့်ဂါတစ်ယောက်ပါ။ ဘယ်သူဆိုတာတော့ မပြောတော့ပါဘူး..တချို့တွေတော့သိတယ်။အဲဒီအချိန်တုန်းက တံငါနားနီး တံငါ ၊ဘလောဂ့်ဂါနားနီး ဘလောဂ့်ဂါဆိုပြီး..

ကျွန်တော်လည်း ဘလောဂ့်ရွာထဲ ရောက်လာပါတယ်။ အခုလို ခုနစ်လလောက် အတိုင်းအတာလေးအတွင်းမှာကို အစ်ကိုတွေ အစ်မတွေ ညီတွေ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း…ကျွန်တော် အရမ်းပျော်နေပါပြီ။ အွန်လိုင်း သူငယ်ချင်းတွေ တိုးလာ..အတွေ့အကြုံအမျိုးမျိုး အတွေးအခေါ် အမျိုးမျိုးကို ဖတ်ခွင့်ရတာ ကျွန်တော်တော့ အရမ်းပျော်နေပြီ။

အခုလည်း ဘလောဂ့်လောကထဲ ဝင်ဖို့လုပ်လာတဲ့ သူငယ်ချင်းအသစ်တစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ။ အဖြူရောင်အိမ်လေးတစ်လုံးဆိုတဲ့ ဘလောဂ့်လေးပါ။ အိမ်ရှင်ကတော့ မင်းအိမ်ဖြူပါ။ သူလည်း စာစုံလေးတွေ ရေးနေတာတော့ ကျွန်တော် သွားဖတ်လို့ တွေ့ရပါတယ်။ သူ့အိမ်ကလေး စိုစိုပြေပြေဖြစ်အောင် ကျွန်တော်တို့ သွားလည်ကြရအောင်ဗျာ။ သေချာပါတယ် သူငယ်ချင်းညီအစ်ကို မောင်နှမတွေ ပျော်မှာပါ။ ကျွန်တော့်ကို ခင်သလို သူ့ကိုလည်း ခင်ပေးကြပါလို့။

အားလုံးကိုလေးစားခင်မင်စွာ

လင်းဒီပ

၆.၃.၀၈

Thursday, March 5, 2009

ပန်းမဲ့လိပ်ပြာ

(၁)

“သောက်နေပြန်ပြီလား ဒီဆေးလိပ်တွေက”

အသံနဲ့လက်နဲ့က တချိန်တည်း။ အသံစူးစူးလေးကို ပန်းနုရောင် ဆောင်းဗောက်စ်လေးမှ ထွက်လာပြီး လက်သွယ်သွယ်လေးများက လတ်ကီးစတရိုက်(Lucky Strike) ဆေးလိပ်လေးကို ကျွန်တော့်ပါးစပ်က ဆွဲထုတ်လိုက်တယ်။ ကျွန်တော် မော့ကြည့်လိုက်တော့ ပန်းနုရောင်လမင်းလေးက နွေရာသီရဲ့ အိုက်စပ်စပ် လက်ဖက်ရည်ဆိုင်လေးထဲမှာ လင်းနေတယ်။ အဲလို အရေးယူမှု လှလှလေးအောက်မှာ ကျွန်တော် လက်နက်ချလိုက်တယ်။ခုအချိန်မှာ ကျူရှင်ဆင်းရင် ဘောလုံးကန်ဖို့ ချိန်းထားတာလည်း မေ့သွားပြီ။အိမ်ကို စာထည့်ဖို့လည်း မေ့သွားပြီ။

“ဘာလို့ကျူရှင်မတက်ဘဲ ဒီမှာ ဆေးလိပ်လာသောက်နေရတာလဲ”

“နင်က ငါကို အဖြေမပေးလို့”

“အောင်မယ်…အခုမှ ဆယ်တန်းတောင် မအောင်သေးဘူး..

ရည်းစားထားချင်ရတာနဲ့ ကျူရှင်လစ်ရတာနဲ့ ဆေးလိပ်သောက်ရတာနဲ့..အတော်ဟုတ်နေတယ်..”

“တစ်ယောက်တည်းထားချင်တာပါ”

ကျွန်တော်က ပြုံးစိစိနဲ့ပြောလိုက်တော့ ပန်းနုရောင်လမင်းလေးက ပြုံးလိုက်တယ်။ကျွန်တော် ချစ်နေလို့လားတော့မသိဘူး သက်ထား ခုနောက်ပိုင်း ပိုပြီး လှလာတယ်။

“နင် အရမ်းလှတာပဲ သိလား”

ဆိုင်က အပြင်ဘက်မြက်ခင်းပေါ်က ထောင့်ခုံလေးမှာ ရွေးထိုင်မိတော့ စကား လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။သက်ထားက ဘာမှ ပြန်မပြောဘူး။ အင်း..ဘာမှ မပြောပဲ စေ့ထားတဲ့နှုတ်ခမ်းလေးက ပိုလှနေသလားလို့။ဒါကြောင့် ပညာရှိတစ်ယောက်က မိန်းမတွေ စကားမပြောတဲ့အခါ ပိုလှတယ်လို့ ပြောတာဖြစ်မယ်။

“ငါ နင့်ကို သူငယ်ချင်းလိုပဲ ခင်လို့ ရတယ်ဟ”

“ဘာလို့”

“ပိန်လို့”

“မနောက်စမ်းနဲ့ သက်ထားရယ်”

“မနောက်ပါဘူး အောင်ဘုရယ်”

“အာ”

ကျွန်တော့်ကို အောင်ဘုလို့ခေါ်ရမှ သူက အားရတယ်လေ။နာမည်ရင်း သုခကျော် ဆိုတာတောင် သူနဲ့တွေ့ရင် မေ့နေတယ်။

“နင်က ဘယ်လို ပုံစံမျိုးမှ ရွေးချင်တာလဲ”

“အပေါင်ဆုံး”

“အာ..ချစ်သူကိုပြောနေတာ”

“အင်း…အာနိုးတို့ ဗန်ဒင်းတို့လိုမျိုး”

ပြီးတော့ သူ့စကားသူ သဘောကျပြီးရယ်နေတယ်။ပန်းကလေးတွေ ရယ်ရင် ဝန်းကျင်တစ်ခုလုံးမွှေးသွားတယ်။ရိုးတံလေးလှုပ်ရမ်းသွားအောင်ကို ရယ်လိုက်တာ။

(၂)

ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ကျွန်တော်ကလည်း မွေးရပ် မြစ်ဝကျွန်းပေါ်မြို့လေးကို ပြန်လာတယ်။သက်ထားကတော့ ရန်ကုန်သူဆိုတော့ ရန်ကုန်မှာပဲ ကျန်ခဲ့တယ်။ သူငယ်ချင်းဘဝ မတင်မကျနဲ့ပဲ တနယ်စီဆိုတော့ အနေမနီးတော့ဘူး။ရန်ကုန်ပြန်လာ ကျောင်းတက်ရင်း အလုပ်လုပ်မယ်လို့ စိတ်ကူးပေမယ့် အိမ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို အဖေလေဖြတ်ပြီး မဦးစီးနိုင်တော့တဲ့ နောက်ပိုင်း ကျွန်တော်ပဲ ဦးစီးလုပ်ကိုင်နေဖြစ်တယ်။တခါတလေဆို ဘာမှ မဆိုင် သင်္ဘောကိစ္စ..ကုန်ကိစ္စတွေလုပ်ရင်းလည်း သက်ထားအပြုံလေးတွေ သတိရနေတတ်တယ်။ ကိုယ့်ရည်းစားလည်းမဟုတ် အခုလောက်ဆိုရည်းစားတွေ ဘာတွေရနေရောပေါ့လို့ ဖြေပေမယ့်လွမ်းတာက လွမ်းတုန်းလေ။

တခါတရံတော့ ဖုန်းဆက်ဖြစ်ပါတယ်။စကားပြောရင်းနဲ့ တခါတလေလည်း နင် ဝလာပြီလား လို့နောက်တတ်သေးတယ်။ သက်ထားကတော့ ခပ်ပျော်ပျော်ပါပဲ။ ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီးပဲ။ဒါပေမယ့် ချစ်စကား ဆိုရင်တော့ ဘယ်တော့မှ လက်မခံဘူး။ အပြောင်အပျက် လုပ်ပစ်တာချည်းပဲ။သူနဲ့နှစ်နှစ်လောက်ဝေးနေတဲ့ အချိန်မှာ ကျွန်တော်က အဝေးသင် တက်နေတယ်။ သက်ထားကတော့ ရန်ကုန်မှာ သင်တန်းပေါင်းစုံ တက်နေတယ်လို့တော့ကြားတယ်။ နိုင်ငံခြား တက္ကသိုလ်တစ်ခုလည်း လျှောက်ထား သေးတယ်တဲ့။ ကျွန်တော်ကတော့ အိမ်အလုပ်တွေနဲ့ချာလည်ရိုက်နေ ရန်ကုန်ကို ခဏတစ်ညနှစ်ညလိုရောက်တတ်ပေမယ့် သက်ထားနဲ့ တခါမှ မတွေ့ဖြစ်ဘူး။ တွေ့ချင်တော့လည်း ဆူးလေမှာသွားဆုံပါတယ်။ အဖေအတွက် ဆေးတွေဝယ်ပြီး သင်္ဘောမထွက်ခင် အချိန်စောတာနဲ့ စာအုပ်တန်းတွေ မွှေနေတုန်း နောက်ကနေလှမ်းအော်တာ။

“ဟဲ့..အောင်ဘု”

အရင်လိုပဲ ကဗျာမဆန်အောင် ခေါ်တတ်တုန်းလေ။ အခုတော့ ငြိမ်ငြိမ်လေး လှနေတယ်။

“တစ်ခုခု စားပါဦးလား..ငါ ကျွေးချင်လို့ပါ။”

“အေးပါ တော်သူဌေးလေးရယ်..ငါကလည်း စားချင်ပါတယ်”

နောက်တော့ ကျွန်တော်တို့ လမ်းလျှောက်ရင်း ဆူးလေးနားက ဆိုင်တစ်ဆိုင်မှာပဲ စကားပြောဖြစ်ပါတယ်။

“နင် ရည်းစားရနေပြီလား”

“ဟင်အင်း..နင့် အဖြေ မျှော်နေတုန်း”

“အောင်ဘုရယ် နင်ကလည်း ရူးလိုက်တာ ..နင်နဲ့ ငါနဲ့ မတွေ့တာ ဘယ်လောက်ကြာပြီလဲ..

ဒီပုံက ဒီပုံ..ဝလာအောင်တော့ မလုပ်ဘူး…ဝ မလာဘဲနဲ့များ ရည်းစားစကား ပြောရဲသေးတယ်။”

“နောက်မနေစမ်းပါနဲ့ သက်ထားရယ် … နင်ကော ရည်းစားတွေ ဘာတွေ ရှိနေပြီပေါ့”

“သုံးယောက်တော့ ထားပြီးသွားပြီဟ…တစ်ယောက်မှ ငါစိတ်တိုင်းမကျဘူး..

နင်ကို လည်း ငါစဉ်းစားတော့ စဉ်းစားကြည့်ဖူးတယ်..ဒါပေမယ့် စိတ်ထဲမှာ သူငယ်ချင်းထက် ပို ခံစားလို့ကို မရဘူး…

ဒီတော့ ရာထူးမတက်ချင်စမ်းပါနဲ့ဟာ..ဒီရာထူးနဲ့ နှစ်တိုးတွေ အများကြီးခံစားခွင့်ပေးမယ် ဟုတ်ပြီလား..

“ငါကတော့နင့်ကို ချစ်နေတုန်းပဲ..ဘယ်တော့မှ မပြောင်းလဲဘူး”

ကျွန်တော် အသေအချာလေးပြောလိုက်တော့ သက်ထား နည်းနည်း တွေသွားတယ်။

“အဲဒီ အချစ်ဆိုတာကြီးကို ငါမတွေ့သေးဘူးဟာ..ငါ လည်းတွေ့ဖူးချင်တယ်..

ဘာပဲဖြစ်ဖြစ် နင့်ကို ပြန် မချစ်နိုင်တာတော့ စိတ်မကောင်းပါဘူး…

“ငါလည်း ရှေ့လထဲတော့ ကျောင်းသေချာရင် ထွက်ဖြစ်လိမ့်မယ်ထင်တယ်”

“ကောင်းတာပေါ့…တကယ်လို့ ထပ်မတွေ့ဖြစ်တော့ရင်လည်း မှတ်ထားပေးပါဟာ။ မြန်မာပြည်မှာ နင့်ကို အရမ်းချစ်တဲ့ကောင်လေးတစ်ယောက် ရှိသေးတယ်လို့”

“ဟား..ဟား..အောင်ဘုရယ် ..နင်ဟာလေ ခုထိစိတ်ကူးယဉ်တုန်း...ကလေးစကားတွေ သိပ်ပြောတာပဲ”

နောက်တော့ ကျွန်တော်တို့နှစ်ယောက် ညနေစောင်းမှာလမ်းခွဲလိုက်ပါတယ်။

(၃)

သဘောင်္ပေါ်တက်တော့ ရန်ကုန်ညနေ လေညင်းရယ် ဝင်တော့မယ့်နေရောင်ရယ်လေ..

လူတစ်ယောက်က လူတစ်ယောက်ကို အရမ်းချစ်နေမိပြီး..နောက်တစ်ယောက်က တော့ ရင်ခုန်လို့မရတာ ဘယ်လိုနောက်ပြောင်မှုတွေပါလိမ့်။ ကျွန်တော့်လို ချစ်ရုံပဲ ချစ်တတ်ပြီး…အချစ်ခံရအောင် မနေတတ်တဲ့ ရင်ခုန်အောင်မလုပ်တတ်တဲ့ လူတစ်ယောက် ကတော့ မြစ်တစ်စင်းထဲမှာ ချစ်ခြင်းတွေနဲ့ လူးလာခေါက်ပြန်လို့ပေါ့။

လင်းဒီပ

၅.၃.၀၉

Monday, March 2, 2009

ချစ်ရတာပျော်တယ်( အပင်ကလေး)

ကိုယ့်သီချင်းပါပဲ
ဘယ်သူ့ ပါးစပ်ဖျားပေါ်တင်တင်..

ကိုယ်မျက်စိအောက်မှာ ကြည့်ရင်းငေးရင်း
ကိုယ့်တစ်ရပ်စာ ကျော်သွားတဲ့သစ်ပင်ပျိုလေး
အရိပ်လည်းမခို အခက်လည်းမချိုးဘူး..
ချစ်ရတာပျော်တယ်
လွမ်းရတာပျော်တယ်..

ဘယ်အရပ်ကို လှည့်လှည့်
ဘယ်သူ့အတွက်ရွယ်ရွယ်
ဘယ်လိုအရောင် ပန်းတွေပွင့်ပွင့်
ရနံ့လေးတွေ ခိုးရှိုက်ရင်း ချစ်ရတာ ပျော်တယ်..
ဘယ်လိုသစ်သီးတွေ သီးပေးဦးမှာလဲ
အဘယ် သကောင့်သားကို လက်ဆောင်ပေးဦးမှာလဲ…

တစ်ခြံတည်း အတူကြီးခွင့်ရတာ
တစ်မြေတည်း အတူနေခွင့်ရတာ
တစ်ရေတည်း အတူသောက်ခဲ့ကြတာ
(ကိုယ့်လောက်)
ဘယ်သကောင့်သားကများ ကံကောင်းခဲ့လို့လည်းကွယ်။
လင်းဒီပ
၂.၃.၀၉