Thursday, March 26, 2009

ပန်းတစ်ပွင့်ရဲ့ရင် ပန်းမပွင့်တဲ့ရင်(၂)

ကျွန်တော်က မျက်ကန်းမြစ်တစ်စင်း..
သီချင်းလေးနဲ့တော့ စီးချင်တယ်

(၅)
အဲဒီနေ့က နွေ့မျက်နှာ ပုပ်သိုးနေတာကို သိရက်နဲ့ ရဲရင့်က မသိဟန်ဆောင်နေသည်။ ရတီကတော့ ကလည်း အခုမှ လူချင်းတွေ့တဲ့ တစိမ်း ယောက်ျားလေးရှေ့မှာ ဆိုတော့ ငြိမ်ငြိမ်လေး။ ရဲရင့်ကတော့ စကားလေး တစ်ခွန်းနှစ်ခွန်း ပြောလိုက် ပုပ်နေတဲ့ နွေ့မျက်နှာ့ကို မကြည်သလို လှမ်းကြည့်လိုက်နှင့် အလုပ်တွေ ရှုပ်နေသည်။ ရတီက ပွဲကို အေးအေးဆေးဆေးလေး ထိန်းသွားပါသည်။ ရတီ့ စကားပြောဟန်လေးကို ရဲရင့် ငေးကြည့်နေတာ လုံးဝ မကျေနပ်..။

ရတီနှင့် တိုက်ရိုက် ဆက်သွယ်လို့ ရသွားတော့ နွေကို့ ရဲရင့်သိပ် ဂရုမစိုက်တော့သလို စိတ်ထဲမှာ ထင်မိသည်။ သူ ရန်ကုန် ပြန်ရောက်နေတဲ့ ရက်တွေမှာလည်း နွေ့ဆီ ရောက်မလာလျှင် ရတီ့ဆီ သွားနေတာ ဖြစ်လိမ့်မယ်ဟု စိတ်က ထင်နေတတ်သည်။ အရင်လောက် ဂရုတစိုက် ဖုန်းဆက်တာမျိုး မရှိလို့တောင် စိတ်ထဲမှာ ထင်မိသည်။ အရင်ဆို ပဲခူးလောက် သွားတာက အစ ဘာမှ မဟုတ် ငါးချင်တွေဝယ်ပြီး အိမ်ကို ရောက်ချင် ရောက်လာ တတ်သည်။ အစကတည်းက ဘာမှ မဟုတ်ပါ။ နွေ့ချစ်သူလည်း မဟုတ်ပါ။ သူငယ်ချင်း ဆိုပေမယ့် ရဲရင့်က နွေ့အနားမှာ အမြဲတမ်း အလိုလိုက် ဖြည့်စွက်တတ်တဲ့သူ ဆိုတော့ အခုလို သူ ဂရုသိပ်မစိုက်တော့ ဘယ်လိုမှ မနေတတ်။ သူငယ်ချင်းဆိုတော့ ငါ နင့်ကို ဘယ်ပုဒ်မနဲ့ အရေးယူရမလဲ ရဲရင့်ရယ်။

(၆)
တစ်ရက်တော့ ရဲရင် က နွေ့ကို လှမ်းခေါ်သည်။ ဘုရားသွားရအောင်တဲ့။ နှစ်ယောက်တည်း ဘုရားတက်ဖြစ်တော့မှ နွေ..ငါ ရတီကို propose လုပ်လိုက်ရင် ကောင်းမလား ဆိုပြီး တိုင်ပင်သလို မေးသည်။ နင် တကယ် သဘောကျရင်လုပ်လိုက်ပေါ့။ နောက်မှ အူကြောင်ကြောင်တွေ ထပ်မလုပ်နဲ့နော် …ရတီက ငါ့သူငယ်ချင်း။
“အေးဟာ..ငါ့ကိုငါလည်း နားမလည်ဘူး ငါ ဘယ်လို မိန်းမကို ချစ်ချင်နေတာလဲဆိုတာ။
အခုအထိ ရတီနဲ့ ရင်းရင်းနှီးနှီး နေကြည့်ပြီးတဲ့ အထိ ငါ ရတီ့ကိုလည်း တကယ် မစွဲလမ်းဘူး၊”
“ငါ ဆယ်တန်းတုန်းက မိန်းမတစ်ယောက်ကို အသည်းအသန် စွဲလမ်းဖူးတယ်။ ဒါပေမယ့် ဖွင့်မပြောဖြစ်လိုက်ဘူး။
စွဲလမ်းမှုနောက် လိုက်ချင်ပေမယ့် သူ့အတွေးအခေါ် သူလျှောက်ချင်တဲ့ လမ်းက ငါနဲ့ မတူဖူးလေ။”
ရဲရင့် ဘယ်သူ့ကို စွဲလမ်းဖူးတာလဲ။ အနားမှာ နွေမဟုတ်ရင် ခတ္တာပဲ အနားမှာ ရှိတာလေ။
“နောက်တက္ကသိုလ်မှာ ငါ ရည်းစားတစ်ယောက် ထားဖြစ်တယ်။
သိပ်မကြာဘူး..ပြတ်သွားတယ်။ ခဏလေးနဲ့ ငါ ငြီးငွေ့သွားတယ် ”
“ငါ့ဘဝမှာ မိန်းမတစ်ယောက်ကို မှ အကြာကြီးစွဲလမ်းလို့မရဘူး..”
တစ်ယောက်တည်းလည်း ငါ မဖြတ်သန်းချင်ဘူး မိနွေ”
“ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်
ဘဝမှာ အတူတူနေထိုင်သွားကြတယ်ဆိုတာအချစ်လား။
ရင်ကို တဒိုင်းဒိုင်း လှုပ်လာစေတဲ့ အချစ်မျိုးကို ငါရှာဖွေနေတာ မိနွေ။
အခုထိ ရှာလို့မတွေ့သေးဘူး။”
နွေ ရဲရင့် မျက်နှာကို တချက်လှမ်းကြည့်မိသည်။ အသက် နှစ်ဆယ့်ငါးနှစ်ကျော် ယောက်ျားတစ်ယောက်က အချစ်နဲ့ပတ်သက်ပြီး အဲလောက် စိတ်ကူးယဉ်ဖို့ မကောင်းတော့ပါဘူး။ ဘဝကို ပြတ်ပြတ်သားသားဖြစ်သင့်ပြီ။
“နင် ဘာလို့ ရည်းစားမထားတာလဲ နွေ”
ရုတ်တရက် သူမေးလိုက်တော့ နွေဘာ ဖြေရမှန်းမသိ။
“ငါလည်း နင့်လိုပဲ အချစ်ကို ရှာဖွေနေတာ့ပေါ့။”
“တွေ့လား”
“တွေ့တယ်လေ။ အချစ်က ငါ့ကို မတွေ့တာ။”
ပြီးတော့ ဘာမှ မဟုတ်သလို နွေ ရယ်လိုက်မိသည်။ရဲရင် က ဘာကို ဆိုလိုမှန်းမသိ။ နင်တို့ ယောက်ျားတွေကလေ တခါတလေဆို တုံးလွန်းတယ်။ (အေးလေ တုံးချင်ယောင် ဆောင်တာလည်း ဖြစ်မှာပါ။)နွေ ဘာမှ ထပ်မပြောဖြစ်ပါ။ နွေနဲ့ ရဲရင့် တခြားအကြောင်း စကားတွေပဲ ပြောဖြစ်သည်။ နောက်တော့ သူတို့ ပြန်လာခဲ့ကြသည်။

(အဆုံး)
ဘာလို့များ နွေအနားမှာ အမြဲတမ်း ဂရုတစိုက် နေထိုင်တတ်ခဲ့တာ သူဘက်က နွေ့ကို ချစ်နေပါတယ်လို့ ရဲရင့် တခါမှ တွေးမကြည့် ဖူးဘူးလား..။ ငါနဲ့ ပတ်သက်ရင် အချစ်လို့ အဓိပ္ပာယ် ဖွင့်ဆိုဖို့ ငါဟာ မထိုက်တန်လောက်တဲ့ မိန်းမတစ်ယောက်လား ။ (နည်းနည်း ဝမ်းနည်းသလို ဖြစ်သွားသည်။)ငါ ဘာများမှားခဲ့ပါလိမ့် ရဲရင့်ရယ်..။

နွေကကော ရဲရင့် မဟုတ်တဲ့ တခြားတစ်ယောက်ကို ရွေးချယ်ပစ်လိုက်ဖို့ ဘာလို့ စိတ်မကူးခဲ့သေးတာလဲ။ နွေဘက်က ရဲရင့်ကို ဘယ်လောက်ကြာကြာ မျှော်လင့်နေမိဦးမှာလဲ။ နွေ မသိပါ ။တချိန်ချိန်မှာ ရဲရင့်ထက်ပိုပြီး သူ့အပေါ်ပိုကောင်းသည့်တစ်ယောက် ရှိလာခဲ့ရင် နွေ စိတ်ပြောင်းသွားမလား..ရဲရင့်ကကော နွေ့ကို ပြန်လှည့်ကြည့်မလား။ နွေ မသိပါ။ တခါတလေကျတော့လည်း သံယောဇဉ်လား အချစ်လား..။ အဓိပ္ပာယ် ဖွင့်ရခက်နေတဲ့အခါ နွေက အချစ်လို့ အဓိပ္ပာယ်ပြန်မိပြီး..ရဲရင့်ကတော့ သူငယ်ချင်း သံယောဇဉ်လို့ အဓိပ္ပာယ် ပြန်နေမိတာလို့ပဲ နွေ တွေးမိသည် ။

နွေတစ်ယောက်ထဲ ရင်ထဲမှာ မာနစကား ဆိုမိသည်… အေးပါ ရဲရင့်ရယ် အကောင်းဆုံးလို့ နင် မျှော်လင့်ထားတဲ့ တစ်ယောက်ကို တွေ့အောင် နင် ရှာကြည့်ပေါ့..နောက်မှ မျက်ရည်လေး ဝဲပြီး ငါ့ဆီ ရောက်မလာနဲ့။

နွေ တစ်ယောက်ထဲ နှစ်ယောက်စာ တွေးနေမိသည်။ ကုတင်ပေါ် လှဲချလိုက်တော့ မွေးနေ့တုန်းက ရဲရင့် လက်ဆောင်ပေးထားသည့် ဝက်ဝံရုပ်ကြီးပေါ် လှဲချမိပြီးသား ဖြစ်နေသည် ။ ဒီအချိန်လောက်ဆို ရဲရင့် ရတီနဲ့ ဖုန်းပြောနေမလား… propose လုပ်ပြီးပြီလား လို့တွေးမိသည် ။ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းမြည်သံ ကြားရသည် ။ ညဘက် ဖုန်းဆက်တတ်တာ ရဲရင့် မဟုတ်ရင် ရတီပါပဲ။ ထ မကိုင်ဖြစ် ။ ဝက်ဝံရုပ်ကြီးက သူ့ကို နားမလည်သလို ကြည့်နေသည် ။

နည်းနည်း အိုက်သလို ဖြစ်နေတာနဲ့ ဝရန်တာဘက် ထွက်ရပ်တော့ လရောင်သည် တိမ်တွေကြားမှာ ပုန်းသလို ကွယ်သလို လင်းနေသည် ။ နွေ ပြုံးရင်း လရောင်ကို ငေးနေမိသည် ။ ဘာမှ မရှိတာထက်စာရင်တော့ လရောင်လေး ရှိနေတာ ပိုကောင်းနေတယ်လို့ ခံစားလိုက်မိသည် ။
(ဆုံးတဲ့အထိ စိတ်ရှည်ရှည်ဖတ်ပေးလို့ ကျေးဇူးပါဗျာ။)
လင်းဒီပ
၂၆.၃.၀၉

13 comments:

မမသီရိ said...

ဘာမှ မရှိတာထက်စာရင်တော့ လရောင်လေး ရှိနေတာ ပိုကောင်းနေတယ်လို့ ခံစားလိုက်မိသည်
..............
အေးနော်
အမလဲ မကြာခဏ အဲသလို တွေးမိတယ်
မောင်လေး က တကယ်စာရေး ကောင်းတာပဲ
..
လုံးချင်းတွေ ရေးဖြစ်အောင်ကြိုးစားပါ

Welcome said...

ခံစားပျော်တဲ့
ချစ်ရသအပြည့်နဲ့ ၀တ္ထုတိုလေး ဖတ်သွားတယ်။
ဇာတ်သိမ်းပိုင်းဖတ်တော့ ပထမပိုင်းကို ပြန်ကျော့ ရသေးတယ်။ အနာအဆာမရှိတဲ့ စာကောင်းလေး တစ်ပုဒ်ပါ။
အားပေးနေပါမယ်။

ဝင်းဇော်

မေ့သမီး said...

အစ်ကို ပြီးသွားတာလားဟင်။ ဟင့်။

ရွှေပြည်သူ (ShwePyiThu) said...

ကံကောင်းချင်တော့ (၁)ရော (၂)ပါ တင်ပြီးမှ လာဖတ်မိသွားတယ်။ စိတ်ရှည်ရှည်ထားပြီးဖတ်တာ မဟုတ်ဘူး လင်းဒီပရေ... ဇာတ်လမ်းက ဆွဲခေါ်တဲ့ဆီကို ပါသွားတာပါ။ “တွေ့တယ်လေ။ အချစ်က ငါ့ကို မတွေ့တာ။” လို့ နွေဖြေတာလေးကို သဘောကျမိပါတယ်။ နောက်ဆုံးမှာ ဖုန်းထမကိုင်ဘဲ ဇာတ်သိမ်းလိုက်တာ ပိုကောင်းသွားတယ်။ ဇာတ်လမ်းပြီးသွားပေမယ့် ဆက်တွေးနေသေးတယ်။ ရဲရင့် Propose လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်မိတာပါပဲ...

Anonymous said...

နွေအဆုံးသတ်ကို တွေးခိုင်းထားပါလား...တော်တော်ဆိုးတဲ့ စာရေးဆရာ

khin oo may said...

ဖတ်သွားတယ်။ ခံစားကြည့်နေတုံးဘဲ။

လွတ်ငြိမ်းလေပြေ (breeze) said...

ဆက်ရေးပါလားဟင်
ခုတော့ မပြီးသေးသောပန်းချီကား ဖြစ်နေပြီ
ကိုဒီပပပပပပပပပပ
ဆက်ရေးပေးးးးးးးးးးးးးးးးးးးးးးးး
လို့အော်ချင်တာ
း)
အော်ပြီးနေပြီ

မင်းအိမ်ဖြူ Minn Eain Phyu said...

ရဲရင်.လို ပဲ ခံစားလို.ရပါတယ် ၊၊ ဒါပေမယ်. နွေကတော. ချစ်တာဟုတ်ဘူးဗျ ၊၊ ဒီလိုပဲ နီးစပ်ရင် စိတ်ကစားတက်ပါ တယ် ၊၊ ဟုတ်တယ်နော် .....

အိုင်လွယ်ပန် said...

အလွမ်းတွေ ဝေ့သွားတယ် .......

မလိခ said...

ဖတ်လို့ကောင်းတယ်... ရင်ထဲမှာတခုခုကျန်ခဲ့သလိုပဲ...
နွေက တကယ်ချစ်တာလဲ ဖြစ်ချင်ဖြစ်မှာပါ... နွေ့လိုမိန်းမမျိုးကိုအပြင်မှာတွေ့ဖူးတယ်...

Anonymous said...

ဟားးးးးးးးး
လူကြီးရေ ဘယ်လိုသိမ်းလိုက်တာတုန်း ဇာတ်လမ်းကို
တုံးတိကြီးဗျာ ဟက်ကော့ကြီးကျန်ရစ်တယ် နွေတော့မသိဘူး ဖတ်ရသူတော့ ဘယ်လိုဖြစ်သွားလည်းမသိဘူး ဘာလဲ နွေက ဖိုးလမင်းကိုပဲ ချစ်ရေးဆိုလိုက်တာလား :P
ထပ်မျှော်နေတယ် ကိုလင်းဒီပရေ အားပေးနေတယ် ကောင်းသောနေ့ဗျာ

အိန္ဒြာ said...

ငါ့နက်ရှိုင်းမှုတွေ
မိုးလိုရွာမပြနိုင်ပေမယ့်
ငါ့ဘက်ကပြိုကျသွားလေသမျှ
နင့်ဘက်မှာ...သောင်ထွန်းပါစေသား....

မယ့်ကိုး said...

(ဆုံးတဲ့အထိ စိတ်ရှည်ရှည်ဖတ်ပေးလို့ ကျေးဇူးပါဗျာ။)

:D :D :D