Sunday, March 22, 2009

ဝါသနာသစ်ပင်

ဝါသနာဆိုတာ ထပ်ထပ်ခါခါ လုပ်ချင်နေသော အကျင့်တစ်ခုဟုထင်ပါသည်။ ငယ်ငယ်က မိုနိုပိုလီကစားနည်းကို မသိခင်က ကျွန်တော့်မှာ ဝါသနာတစ်ခုရှိသည်။ စာရွက်တွေကို ဆက်ပြီး စက္ကူမြေပုံ အကြီးကြီး လုပ်သည်။ မြေပုံပေါ်မှာ စက္ကူနှင့် ပြုလုပ်ထားသည့် လူနေအိမ်တွေ စာသင်ကျောင်းတွေ ဆေးရုံတွေ ရဲဌာနတွေ ကားတွေ လူတွေ လုပ်ပြီး ထည့်သည်။ မြို့လေးတစ်မြို့ ဖြစ်လာသည်။ စက္ကူပေါ်ကမြို့ပေါ့ ။ Landscape တွေ ဘာတွေ သိလို့မဟုတ်။ ဒါပေမယ့် ကလေးတစ်ယောက် စိတ်ကူးနှင့် မြို့ကွက် ချကြည့်သည်။ နောက်တော့ မိုနိုပိုလီ ကစားနည်း ရှိမှန်းသိတော့ ကိုယ့်လုပ်တာတွေနှင့် နည်းနည်း ဆင်နေသည်။ အဲဒီ ကစားနည်းကို ပျော်သွားသည်။ ဟော်တယ်တွေ ဆောက်ရတာ အိမ်တွေဆောက်ရတာ လျှောက်လည်ရတာ.. အရင် ကစားဖူးသည့် မြွေကစားနည်းထက် ပျော်စရာ ပိုကောင်းသည်။ တခါတလေ ကိုယ်ဘာသာ စက္ကူမြေပုံပေါ်မှာ မြို့ကွက်ချပြီး ကစားဖြစ်သလို မိုနိုပိုလီကိုလည်း သူငယ်ချင်းတွေ အိမ်ခေါ်ပြီး ကစားဖြစ်သည်။ဒီတုန်းက မူလတန်း အလယ်တန်းအရွယ်။

နောက်တော့ တဖြည်းဖြည်း စာအုပ်လေးတွေ ဖတ်တတ်လာ စိတ်ကူးလေးတွေ ဟိုဒီ ပြေးတတ်သည့် အရွယ်ရောက်တော့ စဖတ်ဖြစ်တာ မောင်စိန်ဝင်း(ပုတီးကုန်း) စာအုပ်လေးတွေ ။ ပထမဆုံး စဖတ်ဖူးတာ မောင်စိန်ဝင်း၏ ခြွေရက်ပေ့ ပုလဲညှာရယ် ထင်သည်။ ချစ်သူကို အရမ်းချစ်ပေမယ့် စက်ရုံမှာ မတော်တဆ တစ်ခုဖြစ်ပြီး မျက်လုံးကွယ်သွားသည့် အင်ဂျင်နီယာလေးက သစ္စာမရှိတဲ့ ယောက်ျားတစ်ယောက်လို့ သူ့ချစ်သူ အထင်လွဲအောင်လုပ်ပြီး ဇာတ်သိမ်းထားသည့် ကြေကွဲဖွယ် ဇာတ်လမ်းလေး။မောင်စိန်ဝင်း၏ အဖွဲ့အနွဲ့လေးတွေ ကဗျာလေးတွေ ကို သဘောကျသွားသည်။
“တကယ်မဝေးပေမယ့်
စံပယ်လေးတွေ ခြောက်ပြီမေ..
မခေါ်သာ အတွေ့ခက်
နေ့ရက်တာရှည် ”ဆိုတဲ့ မောင်စိန်ဝင်းကဗျာလေးတွေ။
ကိုယ်တိုင်လည်း ရေးကြည့် သူငယ်ချင်းတွေကို ပြကြည့်သည်။ ကဗျာလေးတွေ သဘောကျတာ ရေးကြည့်ချင်တာ အဲဒီ ဝါသနာလေးက အထက်တန်း ကျောင်းသားဘဝတွင် စခဲ့သည်။ အလွမ်းရုပ်ရှင်တွေ အလွမ်းသီချင်းတွေကို သဘောကျခဲ့တာလည်း ဝါသနာလို့ပင် ပြောရမလားတော့ မသိ။ ဥပမာ “မျက်ဝန်းထဲမှာ မိုးတွေ ရွာနေပြီညို”လို ရုပ်ရှင်မျိုးကို အရမ်းကြိုက်ခဲ့သည်။စာပေအနုပညာကို စိတ်ဝင်စားတာ ဒုတိယ ဝါသနာလို့ထင်ပါသည်။

ဆယ်တန်း အောင်တော့ ငယ်ငယ်တည်းက စက္ကူမြို့လေးတွေ ဆောက်တဲ့ကောင်က အင်ဂျင်နီယာပဲ လုပ်ချင်သည်။ ဖေဖေက Electrical & Electronics လိုင်းကို သဘောကျသည်။ ကျွန်တော်က Civil ဖြစ်ချင်သည်။ နောက်တော့ Electronics ကို ရွေးဖြစ်သည်။ ဒါပေမယ့် ရင်ထဲက စက္ကူမြို့လေးတွေက ပျောက်မသွား။ ဆောက်လုပ်ရေး အလုပ်တွေကို သဘောကျသည်။ ကျောင်းတွေပြီးလို့ အလုပ်တွေ လုပ်ကြတော့ ကံကောင်းစွာ ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုမှာ အလုပ်ရသည် ။အဆောက်အဦးတွေရဲ့ Electrical အလုပ်တွေ လုပ်ဖို့ Electronics သမားကို ရွေးလိုက်သည် ။Interviewer (နောင်တွင် ကျွန်တော့်ဆရာဖြစ်လာသူ)က မင်းက Electronics ဖြစ်နေတယ်။နောက်ပြီး Experience မရှိဘူး ဆိုပေမယ့် မင်းကို သဘောကျတယ် လို့ဆိုပြီး ခန့်လိုက်သည်။ အလုပ်က နယ်မှာ လုပ်ရမှာ ။ ပျော်လိုက်သည် ဖြစ်ခြင်း..ပထမဆုံး Construction Drawing တွေ ကိုင်ရတာ ဖတ်ရတာ။ အဲဒီလိုနဲ့ Civil Engineer ဖြစ်မလာပေမယ့် Construction Industry မှာ ကျင်လည်ခွင့်ရတဲ့ Electrical Engineer ဖြစ်လာခဲ့သည်။ ငယ်ငယ်က စက္ကူမြို့လေးကို အခု ကိုယ်တိုင် ဆောက်ခွင့်တော့ မရ။ သူများ ဆောက်ထားတဲ့ မြို့လေးတွေမှာ လိုအပ်တဲ့ Mechanical & Electrical အလုပ်တွေ လုပ်ပေးရတာ ။ သို့ပေမယ့် ပျော်ပါသည်။ ဝါသနာ သစ်ပင်လေးကို ဆက်လက်ရှင်သန်ခွင့် ရသည်ကိုး။

နောက်ထပ် ဝါသနာတစ်ခုကတော့ နယ်မှာနေရင်း အလုပ်လုပ်နေရင်းကမှ ပေါ်လာတာ။ တခြား တနေရာ ရောက်တော့ ကိုယ်နေဖူးတဲ့မြို့ပြနဲ့ ပုံသဏ္ဍန်တွေ ကွာသွားတာ ခံစားမိသည်။ ခရီးသွားချင်တဲ့ ဝါသနာ။ ကိုယ့်မရောက်ဖူးတဲ့ ဒေသတွေ ကိုယ့်မသိသေးတာတွေ သွားကြည့်ချင် လေ့လာချင်လာသည်။အစက ခရီးသွားတာကို တန်ဖိုး တစ်ခုအနေနှင့် မသိ ။ နောက်မှ တန်ဖိုးရှိမှန်း သိလာသည်။ခရီးသွားရတာ စိတ်အပန်းဖြေရာလည်း ရောက်သည်။ မိတ်သင်္ဂဟလည်း တိုးသည်။ မြန်မာပြည့် အနှံက မရောက်ဖူးသေးတဲ့ နေရာတွေ သွားချင်သည်။ တတ်နိုင်ရင် တခြားနိုင်ငံတွေလည်း သွားကြည့်ချင်ပါသည်။ခရီးထွက်ချင်တာက တတိယ ဝါသနာ ဖြစ်သည်။

ဝါသနာပါတာလေးတွေ လုပ်နေရရင် လူသည် ပျော်သည်။ဘဝသည်လည်း အဓိပ္ပာယ် ရှိသည်။ ဘဝတွင် ဝါသနာဆိုလို့သိပ်များများမရှိပါ ။ အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်တာ စာတွေကဗျာတွေ ရေးချင်ဖတ်ချင်တာ ခရီးထွက်ချင်တာ ..ဒီလောက်ပါပဲ။ ဝါသနာသစ်ပင်လေးတွေက ဒ်ီလောက်ပဲ ရှိသည်။ အခုလည်း ရှင်သန်ခွင့်ရတော့ ပျော်သည် ။အားလုံး ကိုယ်စီကိုယ်စီ ရင်ထဲတွင် ဝါသနာသစ်ပင်လေးတွေ ရှိပါလိမ့်မည် ။ ဝါသနာ သစ်ပင်လေးတွေကို မျှော်လင့်ချက် နေရောင်ခြည်အောက်မှာ ထားပြီး အထောက်အပံ့ရေမှန်မှန် လောင်းခွင့်ရမည် ဆိုပါလျှင်..။

(ညီလေး မောင်မျိုးရဲ့ ဝါသနာအကြောင်း Tag ပိုစ့်လေးပါ။ နောက်ထပ်တော့ ထပ်မTag တော့ပါ။ မောင်မျိုးလေး လည်း ကျေနပ်မည် ထင်ပါသည်။)
လင်းဒီပ
၂၂.၃.၀၉

19 comments:

မသက်ဇင် said...

“တကယ်မဝေးပေမယ့်
စံပယ်လေးတွေ ခြောက်ပြီမေ..
မခေါ်သာ အတွေ့ခက်
နေ့ရက်တာရှည် ”

ကဗျာလေးရယ်--
လင်းဒီပ ရေးဟန်လေးရယ်--
ဖတ်ပြီး--လွမ်းသွားတယ်--

နှင်းပွင့်ဖြူလေး said...

ဖတ်သွားပါတယ်
လူတွေက တူတူပါပဲ ကိုယ်ဝါသနာပါရာကို လုပ်နေရရင် ကျေနပ်နေတဲ့သူတွေပါ။

khin oo may said...

ဝါသနာသစ်ပင်ဆိုလို့သစ်ပင်စိုက်မယ်ထင်လို့။ နဲနဲဘဲလွဲသါားတယ။်

အပြုံးပန်း said...

ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်က
ကိုယ်လုပ်ချင်တာ လုပ်ရတဲ့အလုပ်တဲ့။
အခုဘ၀မှာ ကျေနပ်နေရင် ပျော်ရင်ပြီးတာပါပဲလေ။
စာလည်းရေးခွင့်ရတယ်၊ အားပေးနေတဲ့လူတွေလဲ ရှိသားပဲ။

ငယ်ငယ်တုန်းကတော့
မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့
ဇာတ်ကောင်တွေကို အရမ်းကြိုက်တယ်။

pandora said...

ကိုယ်ဝါသနာပါတာ ဘာတွေလဲဆိုတာ ကိုယ့်ဘာသာ တိတိကျကျသိပြီး အကောင်အထည်ဖော်ရတာ ကျေနပ် ပျော်ရွှင်စရာပေါ့

အိုင်လွယ်ပန် said...

ဝါသနာနဲ့ လျှောက်နေရတဲ့ခရီး
ထပ်တူကျရင် ကိုယ်လည်းအဲဒါကို
စိတ်ချမ်းသာနေရင် အကောင်းဆုံးပေါ့
ကိုဒီပရာ :P

တင့်ထူးရွှေ said...

ဝါသနာသစ်ပင်လေးတွေ ရှင်သန်နေတာကိုငေးမောသွားပါတယ် ။

မလိခ said...

ကိုလင်းဒီပ အရေးအသားကောင်းတာကြောင့် ပိုစိတ်ဝင်စားစရာ ကောင်းသွားတဲ့ ၀ါသနာသစ်ပင်လေးကို လာရောက်ကြည့်ရှုအားကျသွားပါတယ်....

ကိုအောင်(ပျူနိုင်ငံ) said...

စာအရေးအသားက အရမ်းကို ကောင်းတယ်၊ တကယ်
ပါ၊ အားပေးလျက်ပါ။

ဆောင်းယွန်းလ said...

ညီလေးရဲ့ ဝါသနာသစ်ပင်လေးကို စိတ်ဝင်တစားလာကြည့်သွားတယ်...
ရှင်သန်လန်းဆန်းနေတဲ့ အပင်လေးပါပဲ ညီလေးရေ

အောင်သာငယ် said...

ကိုယ့်ဝါသနာနဲ့ ကိုယ့်အလုပ်က တထပ်တည်း ကျနိုင်ရင်တော့ အကောင်းဆုံးပါပဲလေ... အများအားဖြင့်တော့ ၀ါသနာတခြား အလုပ်က တခြားစီပါပဲ...

နန်းဝါ၀ါမောင် said...

အစ်မကလည်း မမ KOMလိုပဲ... ၀ါသနာက သစ်ပင်
စိုက်တာလို့ ထင်နေခဲ့တာ.. အဟားးး စာရေးဆရာကြီး
ဆိုတော့ တဖွဲ့တနွဲ့လေးရေးထားတာ ဖတ်လို့ ကောင်း
ပါပေ၏။း)

မမသီရိ said...

ဝါသနာကလဲ နည်းလိုက်တာ
အမ ဆို အများ ကြီး...း)
အင်ဂျင်နီယာလုပ်ချင်တာကလွဲ လို့ ကျန်တဲ့ဝါသနာတွေ တူတယ်.

မမသီရိ said...

ပြန်သတိရမိပေါ့
မောင်စိန်ဝင်ရဲ့ ကဗျာတွေ ဗလာစာအုပ်ထဲ ကူးရေး ရတဲ့ ကာလတွေ

ဒူကဘာ said...

အမြဲတမ်း နောက်ကျပေမဲ့ သေချာနှစ်ကြည့်ပြီး ဖတ်သွားတယ် မြန်မာလူငယ် အတော်များများ ဝါသနာ သစ်ပင်ကို လောင်းရိပ်မမိပဲ လွတ်လပ်ခြင်း သစ်ပင် စိုက် ပျိုးနိုင်ကြစေ....ရည်သန်လျက်။

မောင်မျိုး said...

အစ်ကို့ရဲ့ ၀ါသနာသစ်ပင်လေးက တကယ်ပဲ အပင်ကောင်းကောင်းနဲ့ ကြီးထွားလာတာပဲ ကောင်းလိုက်တား) ၀ါသနာတွေက ဂုဏ်ယူဖို့ကောင်းနေတာပဲ ။ ရေးပေးတာ ကျေးဇူးနော် အစ်ကို နောက်လည်း ၀ါသနာသစ်ပင်လေးတွေ မျိုးစေ့လေးတွေနဲ့ ဝေေ၀ဆာဆာ ရှင်သန်နေအုံးမှာပါ ။

ညိမ်းညို said...

ဝါသနာသစ်ပင်လေးတွေ ရှင်သန်ခွင့်ရတဲ့အတွက် ထပ်တူ ၀မ်းသာကြည်နူးမိပါတယ်ဗျာ။
ကဗျာကောင်းတွေကိုလည်း ဒီထက်မက ဆက်လက်ရေးသားနိုင်ပါစေ အကိုရေ

မောင်ခင်လေး said...

ဝါသနာသစ်ပင်တွေ လွတ်လွတ်လပ်လပ်လေး ရှင်သန်ခွင့်ရ
မယ်လို့မျှော်လင့်တယ် :)
ဆန္ဒနဲ့ ဘ၀ထပ်တူကျတဲ့ဘ၀တွေ ကိုမုဒိတာပွားမိတယ်
ကိုလင်းဒီပရေ အမြဲတမ်းပေါ့ ၀ါသနာသစ်ပင်လေး
စိမ်းလန်းနေပါစေ လောင်းရိပ်တွေကနေ ကင်းဝေးပါစေ
ကောင်းသောနေ့ပါ :)

မေ့သမီး said...

စက္ကူအိမ်လေးတစ်လုံးလောက်ဆောက်ပေးပါလား။ :P